← Chapters

ဖြေရှင်းနိုင်မည့် နည်းလမ်း

Vol. 10 Ch. 127

ဖြေရှင်းနိုင်မည့် နည်းလမ်း

Vol. 10 Ch. 127

လူတိုင်းသည် မျှော်လင့်ချက်များ ပျက်သုဉ်းကုန်ကြလေပြီ။ သူတို့သည် ကုန်းပေါ်တင်နေသည့် ငါးများကဲ့သို့ ရှိနေလေသည်။

"ငါ့ဘဝလေး တောက်ပဖို့ အခွင့်အရေးတောင် မရသေးဘူးလေ။ ဒီနေရာမှာပဲ ဆာလောင်ရင်း သေဆုံး ရတော့မှာတဲ့လား” လောင်ကျိပင်သည် သူ့ပတ်ပတ်လည်ရှိ ကျယ်ပြောလှသည့် နေရာအား စိုက်ကြည့်ကာဖြင့် ညည်းညူနေလေသည်။

"ငါ့ရဲ့ အိုင်ဒဲလ်ကိုတောင် မမြင်ဖူးသေးဘူးလေ” ရှောင်ချိုးသည် ညှိုးငယ်စွာဖြင့် ပြောလေသည်။

"ဟူး … ငါလည်းပဲ စာအုပ်တွေ အများကြီး မဖတ်ရသေးဘူး” ကျုံးရုံရန်၏ အမူအရာမှာ ဝမ်းနည်းမှု အပြည့်နှင့်ဖြစ်သည်။

"အူးဝါး ငါလေးက ရည်းစားတောင် မထားဖူးသေးဘူး” မုန့်ထျန်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ရစ်ဝဲလာသည်။

"ငါက အမွေအနှစ်ကို ရပြီးကာစပဲ ရှိနေသေးတာ။  ပျော်ရွှင်မှုတွေ အားလုံးက လွင့်စဉ်သွားရပြီ။ ဒီအပျက်အစီးပုံက သောက်ရေးမပါတဲ့ နေရာပဲ” စွန်းရှန့်လျန်၏ ရင်ဘတ်သည် မြင့်တက်လာပြီး အလွန်အမင်း ဒေါသထွက်နေဟန် ရှိသည်။

အန်လင်းသည် သူ၏ မျက်ခုံးများကို ပွတ်လိုက်ပြီး "မင်းတို့အားလုံးက လက်လျှော့လိုက်ပြီလား”

"ဘာတွေများ လုပ်နိုင်သေးလို့လဲ” မုန့်ထျန်းသည် အန်လင်းအား ကြည့်လိုက်သည်။

လူတိုင်း၏ အာရုံများသည်လည်း အန်လင်းထံသို့ ရောက်ရှိလာကြသည်။

အန်လင်းသည်လည်း နည်းလမ်း ရှာမတွေ့သေးချေ။ သူ့ဦးခေါင်းသည် မှိုတက်နေပြီဟုပင် ခံစားနေရသည်။

နဖူးကို ရိုက်ကာဖြင့် မြေပြင်တွင် ပြန်လည် လဲလျောင်းလိုက်သည်။ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မည်သည့်အရာကိုမျှ ပြောချင်စိတ် မရှိတော့ချေ။

***

"ဟူး … ဒီဖန်လုံးဖြူလေးက ဘာကောင်လေးလဲကွာ။ သူက အကန့်အသတ်မဲ့ ပစ်ခတ်နိုင်တဲ့အပြင် အရမ်းကို စွမ်းအား ပြည့်နေသေးတယ်။ အဆုံးမဲ့ လက်နက်တော့ မဟုတ်လောက်ဘူးမလား” လောင်ကျိပင်သည် အချိန်အတော်ကြာ တိတ်ဆိတ်ရာမှာ ပြောလေသည်။

လက်နက်။

အကန့်အသတ်မဲ့ ပစ်ခတ်။

အန်လင်း၏ မျက်လုံးများသည် အရောင်လက်လာ ပြီးနောက် မြေပြင်မှ ခုတ်ထလိုက်သည်။ "စမ်းသပ် ကြည့်တာပေါ့"

လူတိုင်းသည် သေရာမှ ပြန်ထလာသည့် အန်လင်းအား အလွန် အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

အန်လင်းသည် သိုလှောင်လက်စွပ် အတွင်းမှ အုတ်ခဲနက် တစ်ခုအား ထုတ်ယူလိုက်သည်။

မှန်သည်။ ဖရိုဖရဲ သတ္တုအုတ်ခဲနက် ဖြစ်ပေသည်။

"ကမ္ဘာပေါ်မှာ အမာကျောဆုံးသော သတ္တုရေ အရာအားလုံးက မင်းအပေါ်မှာ မူတည်နေပြီနော်” အန်လင်းသည် လက်ထဲတွင် ကိုင်ထားသည့် အုတ်ခဲနက်အား ကြည့်လိုက်သည်။ သူ့အနေဖြင့် မစွန့်လွှတ်လိုချေ။

လူတိုင်းသည် သူ့အား နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။ သူက အဲဒီအုတ်ခဲနဲ့ ဘာလုပ်မလို့တုံး။

အန်လင်းသည် အလွန်စိုးရိမ်လျက် ရှိသည်။ ဤအုတ်ခဲအား ဆုံးရှုံးရမည်ဆိုလျှင် အပြာရောင် ကောင်းကင်ကြီးအား ဖြတ်ကျော်ကာ ပျံသန်းနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း ရှင်သန်ရန် အခွင့်အရေး ရရှိဖို့ရန် အတွက် ကြိုးစားရပေမည်။

"အုတ်ခဲနက်လေးရေ အရာအားလုံးက မင်းအပေါ်မှာနော်”

အန်လင်းသည် စိတ်တင်းကာဖြင့် အုတ်ခဲနက်အား သစ်သားတံတားထံ ပစ်လွှတ်လိုက်သည်။

ဖန်လုံးဖြူသည် ချက်ချင်းပင် တုံ့ပြန်လေသည်။ ရောင်ခြည်လုံး တစ်ခုအား အုတ်ခဲနက်ထံ ပစ်လွှတ်လိုက်သည်။

ဘုန်း ...

အုတ်ခဲနက်နှင့် ရောင်ခြည်လုံးတို့ တွေ့ဆုံရာမှ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး စွမ်းအင်များ မတည်မငြိမ် ဖြစ်လာသည်။

ထို့နောက်တွင် ...

အုတ်ခဲနက်သည် ပျက်စီးသွားခြင်း မရှိချေ။

လူတိုင်းသည်လည်း တုန်လှုပ် သွားကြသည်။

အန်လင်းမှာ ကျယ်လောင်စွာ ရယ်မော လိုက်လေသည်။

ထို့နောက်တွင် ဖန်လုံးဖြူသည် များပြားလှစွာသော ရောင်ခြည်လုံးများ အဆက်မပြတ် ပစ်လွှတ်တော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ...

အုတ်ခဲနက်သည် ကြိမ်ဖန်များစွာ ပစ်ခတ် ခံနေရသော်လည်း ကြံ့ကြံ့ခံနေဆဲ ဖြစ်သည်။

"ဒီထက် ပိုပြင်းပြင်း ပစ်ခိုင်းတာပေါ့"

အန်လင်းသည် မျှော်လင့်ချက် ရောင်ခြည်အား တွေ့လိုက်ရသည့် အတွက် အော်ဟစ်ကာဖြင့် "ကျယ်စမ်း ကျယ်စမ်း ကျယ်စမ်း ကျယ်စမ်း"

အုတ်ခဲနက်သည် ပေ၃၀ အရွယ်အစားခန့် ရှိသည့် ဧရာမ အုတ်ခဲနက်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

ဖန်လုံးဖြူသည်လည်း ရောင်ခြည်လုံးများအား ပို၍မြန်ဆန်စွာ ပစ်ခတ်လာသည်။ အုတ်ခဲသည် သူ့အား လှောင်ပြောင်နေ သကဲ့သို့ ဖြစ်သည်။

နေရာတစ်ခုလုံးတွင် တဘုန်းဘုန်းဖြင့် ပဲ့တင်သံများ ရိုက်ခတ်နေသည်။ နက်မှောင်ကာ မာကျောသည့် ဖရိုဖရဲ သတ္တုအုတ်ခဲနက်မှာမူ ဖန်လုံးဖြူ၏ ရက်စက်သည့် တိုက်ခိုက်မှုများအား အပျက်အစီးမရှိ ရင်ဆိုင်နေဆဲပင် ဖြစ်သည်။

"မိုက် … မိုက်လိုက်တာ အစ်ကိုကြီးအန်ရေ။ ဖန်လုံးဖြူရဲ့ တိုက်ခိုက်မှုကို တကယ်ကြီး ခုခံနိုင်တာပဲ။ အဲဒီ အုတ်ခဲလေးအကြောင်း ပြောပါဦး” လောင်ကျိပင်သည် ငေးမောလျက် ရှိနေသည်။

ကျုံးရုံရန်၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည့်အတွက် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးအား အုတ်ခဲနက် အနောက်သို့ ပစ်လွှတ်လိုက်သည်။

ရောင်ခြည်လုံး တစ်ခုသည် အုတ်ခဲနက်အား ကွေ့လာပြီးနောက် စိတ်ဝိညာဉ် ကျောက်တုံးအား ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

သက်ပြင်း အသာချမိတော့သည်။ သူတို့အနေဖြင့် အုတ်ခဲနက်အား ဒိုင်းသဖွယ် အသုံးမပြုနိုင်ချေ။

"အဲတော့ ငါတို့က အခုဘာလုပ်ကြမတုံး” ရှောင်ချိုးသည် အန်လင်းအား ကြည့်ကာဖြင့် မေးလိုက်သည်။

အုတ်ခဲနက်သည် ဖန်လုံးဖြူ၏ တိုက်ခိုက်မှုများအား အလုံးစုံ ခံနိုင်ရည် ရှိသော်ငြား သူတို့အနေဖြင့် တံတားအား ဖြတ်သန်းကာ ဖန်လုံးဖြူအတွင်း ချီစွမ်းအင်များ ထည့်သွင်းရန် မဖြစ်နိုင်သေးချေ။

အန်လင်းသည် တည်ငြိမ်သည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး "ငါတို့ စောင့်ရမယ်”

စောင့်ရမယ် ဟုတ်လား။

ရှောင်ချိုးသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ် လိုက်သည်။ လူတိုင်းသည် အန်လင်းအား နားမလည်နိုင်စွာဖြင့် ကြည့်နေကြလေသည်။

အန်လင်းသည် တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီးနောက် "ဖန်လုံးဖြူက ဘာဆိုတာကို ငါမသိဘူး။ သေချာတာ တစ်ခုကတော့ သူ့ရဲ့ စွမ်းအားတွေက အကန့်အသတ်မဲ့ မဟုတ်ဘူး။ စွမ်းအား အကြီးဆုံးသော ကျင့်ကြံသူတောင်မှပဲ နည်းစနစ်တွေ အများကြီး အသုံးပြုမယ်ဆိုရင် အနားယူဖို့ လိုအပ်သေးတာပဲ။ ဒါက စက်တစ်ခုပဲလေ”

"ဖန်လုံးဖြူ အထဲမှာရှိတဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အထိ စောင့်ရမယ်လို့ ပြောတာလား” ကျုံးရုံရန် မေးလိုက်သည်။

"အတိအကျပဲ" အန်လင်း ခေါင်းညိတ်လိုက်သည်။

အန်လင်း၏ ရင်သပ်ရှုမောဖွယ် စိတ်ကူးကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက် မီးတောက်လေး တစ်ဖန်ပြန်လည် ထွန်းလင်းလာသည်။

မှန်သည်။ လောကကြီးတွင် စွမ်းအင်ပြန်လည် ဖြည့်တင်းဖို့ရန် မလိုအပ်ပဲနှင့် အကန့်အသတ်မဲ့ တိုက်ခိုက်နိုင်သည့် အရာ မရှိချေ။

ရွေ့လျားနိုင်သည့်ပစ္စည်း မဟုတ်သည့်တိုင်အောင် စွမ်းအင်တည်မြဲမှု နိယာမ သဘောတရားအား လိုက်နာရန် လိုအပ်ပေသည်။

"ဒါပေမဲ့ သူ့ရဲ့ စွမ်းအင်က ဘယ်တော့မှ ကုန်ဆုံးမှာလဲ” စွန်းရှန့်လျန်သည် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် မေးလာသည်။

လူတိုင်းသည် တိတ်ဆိတ် သွားကြပြန်သည်။

ထိုအချက်သည် အဓိကအချက် ဖြစ်သည်။

ဖန်လုံးဖြူသည် နှစ်တစ်သောင်းခန့် တိုက်ခိုက်မှု ပြုနိုင်မည် ဆိုလျှင်ကော။

ထိုအချိန်သို့ ရောက်လျှင် သူတို့အားလုံးသည် အရိုးစုများ အနေဖြင့်သာ ရှိတော့မည်ဖြစ်ပြီး အုတ်ခဲနက်မှာတော့ ဖန်လုံးဖြူ၏ တိုက်ခိုက်ခြင်းအား ခံယူနေဆဲ ဖြစ်ပေလိမ့်မည်။

အန်လင်းတွင်လည်း အခြားနည်းလမ်း မရှိချေ။

ခပ်ပါးပါး ပြုံးလိုက်ပြီးနောက် "ဘယ်လိုပဲဖြစ်ဖြစ်လေ ငါတို့မှာ အသုံးပြုနိုင်တာဆိုလို့ ဒီနည်းလမ်းပဲ ရှိနေတာ။ အဲတော့ စောင့်ကြတာပေါ့”

စောင့်ဆိုင်းခြင်းသည် အလွန်ပျင်းရိဖွယ် ကောင်းလှသည့်အတွက် တစ်ခုခု ပြုလုပ်နေရန် လိုအပ်ပေသည်။

အန်လင်းသည် သိုလှောင်လက်စွပ် အတွင်းမှ ဘုတ်ဂိမ်းတစ်ခု ထုတ်ယူလိုက်သည်။ (board game ကတော့ လူတိုင်းသိပြီးသားမို့လို့ ထွေထွေထူးထူး ပြောမနေတော့ဘူးနော်)

"သမန်းဝံပုလွေ ဆော့ကြမယ်"

လူတိုင်းသည် သူ့အား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြသည်။ အဲဒါက ဘာကြီးတုံး။

သို့သော်လည်း အန်လင်းထံမှ ဂိမ်း၏ စည်းမျဉ်းများကို ကြားပြီးသည့် နောက်တွင် သူတို့အားလုံးသည် သဘောပေါက် နားလည်သွားကြသည်။

သို့သော်လည်း ကစားဖို့ရန် လူမလုံလောက်သည့် အတွက် အန်လင်းသည် ရှောင်းဟုန်အား နှိုးလိုက်ပြီးနောက် လူသားအသွင် ပြောင်းကာ ဝင်ရောက် ဆော့ကစားစေသည်။

ရှောင်းဟုန်သည် တောင်းဆိုမှုကြောင့် အသွင်ပြောင်းလိုက်သည်။

သူမသည် စုရှောင်လန် ပေးထားသည့် ဝတ်စုံနီအား ဝတ်ဆင်ထားဆဲ ဖြစ်သည်။ ထိုဝတ်စုံသည် သူမခန္ဓာကိုယ်ပေါ်တွင် ရဲရဲတောက်လျက် ရှိနေပြီး သူမအား ဆွဲဆောင်မှု ရှိလှသည့် ချယ်ရီပန်းပွင့်နှင့်ပင် တူနေစေသည်။

ကျုံးရုံရန်နှင့် လောင်ကျိပင်တို့သည် ရှောင်းဟုန်၏ အလွန်ညှို့ဓာတ် ပြင်းလှသော လူသားအသွင်ကို မြင်လိုက်ရသည့် အခါတွင် အသိစိတ်ပင် လွတ်သွားကြလေသည်။

အချိန်အတော်ကြာမှသာ အသိပြန်လည်လာပြီး အန်လင်းအား လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်ကြသည်။

လူ ၇ ယောက်သာလျှင် ရှိသည့်အတွက် အန်လင်း ချမှတ်လိုက်သည့် ပုံစံမှာ …

သမန်းဝံပုလွေ ၂ ကောင်၊ ရွာသား ၃ ယောက်၊ စုန်းမ ၁ ယောက်နှင့် တရားသူကြီး ၁ ယောက်။

ဂိမ်းအား အဖွဲ့ ၂ ခု ခွဲထားသည်။ သမန်းဝံပုလွေ အဖွဲ့နှင့် ရွာသားအဖွဲ့ ဖြစ်သည်။

ရွာသားများသည် လက်နက်အဖြစ် ရွေးချယ်ခြင်းကို အသုံးပြုရမည် ဖြစ်သည်။ သမန်းဝံပုလွေ အားလုံးကို သတ်ဖြတ်ရန် အတွက် ရွေးချယ်လိုက်နိုင်လျှင် အနိုင်ရရှိမည် ဖြစ်သည်။

သမန်းဝံပုလွေ အဖွဲ့သည် ရွာသားများ အကြားတွင် ပုန်းကွယ်နေမည် ဖြစ်သည်။ သတ်ဖြတ်ဖို့ရန် ညအမှောင်အား အသုံးပြုမည်ဖြစ်ပြီး အနိုင်ရရှိဖို့ရန် ရွာသားအားလုံးကို သတ်ဖြတ်နိုင်ရန် ရွေးချယ်ရမည် ဖြစ်သည်။

တရားသူကြီးသည် အဆုံးအဖြတ်ပေးသူ ဖြစ်သည်။

စုန်းမသည် ရွာသားများနှင့် အတူနေထိုင်ပြီး အခြားသူများအား အဆိပ်ခတ်နိုင်သလို ပြန်လည် ရှင်သန်စေနိုင်သည်။

တရားသူကြီးမှအပ မည်သူကမျှ အခြားသူများ၏ အကြောင်းများအား မသိရှိနိုင်ပေ။

သမန်းဝံပုလွေများသည် ပင်လျှင် သူတို့ကိုယ်တိုင်သာ မည်သူဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤကစားနည်းသည် ထင်မြင်ယူဆချက်နှင့် သရုပ်ဆောင်မှု အပေါ်တွင်သာ မူတည်နေပေသည်။

အစပိုင်းတွင် အန်လင်းသည် တရားသူကြီးဖြစ်ပြီး လူတိုင်းသည် တဖြည်းဖြည်းနှင့် ဂိမ်းအကြောင်း နားလည်လာကြသည်။

ထို့နောက်တွင် သူတို့အားလုံးတို့သည် ဂိမ်းထဲတွင် နစ်ဝင် သွားကြတော့သည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း ...

နောက်ခံ တေးဂီတသည် ရောင်ခြည်လုံးနှင့် အုတ်ခဲနက်တို့ ထိခိုက်မိရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကလပ်ထဲ ရောက်နေသကဲ့သို့ ဂီတသံမှာ တဝုန်းဝုန်းဖြင့် ထွက်ပေါ်လျက် ရှိသည်ကြောင့် အမှန်တကယ်ကို နားထောင် ကောင်းလှပေသည်။

ရှောင်းဟုန်သည် သာမန်အားဖြင့် ချစ်စဖွယ် ပန်းပွင့်ငယ်လေးသာ ဖြစ်သော်လည်း သမန်းဝံပုလွေ ဂိမ်းသည် သူမအား ထိပ်တန်း မင်းသမီးတစ်ဦး ဖြစ်လာစေသည်။ မည်သည့်နေရာတွင် သရုပ်ဆောင်ရစေကာမူ သူမသည် ပြီးပြည့်စုံအောင် အပိုအလိုမရှိ သရုပ်ဆောင်နိုင်ပေသည်။ လူများအား အမှားအမှန် ခွဲခြားမရနိုင်အောင် ဖြစ်လာစေသည်။ ရန်သူအဖွဲ့အတွက် သူမသည် အိပ်မက်ဆိုးသာလျှင် ဖြစ်သည်။

အန်လင်းကိုယ်တိုင်ပင် အလွန်အံ့ဩမိသည်။ ရှောင်းဟုန် အကြောင်းအား ဒုတိယအကြိမ် သိလိုက်ရခြင်း ဖြစ်သည်။

သူမသည် အမူအရာများအား ထိန်းချုပ်နိုင်သလို အခြားသူများ၏ ခန္ဓာကိုယ် အမူအရာများကိုလည်း လေ့လာရာတွင် ထူးချွန်လှပေသည်။

ပြောရမည်ဆိုလျှင် ရှောင်းဟုန်သည် နယ်ပယ်အချို့တွင် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။

အချိန်အတော်ကြာပြီး နောက်တွင် အန်လင်း၏ နံဘေးတွင် ဝတ်စုံဖြူ ဝတ်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာပြီး သူ့အား စိုက်ကြည့်နေလေသည်။

"သမန်းဝံပုလွေ ၂ ကောင်၊ ရွာသား ၃ ယောက်၊ စုန်းမ ၁ ယောက် လုံးဝကို မဆီလျော်လွန်းတဲ့ ပုံစံပဲ။ ညွှန်ကြားသူရဲ့ တွက်ချက်မှုအရ တူညီတဲ့ အခြေအနေမှာတောင် ရွာသားတွေရဲ့ အနိုင်ရရှိနိုင်စွမ်းက တစ်ပွဲကို ၄၆.၇၆၄၉ ရာခိုင်နှုန်းပဲ ရှိနေတယ်”

လူတိုင်းသည် ပိုင်လင်းအား အလန့်တကြား ကြည့်လိုက်ကြသည်။ သူမ၏ ဆန်းစစ်ချက်မှာ ဘာကိုဆိုလိုမှန်း နားမလည်ကြပေ။

ပိုင်လင်းသည် သူတို့၏ အကြည့်များကို လျစ်လျူရှုလိုက် ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် လေ့လာဆန်းစစ်မှုအား ဆက်လက် ပြုလုပ်လျက်ရှိသည်။ "သမန်းဝံပုလွေ ၂ ကောင်၊ ရွာသား ၄ယောက်၊ စုန်းမ ၁ ယောက် ဆိုရင်တော့ ဘက်ညီသွားလိမ့်မယ်”

အန်လင်းသည် ရှုံ့မဲ့ကာဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်နေမိသည်။ "အဲတော့ ခင်ဗျားက ဘာပြောချင်တာတုံး”

"ငါလည်းဆော့မယ်”

"လက်မခံဘူး” အန်လင်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

ပိုင်လင်း : “…”

"အစ်ကိုကြီးအန် ကျွန်တော်တို့တွေ ဆွေးနွေးထားတာကို မေ့သွားပြီလား” လောင်ကျိပင်သည် သတိပေးလိုက်သည်။

လောင်ကျိပင်၏ စကားကို ကြားလိုက်သည့် အခါတွင် လူတိုင်း၏ မျက်လုံးများသည် လင်းလက်သွားကြပြီး တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ တောက်လောင်လာကြသည်။

“တောင်ခွင်း လက်သီး”

“လေဖမ်းဆီး ဝင်္ကပါ”

“ရှောင်ချိုးရဲ့ တုတ်ရိုက်ချက်”

“တုန်လှုပ် ဓားဝိညာဉ်”

“ဖျက်ဆီးမှုရဲ့ လှည်းဘီးဖြူ”

“မိစ္ဆာနီ ထိုးသွင်းချက်”

ပိုင်လင်းသည် သက်ပြင်းချလိုက်ပြီး ဒေါသတကြီး ဖြစ်လာတော့သည်။

ချွင် ချွင် ချွင် ဘန်း ဘန်း ဘန်း ခွပ် ခွပ် ခွပ် ဖူး ဖူး ဖူး ...

ဖြစ်ပျက်နေသည် များအား ဂရုမထားသည့် ရှောင်းဟုန်မှအပ လူတိုင်းသည် ထိုးကြိတ်ခံရသည်။ စုတ်ပြတ်သပ်သွားသည်။ ဒဏ်ရာရကြသည်။ ထို့နောက် မြေပေါ်တွင် လဲကျ သွားကြတော့သည်။

***

သုံးမိနစ် ကြာပြီးနောက် ...

လူတိုင်း မျက်လုံး မှိတ်ထားကြသည်။

ပိုင်လင်းနှင့် ရှောင်းဟုန်သည် မျက်လုံးများ ဖွင့်လာကြသည်။ သူမတို့ နှစ်ဦးသား အပြုံးချင်း ဖလှယ်ပြီးနောက်တွင် ကျုံးရုံရန်အား ပြိုင်တူညွှန်ပြလိုက်သည်။

အန်လင်းသည် အမူအရာကင်းမဲ့လျက် ရှိနေသည်။ "နေထွက်လာလေပြီ။ အားလုံးပဲ မျက်လုံးများ ဖွင့်လိုက်ကြပါ”

အန်လင်း ကြေညာပြီးသည့် နောက်တွင် လူတိုင်းသည် မျက်လုံးများ ဖွင့်လိုက်ကြသည်။ "ကျုံးရုံရန် အသတ်ခံလိုက်ရပြီ။ နောက်ဆုံးစကားအား ပြောကြားပေးပါ”

ကျုံးရုံရန်သည် ယပ်တောင်အား ယမ်းကာဖြင့် ဂိမ်းနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိချက်အား အလေးအနက်ဖြင့် ပြောလေတော့သည်။

ထိုသို့ဖြင့် သူတို့၈ဦးသည် သမန်းဝံပုလွေ ဂိမ်းအား အပေးအယူမျှမျှ ဆက်လက် ဆော့ကစားကြတော့သည်။

(ငယ်ငယ်က ဆော့ရတဲ့ Killer ဆိုတဲ့ ဂိမ်းနဲ့ တူတူပါပဲ။ ကိုရီးယားမှာတော့ မာဖီးယားဆိုတဲ့ နာမည်နဲ့ ဆော့ကြတယ်။ တရုတ်မှာတော့ သမန်းဝံပုလွေ ဆိုပြီး ဆော့ပုံပါပဲ။ ဂိမ်းနာမည်က Werewolf ပါ)

***

All Chapters