နေကောင်းကြရဲ့လား
Vol. 13 Ch. 170
အကြီးကဲတွေအားလုံး အံ့အားသင့်သွားခဲ့သည်။ ထို့နောက်မှာ အကုန်လုံးခေါင်းရမ်းလိုက်ကြပြီး သံပြိုင်ပြောလိုက်ကြ၏ ။
“မရှိပါဘူး!”
ကျူးကော့လုံ နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။
“ဒါဆိုရင် ကျေးဇူးပြုပြီး အကုန်လုံး ကျုပ်နောက်လိုက်ခဲ့ကြပါ!”
ကျူးကော့လုံ ခြေနှစ်လှမ်းမျှ လှမ်းလိုက်သည်။ ထို့နောက်မှာ တစ်စုံတစ်ခုကို တွေ့မိသွားသည့်အနယ် ဝေ့တပ်သားတွေ ရှိရာဘက်ကို လှည့်လိုက်ပြီး….
“မင်းတို့တွေကို ငါပြောမယ်! ကောင်းမွန်တဲ့အလုပ်ကို လုပ်လို့ရရဲ့နဲ့ ဘာကြောင့် ဓားပြဖြစ်လာဖို့ ရွေးချယ်ခဲ့ကြရတာလဲ? တိုင်းပြည်ကို ကူညီဖို့ နည်းနည်းမှ မတွေးခဲ့ကြဘူးလား! အခုကစပြီး မင်းတို့အားလုံး ဆောက်လုပ်ရေးနေရာမှာ လုပ်သားအဖြစ် တာဝန်ထမ်းဆောင်ရမယ်!”
ဒီလိုနဲ့ပဲ ပြသနာကို ဖြေရှင်းနိုင်သွားခဲ့သည်။ ကျူးကော့လုံ နောက်ဆုံးတော့ စိတ်သက်သာစွာဖြင့် ခေါင်းငြိမ့်လိုက်၏ ။ သူကျေနပ်နေခဲ့သည်။
ဒီလိုနဲ့ပဲ အကြီးအကဲ များစွာကို ဦးဆောင်ပြီး မဟာတံတိုင်းတည်ရှိရာ နေရာသို့ ခေါ်ဆောင်သွားလိုက်၏ ။
မဟာတံတိုင်းတည်ဆောက်ရသော စီမံကိန်းသည် ကြီးမားသည်။ ရက်ပေါင်းများစွာ ကြိုးစားခဲ့တာတောင်မှ ရရှိလာသောရလဒ်သည် ရေခဲတုံးကြီးရဲ့ ထိပ်ပိုင်းမျှသာ ရှိသေးသည်။
အခုချိန်တွင် အဝေးကကြည့်လို့ရသော မဟာတံတိုင်း၏ပုံစံသည် သာမန်သူတွေအတွက်တော့ ခမ်းနားပေမဲ့ အကြီးအကဲတွေ အတွက်တော့ သေးငယ်လှသည်။ သူတို့ပြောခဲ့ကြသလိုမျိုး သာမန်နံရံ တစ်ခုသာဖြစ်သည်။
ဒါပေမဲ့ နီးကပ်လာတာနဲ့အမျှ ကျန်းစန်အပြင် ကျန်တဲ့သူတွေပါ ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရ၏ ။
“ဘာတွေဖြစ်နေတာလဲ? ဒီမဟာတံတိုင်းက တစ်ခုခုမှားနေသလိုမျိူး ငါခံစားရတယ်။”
ကျန်းစန်သည် အနီးနားကမိတ်ဆွေကို ကပ်ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေကလည်း အံ့အားသင့်နေဟန်ရှိိ၏။
ထိုမိတ်ဆွေ အနည်းငယ် အံ့သြသွားခဲ့သည်။ ထို့နောက်မှာ ပြန်ပြောလိုက်၏ ။
“ဘာဖြစ်လို့လဲ? မင်းအစောကလည်း မြှောက်ပင့်ပြီး ပြောနေခဲ့တာ။ ပြောချင်ရင်လည်း ကျယ်ကျယ်ပြောလေ ငါ့ကိုလာပြီး တိုးတိုးလေးပြောနေတော့လည်း ဘာထူးမှာလဲ?”
ထိုသို့ တုံ့ပြန်ခံရမယ်လို့ ကျန်းစန် မထင်မှတ်ထားခဲ့ပေ။
“မဟုတ်ဘူး။ ငါပြောချင်တာက မင်းသေချာလေး အာရုံခံကြည့်လိုက် ဒီမဟာတံတိုင်းကနေ အင်အားကြီးတဲ့ အရှိန်အဝါ တစ်ခု ထွက်နေတယ်လို့ ငါခံစားရတယ်!”
“အရင်တုန်းက ဝေးနေတော့ သတိမထားခဲ့မိဘူး။ အခုနီးလာတာနဲ့အမျှ အဲ့ဒီအရှိန်အဝါက ပိုပြီးသိသာလာတယ်လို့ မထင်ဘူးလား?”
ကျန်းစန်းရဲ့ စကားတွေကြောင့် ရှိနေသော အကြီးအကဲများပင် အံ့သြသွားခဲ့သည်။ အကုန်လုံး မဟာတံတိုင်းရှိရာကို လှည့်ကြည့်လိုက်ကြ၏ ။ ထိုအချိန်မှာပဲ ထူးဆန်းမှုကို သတိထားမိခဲ့သည်။
အပြင်ပိုင်းတွင် သာမန်နံရံတစ်ခုသာ ဆိုပေမဲ့ အတွင်းကနေ သိမ်မွေ့တဲ့ အရှိန်အဝါတစ်ခုကို ခံစားလို့ရ၏ ။
အနက်ရောင် အကြေးခွံတွေလိုမျိူး…..!
အင်အားကြီးပြီး ကြောက်ဖို့ကောင်းလှတဲ့ သားရဲတစ်ကောင်ရဲ့ အနက်ရောင် အကြေးခွံတွေလိုမျိုးပဲ!
ထိုအနက်ရောင်အကြေးခွံတွေက တစ်ခါတရံတွင် နံရံရဲ့အထက်မှာ ထင်ဟပ်လာတတ်ပြီး တခါတရံတွင် ပျောက်ကွယ်သွားတတ်သည်။ ထိုသိမ်မွေ့တဲ့ အင်အားတစ်ခုက နံရံအတွင်းမှာ တွယ်ကပ်နေ၏ ။
“ဒါက နည်းနည်းလေး ထူးဆန်းတယ်”
အကြီးအကဲတွေ မဟာတံတိုင်းကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြပေမဲ့ တိကျသေချာတဲ့ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ကြပေ။ ကျန်းစန် တစ်ယောက်ပဲ ထူးဆန်းမှုကို သတိထားမိခဲ့တာ မဟုတ်ဘူး။ လက်ရှိ ရှိနေသော ကျင့်ကြံသူများစွာလည်း အာရုံခံမိ လိုက်ကြ၏ ။ ဒါပေမဲ့ သူတို့အားလုံးက တိတ်တဆိတ်နေခဲ့ကြသည်။
အကုန်လုံးရဲ့ မျက်နှာသည် ချက်ချင်းပဲ တည်ငြိမ်သွားခဲ့ကြသည်။ အစောက မဟာတံတိုင်းနဲ့ ပတ်သက်ပြီး ပြောခဲ့မိသော မကောင်းစကားတွေအတွက် ချက်ချင်းပဲ အပြစ်ရှိစိတ်ကို ခံစားလိုက်ကြရ၏ ။
လီလင်ပုရဲ့ အစောပိုင်းက စကားလုံးတွေနဲ့ အပြုမူတွေ အတွက်ပင် စိတ်သက်သာ သွားခဲ့ကြသည်။
'ဒီတော့ တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး ငါတို့က အထင်မှားခဲ့ကြတာပေါ့။ ဒီမဟာတံတိုင်းကို အဲ့ဒီအရှိန်အဝါက ကာကွယ်ပေးထားတယ်။ ငါတို့တွေ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တောင်မှ ဖျက်ဆီးဖို့ မလွယ်ကူလောက်ဘူး။ ဒါပေမဲ့ အစပိုင်းတုန်းကကြတော့ အားနည်းတဲ့ ပုံစံ ပြထားပြီတော့ ဒီတံတိုင်းကို ငါတို့ရဲ့ လက်တစ်ချက်လှုပ်ရှားရုံနဲ့တင် ဖျက်ဆီးလို့ ရနိုင်မလိုမျိုး ထင်စေခဲ့တယ်။ ဒီလှုပ်ရှားမှုက…..’
အကြီးအကဲတွေအားလုံး မနေနိုင်စွာဖြင့် လီလင်ပုကို လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး နားလည်လိုက်ကြပြီ။
အခွင့်အရေးဆိုတာ တကယ်ကို မထင်မှတ်ထားချိန်မှာ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ ရောက်လာတတ်တာပဲ။
လီလင်ပုရဲ့ အစောပိုင်းက စကားလုံးတွေကို ပြန်စဉ်းစားမိလိုက်ပြီး အကုန်လုံး သက်ပြင်းချလိုက်ကြ၏။
'တရှားတိုင်းပြည်က တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ! အထူးသဖြင့် တရှားရဲ့ ဘုရင်ပဲ!’
'အခုကစပြီး ဘာကိစ္စပဲဖြစ်ဖြစ် ဒီတိုင်းပြည်နဲ့ ရန်သူဖြစ်လို့မရဘူး။ မိတ်ဆွေဖြစ်အောင် ပေါင်းထားရမယ်!’
အကုန်လုံး စိတ်ပိုင်းဖြတ်လိုက်ကြသည်။ လီလင်ပုရဲ့ ဉာဏ်များမှုနဲ့ ပတ်သက်ပြီး အကုန်လုံးရဲ့ ဒေါသတွေသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
ဒီလိုနဲ့ပဲ အကုန်လုံးသည် မဟာတံတိုင်းရဲ့ အနီးကို ရောက်ရှိလာခဲ့ပြီပင်။ ဝေ့တပ်သားတွေကတော့ ဘာကိုမှ မခံစားခဲ့ကြရဘူး။ ဒီမီတာပေါင်းများစွာမြင့်တဲ့ နံရံသည် ခမ်းနားလှပါလားဟုသာ ခံစားခဲ့ကြရသည်။
ထိုခမ်းနားမှုအပြင် ဘာသိမ်မွေ့တဲ့ အရှိန်အဝါကိုမှ မခံစားကြရဘူး။ ဒါပေမဲ့ မဟာတံတိုင်းနဲ့ နီးကပ်လာတာနဲ့အမျှ အင်အားကြီးပြီး ဖိနှိပ်နိုင်စွမ်းရှိတဲ့ အရှိန်အဝါတစ်ခုကို အကြီးအကဲအားလုံး ခံစားလိုက်ရသည်။ ထိုအရှိန်အဝါက ကြီးမားပြီး စိုးမိုးနိုင်စွမ်းရှိ၏ ။ ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ ဧရာမသားရဲတစ်ကောင်ရဲ့ လက်သည်းချွန်တွေလိုမျိုး သူတို့ရဲ့ခန္ဓာကိုယ်နဲ့ အသိစိတ်ကို ဖိနှိပ်ထားခဲ့သည်။ ဒီမဟာတံတိုင်းကြီး တစ်ခုလုံးက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နဂါးတစ်ကောင်လိုမျိုး ခံစားရစေ၏ ။ အကုန်လုံး မရုန်းထွက်နိုင်တော့ပေ။ ခြေတစ်လှမ်း ရှေ့တိုးနိုင်ဖို့အတွက်ပင် အသည်းသန် ကြိုးစားနေကြရ၏ ။
“ဒီရိုးရှင်းတဲ့ နေရာမှာ ဧည့်ခံရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးကြပါ!”
အကြီးအကဲတွေအားလုံး ဖိအားကြောင့် မြေပြင်ပေါ်ကို ပြုတ်ကျတော့မယ့်အချိန်မှာပဲ ကျူးကော့လုံရဲ့ အသံထွက်ပေါ်လာခဲ့သည်။ ထိုအသံထွက်ပေါ်လာတာနဲ့ ဖိအားကချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။
“ဘာတွေဖြစ်နေတာလဲ?”
အကြီးအကဲတွေအားလုံး မဟာတံတိုင်းကို ထူးဆန်းစွာ လှည့်ကြည့်လိုက်ကြသည်။ အစောပိုင်းက မဟာတံတိုင်းနဲ့ ပတ်သက်ပြီး ခံစားခဲ့ရသမျှ ထူးဆန်းတဲ့ အရှိန်အဝါတွေအားလုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားပြီပင်။ အခုတော့ မဟာတံတိုင်းသည် သာမန်နံရံတစ်ခုထက် မပိုတော့ပေ။
'ဒါက!’
အကြီးအကဲတွေအကုန်လုံး အလွန်အမင်း ထိတ်လန့်သွားကြ၏ ။
အကယ်၍ လူတစ်ယောက်ကသာ ခံစားမိခဲ့တယ်ဆိုရင် ဤအရာက ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်နိုင်သည်။ ဒါပေမဲ့ အခုတော့ အကြီးအကဲ အားလုံးရဲ့ မျက်နှာပေါ်တွင် ချွေးများပြည့်နေသည်။ အကုန်လုံးရဲ့ မျက်နှာထားကလည်း ဖြူဖတ်နေ၏ ။ ဒါကြောင့် ဒီကိစ္စက သေချာပေါက် တစ်ယောက်တည်း ကြုံတွေ့ခဲ့ရတာ မဟုတ်ဘူး။ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး!
အဲ့ဒီအရှိန်အဝါက ဘာလဲ? အကုန်လုံးရဲ့ နှလုံးသားထဲမှာ ထိုမေးခွန်းသည် အဆက်မပြတ် ရိုက်ခတ်နေခဲ့သည်။ ဒါပေမဲ့ ထိုအရှိန်အဝါနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားဖို့ လုပ်လိုက်ချိန်မှာပဲ ဘယ်သူမှ အတိအကျ မစဉ်းစားနိုင်ခဲ့ပေ။
အကုန်လုံး မနေနိုင်စွာဖြင့် မဟာတံတိုင်းကို ထပ်မံကြည့်ရှု လိုက်ကြသည်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ အကြောက်တရားတို့ ပြည့်နှက်နေ၏ ။
အဲ့ဒီလောက် ပြင်းထန်တဲ့ဖိအားကို ဘယ်လိုအရာကများ ပိုင်ဆိုင်ထားတာလဲ?
ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က မနေနိုင်စွာ ရေရွတ်လိုက်သည်။
“အခု ဘာတွေဖြစ်နေတာလဲ? အဲ့ဒီဖိအားရဲ့ အရှိန်မှာ ငါတို့ကိုယ်ငါတို့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုခဲ့သလိုမျိုး ခံစားရတယ်!”
ထိုအချိန်တွင် အကြီးကဲ အားလုံးရဲ့ မျက်နှာသည် အလွန့်အလွန် တည်တင်းနေခဲ့သည်။ ဘယ်သူကမှ အဖြေမပေးခဲ့ပေ။ မဟာတံတိုင်းရဲ့ အနီးကို အကုန်လုံးတိုးကပ်လိုက်ကြရင်း မျက်လုံးတွေက အဆက်မပြတ် စစ်ဆေးနေခဲ့သည်။ အကြောင်းအရင်းကို နားလည်နိုင်ဖို့ ကြိုးစားနေကြ၏ ။ မကြာခင်မှာပဲ အကုန်လုံး စိတ်ပျက်သွားခဲ့ကြသည်။ ဘာကိုမှ မခံစားရဘူး။ ဘယ်လိုပဲ စစ်ဆေးပါစေ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။
အစောပိုင်းက ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်က ခြေရာလက်ရာ မကျန်အောင်ပင် ပျောက်ကွယ်သွားခဲ့သည်။ ဘယ်လောက်ပဲ ကြည့်ရှုပါစေ သေးငယ်တဲ့ သဲလွန်စတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး။
အကြိမ်ကြိမ် စစ်ဆေးပြီးနောက်မှာတော့ ဒီမဟာတံတိုင်းက မထူးဆန်းဘူးဆိုတာကို အကုန်လုံးအတည်ပြုနိုင်သွားခဲ့သည်။
အကြီးကဲတွေရဲ့ မျက်နှာက မျိူးစုံပြောင်လဲနေခဲ့သည်။
ထိုအချိန်မှာ လီလင်ပုနဲ့ ကျူးကော့လုံကတော့ အတိတ်က အဖြစ်ပျက်တွေကို ပြန်လည်တွေးတောနေခဲ့သည်မို့ အကြီးကဲတွေရဲ့ မူမမှန်မှုကို သတိမထားမိခဲ့ကြပေ။ လီလင်ပုနဲ့ ကျူးကော့လုံသည် အတိတ်က အဖြစ်ပျက်နဲ့ ပတ်သက်ပြီး စကားဆွေးနွေးနေခဲ့ ကြသည်။ စကားဆယ်ခွန်းထဲက ကိုးခွန်းက ရှကျိုးယွီနဲ့ ပတ်သက်တာတွေကြည့်ပဲ။ သူတို့ရဲ့ မျက်လုံးထဲမှာ လေးစားမှုတို့ ပြည့်နေခဲ့သည်။ ရှကျိုးယွီ အပေါ်မှာ ဘယ်လောက်တောင် သစ္စာရှိလဲဆိုတာ သိသာလှ၏ ။
သူတို့လှည့်ကြည့်လိုက်ချိန်မှသာ အကြီးကဲတွေရဲ့ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည်။ အကြီးကဲအားလုံးသည် ချွေးများ စိုရွှဲနေခဲ့ပြီး မျက်နှာကလည်း ဖြူဖတ်နေ၏ ။ အပြင်းအထန် ဒဏ်ရာ ရထားသလိုမျိုးပဲ။
'ရာသီဥတု အပြောင်းအလဲကြောင့် နေမထိထိုင်မသာ ဖြစ်နေတာလား? ဒီလိုတော့မဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား? တရှားတိုင်းပြည်ရဲ့ ရာသီဥတုက အဲ့လောက်မှ မဆိုးဝါးတာပဲ’
'တရှားရဲ့ ရာသီဥတုက အရမ်းပြင်းထန်တယ်ဆိုရင်တောင်မှ တရက်နှစ်ရက်အတွင်းမှာ ဒီလောက်ထိ မဖြစ်သင့်ဘူးလေ။ မဟုတ်ဘူးလား?’
ဒါပေမဲ့ အကြောင်းအရင်းအတိကျကို ရှာမတွေ့ခဲ့ပေ။ ကျူးကော့လုံ မနေနိုင်စွာ မေးလိုက်တော့၏ ။
“အကုန်လုံး အဆင်ပြေရဲ့လား?”
“အဆင်ပြေတယ်!”
ကျန်းစန်နဲ့ ကျန်တဲ့သူတွေအားလုံး ချက်ချင်းပဲ ဖြေကြားလိုက်သည်။
“ငါတို့အားလုံး အစောပိုင်းက သတိလွတ်သွားခဲ့တယ်။ ငါတို့ဘက်က အပြုမူတွေက ဒေါသထွက်စေခဲ့ရင် တောင်းပန်ပါတယ်”
ကျန်းစန်က ပြောပြီးတာနဲ့ မဟာတံတိုင်း တည်ရှိရာဘက်ကို ကြောက်ရွံ့စွာ ကြည့်လိုက်၏ ။
လီလင်ပုပင် အနည်းငယ် အံ့သြသွားခဲ့သည်။ ဒီရက်ပိုင်းအတွင်း ခရီးအတူသွားလာခဲ့ရသဖြင့် အကုန်လုံးနဲ့ ပတ်သက်ပြီး အနည်းငယ် နားလည် လာခဲ့ပြီ။ ထို့ကြောင့် လီလင်ပု မနေနိုင်စွာဖြင့် စိတ်ပူစွာ မေးလိုက်၏ ။
“အကုန်လုံးအဆင်ပြေတာ သချာရဲ့လား?”
မမေးလိုက်ရင်တောင်မှ အဆင်ပြေအုံးမည်။ ထိုမေးခွန်းကို ကြားတာနဲ့ အကုန်လုံး အံ့သြသွားခဲ့၏ ။ ထို့နောက်မှာ အကြီးကဲတွေအားလုံးအဆက်မပြတ် လက်ကို ခါရမ်းလိုက်ကြတော့သည်။
“မဟုတ်တာ။ အဆင်ပြေတာပေါ့!”
“ငါတို့အားလုံ လုံးဝကိုအဆင်ပြေတယ်!”
ထိုစကားလုံးတွေကို ပြောပြီးတာနဲ့ အကြီးကဲတွေက မနေနိုင်စွာဖြင့် မဟာတံတိုင်းရှိရာဘက်ကို ကြည့်လိုက် ကြပြန်သည်။
လီလင်ပု ချက်ချင်းပဲ သဘောပေါက်သွားခဲ့သည်။
'ငါတို့ရဲ့ မဟာတံတိုင်းကို မကြိုက်တာလား?’
လီလင်ပုရဲ့ မျက်လုံးက ဒေါသရောင်အနည်းငယ် လက်သွားခဲ့သည်။
“အကုန်လုံးအနေနဲ့ ဒီလောက်ကြီးထိ တွန့်ဆုတ်ပြီး မကူညီချင်ဘူး ဆိုရင်လည်း အဆင်ပြေတယ်နော်!”
……..