အရှင်မင်းကြီး ဘာတွေလုပ်နေတာလဲ
Vol. 13 Ch. 171
နဂိုကတည်းက ဖြူဖတ်နေခဲ့သော အကြီးအကဲတွေရဲ့မျက်နှာသည် ပိုမိုဖြူဖွေးသွား၏။
အရင်တုန်းက မဟာတံတိုင်းရဲ့ထူးခြားမှုကို မတွေ့ခဲ့ကြပေ။ အခုတော့ သူတို့အားလုံး ရှင်းလင်းစွာခံစားခဲ့ရသည်။
ထို့ကြောင့် အခွင့်အရေးကို လက်လွတ်ခံစရာလား? ဘယ်သူမှ လက်လွတ်မခံချင်ကြပေ။
ထို့ကြောင့်ပဲ အားလုံးအမြန်လက်ယမ်းပြလိုက်ကာ…
“အမတ်လီ ဘာတွေပြောနေတာလဲ? ဒီ တရှားတိုင်းပြည်ရဲ့မဟာတံတိုင်းက ကျုပ်တို့မြင်ဘူးသမျှထဲမှာ အကောင်းဆုံး တံတိုင်းပဲ! ဒါကြောင့် ကူညီပေးရတာ ဂုဏ်ယူစရာတစ်ခုပါ!”
“အမှန်ပဲ။ ဒီလိုမျိုး လက်ရာမြောက်တဲ့ဖန်တီးမှုတစ်ခုကို မျက်မြင်တွေ့ရမဲ့ အခွင့်အရေးက ရှစ်ဘဝစာလောက် ကောင်းချီး တွေကြုံလိုက်ရတာနဲ့ ညီမျှတယ်!”
“ဒါ့အပြင် အရင်က ကျုပ်တို့အမြင်ကျဉ်းခဲ့တယ်။ ဒီတံတိုင်းရဲ့ စစ်မှတ်တဲ့တန်ဖိုးကို မတွေ့ခဲ့ကြဘူး”
ချက်ချင်းပဲအကြီးအကဲတွေအားလုံးက အလွန်ရိုးသားဖြူစင်သောမျက်နှာကို ထုတ်ပြလိုက်ကြသည်။ သူတို့ရဲ့စိတ်နှလုံး ထဲကနေပါ ကူညီနေချင်နေကြ၏။
ဒါပေမဲ့ လီလင်ပုအတွက်တော့ ထိုစကားလုံးတွေက အနည်းငယ်မသက်မသာဖြစ်စေခဲ့သည်။ ထို့ကြောင့် လီလင်ပု ဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။
ဒီလိုနဲ့ လေထုက အနည်းငယ်ထူးဆန်းလာတော့၏။
ထိုအချိန်မှာပဲ ကျူးကော့လုံ အရှေ့ထွက်ကာ ဦးဆောင်ပြီးပြောပေးလိုက်သည်။
“မှန်ပါတယ်။ ဒီမဟာတံတိုင်းက လက်ရာမြောက်ဖန်တီးမှုတစ်ခုဆိုတာ အမှန်ပဲ။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ အစီအစဉ်ကြီး တစ်ခုလည်းဖြစ်တယ်။ အကြီးအကဲတွေဘက်က ပါဝင်ကူညီချင်တယ်ဆိုမှတော့ ဒီကိစ္စကို ဖြေးဖြေးချင်းဆွေးနွေးကြတာ ပေါ့”
“ဒီမဟာတံတိုင်းရဲ့ မူရင်းရည်ရွယ်ချက်က ဝေ့တိုင်းပြည်ကို ကာကွယ်ဖို့ဆိုပေမဲ့ ဒီတံတိုင်းကခုခံဖို့တစ်ခုထဲအတွက် မဟုတ်ပါဘူး”
ကျူးကော့လုံ ရယ်လိုက်သည်။
ဝေ့တိုင်းပြည်ဆိုသော စကားလုံးကိုကြားတာနဲ့ တောပုန်းဓါးပြတွေအဖြစ်ဟန်ဆောင်ထားတဲ့ ဝေ့တပ်သားအားလုံး ခေါင်းထောင်သွားခဲ့ကြသည်။
ဝေ့တိုင်းပြည်နှင့်တရှားတိုင်းပြည်သည် စစ်ဖြစ်ခဲ့တာနှစ်ကြာခဲ့ပြီ။ ဒီမဟာတံတိုင်းဆောက်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်က ဝေ့တိုင်းပြည်ကို တိုက်ခိုက်ဖို့ဆိုတာ ဘယ်သူမဆိုသိ၏။ ဒါပေမယ့် ဝေ့ပြည်သူတွေအတွက်တော့ မဟာတံတိုင်းကြီးသည် အနည်းငယ်မရိုးရှင်းဘူးဟုခံစားရသည်။
တကယ်ပဲ ခုခံဖို့တစ်ခုတည်းသာဆိုရင် အခုလိုမျိုးကြီးမားလှတဲ့ တံတိုင်းကြီးဆောက်ဖို့ လိုမှမလိုအပ်တာပဲ။
ထို့ကြောင့် ကျူးကော့လုံရဲ့စကားကိုကြားတာနဲ့ အကုန်လုံး စိတ်ဝင်တစား နားထောင်လာခဲ့ကြတာပင်။
အကြီးအကဲတွေလည်း အံ့အားသင့်သွားခဲ့ကြသည်။
“ဘာကို ဆိုလိုတာပါလဲ?”
ကျူးကော့လုံ ရယ်လိုက်လေကာ…
“ဒီမဟာတံတိုင်းဆောက်လုပ်တဲ့ အစီအစဉ်ကို ကျုပ် အရှင်မင်းကြီးဆီကို တင်ပြခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီလောက်ထိကြီးမားတဲ့ အစီအစဉ်တစ်ခုမဟုတ်ခဲ့ဘူး။ ကျုပ်တင်ပြခဲ့တဲ့ တင်ပြချက်က ဝေ့တိုင်းပြည်နဲ့ထိစပ်နေတဲ့ နယ်စပ်မျဉ်းတစ်လျှောက်မှာပဲ တံတိုင်းသေးတစ်ခု ဆောက်လုပ်ဖို့အတွက်ပဲ”
“ဒါပေမဲ့ အရှင်မင်းကြီးက ကိုယ်တိုင်မြေပုံကိုကြည့်တော်မူခဲ့ပြီး တံတိုင်းရဲ့နယ်နိမိတ်ကို သတ်မှတ်ခဲ့တယ်! ဒါကြောင့် အခုဆိုရင် တံတိုင်းရဲ့အကွာအဝေးက ကျုပ်တင်ပြခဲ့တာထက် ဆယ်ဆလောက်ကိုများသွားတာပဲ!”
ကျူးကော့လုံက ပြောပြီးတာနဲ့ ဂုဏ်ယူစွာဖြင့် ခေါင်းမတ်လိုက်သည်။ သူ့ရဲ့မျက်လုံးမှာလည်း မာနတို့ပြည့်နေ၏။
ကျူးကော့လုံရဲ့စကားကြောင့် အကြီးအကဲတွေရဲ့မျက်နှာသည် တည်ငြိမ်သွားခဲ့သည်။ သူတို့ရှုပ်ထွေးနေပေမဲ့ ကျူးကော့လုံ ရဲ့စကားထဲကနေ အတည်ပြုနိုင်တာတစ်ခုတော့ရှိသည်။
ဒီမဟာတံတိုင်းဆောက်လုပ်တဲ့ အစီအစဉ်ကို ရှကျိုးယွီကိုယ်တိုင်စီစဉ်ခဲ့တာပဲ။ နယ်နိမိတ်ကိုတောင် သူကိုယ်တိုင် သတ်မှတ်ခဲ့တာ!
ချက်ချင်းပဲ အကြီးအကဲတွေအားလုံး အစောပိုင်းကမြင်ခဲ့ရသော ဆန်းကြယ်တဲ့အရာကို စဉ်းစားမိသွားသည်။
ဖြစ်နိုင်တာ အဲ့ဒီအရာကိုလည်း ရှကျိုးယွီ စီစဉ်ခဲ့တာပဲဖြစ်ရမည်!
ဒီလိုနဲ့ပဲသူတို့သည် ကျူးကော့လုံရဲ့စစ်စခန်းရှိရာသို့ ရောက်လာ၏။
တောက်လောင်နေသောနေရောင်အောက်မှာ သာမန်အုတ်ခဲတွေကိုသယ်ဆောင်ရင်း မဟာတံတိုင်းကို ကြိုးစားပမ်းစား ဆောက်လုပ်နေကြသော လုပ်သားတွေကိုကြည့်လိုက်ပြီး အကြီးအကဲတွေနားလည်သွားခဲ့သည်။
ဒီမဟာတံတိုင်းက တကယ်တော့ သာမန်တံတိုင်းတစ်ခုပဲ။
“ဒီအထိ ခရီးတစ်လျှောက်လုံး လာခဲ့ရတာဆိုတော့ ဗိုက်ဆာနေကြလောက်ရောပေါ့။ ညစာ စားချိန်လည်းရောက်ပီဆိုတော့ အရင်းစားကြရအောင်လေ”
အကြီးအကဲတွေရဲ့မျက်နှာပေါ်က အံ့ဩနေသော မျက်နှာထားကိုမြင်ပေမဲ့ ကျူးကော့လုံက အရမ်းဂရုမစိုက်ခဲ့ပေ။ အပြုံး တစ်ခုနဲ့စားပွဲပေါ်ကို အစားအသောက်တွေတင်ရင်း ပုံမှန်လိုပဲပြောလိုက်သည်။
အကြီးအကဲတွေကလည်း ကျူးကော့လုံကို ဂရုမစိုက်ပါချေ။ မဟာတံတိုင်းကို တိတ်တဆိတ်လေ့လာနေရင်း စားပွဲမှာ ဝင်ထိုင်လိုက်ကြ၏။
“အိုး”
ထိုအချိန်မှာပဲ အကြီးအကဲတစ်ယောက်ရဲ့ အသံထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပဲ ထိုသူထိုင်ထားတဲ့အောက်က ကျောက်ခုံက ကွဲကြေသွား၏။
အကုန်လုံး ထိုအကြီးအကဲအား လှည့်ကြည့်လိုက်ကြသည်။ လူများစွာရဲ့ စိုက်အကြည့်ခံလိုက်ရမှုကြောင့် ထိုအကြီးအကဲရဲ့ မျက်နှာသည် ချက်ချင်း နီရဲသွားလေ၏။ မြေပြင်ပေါ်မှအမြန်ထရပ်ကာ ဖုန်ခါလိုက်သည်။
စစ်စခန်းရဲ့လက်ရှိငွေကြေး ခက်ခဲနေပုံကို အကုန်လုံး သဘောပေါက်သွားလေ၏။
အခုလိုမျိုး ခုံအစုတ်တွေသုံးထားပုံကြည့်ရသလောက် တော်တော်လေးငွေခက်ခဲခဲ့ပုံပဲ!
ဒါ့အပြင် ဟင်းတွေကလည်း ဆီမပါဘူး! ရေထဲမှာတောင်မှ ဖုန်မှုန့်တွေနဲ့!
ထို့ကြောင့် အကြီးအကဲတွေခမျာ ရေကိုသာ နှစ်ငုံလောက်သောက်နိုင်ခဲ့ကြသည်။ အစားအသောက်တွေကိုတော့ ဘယ်သူကမှ မထိခဲ့ကြဘူး။ သူတို့အားလုံးသည် မဟာတံတိုင်းကိုပဲ အဆက်မပြတ်လေ့လာနေကြ၏။ မဟာတံတိုင်းရဲ့ ကျောက်ခဲ တစ်ခုစီ၊ တိုင်တစ်ခုစီကိုလေ့လာနေခဲ့ကြသည်။
ဒါက သာမန်ပဲ။ လုံးဝကို သာမန်ပဲ။
လုံးဝကို ရိုးရှင်းတဲ့သာမန်ကျောက်တုံး၊ ကျောက်ခဲတွေသာဖြစ်သည်။ သူတို့အစောပိုင်းက မြင်ခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် သာမဟုတ်ဘူးဆိုရင် ဒီသာမန်ဆန်လှတဲ့ နံရံကြီးနဲ့ပတ်သက်ပြီး ဘယ်သူကမှ မေးခွန်းထုတ်ခဲ့မှာ မဟုတ်ပေ။
ကျူးကော့လုံကလည်း ဘယ်သူကိုမှ ဂရုမစိုက်ပါချေ။
ဒီလိုနဲ့ပဲ နာရီဝက်ခန့်ကြာပြီးနောက်မှာ အကုန်လုံးရဲ့အကြည့်တွေက ကျူးကော့လုံဆီကို ပြန်လည်ရောက်ရှိလာခဲ့သည်။ သူတို့မနေနိုင်စွာ မေးလိုက်၏။
“ဒီမဟာတံတိုင်းကို ဆောက်လုပ်နေတဲ့အချိန်မှာ မူမမှန်တာတစ်ခုခုကိုများ ကျန်းပိုင်မင်းသား သတိထားမိခဲ့လား?”
ကျူးကော့လုံ အနည်းငယ်အံ့ဩသွားခဲ့သည်။ အကြီးအကဲတွေအားလုံးကို နားမလည်နိုင်စွာကြည့်လိုက်ပြီး..
“ဘာဖြစ်လို့လဲ? ပြဿနာတစ်ခုခုရှိနေလို့လား?”
“မဟုတ်ပါဘူး။ ဒီအတိုင်းမေးကြည့်တာ”
ကျန်းစန်က ပုံမှန်လိုပဲပြောလိုက်သည်။
“မူမမှန်တာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းက မြင်ခဲ့ရတဲ့အလင်းတစ်ချို့လောက်ပဲ။ အဲ့ဟာကလွဲရင် ကျန်တာမမြင်မိလိုက်ဘူး”
ကျူးကော့လုံသည် ရိုးသားစွာဖြင့်ဖြေကြားလိုက်သည်။ အကုန်လုံးအံ့ဩသွားတော့၏။ ဘယ်သူကမှ မေးခွန်းတွေထပ် မမေးတော့ပေ။ ဒီလိုနဲ့ လေထုသည် ထပ်မံထူးဆန်းသွားခဲ့သည်။
ထိုအချိန်မှာ လီလင်ပုကတော့ ဆင်ခြေတစ်ခုရှာပြီး စားပွဲဝိုင်းမှထွက်သွားလေ၏။ ဒီလိုနဲ့နောက်တစ်နာရီ ကုန်ဆုံးသွား ခဲ့သည်။ ကျန်းစန်လည်း နောက်ဆုံးတော့ ထရပ်လိုက်သည်။
“ ကျုပ်တို့တွေ ဂိုဏ်းကိုပြန်ရောက်ပြီးနောက်မှာ ဒီမဟာတံတိုင်းနဲ့ပတ်သက်ပြီး စီမံခဲ့ပ့ါမယ်”
ကျန်းစန်သည် ကျူးကော့လုံကို ပြုံးရင်းပြောလိုက်သည်။
“တကယ်လို့ ကိစ္စမရှိတော့ဘူးဆိုရင် ကျုပ်အရင်သွားနှင့်မယ်”
“ကောင်းပါပြီ။ အလျင်လိုဖို့ မလိုအပ်ပါဘူး!”
ကျူးကော့လုံလည်း ပြန်လည်ပြုံးပြခဲ့သည်။
မကြာခင်မှာပဲ အားလုံးရဲ့အကြည့်အောက်ကနေ ကျန်းစန်ထွက်သွားခဲ့သည်။ ကျန်တဲ့အကြီးအကဲတွေလည်း မတွန့်ဆုတ် ခဲ့ပေ။ သူတို့အားလုံး ကတိအသီးသီးပေးလိုက်ကြကာ ထွက်သွားလေ၏။ အကြီးအကဲတွေအားလုံး ထွက်သွားပြီးမှသာ ကျူးကော့လုံ နောက်ဆုံးတော့စိတ်သက်သာစွာဖြင့် သက်ပြင်းချင်နိုင်တော့သည်။
အခု ထိုနေရာတွင် အစောင့်တပ်သားတစ်ချို့သာ ကျန်ရစ်တော့၏။ ကျူးကော့လုံ အစောင့်တပ်သားတွေဘက်ကို လှည့်ကြည့်လိုက်သည်။ ကျူးကော့လုံရဲ့အကြည့်ကိုခံစားမိတာနဲ့ သူတို့တွေ့ရဲ့ခေါင်းက ချက်ချင်းငုံ့သွားလေ၏။
“လာခဲ့စမ်း!”
ကျူးကော့လုံရဲ့ အသံကိုကြားတာနဲ့ လက်ထောက်စစ်သူကြီးက အမြန်ရှေ့တိုးလာခဲ့သည်။
“ဒီလူတွေကို ခြေကြိုးလက်ကြိုးတုတ်ပြီး ဆောက်လုပ်ရေးနေရာမှာ လုပ်သားအဖြစ်ခေါ်သွားကြ!”
ကျူးကော့လုံ ပုံမှန်လိုပဲညွှန်ကြားလိုက်သည်။
“အမိန့်အတိုင်းပါ!”
လက်ထောက်စစ်သူကြီးက ပုံမှန်လိုပဲလက်တစ်ဖက်ယမ်းပြလိုက်သည်။ တဲအတွင်းသို့ အပြင်ဘက်က အစောင့်တပ်သား များစွာဝင်ရောက်လာခဲ့ပြီး ဝေ့တပ်သားတွေကို ခေါ်ဆောင်သွားလေ၏။
အကုန်လုံးထွက်သွားမှသာ ကျူးကော့လုံ ထပ်မံသက်ပြင်းချလိုက်သည်။ ထို့နောက်မှာ ကျူးကော့လုံရဲ့အကြည့်က ထိုက်အန်းမြို့တော်ရှိရာသို့ရောက်သွားသည်။
လက်ထောက်စစ်သူကြီး မနေနိုင်စွာမေးလိုက်တော့သည်။
“စစ်သူကြီး။ စစ်သူကြီးက တကယ်ကိုအမြင်ကောင်းလိုက်တာ။ ကိစ္စတွေအားလုံးက စစ်သူကြီးမှန်းထားသလိုမျိုး ဖြစ်လာ ခဲ့မယ်လို့ ကျွန်တော် လုံးဝမထင်ခဲ့မိဘူး”
ထိုစကားကြောင့် ကျူးကော့လုံ လှည့်ကြည့်လာခဲ့သည်။
“ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့အစီအစဉ်တွေပါ။ ငါနဲ့ဘာမှမဆိုင်ဘူး။ ဒီနေ့ရောက်လာခဲ့တဲ့သူတွေက သာမန် သူတွေမဟုတ်ဘူး”
ကျူးကော့လုံသည် ပြောနေရင်းနဲ့တစ်ခုခုကို သဘောပေါက်သွားသည့်နှယ် လက်ထောက်စစ်သူကြီးရှိရာကို ချက်ချင်း လှည့်လာခဲ့သည်။
“ဒါနဲ့ ဒီရက်ပိုင်းအတွင်း ကိစ္စတစ်ခုခုဖြစ်ပေါ်ခဲ့သလား?”
လက်ထောက်စစ်သူကြီး ပထမတော့အံ့ဩသွားခဲ့သည်။ ထို့နောက်မှာ အမြန်ဖြေကြားလိုက်၏။
“ကျွန်တော်ကြားတာကတော့ အရှင်မင်းကြီးက အစီအရင်ဆရာတယောက်ကို ဖိတ်ခေါ်ပြီးတော့ ထိုက်အန်းမြို့တော်မှာ အစီအရင်တစ်ခုဆောက်ခိုင်းထားခဲ့တယ်တဲ့။ သူတို့က စိတ်ဝိဉာဉ်စွမ်းအင်စုဆောင်းနိုင်သော အစီအရင်ကို ထိုက်အန်း မြို့တော်မှာတင်မကပဲ ကျန်းနန်မြို့နဲ့တရှားရဲ့မြောက်ပိုင်းဒေသမှာပါ ဆောက်လုပ်နေတယ်လို့ကြားတယ်။ ဒါပေမယ့် ကျွန်တော်အတိအကျတော့ မသိရသေးဘူး”
“ပြီးတော့ ကျန်းနန်မြို့မှာလွန်ခဲ့တဲ့ရက်က အစီအရင်တွေ အလိုအလျှောက်ပေါ်ပေါက်ခဲ့တယ်! အဲ့ဒီ့အစီအရင်တွေက ရှေးအစီအရင်ဖြစ်ပုံပဲ။ အတိအကျအကြောင်းအရင်းကိုတော့ အခုထိစုံစမ်းဆဲပါ”
“ဒါ့အပြင် နှင်းနဂါးတောင်အနီးတဝိုက်မှာလည်း ကိစ္စတစ်ချို့ဖြစ်ပျက်နေတယ်လို့ ကြားခဲ့တယ်။ အခြေအနေက အနည်းငယ် မတည်ငြိမ်ဘူးလို့ပြောတယ်။ အဲ့ဒီမှာရှိနေတဲ့ လူစုလူဝေးက ထောင်ချီတယ်တဲ့”
“ဒါပေမဲ့ မိန်းမစိုးကျောက်လည်း အဲ့ဒီမှာရှိနေတာဆိုတော့ ပြဿနာတော့မဖြစ်လောက်ပါဘူး။ ပြီးတော့ ကျွန်တော်ကြားထားသေးတယ်။ ရေကိုထိန်းချုပ်နိုင်တဲ့ ယူအိမ်တော်ရဲ့သခင်မလေး ယူလျိုရှားကလည်း ထိုက်အန်းမြို့တော်ကနေ ထွက်သွားပြီးတော့ နှင်းနဂါးတောင်ဆီကိုသွားနေတယ်တဲ့”
“ဟုတ်လား”
ကျူးကော့လုံရဲ့မျက်လုံးက ချက်ချင်းပဲအတွေးနက်သွားခဲ့သည်။ ပုံမှန်အားဖြင့် သိုင်းလောကကို သူစိတ်မဝင်စားပေ။ ဒါပေမဲ့ ဒီကိစ္စတွေက တရှားတိုင်းပြည်နဲ့သက်ဆိုင်နေသည်။ အခု သူက တရှားတိုင်းပြည်ရဲ့ မင်းသားတစ်ယောက် ဖြစ်လာပြီဆိုမှတော့ သေချာပေါက် ဂရုစိုက်သင့်သည်။ အထူးသဖြင့် ဒီနေ့လိုမျိုး သိုင်းလောကရဲ့အကြီးအကဲများစွာနဲ့တွေ့ပြီးနောက်မှာ ရှကျိုးယွီရဲ့နောက်ထပ်အကြံအစည်တွေကို သိချင်လာမိသည်။
“အရှင်မင်းကြီးကကော ဘယ်လိုနေလဲ? အရှင်မင်းကြီး ဒီရက်ပိုင်းဘာလုပ်နေလဲ?”
ကျူးကော့လုံရဲ့အကြည့်က လက်ထောက်စစ်သူကြီးအပေါ်တွင် စိတ်ဝင်တစားကျရောက်နေခဲ့သည်။
လက်ထောက်စစ်သူကြီး အံ့ဩနေဆဲပဲ။
“အရှင်မင်းကြီးလား….အရှင်မင်းကြီးက ဖူယွဲ့နန်းဆောင်အတွင်းမှာပဲနေနေတာ ခုနှစ်ရက်တောင်ရှိပြီ။ ဘယ်သူကမှ အရှင်မင်းကြီးကို မတွေ့ဘူးတဲ့”
“ဟုတ်လား?”
ကျူးကော့လုံအံ့ဩသွားသည်။ ဒါပေမဲ့ သူ ဘာမှမမေးရသေးခင်မှာပဲ လက်ထောက်စစ်သူကြီးက ဆက်ပြောလိုက်၏။
“လွန်ခဲ့တဲ့ရက်က အရာရှိတွေ စုဝေးပြီးတော့ အရှင်မင်းကြီးနဲ့တွေ့ခွင့်တောင်းတာတောင်မှ အငြင်းခံလိုက်ရတယ်။ ဖူယွဲ့နန်းဆောင်ကိုလည်း ပိတ်ထားတာကြာပြီ။ အရှင်မင်းကြီးကို လာတွေ့တဲ့ တော်ဝင်ဆရာမကြီးတောင်မှ တွေ့ခွင့် မရခဲ့ဘူး”
ကျူးကော့လုံရဲ့မျက်နှာထားက ချက်ချင်းပဲ မဲသွားခဲ့သည်။ ရှကျိုးယွီ ဘာတွေကြံစည်နေလဲ သူစဉ်းစားလို့မရတော့ပေ။ ဒါပေမဲ့ တရှားတိုင်းပြည်ရဲ့ မကြာခင်လာရောက်တော့မဲ့ အနာဂါတ်တွင် ကိစ္စကြီးတစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ခံစားနေရ၏။
ကျူးကော့လုံ ချက်ချင်းပဲ မော့ကြည့်လိုက်၏။
“အရှင်မင်းကြီးက သိုင်းလောကမှာပါ လွှမ်းမိုးမှုတစ်ချို့ပြုလုပ်နိုင်ခဲ့ပြီလို့ မင်းထင်လား? ဒါမှမဟုတ် ဖြစ်နိုင်တာပေါ့……. သိုင်းလောကထဲမှာ အရှင်မင်းကြီး ကိုယ်တိုင်ပါဝင်နေတာများလား?”
လက်ထောက်စစ်သူကြီး ပထမတော့အံ့ဩသွားခဲ့သည်။ ထို့နောက်မှာ ကျူးကော့လုံကို အလွန်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်တော့၏။
………..