← Chapters

အစီအရင်ရဲ့ ချို့ယွင်းချက်

Vol. 13 Ch. 172

အစီအရင်ရဲ့ ချို့ယွင်းချက်

Vol. 13 Ch. 172

“အဲ့ဒါ ဘာကိုဆိုလိုတာလဲ?”

လက်ထောက် စစ်သူကြီးသည် ကျူးကောလုံကို အလွန်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။

ကျူးကော့လုံ ချက်ချင်း မဖြေကြားခဲ့ဘူး။ အရင် တိတ်တဆိတ် တွေးတောနေဟန်ရှိ၏။ အချိန်တစ်ခု ကြာပြီးနောက်မှသာ နောက်ဆုံး ခေါင်းယမ်းလိုက်သည်။

“ငါလည်းပဲ မသိဘူး။ ဒါပေမဲ့ တစ်ခုခုက မူမမှန်နေသလိုမျိုး ခံစားရတယ်။ ဒီရက်ပိုင်း အဖြစ်အပျက်တွေက နည်းနည်း ချော့မွေ့နေလွန်းတယ်”

“အမတ်လီက ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းနေသလိုမျိုး ရှိပေမဲ့ ဒီသိုင်းလောကသားတွေရဲ့ သဘာဝကိုက ရုံးတော်ကို မလိုက်နာကြဘူး။ ဒီလိုမျိုး လွယ်ကူစွာနဲ့ ငါတို့ဘက်ကို ပါဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကျူးကော့လုံသည် လက်ထောက်စစ်သူကြီး ရှိရာကို ပြန်ကြည့်လိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အဆက်မပြတ် တွေးတောနေပုံပဲ။

“မင်း သတိထားမိမလားတော့ မသိဘူး။ အဲ့ဒီ သိုင်းလောကသားတွေရဲ့ ဒီနေ့အပြုအမူက နည်းနည်း ထူးဆန်းတယ်။ အစကနေ အဆုံးထိ သူတို့က သတိထားနေသလိုမျိုးပဲ။ ဒါပေမဲ့ ငါမေးကြည့်ဖို့ ကြိုးစားတဲ့အချိန်မှာ ဘာသတင်းကိုမှ နှိုက်ထုတ်လို့ မရခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ပုံစံတွေကို ကြည့်ရသလောက် သူတို့က တရှားတိုင်းပြည်အပေါ် သတိထားနေတယ်ဆိုတာ သိသာတယ်။ သူတို့ရဲ့ အနေအထားကြီးနဲ့ အခုလိုမျိုး လုပ်စရာမှ မလိုအပ်တာပဲ။ ဒါကြောင့် ရှင်းပြချက် တစ်ခုပဲရှိတော့တယ်။ တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး သူတို့တစ်ခုခု ရှာတွေ့ထားတာ!”

“အဲ့ဒီ ရှာတွေ့မှုက အရှင်မင်းကြီးရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်နေရမယ်”

ကျူးကော့လုံသည် မဟာတံတိုင်းရှိရာသို့ ပြန်ကြည့်လိုက်၏။ ထို့နောက်မှာ လက်ဖဝါးနှစ်ဖက်ကို ရိုက်လိုက်တော့သည်။

“ဟုတ်တယ် အဲ့လိုပဲဖြစ်ရမယ်။ သူတို့ ဒီမဟာတံတိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ရှာတွေ့ခဲ့တာပဲ။ ဒါကြောင့် သူတို့ရဲ့မျက်နှာတွေက ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တာ။ ဒါကြောင့်မိုလို့ပဲ သူတို့တွေ စိတ်ပါလက်ပါ ကူညီခဲ့တာ”

ကျူးကော့လုံ ချက်ချင်းပဲ စိတ်လှုပ်ရှားလာခဲ့သည်။ သူ့ရဲ့ မျက်လုံးတွေက အလွန်တက်ကြွလာတော့၏။

ကျူးကော့လုံကို ကြည့်နေရင်း လက်ထောက်စစ်သူကြီး တစ်ခုခု တုံ့ပြန်ချင်ခဲ့သည်။ ဒါပေမဲ့ သူဘယ်လို တုံ့ပြန်ရမလဲ မသိတော့ပေ။ ထို့ကြောင့် မနေနိုင်စွာ မေးလိုက်၏။

“ဒီလိုဆိုမှတော့ ကျွန်တော်တို့နောက်ပိုင်း ဘယ်လို စီစဉ်ရမလဲ?”

ကျူးကော့လုံလည်း ပထမတော့ အံ့ဩသွားခဲ့သည်။ ထို့နောက်မှာ ခေါင်းယမ်းလိုက်တော့သည်။

“မဟုတ်ဘူး အားလုံးကို အရင်အစီအစဥ်တိုင်းပဲ သွားရမယ်! ဒါနဲ့ အမတ်လီ ဒီနေ့ခေါ်လာခဲ့တဲ့ ဓားပြတွေကို တောင်မှာ လမ်းကြောင်းတူးဖို့ လွှတ်လိုက်!”

ကျူးကောလုံ အသက်တစ်ချက် ရှုသွင်းပြီး တွေးနေတာကို ရပ်လိုက် တော့သည်။

........

တာဝန်ပြီး မြှောက်ခဲ့ပြီမလို့ လီဖူလည်း နောက်ဆုံးတော့ ထိုက်အန်းမြို့တော် ရှိရာဆီသို့ ပြန်သွားလေ၏။ ထိုက်အန်းမြို့တော်ဆီ ပြန်ရောက်တာနဲ့ ရှကျိုးယွီကိုသွားတွေ့ပြီး ပူးပေါင်းမှုကိစ္စ ဆွေးနွေးရန် စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ မြို့တော်ကိုရောက်တာနဲ့ ပြောင်းလဲမှုကိုချက်ချင်းပဲ ခံစားလိုက်ရသည်။

ကံကြမ္မာအမှတ်က အလွန် ငြိမ်သက်နေတာပဲ!

တခြား ကျင့်ကြံသူတွေအနေနဲ့ သတိမထားမိနိုင်စရာ ကိစ္စတစ်ခုဆိုသော်ငြား လီဖူသည် ပထမအဆင့် ကျင့်ကြံမှုကိုမှ ထိပ်ဆုံးပိုင်းကို ရောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပဲ သတိထားမိ၏။

အခုလိုမျိုး ငြိမ်သက်နေတဲ့ ကံကြမ္မာအမှတ်ရဲ့ ဆိုလိုရင်းက ဘုရင်သည် မြို့တော်ကနေ ထွက်ခွာသွားလို့ပဲ။

ဒါဆိုရင် ရှကျိုးယွီက ထိုက်အန်းမြို့တော်မှာ မရှိဘူးလား!

လီဖူချက်ချင်းပဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ရှကျိုးယွီက ဘာကိစ္စမြို့တော်ကနေ ထွက်သွားရတာလဲ?”

ထိုအချိန်မှာပဲ ထိုက်အန်းမြို့တော်ရဲ့ ပတ်ဝန်းကျင်ရှိ ပြောင်းလဲလာသော စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်မိသည်မို့ လီဖူရဲ့ မျက်လုံးသည် အနည်းငယ် နက်ရှိုင်းသွားခဲ့သည်။ ကျန်းနန်မြို့ရှိ ရှေးအစီအရင် ပေါ်ပေါက်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးလိုက်ရင်း လီဖူ တိတ်တဆိတ် စဉ်းစားလိုက်၏။

“ရှကျိုးယွီ မြို့တော်ကနေထွက်သွားခဲ့တာ ကျန်းနန်မြို့က ရှေးအစီအရင်ကြောင့်လား? ဒါဆိုရင် ရှကျိုးယွီက ကျန်းနန်ကို သွားခဲ့တာလား?”

လီဖူ ချက်ချင်းပဲ ခေါင်းယမ်းလိုက်သည်။

“ဒါဆိုရင် အကြောင်းအရင်းမှ မရှိတာပဲ။ ရှေးအစီအရင် ပေါ်ပေါက်ခဲ့တာ မှန်တယ်ဆိုရင်တောင်မှ ရှကျိုးယွီ မြို့တော်ကနေထွက်သွားဖို့ မလိုအပ်ဘူး။ တိုင်းပြည်ရဲ့ ရှင်ဘုရင်က သင့်တော်တဲ့ နေရာမှာရှိနေပြီး ကံကြမ္မာအမှတ်ကို ထိန်းထားနိုင်မှသာ ပြည်သူတွေက ငြိမ်းချမ်းစွာ နေနိုင်မှာလေ!”

“အကယ်လို့ ဘုရင်ကသာ မြို့တော်ကနေ ထွက်သွားမယ်ဆိုရင် ကံကြမ္မာအမှတ်က အလွန် ငြိမ်သက်သွားလိမ့်မယ်။ ဒီအဖြစ်အပျက်သာ အချိန်အကြာကြီး ကြာခဲ့မယ်ဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအပေါ် သက်ရောက်လာနိုင်တယ်!”

လီဖူ ရှုပ်ထွေးနေစဉ်မှာပင် ထိုက်အန်း မြို့တော်ကနေ အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထိုအရိပ်က အသက်ရှုနေသလိုမျိူး အသက်ဝင်လှ၏။

လီဖူ ချက်ချင်းပဲ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထင်ယောင်ထင်မှား ဖြစ်တာလားဆိုတာ သေချာစေရန် မျက်လုံးနှစ်ဖက်ကိုပါ ပွတ်သပ်လိုက်သေး၏။

ထိုအချိန်မှာပင် သဘာဝဆန်လှပြီး ကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်သည် ပေါ်ပေါက်လာခဲ့သည်။ ထိုက်အန်းမြို့တော်ရဲ့ လေထုတစ်ခုလုံးနဲ့ လိုက်လျောညီထွေ ဖြစ်စွာဖြင့် အသက်ဝင် လှုပ်ရှားနေ၏။

ဘယ်လိုပဲ ကျွမ်းကျင်ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေပါစေ၊ ထိုကောင်းမွန်လှတဲ့ အစီအရင်ကို မျက်တောင်မခပ်စတမ်း ကြည့်နေမိတော့သည်။ အံ့ဩမှုကြောင့် လီဖူရဲ့မျက်လုံးသည် ပြူးကျယ်နေခဲ့၏။

“ဘယ်လိုတောင် ထူးခြားကောင်းမွန်လှတဲ့ အစီအရင်လဲ!”

“ဒီရက်ပိုင်းအတွင်း တရှားတိုင်းပြည်ရဲ့ စိတ်ဝိညာဉ်စွမ်းအင် မြှင့်တက်မှုကို ငါအာရုံခံလို့ရခဲ့တော့ ရှကျိုးယွီလည်း တစ်ခုခု လုပ်မှာပဲလို့ ကြိုတင် မှန်းထားပြီးသားပါ။ ဒါပေမဲ့ ဒီလိုမျိုး ကျွမ်းကျင်လှတဲ့ ဆရာတစ်ယောက်ကို ခေါ်ပြီး အံ့ဖွယ် အစီအရင်တစ်ခုကို ဖန်တီးလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး”

“နေအုန်း ဒီအရှိန်အဝါက.....”

“ရှကျိုးယွီ ရူးသွားပြီလား!”

လီဖူရဲ့ မျက်နှာပေါ်မှာ ချက်ချင်းပဲ စိတ်အလိုမကျမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ အသက်တစ်ချက် ရှုသွင်းပြီးတာနဲ့ ထိုက်အန်းမြို့တော်အတွင်းသို့ ဝင်ရောက်လိုက်လေ၏။

အချိန်တခဏ ကြာပြီးနောက်မှာတော့ လီဖူရပ်လိုက်သည်။ လျိုချင်းချန်နဲ့ ကျန်းဖူရှန်အား တွေ့လိုက်ရလို့ပင်။

ကျန်းဖူရှန်သည် လီဖူအား မမှတ်မိပေ။ ဒါပေမဲ့ လျိုချင်းချန်ကတော့ ချက်ချင်းမှတ်မိသည်။ ဒီလိုပဲ လီဖူကလည်း လျိုချင်းချန်ကို မှတ်မိသည်။

လီဖူရဲ့ အကြည့်က လျိုချင်းချန်အပေါ် ကျရောက်ပြီး နောက်မှာတော့ ဘေးမှာရပ်နေသော ကျန်းဖူရှန်ရှိရာသို့ ရောက်သွားသည်။

လက်ရှိတွင် ကျန်းဖူရှန်ရဲ့ ကျင့်ကြံမှုသည် ဒုတိယအဆင့်သာ ရှိသေးပြီး အရမ်းမမြင့်သေးပေ။ လီဖူရဲ့ အခုလိုမျိုး စိုက်ကြည့်ခံရမှုကြောင့် အနည်းငယ် မသက်မသာ ဖြစ်လာတော့၏။

“သခင်လီ ဘယ်တုန်းက မြို့တော်ကို ပြန်ရောက်လာတာလဲ?”

ထိုအချိန်မှာပဲ လျိုချင်းချန်ရဲ့ အသံထွက်ပေါ်လာခဲ့သည်။

ထိုမှသာ လီဖူက သူ့ရဲ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဒါပေမဲ့ အဖြေမပေးခဲ့သေးပေ။ ထိုအစား ကောင်းကင်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းသော အစီအရင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီအစီအရင်ကို သူဖန်တီးခဲ့တာလား?”

“ဟုတ်တယ်”

“အတော်ကောင်းတဲ့ အစီအရင်ပဲ။ ထျန်းချီတာဝါရဲ့ အရမ်း အင်အားကြီးတဲ့ ကျင့်ကြံသူတွေတောင်မှ ဒါမျိုးမဖန်တီးနိုင်ဘူး။ ဒါပေမဲ့ ငါခန့်မှန်းရ‌သလောက် ဒီအစီအရင်က သာမန် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ထက်ပိုရမယ် ဟုတ်တယ်မလား?”

ကျန်းဖူရှန်ကော လျိုချင်းချန်ရော နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့သည်။

လျိုချင်းချန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီအစီအရင်က......”

“ရှင်းပြနေလို့ မလိုပါဘူး။ ဒီလိုအစီအရင်ကို ဖန်းတီးဖို့ဆိုရင် တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် ထောက်ပံ့မှုကို မလွဲမသေ လိုအပ်မှာပဲ။ ရှကျိုးယွီလည်း မင်းတို့ရဲ့ လုပ်ရပ်တွေကို သတိထားမိမှာပါ။ သူဘာတွေ စဉ်းစားနေလဲဆိုတာပဲ ငါသိချင်တယ်”

“မင်းလည်း သိတယ်မလား? ဒါကိုသာ ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် တရှားတိုင်းပြည်အနေနဲ့ ထိခိုက်မှု ကြုံနိုင်တယ်! အကယ်လို့ တရှားတိုင်းပြည်သာ ထိခိုက်ခဲ့မယ်ဆိုရင် ငါတို့ရဲ့ ထျန်းချီတာဝါ အပေါ်ကိုလည်း သက်ရောက်မှု ရှိလာလိမ့်မယ်။ ပြီးတော့ ထျန်းလင်ဂိုဏ်းက…”

လီဖူက ပြောနေရင်းနဲ့ တစ်ခုခုကိုတွေးမိသွားပြီး ချက်ချင်း ရပ်လိုက်တော့သည်။ ထို့နောက်မှာ ခေါင်းယမ်းလိုက်ပြီး လျိုချင်းချန်ကို ကြည့်လိုက်သည်။

“ထားလိုက်တော့ တရှားတိုင်းပြည်နဲ့ ပူးပေါင်းထားတဲ့ အခြေအနေကို စဉ်းစားထားပြီးတော့ ငါမင်းတို့ကို သတိပေးမယ်။ ဒီအစီအရင်ကိုသာ မပြုပြင်ဘူးဆိုရင် ထျန်းလင်ဂိုဏ်းက သုံးလအတွင်းမှာပဲ ရှာတွေ့သွားလိမ့်မယ်။ ဒါဆိုရင် တရှားတိုင်းပြည်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရလိမ့်မယ်နော်!”

“ဒီကိစ္စကို သေးငယ်တဲ့ ကိစ္စတစ်ခုလို့ မထင်နဲ့။ ထျန်းလင်ဂိုဏ်းက သာမန်ဂိုဏ်းတစ်ခု မဟုတ်ဘူး။ ပြီးတော့ သူတို့က ထျန်းချီတာဝါလိုမျိုး ကျိူးကြောင်းသင့်တဲ့ ဂိုဏ်းတစ်ခုမဟုတ်ဘူး!”

“နင်တို့လုပ်နေတဲ့ ကိစ္စက သူတို့ကို ရန်စမိသလိုမျိုး ဖြစ်နိုင်တယ်။ ငါ့အနေနဲ့ လုပ်လို့မရဘူးလို့ မပြောဘူး။ ဒါပေမဲ့ ဒီလို ပေါ်ပေါ်ထင်ထင်ကြီးတော့ မကောင်းဘူး”

လီဖူကပြောပြီးတာနဲ့ ပြန်ဖြေသံကို မစောင့်တော့ပဲ လင်အန်းစားသောက်‌ဆိုင် ရှိရာသို့သွားလိုက်သည်။ တချိန်ထဲမှာပင် သူကတွေးနေခဲ့သည်။

တရှားတိုင်းပြည်နဲ့ ဆက်ပြီးပူးပေါင်းသင့်လား?

ရှကျိုးယွီသည် လက်ရှိတွင် ရွှမ်ဂိုဏ်း၏ထောက်ပံ့မှုကို ရရှိထားသည်။ ဒါပေမဲ့ ထျန်းလင်ဂိုဏ်းက သူတို့ကိုထိပါးလာတာနဲ့ ခွင့်မလွှတ်တတ်တဲ့ ဂိုဏ်းတစ်ခုပဲ။ သူတို့တွေသာ ဒီကိစ္စကို ရှာတွေ့သွားတာနဲ့ တရှားတိုင်းပြည်အနေနဲ့ ပျက်ဆီးမှုကို ကြုံရလိမ့်မယ်။ အဲ့ဒီအချိန်ကြရင် တခြားနည်းလမ်း ရှိမှာမဟုတ်တော့ဘူး။

.........

ထိုအချိန်မှာ ကျန်းဖူနဲ့လျိုချင်းချန် နှစိယောက်လုံး ဆွံ့အနေခဲ့သည်။ ထွက်သွားပြီဖြစ်တဲ့ လီဖူရဲ့ နောက်ကျောကိုသာ အံ့ဩတကြီး ကြည့်မိနေကြ၏။ လက်ရှိအခြေအနေရဲ့ အရေးပါမှုကို သတိထားမိတာနဲ့ သူတို့အားလူံး ထိတ်လန့်သွားခဲ့ကြသည်။ ချက်ချင်းပင် ချွေးစီးများပြန်လာခဲ့သည်။ သူတို့ရဲ့သေးတယ်ပြီး ဂရုမစိုက်မိတဲ့ အမှားလေးတစ်ခုက တရှားတိုင်းပြည်ရဲ့ ကျရှုံးမှုကို ခေါ်ဆောင်လာနိုင်တာလား?

“ငါအစီအရင်ကို ချက်ချင်းပဲ ပြင်လိုက်မယ်။ ဘာကိစ္စပဲ ဖြစ်ပါစေ အခုလိုမျိုး လူသိရှင်ကြား ဖြစ်လို့မရဘူး။ သာမန်လူတွေအနေနဲ့ သတိမထားနိုင်ဘူးဆိုပေမဲ့ အစီအရင်ကို နားလည်တဲ့ ဘယ်သူမဆို ကြည့်လိုက်တာနဲ့ ပြဿနာကိုရှာတွေ့လိမ့်မယ်။ ဒါဆိုရင် သူတို့တွေ သိသွားလိမ့်မယ်။ အခုငါတို့ကို ထောက်ပြပေးသွားတဲ့ ပုဂ္ဂိုလ်က ဘယ်လိုအင်အားကြီး ပုဂ္ဂိုလ်လဲဆိုတာ ငါမသိပေမဲ့ ဒီအစီအရင်သာ ဆက်ရှိနေမယ်ဆိုရင် တရှားတိုင်းပြည် အန္တရာယ်ကြုံလာရလိမ့်မယ်!”

“ငါအရင်က သေချာ မတွေးတောမိခဲ့ဘူး။ တကယ့်အချက်တွေကို နားမလည်ခဲ့မိတာ။ ဒါကြောင့် အကျိုးကိုပဲ မြင်ခဲ့ပြီး ကြုံတွေ့လာရမဲ့ အန္တရာယ်တွေကို မစဉ်းစား မိခဲ့ဘူး။ ငါတို့ ထုတ်မဲ့အရာက စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး အတုပဲဆိုရင်တောင်မှ မဖြစ်သေးဘူး!”

ကျန်းဖူရှန်သည် လျိုချင်းချန်ကို လှမ်းကြည့်လိုက်သည်။

“အစီအရင်ကို ဖျက်ဖို့အတွက် လူတစ်ယောက်လွှတ်လိုက် ငါပြောင်းလဲမှု လုပ်ဖို့လိုနေပြီ!”

“ကျန်တဲ့ အစီအရင်နှစ်ခုကို အချိန်တစ်ချို့ ကြာပြီးမှပဲ ငါလုပ်နိုင်တော့မယ်။ အခုဒီမြို့တော်မှာ အစီအရင် တစ်ခုထားပြီးပြီဆိုမှတော့ တိုင်းပြည်အနေနဲ့ အချိန်တိုအတွင်းမှာ ပြဿနာ မကြုံရလောက်တော့ပါဘူး”

……….

All Chapters