← Chapters

တစ်ခုခု မှားနေပြီ

Vol. 13 Ch. 175

တစ်ခုခု မှားနေပြီ

Vol. 13 Ch. 175

“ကျွန်တော် တရှားတိုင်းပြည်နဲ့ ပတ်သက်ပြီး နောက်ဆုံးရထားတဲ့ သတင်းကတော့ တရှားတိုင်းပြည်က မဟာမိတ်တိုင်းပြည်တွေနဲ့ ကုန်သွယ်မှုလုပ်နေခဲ့တယ် ဆိုတာပဲ”

ဟွမ်ပထျန်းက အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။ ထို့နောက်မှာ ရှကျိုးယွီကို မော့ကြည့်ပြီး ဆက်ပြောလာ၏။

"နောက်ပြီးတော့ သတင်းတွေ ထပ်ထွက်နေပါသေးတယ်၊ တရှားတိုင်းပြည်က ထျန်းချီတာဝါနဲ့ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့တယ်၊ ထျန်းချီတာဝါဘက်က အကူအညီကြောင့် သိုင်းလောကရဲ့ ဂိုဏ်းအသီးသီးကလည်း သူတို့ရဲ့တပည့်တွေကို တရှားတိုင်းပြည်အတွင်းမှာ လေ့ကျင့်မှုလုပ်နိုင်စေရန် စေလွှတ်ဖို့ ဆန္ဒရှိနေကြတယ်တဲ့"

"သိုင်းလောကရဲ့ ဂိုဏ်းအသီးသီးမှာရှိတဲ့ ကျင့်ကြံသူတွေကို အခုလိုမျိုး အမိန့်ပေးနိုင်လောက်တဲ့အထိ တရှားတိုင်းပြည်ရဲ့ဘုရင်က ဘယ်လောက်တောင်များ အာဏာသက်ရောက်နေတာလဲ မသိဘူး”

"ဘာ!!"

ရှကျိုးယွီ ချက်ချင်းပဲ မသက်မသာဖြစ်သွားခဲ့သည်။

"ဒါတွေ ဘယ်တုန်းက ဖြစ်ခဲ့တာလဲ? ဒီသတင်းတွေ ငါဘာလို့ မကြားမိခဲ့ရတာလဲ? ဒီလိုမဖြစ်သင့်ဘူးလေ၊ မင်းပြောတဲ့ ဂိုဏ်းအကြီးအကဲတွေကို ငါသိသလား?"

"ဒါက ခေါင်းဆောင်လည်း မသိလောက်ပါဘူး၊ ကျွန်တော်တောင်မှ အကုန်လုံးကိုမသိဘူး၊ ကျွန်တော်တို့ဂိုဏ်းရဲ့ အကြီးအကဲပြောလို့သာ ဒီသတင်းကိုကြားခဲ့ရတာ"

ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ရှကျိုးယွီကို စစ်ဆေးလိုက်သည်။ ရှကျိုးယွီရဲ့ မျက်နှာထားမကောင်းတာကို မြင်တဲ့အခါမှာ ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်တော့၏။

"မင်းတို့ဂိုဏ်းရဲ့ အကြီးအကဲက ဘာပြောသလဲ?"

ရှကျိုးယွီက ဟွမ်ပထျန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ကျွန်တော့်ရဲ့အကြီးအကဲက ချက်ချင်းပဲ ဂိုဏ်းကိုပြန်လာဖို့ အမိန့်ထုတ်ထားပါတယ်၊ တရှားတိုင်းပြည်ထဲမှာ ပြဿနာမရှာရဘူးတဲ့၊ တရှားရဲ့ဘုရင်ကို အထူးသဖြင့် ရန်စမိလို့မဖြစ်ဘူးဆိုပြီး အမိန့်ပေးထားပါတယ်၊ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော့်ကို ဂိုဏ်းက နှင်ထုတ်မယ်လို့ပြောတယ်!"

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခေါင်းဆောင်လည်း သတိထားသင့်တယ်၊ တရှားတိုင်းပြည်က မလွယ်ဘူး!"

ဟွမ်ပထျန်းသည် အလွန်ကြောက်ရွံ့နေတဲ့ မျက်လုံးများနဲ့ ရှကျိုးယွီကို ကြည့်လိုက်၏။ ရှကျိုးယွီဘက်က စိတ်ဆိုးပြီး တိုက်ခိုက်လာမှာကို စိုးရိမ်သည့်အတွက် အမြန်ပြောလိုက်သည်။

"ဒါပေမဲ့ ခေါင်းဆောင်မပူပါနဲ့၊ ကျွန်တော်က ခေါင်းဆောင်ရဲ့နောက်ကိုပဲ လိုက်မှာပါ၊ အကယ်လို့ ခေါင်းဆောင်က တိုက်ခိုက်ဖို့ပြောရင် သေချာပေါက် တိုက်ခိုက်မှာ!"

"ဒါပေမဲ့ ခေါင်းဆောင်လည်း ကျွန်တော်တို့အတွက်တော့ ခက်ခဲအောင်မလုပ်ပါနဲ့၊ ကျွန်တော်တို့ကို ကိုယ့်မိသားစုကနေ ကန်ထုတ်ခံရအောင်တော့ မလုပ်ဘူးမလား?"

ထိုအချိန်မှာ ဟွမ်ပထျန်းသည် အရက်ရဲ့လွှမ်းမိုးမှုကို လုံးဝမခံစားရတော့ပေ။ ရှကျိုးယွီကို ကြည့်နေရင်း စိတ်ထဲမှာ ကြောက်ရွံ့နေမိသည်။ ရှကျိုးယွီရဲ့နောက်ခံက မရိုးရှင်းတာကို သူနားလည်ထား၏။

ဒါပေမဲ့ ဘယ်သူကမှ ရှကျိုးယွီရဲ့သရုပ်မှန်ကို မေးခွန်းမထုတ်ခဲ့ဖူးပေ။ ဘာကြောင့် ရှကျိုးယွီက နှင်းနဂါးတောင်ကို ရောက်လာခဲ့ရသည်ဆိုတာကိုလည်း ဘယ်သူကမှမသိကြဘူး။

"ဒါဆိုရင် မင်းရဲ့အကြီးအကဲတွေကရော?"

ရှကျိုးယွီက ဟွမ်ပထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူ့ရဲ့လေသံက နောက်ဆုံးတော့ ပျော့ပြောင်းသွား၏။

"စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ကျွန်တော်တို့ဂိုဏ်းဘက်က အကြီးအကဲတွေကို ပူးပေါင်းဖို့မလုပ်သေးခင် ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်အထိ အချိန်ဆွဲခိုင်းထားတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့အစီအစဉ်က ဆက်လုပ်လို့ရပါသေးတယ်"

ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ရှကျိုးယွီကို ကြည့်လိုက်သည်။

"မင်း ပြော၊ ဘာကိုဆက်လုပ်ရမှာလဲ?"

ရှကျိုးယွီက ဟွမ်ပထျန်းကို အပြုံးတစ်ဝက်နှင့် စိုက်ကြည့်နေခဲ့သည်။

ဟွမ်ပထျန်း မနေနိုင်စွာ သက်ပြင်းချလိုက်တော့၏။ ထို့နောက်မှာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဟူး၊ အစ်ကိုကြီး! ကျွန်တော့်အထင်တော့ ကျွန်တော်တို့ရဲ့အကြံအစည်ကို ပယ်ဖျက်လိုက်တာ အကောင်းဆုံးပါပဲ! အခု သတင်းတွေထွက်နေသလောက် တရှားတိုင်းပြည်ရဲ့အနောက်မှာရှိနေတာ ထျန်းချီတာဝါဂိုဏ်းတစ်ခုတည်း မဟုတ်တော့ဘူး ရွှမ်ဂိုဏ်းရော ရှိနေတာတဲ့! ရွှမ်ဂိုဏ်းနဲ့ပတ်သက်ပြီး ခေါင်းဆောင် သိတယ်မလား? ကျွန်တော်တို့ရဲ့အကြံအစည်က အကောင်အထည်မဖော်ရသေးဘူးဆိုတော့ အခု နောက်ဆုတ်လိုက်မယ်ဆိုရင် နောက်မကျသေးပါဘူး!"

"ဟုတ်လား?"

ရှကျိုးယွီသည် ဟွမ်ပထျန်းကို ကြည့်နေခဲ့သည်။

ဟွမ်ပထျန်းကတော့ အသက်တစ်ချက်ရှုသွင်းလိုက်ပြီး အလျှော့မပေးသေးချေ။ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အဲဒါတွေက သတင်းတွေပါ၊ အရင်က တရှားတိုင်းပြည်က အားနည်းခဲ့တယ်၊ အဲဒီတုန်းက ကျွန်တော်တို့ ဘာကိုမှဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ခဲ့တယ်၊ ဒါပေမဲ့အခုတော့ မတူတော့ဘူး၊ ကျွန်တော်တို့သာ သတိမထားဘဲ ပြုမူလိုက်မယ်ဆိုရင် တရှားတိုင်းပြည်ဘက်က တုံ့ပြန်မှုကိုမရသေးခင်မှာဘဲ အရင်ဦးဆုံး ကိုယ့်ဂိုဏ်းရဲ့ အကြီးအကဲတွေဆီက စိတ်ပျက်မှုကိုခံရလိမ့်မယ်၊ ကျွန်တော့်ရဲ့အမြင်မှာတော့ ကိစ္စအကြီးကြီး ဖြစ်မလာသေးခင်မှာ ရပ်လိုက်သင့်တယ်လို့ထင်ပါတယ်၊ ဒီအချိန်မှာရပ်မယ်ဆိုရင် ဘာပြဿနာမှ ရှိမလာနိုင်သေးဘူး"

ဟွမ်ပထျန်းက ပြောနေရင်းနဲ့ ရှကျိုးယွီရဲ့မျက်နှာထားကို အကဲခတ်လိုက်သည်။ ထို့နောက်မှာမှ ဆက်ပြောလိုက်၏။

"ဘယ်လိုပဲရွေးရွေး ကျွန်တော့်အတွက်တော့ အရမ်းကြီး ကိစ္စမရှိဘူးဆိုပေမဲ့ ခေါင်းဆောင်ရဲ့နောက်ခံကလည်း မရိုးရှင်းဘူး၊ အကယ်လို့ ခေါင်းဆောင်ရဲ့မိသားစုက စိတ်ပျက်သွားမယ်ဆိုရင် စိုးရိမ်ရပါတယ်၊ ဒါ့အပြင် ထျန်းလင်ဂိုဏ်းနဲ့ မတော်တဆမှုကလည်း ရှိထားသေးတယ်ဆိုတော့..."

"ကျွန်တော်တို့သာ ဆက်လက်ပြီး ပြုမူချင်သလို ပြုမူနေမယ်ဆိုရင် ဒုက္ခတွင်းထဲကျရောက်သွားမှာ စိုးရွံ့ရပါတယ်!"

"အခု ကျွန်တော်တို့က လူစုမိတယ်ဆိုပေမဲ့ အရမ်းနည်းနေသေးတယ်၊ တရှားတိုင်းပြည်က တိုင်းပြည်ကြီးတစ်ခုပဲ၊ မတော်လို့ ကျွန်တော်တို့ကို ရှကျိုးယွီက ဖမ်းမိသွားခဲ့ရင် သူ့ရဲ့မဟာတံတိုင်းစီမံကိန်းမှာ လုပ်သားအဖြစ်ပို့ခံရနိုင်တယ်!"

ဟွမ်ပထျန်း တည်ငြိမ်စွာပြောလိုက်သည်။

ရှကျိုးယွီ တိတ်တဆိတ်တွေးတောလိုက်၏။

'ဂိုဏ်းအသီးသီးရဲ့အကြီးအကဲတွေက တရှားတိုင်းပြည်နဲ့ပူးပေါင်းဖို့ လုပ်နေတယ်ဟုတ်လား? ထျန်းချီတာဝါကြောင့်လား? ဘာတွေဖြစ်နေတာလဲ?’

'ငါ နဂါးနှင်းတောင်မှာရောက်နေခဲ့တာလေ။ ဒီပူးပေါင်းမှုကိုဘယ်သူကဆောင်ရွက်ခဲ့တာလဲ? လီဖူလား? ဒါမှမဟုတ် ကျူးကော့လုံလား? ဒါမှမဟုတ် ကျောက်ကောင်းလား?’

'မဖြစ်တော့ဘူး။ ငါမြို့တော်ကိုပြန်ရောက်တာနဲ့ ဒီကိစ္စတွေရဲ့နောက်ကွယ်ကလူကို ချက်ချင်း ဖမ်းဆီးရမယ်’

ဒါပေမဲ့ ရှကျိုးယွီသည် ရက်ပေါင်းများစွာ ကြိုးစားစီစဉ်ခဲ့ရသည့် ပုန်ကန်မည့်အစီအစဉ်ကို လက်မလျှော့ချင်သေးချေ။ ထို့ကြောင့် မနေနိုင်စွာ မေးလိုက်သည်။

"ဒါဆိုရင် ငါမင်းကိုမေးမယ်၊ ရှကျိုးယွီကို ငါတို့ဖမ်းလိုက်မယ်ဆိုရင် တရှားတိုင်းပြည်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်နိုင်စွမ်းရှိမယ်လို့ မင်းယုံကြည်ချက်ရှိသလဲ?"

ဟွမ်ပထျန်း အနည်းငယ်အံ့ဩသွားခဲ့သည်။

"မဟုတ်ဘူး ခေါင်းဆောင်၊ ရှကျိုးယွီကို ဖမ်းဖို့ဆိုတာ ကျွန်တော်အရင်က ဒီတိုင်းပဲပြောခဲ့တာပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေ ဒီရက်ပိုင်းမှာစစ်ဆေးခဲ့တယ်၊ ရှာတွေ့တဲ့အချက်တွေအရ ရှကျိုးယွီက တကယ်တော့ လူကောင်းတစ်ယောက်ပါ၊ ကျန်းနန်မြို့မှာတုန်းက ရေကြီးမှုကိုထိန်းချုပ်ဖို့ ကံကြမ္မာအမှတ်တွေအများကြီးကို စတေးခဲ့တယ်၊ အဲလိုမှမဟုတ်ဘူးဆိုရင် ယူအိမ်တော်ရဲ့သခင်မလေးက အခုလိုမျိုးလုပ်နိုင်ခဲ့မှာမဟုတ်ဘူး၊ ပြီးတော့ တရှားတိုင်းပြည်ရဲ့မဟာတံတိုင်းကို တည်ဆောက်နေတာကလည်း ပြည်သူနဲ့တိုင်းပြည်အတွက်ပါ၊ အခုဆိုရင် ပြည်သူတွေကလည်း ရှကျိုးယွီရဲ့အကြောင်းကို သတိထားမိပြီး သူ့ကိုချီးကျူးနေကြတယ်"

ဟွမ်ပထျန်းသည် ရှကျိုးယွီကို ခိုးကြည့်လိုက်သည်။ ရှကျိုးယွီရဲ့ တဖြည်းဖြည်း နက်မှောင်လာသောမျက်နှာထားကြောင့် မနေနိုင်စွာ ဆက်ပြောလိုက်၏။

"ခေါင်းဆောင်စိတ်ပူနေတာကို ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဒီကိစ္စကို အလောတကြီးလုပ်လို့မရပါဘူး၊ တရှားတိုင်းပြည်ရဲ့တိုးတက်မှုက အရမ်းကိုမြန်ဆန်နေတယ်၊ ကျွန်တော်တို့လုပ်နိုင်တာမရှိတော့ဘူး၊ ရှကျိုးကို ဖမ်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ သူ့ဘေးမှာ ချင်မင်းသားရော ကျန်းပိုင်မင်းသားရော ရှိနေတယ်၊ ဒါကြောင့် တရှားတိုင်းပြည်က ကျွန်တော်တို့ညီအစ်ကိုတွေရဲ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်"

ပြောပြီးသည်နှင့် ဟွမ်ပထျန်း၏မျက်နှာသည် ချက်ချင်း ငယ်ကျသွားခဲ့သည်။ လွန်ခဲ့သည့်ရက်ပိုင်းက လေလုံးထွားခဲ့သည့် ဟိတ်ဟန်အားလုံးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရ၏။

အခုဆိုလျှင် ဟွမ်ပထျန်း လုံးဝမမူးတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ့ရဲ့အကြီးအကဲများ ပြောဆိုခဲ့သောစကားများကို မှန်သည်ဟု ထင်မှတ်လာခဲ့သည်။ ထို့ကြောင့် ရှကျိုးယွီကို မတတ်နိုင်စွာဖြင့် နှစ်သိမ့်နေရတော့၏။

တရှားတိုင်းပြည်၏ဘုရင်နှင့် ပတ်သက်ပြီး သူတို့တွေစုံစမ်းခဲ့ကြသည်။ ထိုအချက်တွေက ရှကျိုးသည် လူကောင်းတစ်ယောက်ဟု ညွှန်ပြနေ၏။ သေချာပေါက် အစီအစဉ်ကို လက်လျှော့ချင်တာက ရှကျိုးလူကောင်းတစ်ယောက်ဖြစ်လို့ပဲ မဟုတ်ပေ။ အဓိကအချက်က သူတို့၏အကြီးအကဲများသည် တရှားတိုင်းပြည်ကို မဆန့်ကျင်ရန် အတင်းအကျပ်တားမြစ်ထားခဲ့သည်။ နတ်ဘုရားစာချုပ် ချုပ်ဆိုထားလို့သာမဟုတ်လျှင် သူ့အနေနဲ့ ထွက်ပြေးခဲ့တာ ကြာပြီပင်။

အခုလိုမျိုးပြောပြနေတာတောင်မှ ရှကျိုးယွီသည် နှုတ်ဆိတ်နေဆဲပဲ။ ထို့ကြောင့် ဟွမ်ပထျန်း မနေနိုင်စွာ ဆက်ပြောလိုက်သည်။

"တကယ်တော့ ခေါင်းဆောင်၊ ခေါင်းဆောင်အနေနဲ့ဘုရင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် တရှားတိုင်းပြည်ကနေ အစပြုစရာမလိုအပ်ပါဘူး၊ ဝေ့တိုင်းပြည်နဲ့ တဟန်ဟန်တိုင်းပြည် ရှိတယ်၊ ခေါင်းဆောင် ဘယ်တိုင်းပြည်ကိုမဆို လက်ညှိုးထိုးလိုက်၊ ကျွန်တော်တို့ညီအစ်ကိုတွေ အတတ်နိုင်ဆုံးကြိုးစားပေးမယ်!"

ဟွမ်ပထျန်း၏ ယုံကြည်မှုတို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့သည်။

ရှကျိုးယွီ အနည်းငယ်အံ့ဩသွားတော့၏။ ဒါပေမဲ့ ဘာမှမပြောခဲ့ပေ။

ရှကျိုးယွီ ဘာမှပြောမလာသည့်အတွက် ဟွမ်ပထျန်း ဆက်လက်နှိုးဆော်ဖို့ရန် ပြင်လိုက်သည်။

"တကယ်တော့ ခေါင်းဆောင်ဘာတွေစဉ်းစားနေလဲဆိုတာကို ကျွန်တော်တို့ညီအစ်ကိုတွေသိတယ်၊ ကျွန်တော်တို့မှာ ပိုက်ဆံရောလူအင်အားရောရှိတယ်၊ တရှားတိုင်းပြည်မှာ အသုံးမဝင်ဘူးဆိုမှတော့ ဘာကိစ္စ တခြားတိုင်းပြည်တွေကို မကြိုးစားကြည့်ရမှာလဲ? ဒါဆိုရင် မနက်ဖြန်ကျရင် အကုန်လုံးကို အဆင်သင့်လုပ်ထားဖို့ အကြောင်းကြားလိုက်တော့မယ်နော်၊ တိုင်းပြည်တစ်ခုကို စိတ်ကြိုက်ရွေးချယ်လိုက်ပါ၊ ကျွန်တော်တို့သွားကြမယ်၊ ရလာတဲ့အကျိုးအမြတ်တွေကို ခေါင်းဆောင်ကသိမ်းပါ၊ ကျွန်တော်တို့ထောက်ပံ့ပေးမယ်"

"သွားစမ်း!"

ရှကျိုးယွီ စိတ်ဆိုးစွာဖြင့် အော်လိုက်သည်။ ထိုအချိန်တွင် သူ့ရဲ့နှလုံးသားတစ်ခုလုံးက ဒေါသကြောင့် မုန်တိုင်းထန်နေခဲ့သည်။ ဒါပေမဲ့ ပုံချစရာနေရာမရှိခဲ့ပေ။

"သေချာနားထောင်! ဒီတရှားတိုင်းပြည်ကို နှစ်ပတ်အတွင်းဖျက်ဆီးမယ်! မင်းတို့မလုပ်နိုင်ဘူးဆိုရင် မင်းတို့အားလုံး…!”

……….

All Chapters