မဟာတံတိုင်းရဲ့ ရည်ရွယ်ချက်
Vol. 13 Ch. 178
ထိုအချိန်တွင် သိုင်းအကြီးအကဲတွေအားလုံးက မဟာတံတိုင်းကို လှည့်ပတ်ကြည့်ရှုနေကြသည်။ ကျူးကော့လုံက ဦးဆောင်ပြီး လိုက်ပြနေခဲ့တာပင်။
ကျူးကော့လုံရဲ့ ရှင်းပြချက်တွေအားလုံးကို အကြီးအကဲတွေက စိတ်တက်ကြွစွာဖြင့် နားထောင်နေကြသည်။
ဒီမဟာတံတိုင်းရဲ့ ဆန်းကြယ်မှုကို အကုန်လုံး မျက်မြင်တွေ့ခဲ့ရသည်။ ဒါပေမယ့် ရှင်းပြချက်ကို ကြားပြီးနောက်မှာ သူတို့ရဲ့ မဟာတံတိုင်းအပေါ် နားလည်မှုက ပိုမို နက်ရှိုင်းလာ၏။
ချက်ချင်းပဲ မေးခွန်းတစ်ချို့ကို တွေးမိသွားကြသည်။
“ဒီမဟာတံတိုင်းက ဘယ်လိုလုပ် အခုလောက်ထိ ထူးဆန်းနေရတာလဲ?”
ကျန်းစန်ရဲ့ မိတ်ဆွေတစ်ယောက်က ထူးဆန်းစွာ ပြောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ သတိထားမှုတို့ရှိနေ၏။
ထိုစကားကို ကျန်းစန်ကြားသောအခါမှာ သူလည်းပဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့ရဲ့နှလုံးသားထဲကို သံသတစ်ချို့ ချက်ချင်းပဲ ဝင်ရောက်လာ၏။
“ငါတို့သိုင်းအကြီးအကဲတွေက မြင့်မားတဲ့ ကျင့်ကြံဆင့်ရှိပေမယ့် ဒီတရှားတိုင်းပြည်ရဲ့ ဘုရင်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အနည်းငယ် နှိမ့်ကျနေတယ်လို့ ခံစားရတယ်၊ ဘာလို့လဲ မသိဘူး?”
“အေးပေါ့ ဘယ်လိုပဲပြောပြော သူကတိုင်းပြည်တစ်ခုရဲ့ ရှင်ဘုရင်ပဲလေ၊ သူ့မှာ သန်းချီတဲ့ ပြည်သူတွေကို အမိန့်ပေးနိုင်စွမ်းရှိတယ်၊ ငါတို့က သာမန်သိုင်းလောကရဲ့ အကြီးအကဲတွေပဲ။
ငါတို့မှာ လက်အောက်ခံရှိရင်တောင်မှ အများဆုံးသန်းချီပြီး မရှိနိုင်ဘူး”
ကျန်းစန်သည် ပြောပြီးတာနဲ့ မတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။
ဒါပေမယ့် ဒီမဟာတံတိုင်းက ကြည့်လိုက်ရင်တော့ ခနော်နီ ခနော်နဲ့ရယ်…
ကျန်းစန်အနေနဲ့ ထိုစကားကို ထုတ်ပြောရန်မလိုပါချေ။ မျက်လုံးပါတဲ့ ဘယ်သူမဆို သိနိုင်သည်။
ဒီနံရံရဲ့သန်မာမှုက တိုက်ချက်တစ်ခုကိုတောင် ခံနိုင်ရည်မရှိနိုင်ဘူး။ ဝေ့တိုင်းပြည်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ခံနိုင်မှာလဲ?
ဝေ့တိုင်းပြည်သည် သူတို့ယန္တရားတပ်ကြောင့် နာမည်ကြီးသည်။ ထိုယန္တရားတပ်က များစွာသော တိုင်းပြည်တွေကို ချေဖျက်ခဲ့တဲ့ တပ်တစ်ခုပဲ။
ဝေ့တိုင်းပြည်ရဲ့ အဓိကလက်နက်လို့လည်း ဆိုနိုင်သည်။ ရန်သူပေါင်းများစွာရဲ့ များစွာသော သွေးတွေကို သောက်သုံးပြီး အခုလိုမျိုး ကြောက်မက်ဖွယ် ဂုဏ်သတင်းကို ရလာခဲ့တာပဲ။
ဒါပေမယ့် ဒီနံရံက ဝေ့တိုင်းပြည်ရဲ့ ယန္တရားတပ်ကို ခံနိုင်မှာတဲ့လား? သေချာပေါက် စိတ်ကူးယဥ်နေတာပဲ..
အကြီးအကဲတွေအားလုံး ထိုသို့တွေးမိပေမယ့် ဘယ်သူမှ ထုတ်မပြောခဲ့ပေ။
“ဒီလိုနံရံဆောက်ဖို့အတွက် ငါတို့ရဲ့တပည့်တွေကို စေလွှတ်ရမယ်ဆိုရင် သေချာပေါက် အချိန်ကုန်သလို အရင်းအမြစ်လည်း ကုန်မှာပဲ…”
အကြီးအကဲတစ်ယောက်က မယုံနိုင်စွာပြောလိုက်သည်။ ထိုသူရဲ့ ပေါ့တိပေါ့ပျက်စကားတွေကို ကျင်းစန်ချက်ချင်းပဲ ငြင်းဆိုဖို့ ပြင်လိုက်သည်။ ဒါပေမယ့် ကျန်တဲ့အကြီးအကဲတွေအားလုံးရဲ့ သဘောတူညီမှုကို မြင်လိုက်ရ၏။
ကျန်းစန်လည်း အနည်းငယ်မှင်သက်သွားတော့သည်။
ဒီမဟာတံတိုင်းက တကယ်ပဲ မထူးခြားဘူးလား?
သံသယများစွာဖြင့် ကျန်းစန်အရှေ့ကို ဆက်လျှောက်နေခဲ့သည်။ ခြေဖဝါးအောက်ရှိ ကျောက်စရစ်ခဲတွေကို ဆော့ကစားနေရင်း အစောပိုင်းက ကြုံတွေ့ခဲ့ရတဲ့ ကြောက်မက်ဖွယ်အရှိန်အဝါကို ပြန်လည်တွေးတောနေလိုက်သည်။
သိုင်းအကြီးအကဲတွေအားလုံးရဲ့ မျက်လုံးထဲက ရှုပ်ထွေးမှုကို မြင်တဲ့အခါမှာ ကျူးကော့လုံအနည်းငယ် ရှုပ်ထွေးသွား၏။ ဒါပေမယ့် သူအများကြီး မတွေးခဲ့ပေ။ မဟာတံတိုင်းကိုသာ ဆက်လက်ပြီး ရှင်းပြနေလိုက်သည်။
“မဟာတံတိုင်းရဲ့ ဒီအစိတ်အပိုင်းကို တဖန်ဂိုဏ်းက တာဝန်ယူပေးပါ။ တဖန်ဂိုဏ်းအနေနဲ့ သေချာပေါက် ဂရုစိုက်ပြုလုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ထိုအကြီးအကဲက မျက်နှာပေါ်က သံသယတွေကို ချက်ချင်းပဲ ဖြေလျှော့လိုက်သည်။ ထို့နောက်မှာ အလွန်တည်ငြိမ်ပြီး စိတ်တက်ကြွနေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်ပြီး..
“ကောင်းပြီ”
သူက ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။ သိုင်းအကြီးအကဲတွေအားလုံး စိတ်ထဲကနေ သက်ပြင်းချနေလိုက်တော့သည်။ သူတို့အနေနဲ့ ငြင်းဆိုလို့မရတော့ပေ။
သိုင်းလောကတွင် သန်မာမှုက အရေးကြီးသည်။ သန်မာမှုရှိလျှင် အာဏာပါ ရှိလာမည်ဖြစ်သည်။
ဒါပေမယ့် ထိုအချိန်မှာပဲ မဟာတံတိုင်းဆီကနေ ထူးဆန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါက ပြန်လည်ထွက်ပေါ်လာ၏။
အလွန်သန့်စင်သော နဂါးစွမ်းအင်သည် ကျူးကော့လုံ သတိမထားမိခင်မှာပဲ အနည်းငယ် ထွက်ပေါ်လာသည်။ ချက်ချင်းပဲ မဟာတံတိုင်းရဲ့ထိပ်ကနေ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါသည် မြင့်တက်လာခဲ့သည်။
အကြီးအကဲတွေအားလုံးရဲ့ မျက်နှာကချက်ချင်းပဲ ပြောင်းလဲသွား၏! အထူးသဖြင့် တဖန်ဂိုဏ်းက အကြီးအကဲရဲ့ မျက်နှာပဲ!
သူ့ရဲ့ မျက်နှာက ချက်ချင်းကို ခြောက်ခြားမှုနဲ့ ပြည့်နှက်သွားခဲ့သည်။
“ဒါ ဘယ်လိုအရှိန်အဝါမျိုးလဲ?”
“ဒါက…ဒါက မဟာတံတိုင်းကနေ ထွက်ပေါ်နေတာလား?!”
“အရမ်းကို ပြင်းထန်လွန်းတယ် ငါမခံနိုင်တော့ဘူး!”
ထိုသူရဲ့ မျက်နှာက ချက်ချင်းကို ဖြူဖတ်သွားခဲ့သည်။ သူ့ရဲ့နှုတ်ခမ်းတွေလည်း မဲပြာသွား၏။ လက်ချောင်းထိပ်များကလည်း အနည်းငယ် တုန်ယင်လာခဲ့သည်။
ထိုအချင်းအရာကို ကျူးကော့လုံမြင်တဲ့အခါမှာ ထိတ်လန့်သွားတော့၏။
'အရှင်မင်းကြီး ဆောက်လုပ်ခိုင်းထားတဲ့ မဟာတံတိုင်းထဲမှာ ဘယ်အရာကများ ပုန်းကွယ်နေခဲ့တာလဲ?’
တကယ်တော့ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ထူးဆန်းတဲ့ အရှိန်အဝါကို ကျူးကော့လုံကို မကြာမကြာ ခံစားရသည်။
ဒါပေမယ့် သိုင်းအကြီးအကဲတွေလိုမျိုး တိကျရှင်းလင်းစွာ မခံစားရပေ…
ထိုအရာက ကျင့်ကြံဆင့်နဲ့ သက်ဆိုင်သည်။ ကျင့်ကြံဆင့် မြင့်လေလေ ခံစားရတဲ့ဖိအားက ပိုပြီးနက်ရှိုင်းလေဖြစ်သည်။
ကျူးကော့လုံက သိုင်းအကြီးအကဲတွေလောက် ကျင့်ကြံဆင့်မမြင့်ပေ။ ထို့ကြောင့် သူ့အနေနဲ့ မခံစားရပေ။
ထိုအချိန်မှာ သိုင်းအကြီးအကဲတွေအားလုံးကတော့ ဖိအားရဲ့ သက်ရောက်မှုကို ပြင်းထန်စွာ ကြုံတွေ့နေရ၏။
“ကျင်းပိုင်မင်းသား ကျွန်တော့်ရဲ့မရိုမသေပြုမှုအတွက် တကယ်ပဲ တောင်းပန်ပါတယ်၊ ကျွန်တော်တို့ တဖန်ဂိုဏ်းက အရှင်မင်းသားရဲ့ တောင်းဆိုမှုကို ပြီးပြည့်စုံစွာ ဆောင်ရွက်ပေးပါ့မယ်”
“အရှင့်သားတောင်းဆိုတဲ့အတိုင်း ဖြစ်စေရမယ်လို့ အာမခံပါတယ်”
ကျူးကော့လုံ သက်ပြင်းတစ်ချက်ချလိုက်သည်!
'သေစမ်း! ဒီအဖိုးကြီးတွေက မျက်နှာထားပြောင်းတဲ့နေရာမှာ တကယ်တော်တာပဲ!’
'အေး.. ဒါကြောင့်မလို့လည်း အကြီးအကဲ ဖြစ်နေကြတာနေမယ်’
ဒါပေမယ့် ကျူးကော့လုံသည် ရိုးရှင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရဲ့မျက်နှာမှာလည်း ဂုဏ်ယူမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။
“ရပါတယ် အကြီးအကဲရဲ့ ဂရုစိုက်ပေးမှုအတွက် ကျွန်တော်က ကျေးဇူးတင်ရတာပေါ့”
ကျူးကော့လုံ ယဥ်ကျေးစွာ တုံ့ပြန်လိုက်သည်။ တစ်ဖက်လူက ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲပဲလေ။
ထိုအချိန်မှာ တဖန်ဂိုဏ်းရဲ့ အကြီးအကဲကလည်း အလွန်ရိုကျိုးစွာဖြင့် ပြန်လှည်တုံ့ပြန်လာခဲ့၏။
“ဘယ်ကသာ ကျွန်တော်ကသာ ကျင်းပိုင်မင်းသားကို အားကိုးနေရမှာပါ အနာဂတ်ကျရင် ထောက်ပံ့ပေးပါအုံး ကျင်းပိုင်မင်းသား!”
ကျူးကော့လုံ ခပ်ဖွဖွပြောလိုက်သည်။ သူ့ရဲ့နှလုံးသားက တည်ငြိမ်နေ၏။ ထိုအဖိုးကြီးရဲ့မြှောက်ပင့်စကားတွေကို စိတ်ထဲမထားခဲ့ပေ။
သူက တရှားတိုင်းပြည်ရဲ့ ကျင်းပိုင်မင်းသားပဲ၊ သူ့ကိုချီးမွမ်းမှုတွေကလည်း အရှင်မင်းကြီးကြောင့်ပဲ အရင်းခံလာခဲ့တာ။
အရှင်မင်းကြီးသာ မရှိခဲ့ဘူးဆိုရင် ဒီနေရာမှာကျင်းပိုင်မင်းသားက ဘယ်လိုလုပ်ရှိနိုင်မှာလဲ?
ရှကျိုးယွီအပေါ်မှာ ကျူးကော့လုံရဲ့ လေးစားမှုက ပိုမို မြင့်တက်သွားခဲ့သည်။
အစကတော့ သိုင်းအကြီးအကဲတွေအားလုံးသည် ကျူးကော့လုံနဲ့ ဘေးချင်းယှဥ်လျှောက်နေကြသည်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ ကျူးကော့လုံ သတိထားမိသွား၏။
သူတစ်ယောက်တည်း အရှေ့ကနေ လျှောက်လမ်းနေပုံပဲ။ အကြီးအကဲတွေအားလုံးက သူ့ရဲ့အနောက်ကနေ လိုက်ပါလာခဲ့သည်။ တောက်ပတဲ့ လမင်းကြီးနောက်ကို လိုက်ပါလာတဲ့ ကြယ်တွေလိုမျိုးပဲ…
ကျူးကော့လုံ မနေနိုင်စွာ သက်ပြင်းချလိုက်တော့သည်။ တကယ်ကို သန်မာမှုက အရေးအကြီးဆုံးပါလား?
'အရှင်မင်းကြီးရဲ့ အစီအစဥ်တွေက တကယ်ကိုပြောင်မြောက်လိုက်တာ၊ ငါလိုမျိုး တံတိုင်းဆောက်နေတဲ့လူတောင်မှ အခုလိုမျိုး အကူအညီပေးလာမယ် မထင်ထားမိဘူး’
'အရှင်မင်းကြီးက လူတွေရဲ့ စိတ်နှလုံးသားကို စိတ်ကြိုက်ခြယ်လှယ်ပြီး လိုသလို အသုံးချနိုင်ပါလား?’
“ကျန်းစန် ဒီမဟာတံတိုင်းက ဦးတည်ရာက အနည်းငယ် ထူးဆန်းတယ်လို့ မထင်ဘူးလား?”
ကျူးကော့လုံရဲ့အနောက်ကနေ လိုက်ပါလာသော ကျန်းစန်ကို အကြီးအကဲတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။
“ထူးဆန်းတယ် ဟုတ်လား? ဘာလို့ အဲ့လိုမျိုးပြောတာလဲ?”
ထိုအကြီးအကဲရဲ့ မျက်နှာက တည်တင်းနေသည်။ အနည်းငယ်ထိန့်လန့်နေဟန် ရှိ၏။
“ငါခန်မှန်းရသလောက်တော့ ဒီမဟာတံတိုင်းက နဂါးသွေးကြောနဲ့ ဆက်စပ်နေမယ်ထင်တယ်”
“နဂါးသွေးကြော ဟုတ်လား?”
ကျန်းစန်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့သည်။ ဒါပေမယ့် အခြားသူတွေကြားသွားမှာ စိုးတဲ့အတွက် အသံကို အတတ်နိုင်ဆုံးတိုးထား၏။
ဒါပေမယ့် အံ့သြမှုကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
“နဂါးသွေးကြောကို မတွေးတောဘဲ မပြောနဲ့!”
“ဒီနဂါးသွေးကြောက တိုင်းပြည်တစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘူး၊ တိုင်းပြည်ပေါင်းများစွာနဲ့ တိုက်ဆိုင်နေတဲ့ အရာပဲ၊ နှစ်ပေါင်းများစွာရဲ့ကိစ္စကို ဆုံးဖြတ်ပေးနိုင်တယ်!”
“ဒီလိုကိစ္စမျိုးကို လူကြားထဲမှာပြောတာက လူများစွာရဲ့ ဒေါသကို ဖော်ဆောင်ပေးနိုင်တယ်”
ကျန်းစန် ချက်ချင်းပဲ သတိပေးလိုက်၏။
သတင်းတွေထဲက အတိုင်းဆိုရင် တရှားတိုင်းပြည်ရဲ့ ပတ်ဝန်းကျင်တွင် နဂါးသွေးကြောတည်ရှိ၏။
ရှေးအချိန်တွေကတည်းက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေသည် နဂါးသွေးကြောကို ရှာဖွေရန် ကြိုးစားခဲ့ကြပြီး ထိုသွေးကြောကို အသုံးချရင်း သူတို့မျိုးဆက်ရဲ့ ကံကြမ္မာကို တိုးတက်စေဖို့ ကြိုးစားခဲ့ကြသည်။
ဒါပေမယ့် ဘယ်လိုပဲကြိုးစားပါစေ အဆုံးမှာတော့ သူတို့အားလုံးဝေဝါးသွားကြ၏။ နဂါးသွေးကြောရဲ့ ဦးတည်ရာကို တိကျစွာ မဖော်ပြနိုင်ခဲ့ကြပေ။
တစ်ခါက ကောင်းကင်ဘုံကို တက်လှမ်းလုနီးနီး ကျင့်ကြံဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောခဲ့သည်။ တရှားတိုင်းပြည်အနီးက သွေးကြောက အလွန်ကြောက်ဖို့ကောင်းသည်ဟူ၍ပင်..!
နဂါးလက်သည်းရဲ့ တည်ရှိရာက တရှားရဲ့ မြို့တော်နေရာမှာတဲ့!
ထိုအရာက အချိန်နဲ့အမျှ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တိုက်စားနေခဲ့သည်။ ယနေ့အကြီးအကဲတွေရဲ့ စကားတွေကြောင့် ကျန်းစန်တစ်ယောက် ကြောက်ဖို့ကောင်းတာကို တွေးမိသွားခဲ့သည်။
ဒါဆိုရင် တရှားရဲ့ဘုရင်က မဟာတံတိုင်းတည်ဆောက်ပြီး တရှားတိုင်းပြည်အနီးတစ်ဝိုက်မှာ နဂါးသွေးကြောတည်ရှိနေတယ်ဆိုတာကို သက်သေပြချင်လို့လား?
ထိုစကားကြောင့် ကျန်းစန်သည် သူ့ရဲ့တည်ကြည်တဲ့ ပုံရိပ်ကို ဆုံးရှုံးသွားခဲ့သည်။ သူ့ရဲ့မျက်နှာတစ်ခုလုံး အံ့သြမှုကြောင့် ပျက်ယွင်းနေလေ၏။
“ဒီလိုဆိုရင် မဟာတံတိုင်းရဲ့ ရည်ရွယ်ချက်က သိသာနေပြီ၊ ဆောက်လုပ်ထားတဲ့ အခြေခံက ဘယ်လိုပဲ အသုံးမကျနေပါစေ တကယ့် ရည်ရွယ်ချက်က တံတိုင်းရဲ့ ခိုင်ခံ့မှု မဟုတ်ဘူး။ အခြေခံကိုဖန်တီးပြီး စိတ်ဝိညာဉ်ကို နှိုးထစေနိုင်ဖို့ပဲ!”
…….