ရှင်သူ့အကြောင်း ပြောခွင့်မရှိဘူး
Vol. 13 Ch. 181
"နှင်းနဂါးတောင် ဟုတ်လား?"
တပည့်တွေအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ယခင်က သူတို့သည် အကြီးအကဲများစွာ၏ အမိန့်ကိုသာ နာခံခဲ့ရ၏။ အချိန်ကြာလာတာနဲ့အမျှ အကြီးအကဲတွေအပေါ်မှာ ထားရှိတဲ့ မကျေနပ်ချက်တို့က ပိုမိုများပြားလာသည်။ အခုတော့ အခွင့်အရေး ရောက်ရှိလာခဲ့ပြီ။ သူတို့ကိုယ်တိုင် အကြီးအကဲ ဖြစ်လာတော့မည်။ ဒါကြောင့် မပျော်ရွှင်ဘဲ နေစရာလား?
"ညီကို ချန်ပန် မဟုတ်ဘူး။ ခေါင်းဆောင်ချန်"
"မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ?"
"ခေါင်းဆောင်ချန်"
"အာ ဘာတွေဖြစ်နေတာလဲ?"
ချန်ပန်တစ်ယောက် အလွန် ပျော်ရွှင်သွားခဲ့သည်! မျက်နှာတစ်ခုလုံး ရွှင်လန်း ကျေနပ်သွားလေ၏။ ခေါင်းဆောင်ဆိုသော စာတန်းကို ခေါင်းထိပ်မှာ ဆွဲထားလို့ရရင်တောင် ဆွဲလိုက်ချင်သေးသည်။
ထိုအချိန်မှာပဲ ကျန်တဲ့ညီကိုတွေ အားလုံးက ယဥ်ကျေးစွာဖြင့် ပြောလိုက်ကြသည်။
"ခေါင်းဆောင်ချန်၊ ငါ့ကိုကော အကြီးအကဲရာထူး ပေးနိုင်မလား?"
"ငါလည်းပဲ အကြီးအကဲတစ်ယောက်လိုမျိုး ခံစားကြည့်ချင်တယ်"
သူ့ရဲ့မျက်လုံးတွေက တောက်ပနေခဲ့သည်။ သူ့ရဲ့မျက်နှာကလည်း မျှော်လင့်ချက်တို့နဲ့ ပြည့်နေ၏။
ချန်ပန် ခဏလောက် တွေးတောလိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုက အခု ဘယ်အဆင့်ကို ရောက်ပြီလဲ? မင်း အကြီးအကဲ ဖြစ်လာချင်တယ်ဆိုရင် သန်မာမှု တစ်ချို့တော့ ရှိမှရမယ်"
"ခေါင်းဆောင်၊ ငါ့ရဲ့နာမည်က လီရှီပါ။ ငါ အခု တာအိုပညာမှာ တတိယအဆင့် ကျင့်ကြံမှုရှိတယ်။ အစီအရင်ပိုင်းမှာလည်း ကျွမ်းကျင်တယ်"
"ငါက တဖန်းဂိုဏ်းရဲ့ အတွင်းတပည့် တစ်ယောက်ပါ။ ငါ့ရဲ့တိုးတက်လာတဲ့ ကျင့်ကြံမှု သိုင်းပညာတွေကို အကြီးအကဲက တောက်လျှောက် ဖိနှိပ်လာတယ်။ မကျေနပ်လွန်းလို့ ငါ ထွက်လာခဲ့တာပဲ"
တဖန်းဂိုဏ်းရဲ့ အကြောင်းကို ပြောလိုက်တာနဲ့ လီရှီရဲ့မျက်နှာသည် ရွံရှာမှုတို့ ပြည့်နှက်လာခဲ့သည်။ ဒေါသထွက်စွာဖြင့် အံကြိတ်လိုက်၏။
တကယ်တော့ အကြီးအကဲတွေအားလုံးသည် လွန်စွာ တစ်ကိုယ်ကောင်းဆန်ကြသည်။ သူတို့ရဲ့ လက်အောက်ခံ တပည့်တွေ အားလုံးကို ခိုင်းစားဖို့ပဲ စိတ်ကူးရှိကြ၏။ တပည့်တွေရဲ့ ကျင့်ကြံမှုကို လုံးဝ ဂရုမစိုက်ကြချေ။ ဒါကြောင့်မို့လို့လည်း တပည့်အားလုံးက ထွက်လာခဲ့ကြတာပင်။
"ဒါဆိုရင် အဲလိုပဲ လုပ်လိုက်ကြတာပေါ့"
"ငါတို့ရဲ့ နဂါးနှင်းတောင်ဂိုဏ်းမှာ အခုကစပြီး ဒုတိယအဆင့် ကျင့်ကြံသူတွေက လက်ထောက် ဂိုဏ်းခေါင်းဆောင် ဖြစ်လာရမယ်။ တတိယအဆင့် ကျင့်ကြံသူက အကြီးအကဲ ဖြစ်လာမယ်။ စတုတ္ထအဆင့် ကျင့်ကြံသူကတော့ အတွင်းတပည့် ဖြစ်လာပြီး ပဉ္စမအဆင့် ကျင့်ကြံသူနဲ့ အဲဒီအောက် နိမ့်တဲ့သူတွေကတော့ သာမန် တပည့်အဖြစ် တာဝန်ယူရမယ်"
"သဘောမတူတဲ့သူ ရှိသလား?"
တပည့်အားလုံးတွင် ချန်ပန်တစ်ယောက်သာ ဒုတိယအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ချန်ပန်က ဂိုဏ်းခေါင်းဆောင် ဖြစ်လာ၏။
လီရှီသည် အကြီးအကဲချုပ် ဖြစ်လာခဲ့သည်။
ဒါပေမဲ့ အကြီးအကဲတွေ အားလုံးက မဟာတံတိုင်း တည်ဆောက်တဲ့နေရာမှာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြချင်သည့်အတွက် အတော်ဆုံး တပည့်တွေကိုသာ ရွေးထုတ်လာခဲ့သည်။ ထို့ကြောင့် ဒီနေရာတွင် ဂိုဏ်းအားလုံးရဲ့ လက်ရွေးစင် တပည့်များ စုဆောင်းနေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အကြီးအကဲ အယောက်၁၀၀နီးနီး ဖြစ်သွားခဲ့သည်။ အတွင်းတပည့် နှစ်ယောက်သာ ရလိုက်၏။
ပဉ္စမအဆင့် ကျင့်ကြံမှုရှိသော သာမန်တပည့် တစ်ယောက်မှ မရရှိခဲ့ပေ။
လူရေတွက်ပြီးနောက်မှာ ချန်ပန်ပင် အနည်းငယ် အံ့သြသွား၏။
"ငါတို့ရဲ့ ဂိုဏ်းထဲမှာ ဘာကြောင့် အကြီးအကဲတွေ အရမ်းများနေရတာလဲ?"
ထို့ကြောင့် အနည်းငယ် ပြောင်းလဲမှု လုပ်ဖို့ရန် ချန်ပန် စဥ်းစားလိုက်သည်။ ဒါပေမဲ့ ထိုအချိန်မှာပဲ လူအုပ်တစ်ခုလုံးက အဆက်မပြတ် အော်ဟစ်လေတော့၏။
"အကြီးအကဲ၊ အကြီးအကဲ!"
အင်အားကြီးတဲ့ အော်သံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
"ခေါင်းဆောင်ချန်၊ ငါတို့ ဒီလိုပဲ ဆက်သွားနေမယ်ဆိုရင် ခရီးက ရှည်လိမ့်မယ်။ ဒါ့အပြင် နှင်းနဂါးတောင်ဆီ ရောက်ဖို့ကလည်း အရမ်းသွားရဦးမှာ"
လီရှီသည် အကြီးအကဲချုပ်အနေနဲ့ ဝင်ရောက်ဖျန်ဖြေဖို့ ကြိုးစားလိုက်သည်။
ဂိုဏ်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်သူကမှ မစိုးရိမ်ကြချေ။ သူတို့အားလုံးရဲ့ ကျင့်ကြံဆင့်သည် မြင့်သည်။ ထို့ကြောင့် သေချာပေါက် အလုပ်ကြိုးစားမည်ဆိုလျှင် တစ်ချိန်ချိန်မှာ မြင့်တက်လာနိုင်ပြီး သိုင်းလောကကို အုပ်စိုးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။ အကုန်လုံးသည် စိတ်တက်ကြွနေတော့သည်။ သူတို့ရဲ့ သန်မာမှုတွေကို ကောင်းစွာ အသုံးချချင်နေတော့၏။
"ငါ ပထမဦးဆုံး နှင်းနဂါးတောင်ကို ရွေးချယ်လိုက်ချိန်က မင်း ပြောခဲ့တဲ့ အကြောင်းကို ကြားခဲ့တယ်"
ချန်ပန်ရဲ့ မျက်နှာထားက တည်ငြိမ်နေခဲ့သည်။
ချက်ချင်းပဲ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဟန်ပန်ကို အသက်သွင်းလိုက်လေ၏။ သူ့ရဲ့ လေသံကပင် လွန်စွာ တည်ငြိမ်နေခဲ့သည်။
"ဒါဆိုရင် ငါ မေးမယ်။ ဂိုဏ်းခေါင်းဆောင်ရဲ့ နောက်ထပ် အကြံအစည်က ဘာများလဲ?"
လီရှီသည် ခန့်ညားစွာဖြင့် ပြောလိုက်သည်။ အခုအချိန်မှာ တစ်ဖက်လူကလည်း ဂိုဏ်းခေါင်းဆောင် ဖြစ်လာသလို သူကလည်း အကြီးအကဲချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် အခြေခံစည်းမျဥ်းကို ကောင်းစွာ နားလည်ပါ၏။
"နှင်းနဂါးတောင်နဲ့ ပတ်သက်ပြီး မင်းတို့တွေ သေချာမသိလောက်ဘူး။ အဲ့ဒီနေရာမှာ လူတွေ အရမ်းများနေတယ်။ တရှားတိုင်းပြည်ရဲ့ လူတွေတင် မကဘူး။ တခြားဂိုဏ်းအသီးသီးက လူတွေပါ ရောက်နေခဲ့တာ။ ငါတို့ အခုလုပ်ဖို့ လိုအပ်တာက ဒီနေရာမှာ ခဏပုန်းနေရမယ်။ ငါတို့ရဲ့ သန်မာမှုကို မြင့်တင်ပြီးပြီဆိုတာနဲ့ အချိန်ကောင်းကို စောင့်ပြီး တိုက်ခိုက်ရုံပဲ။ အချိန်ကျလာတာနဲ့ ငါတို့တွေ စုပေါင်းပြီး တော်လှန်ကြမယ်။ နှင်းနဂါးတောင်ကို အပိုင်သိမ်းပစ်မယ်!"
"ဟူး"
အကုန်လုံး မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်မိကြသည်။
"ဂိုဏ်းခေါင်းဆောင်ရဲ့ အကြံက ခမ်းနားလိုက်တာ။ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အကြံတစ်ခုပဲ!"
သူတို့ရဲ့ ယခင်ကဂိုဏ်းသည် နှင်းနဂါးတောင် တစ်ခုလုံးကို မပြောနဲ့။ နှင်းနဂါးတောင်ရဲ့ ဆယ်ပုံတစ်ပုံကိုတောင် အပိုင်ရခဲ့တာမျိုး မရှိဘူး။ ကြွေးကြော်ဖို့ဆိုတာ မပြောနဲ့တော့။
အခုတော့ သူတို့ရဲ့ ဂိုဏ်းခေါင်းဆောင်အသစ်က ယုံကြည်မှုရှိစွာဖြင့် နှင်းနဂါးတောင် တစ်ခုလုံးကို အပိုင်သိမ်းမယ်ဟု ကြွေးကြော်လိုက်၏!
ထိုအဖြစ်အပျက်က လူအားလုံးရဲ့ သွေးကို ပွက်ပွက်ဆူသွားစေခဲ့သည်။
ဒါပေမဲ့ ချန်ပန်ကလည်း မရပ်ပါချေ။ သူက ဆက်ပြောလိုက်သည်။
"ငါတို့ နှင်းနဂါးတောင်ကို အပိုင်သိမ်းနိုင်ပြီး အဲ့ဒီနေရာမှာ ခိုင်မာတဲ့ ခြေကုပ်ယူနိုင်ဖို့ အရင်ဦးဆုံး လုပ်ရမယ်။ အဲဒါပြီးသွားပြီဆိုရင် ငါတို့ရဲ့ ဂိုဏ်းတွေကို တစ်ခုချင်း လက်စားချေလို့ ရပြီ! အဲဒီအချိန်ကျရင် တရှားတိုင်းပြည်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းပြီး တရှားကနေ အစပြုပြီး ကမ္ဘာတစ်ခုလုံးကို အုပ်စိုးမယ်!"
ထိုအစီအစဥ်သည် တပည့်အားလုံးရဲ့ စိတ်ကူးထက်ကို လွန်စွာ ကျော်လွန်နေခဲ့သည်။ လေထုတစ်ခုလုံး ချက်ချင်းပဲ ဆူညံပွက်လော ရိုက်လာသည်။
"တရှားကနေ အစပြုပြီး ကမ္ဘာကြီးကို အုပ်စိုးမယ်! ကမ္ဘာကြီးကို အုပ်စိုးမယ်!"
"ငါတို့ ကမ္ဘာကြီးကို အုပ်စိုးမယ်!"
ထိုစာကြောင်းသည် သူတို့ဂိုဏ်းရဲ့ ဆောင်ပုဒ်တစ်ခုအဖြစ် အကုန်လုံးရဲ့ နှလုံးသားထဲမှာ စွဲထင်ကျန်သွားသည်။ အကြီးအကဲအသစ်များ အားလုံး လွန်စွာ ကျေနပ်သွားလေ၏!
ဘယ်သိုင်းသမားကများ ကမ္ဘာကြီးကို အုပ်စိုးဖို့ စိတ်ကူးမယဥ်ဖူးလို့လဲ? အခုတော့ သူတို့ရဲ့ မျက်စိရှေ့မှာ အခွင့်အရေး ရောက်လာခဲ့ပြီ။
ချန်ပန်ရဲ့ အနောက်ကို လိုက်လာခဲ့ခြင်းက သူတို့ရဲ့ဘဝမှာ ပြုလုပ်ခဲ့ဖူးသမျှ လုပ်ရပ်ထဲတွင် အကောင်းဆုံးလုပ်ရပ်ဟု အကုန်လုံး ယုံကြည်လိုက်ကြသည်။
...
ဒါပေမဲ့ နှင်းနဂါးတောင်မှာ ရှိနေသော ရှကျိုးယွီကတော့ ဘာဆက်လုပ်ရမယ် မသိတော့ချေ။ လိုဏ်ဂူထဲရှိ လီယုဟန်ရဲ့ မျက်နှာသည် လွန်စွာ အံ့သြနေဟန်ရှိ၏။
သူမရဲ့ မျက်ရည်ရောင်လဲ့နေသော မျက်ဝန်းရွှဲကြီးများသည် အနည်းငယ် တုန်ယင်သွားခဲ့သည်။ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာ၏။
ဖူမဲ့ရဲ့ စကားကို သူမ မယုံကြည်နိုင်စွာ ထပ်မံ မေးလိုက်သည်။
"တရှားတိုင်းပြည်ကို ဖျက်ဆီးမယ် ဟုတ်လား? တကယ် ပြောနေတာလား?"
"တရှားတိုင်းပြည်ဆိုတာ သေးငယ်တဲ့ အရာတစ်ခု မဟုတ်ဘူး။ သာမန်ဂိုဏ်းတစ်ခု မဟုတ်ဘူးနော်။ သမိုင်းမှာ အခိုင်အမာ တည်ရှိနေတဲ့ မင်းဆက်တစ်ခုပဲ! ရှင် ထင်သလိုမျိုး ရိုးရှင်းမှာ မဟုတ်ဘူး!"
“အခုဆိုရင် သတင်းတွေတောင် ပျံ့နေခဲ့တယ်။ တရှားရဲ့ဘုရင်က မဟာတံတိုင်း တည်ဆောက်ဖို့ကို တစ်ယောက်တည်း ကြိုးစားခဲ့ပြီး အဲဒီမှာ စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုရတဲ့ အစီအရင်တွေကိုလည်း ထားရှိထားတယ်။ သူက ဒီကနေ အစပြုပြီး ကမ္ဘာကြီးကို အပိုင်သိမ်းဖို့ ကြံစည်နေတာ။ ဒီလိုနဲ့ နယ်မြေတွေကို တစ်ခုပြီးတစ်ခု အပိုင်သိမ်းပြီး တိုင်းပြည်ရဲ့ ကံကြမ္မာကို မြင့်တင်လိမ့်မယ်! ရှင့်လိုမျိုး သာမန် ဓားပြတစ်ယောက်က အဲ့ဒီလို ပါရမီရှင်တစ်ယောက်ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ?”
လီယုဟန် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့သည်။ ရှကျိုးယွီရဲ့ မျက်နှာထားကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဆက်တိုက် ပြောဆိုလိုက်၏။
"ဒါ့အပြင် သူ့ရဲ့ အနားမှာရှိနေတဲ့ လူတွေအားလုံးကလည်း ကောက်ကျစ်တဲ့ သူတွေပဲ။ ဥပမာပြောရရင် ကျောက်ကောင်းကိုပဲ ကြည့်လိုက်!"
"နင့်ရဲ့ လက်အောက်မှာရှိတဲ့ သူတွေက သူတို့ကို ဘယ်လိုမှ ယှဉ်လို့မရဘူး!"
လီယုဟန်သည် အလွန်ဂုဏ်ယူရတဲ့ ထျန်းလင်ဂိုဏ်း၏ ဆက်ခံသူတစ်ယောက် အရှိန်အဝါများကို ဖော်ထုတ်လိုက်သည်။ သူမရဲ့ လက်ရှိအခြေအနေကို မေ့လျော့သွား၏။
ရှကျိုးယွီအတွက်တော့ နားထောင်လေလေ စိတ်ပျက်လာလေပင်။
သူက သေချာပေါက် ဘုရင်ဆိုးတစ်ယောက် ဖြစ်ခဲ့သည်။ ဒါပေမဲ့ အပြင်ကလူတွေက ဘာလို့များ သူ့ကို အရမ်းဆန်းကြယ်တဲ့ ဇာတ်ကောင်တစ်ယောက်လိုမျိုး ဖန်တီးပြောဆိုနေရတာလဲ? ဒါက တကယ်ကို လွန်သွားပြီ!
"တော်တော့! မင်း သေချင်နေတာလား?"
ရှကျိုးယွီ ကြိမ်းဝါးလိုက်သည်။
လီယုဟန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေ၏။ သူမ ချက်ချင်းပဲ သတိထားမိသွားသည်။ လက်တွေ့ကို အမှတ်ရလိုက်တာနဲ့ သူမရဲ့ မျက်နှာထားက သနားစဖွယ်ကောင်းလောက်အောင် ညိုးငယ်သွား၏။
ရှကျိုးယွီထံကနေ အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ ထွက်ပေါ်နေသည်။ ထို့ကြောင့် လီယုဟန် ခေါင်းပင် မဖော်ရဲတော့ပေ။ မတ်တတ်ရပ်ဖို့တောင် အင်အားမရှိတော့သလို ခံစားနေရသည်။ ဒီဖိအားက သူမ အဘိုးထံကနေ ခံစားခဲ့ရတဲ့ ဖိအားထက်တောင် ကြောက်ဖို့ကောင်းသည်!
ရှကျိုးယွီရဲ့ တည်ငြိမ်သော မျက်နှာထက်တွင် ဒေါသရိပ် အနည်းငယ် ဝင်ရောက်လာခဲ့သည်။ သူမရဲ့ စကားလုံးတွေက ချီးကျူးနေတာဆိုပေမဲ့ သူ့အတွက် ဘာကြောင့် နားထောင်ရတာ အရမ်း မသက်မသာ ဖြစ်နေရတာလဲ?
"မင်း ပြောသလိုမျိုး တရှားရဲ့ဘုရင်က အရမ်း အင်အားကြီးနေလို့လား? အဲဒီကောင်က အရက်သေစာနဲ့ မိန်းမကိုပဲ စွဲလမ်းနေတဲ့ အသုံးမကျတဲ့ ဘုရင်တစ်ယောက်လို့ ငါ ဘာလို့ ကြားခဲ့မိတာလဲ? သူက နေ့တိုင်း တိုင်းပြည်ကိုလည်း ဂရုမစိုက်ဘူး။ ဒါ့အပြင် အရင်းအမြစ် အများကြီးကို အသုံးပြုပြီး မသေမျိုးအစွမ်းကို ရချင်တာနဲ့ ဆေးလုံးတွေ ဖန်တီးခိုင်းထားသေးတယ်"
ရှကျိုးယွီ ဆက်မပြောနိုင်ခင်မှာဘဲ လီယုဟန်က မျက်ရည်များ ပြည့်နေတဲ့ မျက်လုံးများနဲ့ မော့ကြည့်ကာ အော်လိုက်သည်။
"မဟုတ်ဘူး!"
"တရှားရဲ့ဘုရင်က ဥာဏ်အမြော်အမြင် ကြီးမားပြီး အင်အားလည်း ကြီးတယ်။ ကျွန်မ လေးစားရတဲ့သူပဲ။ ရှင် ဒီလိုမျိုး ပြောလို့မရဘူး!"
…………