← Chapters

ခေါင်းစားတဲ့ တစ်ယောက်

Vol. 15 Ch. 207

ခေါင်းစားတဲ့ တစ်ယောက်

Vol. 15 Ch. 207

ပခုံးသားက နာကျင်နေပေမယ့် တိန့်ရှန်းဟန်က မျက်နှာရိပ် မျက်နှာကဲ သိပ်မပြောင်းပေ။ သူက အေးဆေးပဲ ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီးက ကိုယ်လုပ်တော်ကို ဘာတွေ လျှောက်တင်စေချင်တာပါလဲ"

ဒီစကားကြားလိုက်တော့မှ ကျန်းပေရန်က ဒီမိန်းမကို နည်းနည်း စိတ်ဝင်စားသွားသည်။

သူက သူ့လက်ကို ပြန်ရွှေ့လိုက်ပြီး ပြောလိုက်၏။

"ကိုယ့်ရုပ်ရည်အလှကိုသုံးပြီး ပြဿနာဖြေရှင်းတာက အောက်တန်းကျတဲ့လူတွေ လုပ်တဲ့အလုပ်"

"ဒါပေမဲ့ အဲ့ဒါက များသောအားဖြင့် အထိရောက်ဆုံး နည်းလမ်းပဲ မဟုတ်ပါလား"

တိန့်ရှန်းဟန်က ပြန်ပြောသည်။

"အေး ဟုတ်တော့ဟုတ်တယ်"

ကျန်းပေရန်က ခပ်ဟဟ ရယ်ရင်း နန်းဆောင်စားပွဲနားမှာ ဝင်ထိုင်လိုက်သည်။

"ပြန်ဝတ်လိုက်တော့ နန်းတော်ထဲမှာ အေးတယ်"

"အမိန့်တော်အတိုင်းပါ"

တိန့်ရှန်းဟန်က ကြမ်းပြင်ပေါ်က လရောင်လိုအဖြူရောင် ဝတ်ရုံကို ကောက်ယူလိုက်ရင်း ဖြေသည်။

ကျန်းပေရန်ကတော့ ဒီဝတ်ရုံကို ဘယ်လိုတောင် ဒီဇိုင်းထုတ်ထားလို့ ဒီလောက် လွယ်လွယ်ကူကူ ချွတ်လို့ရသွားတာလဲ ဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်နေလိုက်၏။

ကျန်းပေရန်ရဲ့ အကြည့်ကို သတိထားမိတော့ တိန့်ရှန်းဟန်က ရှက်သွေးဖြာသလို ပုံစံလုပ်လိုက်ပြီး

"ဒီဝတ်ရုံက ဝတ်ရတာ နည်းနည်းခက်နေလို့ပါ။ အရှင်မင်းကြီး ကိုယ်တိုင် ကိုယ်လုပ်တော်ကို ကူညီပေးစေချင်ပါတယ်"

တိန့်ရှန်းဟန်ရဲ့ တမင်လုပ်ယူထားတဲ့ မျက်နှာပေးကို အကဲခတ်မိလိုက်တဲ့ ကျန်းပေရန်က ပြောလိုက်သည်။

"ဝတ်ရခက်တယ် ဟုတ်လား ရတယ် ငါ နန်းတွင်းအပျိုတော်တစ်ယောက်လောက် ခေါ်ပေးလိုက်မယ်"

ပြောပြောဆိုဆိုနဲ့ ကျန်းပေရန်က လူခေါ်မယ့်ပုံစံ လုပ်လိုက်၏။

တိန့်ရှန်းဟန်က ချက်ချင်း အလန့်တကြား အော်လိုက်သည်။

"မလုပ်ပါနဲ့"

အဲ့ဒီတော့မှ ကျန်းပေရန်က သူ့ဘက်လှည့်ပြီး တိန့်ရှန်းဟန်ကို သေချာစိုက်ကြည့်လိုက်သည်။

"ဆိုတော့ မင်းမှာလည်း အရှက်တရားနဲ့ ခံစားချက်ဆိုတာ နည်းနည်းပါးပါး ကျန်သေးတာပဲ"

သူက ဆက်ပြောသည်။

"ငါက မင်း အရာအားလုံးကို စွန့်လွှတ်လိုက်ပြီတောင် ထင်နေတာ"

"ကိုယ်လုပ်တော်က အရှင်မင်းကြီး တစ်ပါးတည်းကိုပဲ ကိုယ့်ကိုယ်ကိုယ် ဆက်သချင်တာပါ။ တခြားသူတွေကို မ…."

"ငါ့ကို ရှင်းပြဖို့မလိုဘူး မင်းအဝတ်အစား မင်း ပြန်ဝတ်"

တိန့်ရှန်းဟန် လရောင်ဖြူ ဝတ်ရုံကို ပြန်ဝတ်ပြီးသွားမှ ကျန်းပေရန်က မေးလိုက်သည်။

"မင်းအဖေကို ကယ်ဖို့အတွက် ငါက ဒီလောက်အန္တရာယ်များတဲ့ အလုပ်ကိုလုပ်ရလောက်အောင် မင်းရဲ့ခန္ဓာကိုယ်က တန်ဖိုးရှိတယ်လို့ ထင်နေပုံပဲ"

"အရှင်မင်းကြီးကသာ လိုလားတောင့်တမယ်ဆိုရင် တန်ဖိုးရှိပါတယ်"

သူမက ရိုရိုသေသေ ပြန်ဖြေသည်။

"ဟားဟားဟား မင်း တကယ် ယုံကြည်ချက်ရှိတာပဲ"

ကျန်းပေရန်က လှောင်ရယ်ရယ်လိုက်ပြီး သူ့အကြည့်က ရုတ်တရက် စူးရှသွားသည်။

"ဒါဆို ငါ ရှင်းရှင်းပြောလိုက်မယ် မင်းရဲ့ခန္ဓာကိုယ်က အဲ့ဒီဈေးနဲ့ မတန်ဘူး"

သူမက တစ်ခုခု ဆက်ပြောချင်သေးတာကို မြင်တော့ ကျန်းပေရန်က အမြန်ဖြတ်ထည့်လိုက်၏။

"မင်းရဲ့ ညီအစ်မတွေလည်း အတူတူပဲ"

အဲ့ဒီတော့မှ တိန့်ရှန်းဟန် ခေါင်းငုံ့သွားသည်။

အတော်ကြာ တိတ်ဆိတ်သွားပြီးမှ သူမက ပြန်ပြောသည်။

"ကိုယ်လုပ်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်လုပ်တော့်မှာ တခြား ပေးဆပ်စရာ ဘာမှ မရှိတော့လို့ပါ ဒီ နုနယ်တဲ့ ရုပ်ရည်လေးနဲ့ပဲ လောင်းကြေးထပ်ကြည့်ရုံပါ"

အစတုန်းကတော့ ကျန်းပေရန်က တိန့်ရှန်းဟန်ရဲ့ အဝတ်ချွတ်ပြတဲ့ နည်းဗျူဟာက တော်တော်တုံးသည်ဟု ထင်မိသည်။

ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ ဖြားယောင်းသွေးဆောင်ခြင်းဆိုတာက တကယ်ကို ကုန်ကျစရိတ် အသက်သာဆုံး စည်းရုံးနည်းတွေထဲက တစ်ခုပင်။

ရှေးအချိန်ကတည်းက ခုချိန်ထိ သူရဲကောင်း ဘယ်နှယောက်က ကာမဆိုတဲ့ စကားလုံးတစ်လုံးကြောင့် ပျက်စီးခဲ့ရပြီလဲ။ ကြိုးစားကြည့်လို့ ဘာမှ ကုန်သွားတာမှ မဟုတ်တာ။ လောင်းကြည့်သင့်တာပေါ့။

"ကဲ အခု မင်းရဲ့လောင်းကစားက ရှုံးသွားပြီဆိုတော့ နောက်ထပ် ဘာလုပ်မလဲ ဆိုတာကို ငါ စိတ်ဝင်စားမိတယ်"

ကျန်းပေရန်က ပြောလိုက်သည်။

တိန့်ရှန်းဟန်က ခေါင်းမော့ပြီး ကျန်းပေရန်ကို သေချာကြည့်လိုက်၏။

သူ့ရဲ့ စကားပြောပုံက သူမ တွေ့ဖူးသမျှ ဘယ်သူနဲ့မှ မတူချေ။

ဒါက သူမရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အနည်းငယ် တုန်လှုပ်သွားစေသည်။

တိန့်ရှန်းဟန်က သူ့ရုပ်ရည်အပေါ် အမြဲတမ်း ယုံကြည်မှု အပြည့်ရှိခဲ့တာ။

ငယ်ငယ်လေးကတည်းက သူ့ကို ချီးကျူးမြှောက်ပင့်တဲ့ လူတွေကြားမှာ ကြီးပြင်းလာခဲ့ရသည်။

အမတ်တွေ မှူးမတ်တွေက မင်းသမီးကို စိုက်မကြည့်ရဘူးလို့ အမိန့်ထုတ်ထားတာတောင်မှ သူမကို တွေ့လိုက်တိုင်း ခိုးခိုးပြီး ကြည့်ကြတာချည်းပင်။

ဒါကြောင့်မို့ သူမ အဝတ်ချွတ်လိုက်တာနဲ့ ဒီဧကရာဇ်ပျိုလေးက သူ့ကိုယ်သူ မထိန်းနိုင်တောင်မှ အနည်းဆုံးတော့ သူမအပေါ် နည်းနည်းလေး ပျော့ပြောင်းသွားလိမ့်မည်ဟု သေချာပေါက် ထင်ထားခဲ့တာ။

အနည်းဆုံးတော့ သူ့ရဲ့လေသံနဲ့ အကြည့်တွေမှာ သနားကြင်နာမှု နည်းနည်းတော့ ပါလာရမည်။

ဒါပေမဲ့ ဒီဧကရာဇ်အသစ်က သူမရဲ့ အလှအပကို လုံးဝကို ဂရုစိုက်ပုံမရ။

တကယ်တမ်းပြောရရင် သူက သူမကို မိန်းမတစ်ယောက်လိုတောင် မဆက်ဆံ။ ဖျော်ဖြေရေးကစားစရာတစ်ခုလိုပဲ သဘောထားနေသည်။

'အဲ့ဒီ နတ်ဆိုးကြီးက သူ့ကို ဧကရာဇ်အသစ်အဖြစ် ရွေးလိုက်တာ မဆန်းတော့ဘူး။ တကယ်ကို သမားရိုးကျ မဟုတ်တဲ့လူပဲ'

"စကားမပြောတော့ဘူးပေါ့ ဒါဆို ငါ ခန့်မှန်းကြည့်မယ် အစကတည်းက မင်းအဖေကို ကယ်ပါဆိုတဲ့ လုံးဝမဖြစ်နိုင်တဲ့ တောင်းဆိုမှုက ဈေးထဲမှာ ဈေးဆစ်တာနဲ့ တူတူပဲ။ အရင်ဆုံး ကောင်းကင်လောက်မြင့်တဲ့ ဈေးကို ခေါ်ထားလိုက်တယ် ဒါမှ မင်း တကယ်လက်ခံနိုင်တဲ့ ဈေးက ဘယ်လောက်လဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။ ပြီးတော့မှ အခွင့်အရေးကောင်းကို စောင့်ပြီး ကိုယ့်အတွက် အကျိုးအမြတ် နည်းနည်းပါးပါး ပြန်ယူလိုက်မယ်"

"ဒါပေါ့ ကံကောင်းပြီး မင်းခေါ်တဲ့ မဖြစ်နိုင်တဲ့ဈေးကို ပေးမယ့် ငတုံးတစ်ယောက်နဲ့ တိုးသွားရင်တော့ ဒါက အပိုဆုပေါ့"

တန့်ရှန်းဟန်က ချက်ချင်းပဲ ခါးကိုင်းညွှတ်လိုက်ပြီး

"အရှင်မင်းကြီးက အမြော်အမြင် အရှိဆုံးပါ"

ဟု ပြောလိုက်သည်။

"ဒါဆို ငါက မင်းနဲ့ ဈေးဆစ်ဖို့ စိတ်မဝင်စားဘူး။ မင်းရဲ့ တကယ့်ရည်ရွယ်ချက်အမှန်ကို အခု ပြောသင့်ပြီ"

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် တိန့်ရှန်းဟန်က မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး ပြောသည်။

"အရှင်မင်းကြီးက မြင့်မြတ်ပြီး သူရဲကောင်းဆန်ပါတယ်။ ကိုယ်လုပ်တော်က အရှင်မင်းကြီးကို လေးစားမြတ်နိုးမိပါတယ်။ တခြား ဘာမှ မတောင်းဆိုတော့ပါဘူး ကိုယ်လုပ်တော်နဲ့ မယ်တော်ကို ဘေးကင်းလုံခြုံအောင်ထားပေးဖို့ပဲ တောင်းဆိုပါတယ်"

"မင်း လုံခြုံမှုတစ်ခုတည်းကိုပဲ လိုချင်ခဲ့တာဆိုရင် ဒီလောက်ကြီးကျယ်တဲ့ ပြကွက်ကြီး လုပ်ပြစရာ မလိုပါဘူး မင်းရဲ့ ပြုစုစောင့်ရှောက်ခြင်း နန်းဆောင်ကို ပြန်ပြီး မင်းအမေနဲ့ အတူတူနေလိုက် ငါ မင်းတို့ကို အဲ့ဒီမှာ အေးအေးချမ်းချမ်း နေခွင့်ပေးနိုင်တယ်"

"အရှင်မင်းကြီးရဲ့ ကြင်နာမှုက ကိုယ်လုပ်တော်တို့နဲ့ မထိုက်တန်အောင်ပါပဲ ကိုယ်လုပ်တော် ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ယင်က ကိုယ်လုပ်တော်ကို အလွတ်ပေးမှာ မဟုတ်မှာကို စိုးရိမ်မိပါတယ်"

သူမ ဘာကြောင့် ဒီလိုစကားမျိုး ပြောရလဲဆိုတာကို ကျန်းပေရန် နားလည်လိုက်သည်။

ယင်ကျန်းဟုန်နဲ့ ခဏလောက် ဆက်ဆံကြည့်ပြီးတဲ့နောက်မှာ ဒီလူကြီးက ပြုံးနေတဲ့ ကျားတစ်ကောင်မှန်း သူသိ၏။

တစ်မိနစ်မှာတော့ "ပေရန်လေး ပေရန်လေး" ဆိုပြီး ရင်းရင်းနှီးနှီးခေါ်လိုက် "ငါ မင်းကို ထောက်ခံတယ်" လို့ ပြောလိုက်။ "ငါ့သမီးက မင်းအတွက်ပဲ" လို့ ပြောလိုက်နဲ့……

နောက်တစ်မိနစ်မှာပဲ နန်းတော်ထဲ ညဘက် ခိုးဝင်ဖို့ လူတစ်ယောက်ကို တိတ်တိတ်လေး လွှတ်လိုက်သည်။

စနစ်ကသာ ရွေးချယ်စရာတွေ ပေးမထားခဲ့ရင် ကျန်းပေရန်တစ်ယောက် သတိလက်လွတ်ဖြစ်သွားပြီး သူ့ရဲ့ အစွမ်းအမှန်ကို မတော်တဆ ဖော်ပြမိသွားနိုင်သည်။ အဲ့ဒီအချိန်ကျမှ အဲ့ဒီအဘိုးကြီးက ဘာတွေလုပ်မလဲ ဘယ်သူသိနိုင်မှာတုန်း။

တိန့်ရှန်းဟန်က ယင်ကျန်းဟုန်ရဲ့ ကတိမတည် မတည်ငြိမ်တဲ့ သဘောကို ကြိုမြင်ထားပြီး သူမကို နန်းတော်ထဲ ပြန်ပို့ထားတာက အသုံးဝင်တုန်းမို့လို့ ဆိုတာကိုလည်း သိနေပုံရသည်။

တကယ်လို့ သူမက အသုံးမဝင်တော့ဘူးဆိုရင် ယင်ကျန်းဟုန်က သူမကို အသက်ရှင်ခွင့် ပေးပါဦးမလား ဆိုတာက တကယ့်မေးခွန်းအမှန်ပဲ။

"ငါက မင်းကို မကာကွယ်နိုင်ဘူးလို့ ထင်နေတာပေါ့"

ကျန်းပေရန်က ပြောလိုက်သည်။

ဒီစကားကြားတော့ တိန့်ရှန်းဟန်က အတော်ကြာ တိတ်ဆိတ်နေသည်။

ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုမျိုး ခေါင်းမော့လိုက်ပြီး

"ကိုယ်လုပ်တော် စိုးရိမ်တာက အရှင်မင်းကြီးကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခက်ခဲနေမှာကိုပါ"

ဒီလို ပြောင်ပြောင်တင်းတင်း ပြောလိုက်တဲ့ စကားနောက်မှာ ဧကရာဇ်က မိုးကြိုးပစ်သလို ဒေါသထွက်လာမည်ဟု သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဧကရာဇ်က မျက်တောင်တစ်ချက်တောင် မခတ်ခဲ့ပေ။

တကယ်တမ်း သူက အေးအေး ဆေးဆေးပဲ သူ့အတွက် လက်ဖက်ရည်တစ်ခွက်တောင် ငှဲ့လိုက်သေးသည်။

"စိတ်ဝင်စားစရာပဲ"

ကျန်းပေရန်က လက်ဟန်ပြရင်း ပြောလိုက်၏။

"ဆက်ပြောလေ။ မင်းရဲ့ သရုပ်ဆောင်ချက်ကို ကြည့်ကြည့်ရအောင်"

တိန့်ရှန်းဟန်က အံ့အားသင့်ပြီး ခဏရပ်သွားပေမယ့် ကျန်းပေရန် ဘာကိုဆိုလိုသလဲဆိုတာ ချက်ချင်း နားလည်သွားပြီး ဖြည်းဖြည်းချင်း စပြောသည်။

"အရှင်မင်းကြီး။ ဂိုဏ်းချုပ် ယင်ကျန်းဟုန်လို လူမျိုးက အရှင်မင်းကြီးလို လည်လွန်းတဲ့လူ တစ်ယောက်ကို နန်းပလ္လင်ပေါ်မှာ ကြာကြာ ထိုင်နေခွင့် ပေးလိမ့်မယ်လို့ တကယ် ယုံကြည်နေတာတော့ မဟုတ်လောက်ပါဘူး"

"ဟေ ငါတို့ တွေ့တာ အမွှေးတိုင်တစ်တိုင်လောက်တောင် မကြာသေးဘူး မင်းက ငါ့ကို လူလည်လို့ သေချာနေပြီပေါ့"

"ဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေကြားထဲက ဖြောင့်မတ်ဂိုဏ်းရော မိစ္ဆာဂိုဏ်းရော နှစ်ဖက်လုံးရဲ့ ထောက်ခံမှုကို ရယူပြီး ဧကရာဇ်ဖြစ်လာနိုင်တာ ပြီးတော့ နှစ်လကြာတဲ့အထိ နေရာမပျောက်ဘဲ ဆက်ရှိနေနိုင်တာက လည်တဲ့လူတစ်ယောက်ပဲ လုပ်နိုင်ပါတယ်"

"မင်းအဖေထက် ပိုလည်တယ်လို့ ဆိုလိုတာပဲ"

တိန့်ရှန်းဟန် ခဏတော့ ဆွံ့အသွားပေမယ့် ချက်ချင်း ပြန်ဖြေသည်။

"တွေ့ဆုံချိန်က ခဏလေးဆိုပေမယ့် ကိုယ်လုပ်တော် မြင်ရသလောက်တော့ အရှင်မင်းကြီးက ဖြောင့်မတ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်း ခေါင်းဆောင်နှစ်ယောက်လုံးရဲ့ ယုံကြည်မှုကို ရထားပြီးပါပြီ။ ဒီတစ်ချက်တည်းနဲ့တင် ကိုယ်လုပ်တော်ရဲ့ဖခင်နဲ့ နှိုင်းလို့မရတော့ပါဘူး"

"ငါကတော့ မင်းအဖေက တော်တော်လည်တယ်လို့ ထင်တာပဲ ကံဆိုးသွားတာပါ သူ့ကံက နိမ့်နေပြီး နောက်ဆုံးအဆင့်မှာ ကျရှုံးသွားတာ"

ကျန်းပေရန်က လက်ဖက်ရည်ပူပူကို တစ်ငုံမော့လိုက်ပြီး ခွက်ကို ချရင်း ပြုံးလိုက်၏။

"နောက်ပြီး မင်းရဲ့ ခုနက နောက်ဆုံးစကားက ငါနဲ့ ဂိုဏ်းချုပ်ယင်ကြားထဲ သပ်လျှိုဖို့ ကြိုးစားနေတာပဲ"

"ကိုယ်လုပ်တော်က အရှင်မင်းကြီးအတွက် စိုးရိမ်လို့ပါ"

"ဟားဟားဟား စိုးရိမ်တတ်လိုက်တာ ငါတောင် ကြည်နူးသွားပြီ ဆက်ပြောဦး ငါက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခက်ခဲရမှာတဲ့တုန်း"

"ဂိုဏ်းချုပ်ယင်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရည်မှန်းချက်ကြီးမားပုံကို ကိုယ်လုပ်တော် ကြားသိခဲ့တာ ကြာပါပြီ။ အခုချိန်မှာ တောင်ထွတ်ပြည်နယ်က ရှုပ်ပွနေပြီး တိုင်းပြည်ကို တည်ငြိမ်အောင်လုပ်ဖို့နဲ့ ပြည်သူတွေရဲ့ ဘဝကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့အတွက် လည်လွန်းတဲ့ ဧကရာဇ်တစ်ပါးကို သူ လိုအပ်နေတယ်"

"ဒါပေမဲ့ ဒီရှုပ်ထွေးမှုတွေ ငြိမ်သက်သွားတာနဲ့ တစ်ပြိုင်နက် အရှင်မင်းကြီးက သူ့မျက်စိထဲမှာ ဒုတိယမြောက် တိန့်ဘို ဖြစ်လာတော့မှာပါ ပြီးတော့ အရှင်မင်းကြီးက ကိုယ်လုပ်တော်ရဲ့ ဖခင်ထက်တောင် ပိုလည်တဲ့အတွက် သူက ပိုပြီးတော့တောင် သံသယတွေ ဝင်လာတော့မှာပါ"

ဒီစကားကြားတော့ ကျန်းပေရန်ရဲ့ မျက်နှာပေါ်မှာ အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူက ရုတ်တရက် သဘောပေါက်သွားတဲ့ ပုံစံမျိုး လုပ်လိုက်၏။

"ငါ့အခြေအနေက နောက်ပိုင်း တော်တော်လေး ချောမွေ့နေခဲ့တာပဲ ချောမွေ့လွန်းနေတာကိုး ဒီဘက်ကိုတောင် မတွေးမိဘူး တိန့်သခင်မလေး ပြောတာ မှတ်သားစရာပဲ ဆက်ပြောပါဦး"

ကျန်းပေရန်က သူ့ရဲ့ ထိတ်လန့်မှုကို ဖုံးကွယ်ဖို့ ကြိုးစားနေပေမယ့် သိပ်မအောင်မြင်တဲ့ပုံကို မြင်တော့ တိန့်ရှန်းဟန်က နည်းနည်း စိတ်သက်သာရာ ရသွားသည်။

သူမ ဧကရာဇ်ရဲ့ အထိမခံနိုင်တဲ့ နေရာကို ထိမိသွားပြီ။

"အရှင်မင်းကြီး အခုဆို ကိုယ်လုပ်တော်က အရှင်မင်းကြီးနဲ့ ကံကြမ္မာတူ ဖြစ်နေပါပြီ။ အရှင်မင်းကြီးသာ နန်းကျသွားရင် ကိုယ်လုပ်တော်လည်း ဆိုးဆိုးရွားရွား အဆုံးသတ်ရမှာပါ။ အရှင်မင်းကြီးသာ သဘောတူမယ်ဆိုရင် ကိုယ်လုပ်တော်က အရှင်မင်းကြီး စဉ်းစားတော်မူဖို့ စိတ်ကူးတချို့ကို ရဲရဲကြီး တင်ပြချင်ပါတယ်"

"မြန်မြန်ပြော"

ကျန်းပေရန်က နည်းနည်း စိုးရိမ်ပူပန်နေတဲ့ လေသံနဲ့ တိုက်တွန်းလိုက်သည်။

ကျန်းပေရန်ရဲ့ မျက်ခုံးတွေကြားက စိုးရိမ်ပူပန်မှုတွေ တိုးလာတာကို တိန့်ရှန်းဟန် မြင်လိုက်ရသည်။ သူ့ပုံစံက အရေးကြီးတဲ့ အားနည်းချက်တစ်ခုကို လျစ်လျူရှုမိမှန်း ရုတ်တရက် သဘောပေါက်သွားတဲ့ ဉာဏ်ကောင်းတဲ့လူ တစ်ယောက်ရဲ့ ပုံစံအတိုင်းပင်။

'ဘယ်သူမဆို အားနည်းချက်မရှိဘဲ နေတာမှ မဟုတ်တာ'

"ပထမအချက်က တောင်ထွတ်ပြည်နယ်ရဲ့ ရှုပ်ထွေးမှုတွေ ငြိမ်သက်သွားတဲ့အခါ အရှင်မင်းကြီးက နန်းပလ္လင်ကို စပြီး စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါ ဒါဆို ဂိုဏ်းချုပ်ယင် သံသယဝင်စရာ အကြောင်းရင်း မရှိတော့ဘူး"

"လက်မခံနိုင်ဘူး"

ကျန်းပေရန်က ချက်ချင်း ခေါင်းခါလိုက်သည်။

"တောင်ထွတ်ပြည်နယ်က ရှုပ်ထွေးမှုတွေ ငြိမ်ဖို့က အချိန်အကြာကြီး ယူရဦးမှာ။ အဲ့ဒီအချိန်ကျမှ ငါက ရုတ်တရက် နန်းဆင်းလိုက်ရင် ဂိုဏ်းချုပ်ယင်က ငါ့ကို နောက်ကွယ်မှာ တစ်ခုခု ကြံစည်ထားတယ်လို့ သေချာပေါက် သံသယဝင်မှာ။ ပြီးတော့ သူက ငါ့ကို နန်းဆင်းခွင့်မပေးဘဲ နန်းပလ္လင်ပေါ်မှာပဲ သေခိုင်းလိုက်ရင် ဘယ်လိုလုပ်မတုန်း"

တိန့်ရှန်းဟန်က ခေါင်းညိတ်လိုက်သည်။

"အရှင်မင်းကြီးက ပညာရှိပေစွ ကိုယ်လုပ်တော် သေချာ မစဉ်းစားမိလိုက်ဘူး"

"ဒုတိယ စိတ်ကူးကရော"

"အရှင်မင်းကြီးက ဒီအချိန်အတွင်း လုပ်သမျှ အရာအားလုံးကို ယင်ကျန်းဟုန်ကို အသေးစိတ် သတင်းပို့နိုင်ပါတယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် တာဝန်ပေးခိုင်းလိုက်ပါ။ ဒီလိုဆိုရင် အရာအားလုံးက ပွင့်လင်းမြင်သာနေပြီး သူ့မှာ သံသယဝင်စရာ အကြောင်းမရှိတော့ပါဘူး"

"အင်း ဒါကလည်း စိတ်ကူးတစ်ခုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက ငါ့ကို ယင်ကျန်းဟုန်ရဲ့ ရုပ်သေးရုပ် ဖြစ်သွားစေမှာပေါ့"

"ဟုတ်ပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သူ့ကို ကိုယ်လုပ်တော်ထက် ပိုနားလည်မှာပါ။ အရှင်မင်းကြီးသာ ဒီလိုမလုပ်ဘူးဆိုရင် သူက အရှင်မင်းကြီးကို တကယ် ယုံကြည်လာမှာ မဟုတ်ဘူး"

ကျန်းပေရန်က မျက်လုံးတွေကို မှိတ်ချလိုက်ပြီး အကြာကြီး စဉ်းစားနေသည်။

နောက်ဆုံးတော့ သူက သူ့ရဲ့ နှာတံကို ပွတ်သပ်လိုက်ပြီး

"နောက်စိတ်ကူးတစ်ခု ဒီတစ်ခုကို ခဏထားလိုက်ဦး"

ဧကရာဇ်က သူ့အသက်သေမှာကို ကြောက်နေပြီး တစ်ချိန်တည်းမှာပဲ တခြားတစ်ယောက်ရဲ့ ရုပ်သေးရုပ် မဖြစ်ချင်ဘူးဆိုတာကို မြင်လိုက်ရတော့ တိန့်ရှန်းဟန်က သူမ သူ့ယုံကြည်မှု အများစုကို ရလိုက်ပြီဆိုတာ သေချာသွားသည်။

ဒါကြောင့် သူမက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုမျိုး ပြတ်သားစွာ ပြောလိုက်၏။

"ကိုယ်လုပ်တော် အရင်ပြောခဲ့သလိုပဲ။ တို့နှစ်ယောက်ရဲ့ ကံကြမ္မာက အခု အတူတူ ချည်နှောင်ထားပြီးသားပါ အရှင်မင်းကြီးသာ နန်းကျရင် ကိုယ်လုပ်တော်လည်း သေရမှာပဲ။ ဒါကြောင့် အပြစ်ပေးခံရမှာကို စိုးပေမယ့် နောက်ထပ် စိတ်ကူးတစ်ခု တင်ပြပါရစေ။ အရှင်မင်းကြီး လျန်တိုင်းပြည်ရဲ့ လတ်တလော လှုပ်ရှားမှုတွေကို သတိထားမိမယ် ထင်ပါတယ်"

ကျန်းပေရန်ရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားပြီး သူ့မျက်နှာအမူအရာက အလျင်အမြန် ပြောင်းလဲသွားတာကို မြင်တော့ တိန့်ရှန်းဟန်က သူ ဘာကိုဆိုလိုသလဲဆိုတာ နားလည်သွားမှန်း အတည်ပြုလိုက်နိုင်ပြီး လူလည်တွေရဲ့ စိတ်က ဘယ်လောက်တောင် လွယ်လွယ်ကူကူ ချိတ်ဆက်မိသလဲဆိုတာကို အံ့ဩမိသွားသည်။

ခဏအကြာမှာ ကျန်းပေရန်က သက်ပြင်းချလိုက်သည်။

"ဘာလှုပ်ရှားမှုတွေတုန်း"

"လျန်တိုင်းပြည်ရဲ့ အစွမ်းထက်တဲ့ အနက်ရောင်သခင်အဆင့် ကျင့်ကြံသူတွေက ရှန့်တိုင်းပြည်ကို လောဘတကြီး ကြည့်နေတာ ကြာပါပြီ ဒါကြောင့် လောင်းကြေးတစ်ခု ထပ်ထိုးကြည့်သင့်တယ်။ လျန်တိုင်းပြည်နဲ့ လက်တွဲကြည့်ပါ"

ကျန်းပေရန်က ဘယ်လို မျက်နှာပေးမျိုး လုပ်ပြရမလဲလို့ စဉ်းစားနေတုန်းမှာပဲ စနစ်ရဲ့ ရွေးချယ်စရာတွေက ရုတ်တရက် ပေါ်လာသည်။

[ရွေးချယ်စရာ ၁ - တိန့်ရှန်းဟန်ရဲ့ အကြံပြုချက်ကို သဘောတူလိုက်ပါ။ ဆု - ကျောက်စိမ်းဧကရာဇ် ဝိညာဉ်အနုပညာ (မြေကမ္ဘာအဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်စရာ ၂ - တိန့်ရှန်းဟန်ကို တုံးလိုက်တာလို့ အကျယ်ကြီး အော်ငေါက်လိုက်ပါ။ ဆု - ငန်းရိုင်းအမွေးအတောင် ရတနာမြေပုံ (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်စရာ ၃ - ဒီစကားဝိုင်းအကြောင်းကို နောက်မှ ယင်ကျန်းဟုန်ကို ပြန်ပြောပြပါ။ ဆု - ကျပန်း အထူးအရည်အသွေး အမှတ် +၁]

'ဟင်'

ကျန်းပေရန် တော်တော်လေး အံ့အားသင့်သွားသည်။

သူက သူ့အဖေ လျှို့ဝှက်ပြီး ဘယ်သူနဲ့ လက်တွဲနေခဲ့သလဲဆိုတာကို တိန့်ရှန်းဟန်ဆီကနေ သတင်းနည်းနည်းပါးပါး လှည့်စားပြီး မေးကြည့်ဖို့ပဲ ကြိုးစားနေခဲ့တာ။

သူ စနစ်က ရွေးချယ်စရာတစ်ခု ထုတ်ပေးလာမည်ဟု မမျှော်လင့်ထားချေ။ အထူးအရည်အသွေး အမှတ်တောင် ပါသေးသည်။

စနစ်က ဒါကို သူ တမင်တကာ သွား 'နှိုးဆွ' လိုက်တာလို့ ထင်နေပုံရသည်။

'နောက်ဆိုရင် ဒီလိုမျိုး မကြာမကြာ သွားနှိုးဆွကြည့်ရမယ်ထင်တယ်'

ရွေးချယ်စရာ ၃ ကို ရွေးလိုက်ပြီး ကျန်းပေရန်က တိန့်ရှန်းဟန်ဘက် လှည့်ပြောလိုက်သည်။

"လျန်တိုင်းပြည်နဲ့ လက်တွဲတာနဲ့ ယင်ကျန်းဟုန်နဲ့ လက်တွဲတာ ဘာကွာလို့တုန်း ရှန့်တိုင်းပြည်ကို သိမ်းပြီးသွားရင် လျန်တိုင်းပြည်ရဲ့ သခင်က ငါ့ကို ဧကရာဇ် ဆက်လုပ်ခွင့် ပေးဦးမှာ မဟုတ်ဘူး"

"ဒါကြောင့်မို့လို့ ဒါက လောင်းကြေးတစ်ခုလို့ ပြောတာပေါ့။ ယင်ကျန်းဟုန်နဲ့ဆို အရှင်မင်းကြီးမှာ ကျွန်မ အရင်ပြောခဲ့တဲ့ လမ်းနှစ်လမ်းပဲ ရှိတယ်။ ဒါပေမဲ့ လျန်တိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့ရင် ရွေးချယ်စရာတွေ ပိုများလာနိုင်တယ်"

"ဥပမာ"

"လျန်တိုင်းပြည်ရဲ့ အနက်ရောင်သခင်က ကတိတည်တယ်လို့ နာမည်ကြီးတယ်။ သူကသာ အရှင်မင်းကြီးရဲ့ စည်းကမ်းချက်တွေကို သဘောတူခဲ့ရင် စကားကို ပြန်မပြင်တတ်ဘူး။ ဒါကြောင့် အရှင်မင်းကြီးအတွက် ဘေးမသီ ရန်မခဘဲ ဆုတ်ခွာနိုင်မယ့် အခွင့်အရေးကောင်း ရှိနေပါသေးတယ်"

"တိန့်သခင်မလေးက လျန်တိုင်းပြည်အကြောင်း တော်တော်လေး သိပုံပဲ"

"အရှင်မင်းကြီးကို အမှန်အတိုင်း ဝန်ခံရရင် လျန်တိုင်းပြည်က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကိုယ်လုပ်တော်ရဲ့ ဖခင်နဲ့ တွေ့ဖို့ သံတမန်တွေ လွှတ်ခဲ့ပါတယ်"

'အော်'

ကျန်းပေရန် အခုမှ သဘောပေါက်သွားသည်။

ဆိုတော့ ဒါက တိန့်ဘိုရဲ့ အမူအကျင့် ရုတ်တရက် ပြောင်းသွားရတဲ့ အကြောင်းရင်းပေါ့။

အဲ့ဒီ သံတမန်က ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ အစီအစဉ်တွေ ယူလာခဲ့ပြီး တိန့်ဘိုက အဲ့ဒါကို ယုံသွားတာပဲ ဖြစ်ရမည်။

ယင်ကျန်းဟုန်နောက် လိုက်ရင် သေလမ်းပဲ ရှိတယ်လို့ တွေးပြီး တခြားလမ်းတစ်ခုကို သူ ရှာခဲ့တာပေါ့။

'ဆိုတော့ လျန်တိုင်းပြည်ရဲ့ ကြီးမားတဲ့ အင်အားက သူ့နောက်ကွယ်မှာ အစကတည်းက ထောက်ခံပေးနေခဲ့တာကိုး'

ဒါက တိန့်ဘိုက ဖြောင့်မတ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းပေါင်းများစွာကို ရုတ်တရက် ဘယ်လို စုစည်းနိုင်ခဲ့သလဲဆိုတာကို ရှင်းပြနိုင်သွားပြီ။

လျန်တိုင်းပြည်က နောက်ကွယ်ကနေ အရင်းအမြစ်တွေ ထောက်ပံ့ပေးနေခဲ့တာ ဖြစ်ရမည်။

အခုတော့ ရှန့်တိုင်းပြည်ရဲ့ ပထမဆုံး ရန်သူက ဘယ်သူလဲဆိုတာ ကျန်းပေရန် နားလည်သွားပြီ။

လျန်တိုင်းပြည်က ရှန့်တိုင်းပြည်ရဲ့ တည့်တည့်မှာ ရှိနေတာ။

နှစ်ပြည်ထောင်လုံးမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ သိပ်မပေါများဘူး။

နှစ်ယောက်လုံးက အံ့ဖွယ်နဂါးတိုက်ကြီးပေါ်က "ဒုက္ခအတူခံ ညီအစ်ကိုတွေ" ပဲ။

ဒါပေမဲ့ နည်းပါးတဲ့ မြေတွေ ဖြစ်နေဦးတော့ ဒါတွေက ပြည်နယ်နှစ်ခုစာ ကျင့်ကြံကွင်းတွေပဲ။

ရှန့်တိုင်းပြည်ကိုသာ သူတို့ ရလိုက်ရင် လျန်တိုင်းပြည်အတွက် အကြီးအကျယ် အမြတ်ထွက်မှာ။

ဒါကြောင့် သူတို့က ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးတာက သဘာဝကျလွန်းနေသည်။

အခု ဇာတ်လမ်းက ရှင်းလင်းလာပြီဆိုတော့ ကျန်းပေရန်က မေးလိုက်၏။

"ဆိုတော့ မင်းအဖေက လျန်တိုင်းပြည်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူလိုက်တယ်"

"ဟုတ်ပါတယ်"

တိန့်ရှန်းဟန်က ခေါင်းညိတ်လိုက်သည်။

"ဒါက အန္တရာယ် သိပ်များလွန်းတယ် ငါ နည်းနည်းလောက် ထပ်စဉ်းစားကြည့်ရဦးမယ်"

"အရှင်မင်းကြီး လျန်တိုင်းပြည်ရဲ့ သံတမန်နဲ့ အရင် တွေ့ကြည့်ပြီးမှ မဟာမိတ်ဖွဲ့မဖွဲ့ နောက်မှ ဆုံးဖြတ်ကြည့်စေချင်ပါတယ်"

ကျန်းပေရန် ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်းမှာပဲ ရွေးချယ်စရာ နှစ်ခု ပေါ်လာသည်။

[ရွေးချယ်စရာ ၁ - ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါ။ ဆု - မီးကျီးကန်း မိစ္ဆာစာလိပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်စရာ ၂ - "ငါ စဉ်းစားကြည့်လိုက်ဦးမယ်" ဆု - ကျပန်း အထူးအရည်အသွေး အမှတ် +၁]

'ဟင်'

ရွေးချယ်စရာ ၂ ကို ကြည့်ရင်း ကျန်းပေရန်က ဒါက တော်တော်လေး အဓိပ္ပာယ်ရှိသည်ဟု တွေးမိသည်။

သူက ဒီကောင်မလေးဆီက သတင်းနည်းနည်းရဖို့ ဟန်ဆောင်ကစားကြည့်ရုံပဲ ကြံရွယ်ခဲ့တာ။ ဒါပေမဲ့ ဒီဟန်ဆောင်မှုက မကြာခင်မှာ အစစ်အမှန် ဖြစ်လာတော့မယ့်ပုံပင်။

မဟုတ်ရင် စဉ်းစားစရာ ဘာရှိမှာတုန်း။

All Chapters