← Chapters

အပိုင်း (၃၇၃)

Vol. 28 Ch. 373

အပိုင်း (၃၇၃)

Vol. 28 Ch. 373

ထုဟိုင်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပြန်လည်ကာ တည်ဆောက်ချင်နေလေသည်လား။ ထိုအတွက် ပိုက်ဆံမည်မျှ ကုန်မည်နည်း။ ပိုက်ဆံက ကိစ္စကြီး မဟုတ်ချေ။ ပိုမို၍ အရေးကြီးသည်မှာ ဓလေ့ထုံးစံ အလေ့အထပင် ဖြစ်၏။

စုကလန်နှင့် ချင်နိုင်ငံတို့ ပေါင်းစပ်ခဲ့ပြီးနောက် တော်ဝင်ရန်အင်ပါယာသည် အချိန်အတိုင်းအတာ တစ်ခုအထိ သူတို့ကို ဘွဲ့ထူး လွှဲအပ်ပေးလိမ့်မည် မဟုတ်ဟု စုနန်က တွေးတောထားပြီး ဖြစ်သည်။

သို့ပေမည့် နှစ်ပေါင်းများစွာ သို့မဟုတ် အုပ်ချုပ်ရေး အာဏာကို တည်မြဲအောင် ဖမ်းဆုပ်ထားနိုင်သည် ဆိုပါက စုနန်သည် ကျိန်းသေပေါက် တော်ဝင်ရန် အင်ပါယာ၏ အလိုလို ဝင်ရောက်ရမည်မှာ သဘာဝပင်ဖြစ်သည်။ ချင်နိုင်ငံသည်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော်ငြား ချင်နိုင်ငံဆိုသည်မှာ ရှိချင်မှ ရှိပေတော့မည်။ စုနိုင်ငံ အဖြစ် ပြောင်းလဲကောင်း၊ ပြောင်းလဲသွားနိုင်၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းကို နိုင်ငံအတွင်း တည်ဆောက်ခွင့်ပေးပါက တော်ဝင်ရန်အင်ပါယာက မည်သို့ ထင်မည်နည်း။ သို့ပေမည့် ကိစ္စမရှိချေ။ သူ့အနေနှင့် လောလောဆယ် သဘောတူညီလိုက်ရုံသာ ရှိ၏။ နောင်တစ်ချိန် တော်ဝင်ရန်အင်ပါယာနှင့် ညှိနှိုင်းဆွေးနွေးချိန်မှ ထိုလူများကို ရှင်းလင်းပစ်မည်ဟူသည့် ကတိမျိုး ပေးနိုင်သည်။

“ကောင်းပြီ။ ကျုပ် သဘောတူတယ်” စုနန်က ပြောလိုက်၏။

ထုဟိုင်က ပြောလိုက်သည်။ “အချိန်မရှိတော့ဘူး။ ကျုပ်တို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို သွားပြီး စစ်သည်တွေကို ချက်ချင်း စုစည်းတော့မယ်။ လဝက်အတွင်း ကျုပ်တို့ ပြန်လာခဲ့မယ်”

စုနန်က ပြောလိုက်၏။ “ကောင်းပြီ။ သတင်းကောင်း စောင့်နေမယ် ဆရာကြီး”

ထုဟိုင်က ထွက်ခွာသွားခဲ့သည်။

စုရွှင်က ပြောလိုက်၏။ “ကျုပ် စစ်သည်တော် ၅၀၀၀ ကျော်ကို ဦးစီးပြီး ကျန်းယွမ်မြို့ကို သွားမယ်”

စုနန်က ခေါင်းခါယမ်းလိုက်သည်။ “စုရုံ.. ချောင်ပြည်နယ်ရဲ့ နတ်ဆိုးတောင်ကြား တာအိုနန်းတော်ဆီ သံတမန်တစ်ယောက် လွှတ်လိုက်။ ချောင်ပြည်နယ်ရဲ့ မဟာပညာရှင်ပန်ရော့ကို တောင်ပေါ်က ဆင်းခဲ့ဖို့ ခွင့်တောင်းလိုက်။”

ရွှဲ့ပြည်နယ်၌ မဟာပညာရှင် ခြောက်ယောက် ရှိ၏။ ထိုအတူ ချောင်ပြည်နယ်တွင်လည်း မဟာပညာရှင် ခြောက်ယောက် ရှိ၏။ နိုင်ငံအသီးသီးတွင် မဟာပညာရှင် ခြောက်ယောက်အဖြစ် သတ်မှတ်ထားခဲ့ခြင်းပင်။ ဝူပြည်နယ်သည် အားနည်းလွန်းသောကြောင့်သူတို့၏ ဝေစုသည် ငါးယောက်သာလျှင် ရှိ၏။

စုရုံက ပြောလိုက်သည်။ “ကောင်းပါပြီ”

စုနန်သည် အတွင်းအခန်းထဲသို့ လျှောက်ဝင်သွားခဲ့ပြီး သေတ္တာတစ်ခုကို ကိုင်ကာ ထွက်လာ၏။ ပြီးနောက် စုရုံကို ကမ်းပေးကာ ပြောလိုက်၏။ “တကယ်လို့ လီချင်းချိုးကို ရင်ဆိုင်ဖို့ တောင်အောက်ကို ဆင်းမလာဘူးဆိုရင် ဒီသေတ္တာကို ပေးလိုက်။ ကျိန်းသေပေါက် သဘောတူလိမ့်မယ်”

“ကောင်းပါပြီ”

စုနန်က ထပ်ပြောလိုက်သည်။ “စုရွှင်... ခင်ဗျားရဲ့ အမိန့်ပေးမှုအောက်မှာ စစ်သည်တော် ၅၀၀၀ ကျော် ရှိတယ်။ ဒီလူတွေ အကုန်လုံးကို တိုက်ခိုက်ခြင်း မပြုစေဘဲ ကျန်းယွမ်မြို့ကို သွားဝိုင်းခိုင်းထားလိုက်။ မြို့ထဲမှာ ရှုပ်ထွေးမှု ဖြစ်တဲ့ ကိစ္စက သိပ်ပြီး ကြာမှာ မဟုတ်ဘူး။ အချိန်ရောက်လာပြီဆိုရင် မြို့ထဲမှာရှိတဲ့လူတွေက ရှမ့်လန်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်လိမ့်မယ်”

ပြီးနောက် စုနန်က သက်ပြင်းချလိုက်၏။ “ရှမ့်လန် လျှောက်ပြီး လုပ်စရာရှိတာ လုပ်နေဖို့ပဲ မျှော်လင့်မိတယ်။ ကျန်းယွမ်မြို့ကနေ မထွက်သွားဖို့ကိုလည်း မျှော်လင့်မိတယ်”

.....

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ရှမ့်လန်က ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ... ကျန်းယွမ်မြို့မှာ ကျုပ်တို့ ဆက်နေလို့ မရတော့ဘူး။ စုနန်ရဲ့ စစ်တပ်က မကြာခင် မြို့တစ်ခုလုံးကို လာပြီး ဝိုင်းတော့မယ်။ ဒီမြို့ကြီးထဲမှာ အစားအသောက်ကို ထုတ်လုပ်နိုင်စွမ်း မရှိဘူး။ ပြီးတော့ အကုန်လုံးက ကုန်သွယ်မှုအပေါ်မှာ မှီခိုပြီး နေခဲ့တာ။ မြို့ထဲမှာလည်း လုံလောက်တဲ့ အစားအစာ မရှိဘူး”

အကယ်၍ စုနန်၏ စစ်တပ်ကြီးလာရောက် မတိုက်ခိုက်ဘူးဆိုလျှင်တောင် မြို့ထဲတွင် ရှိနေသည့် လူများသည် စားသောက်ရန် အစားအစာ ရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် လူပေါင်းသောင်းချီတို့သည် ဆာလောင်လာ ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှမ့်လန်ကို အသက်ရှင်လျက်ဖြင့် အရေခွံခွာပေလိမ့်မည်။

“ခင်ဗျားတို့အားလုံးက ငွေကြေးတွေ ခေါင်းပုံဖြတ်ခြင်း ခံခဲ့ရတယ်။ ဒီတော့ ခင်ဗျားတို့ ရသင့်ရထိုက်တဲ့ အရာတွေ အကုန်လုံးကို ရသလောက် ယူ။ ပြီးတော့ ခင်ဗျားတို့ရဲ့ မိဘ၊ မိတ်ဆွေ သူငယ်ချင်း၊ ရောင်းရင်းတွေ အကုန်လုံးကို ခေါ်တော့ တစ်ညအတွင်းမှာ ပြောင်းကြမယ်”

ပြီးနောက် ရှမ့်လန်က ရယ်မောလိုက်၏။ “ကျုပ် ကျန်းယွမ်မြို့ထဲမှာ မနေတော့ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် လုံလောက်အောင် မသတ်ရသေးလို့ပဲ။ စစ်သည်တော်တို့... ယူသင့်တာ အကုန်လုံး ယူပြီးပြီလား။ ကျုပ်တို့ ပိုင်ရီခရိုင်မှာရှိတဲ့ တခြားမြို့တွေဆီကို သွားကြမယ်။ ပြီးတော့ မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ အနောက်တိုင်း ကုန်သည်တွေကို သတ်မယ်။ သူတို့ရဲ့ ဆိုင်ထဲက ပိုက်ဆံတွေကို လုကြမယ်”

“အဲဒီမြို့တွေက ကျန်းယွမ်မြို့နှင့် ခြားနားတဲ့ မြို့တွေပဲ။ အစောင့်အကြပ် လုံလုံလောက်လောက် ရှိမှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျုပ်နောက်ကို လိုက်ချင်လား။ ကျုပ်နဲ့အတူ ချမ်းသာကြွယ်ဝမှုကို ရချင်ကြလား”

လက်ရှိ ရှိနေကြသည့် လူများသည် တိုက်ခိုက်ခြင်းကြောင့် ရူးသွပ်လုနီးပါး သွေးဆူနေကြပြီ ဖြစ်၏။ သူတို့သည် များပြားလွန်းသည့် ပိုက်ဆံများကို ရယူခဲ့ပြီးသား ဖြစ်၏။ စုကလန်မှ ပြန်လည်ရယူထားခဲ့သည့် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးအားလုံးသည် သူတို့၏ အိတ်ထဲသို့ ရောက်ရှိနေကြသည်။

ရှမ့်လန် ထိုစကားကို ပြောသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “လုပ်ကြမယ်။ လုပ်ကြမယ်။ ချမ်းသာကြွယ်ဝမှုကို ရှာဖွေကြမယ်”

ရှမ့်လန်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ “အင်း ကျုပ်က အိုမင်းရင့်ရော်တဲ့လူ၊ အားနည်းတဲ့လူ၊ ကလေးတွေကို မလိုချင်ဘူး။ မိန်းမတွေကိုလည်း မလိုချင်ဘူး။ ကျုပ် လိုချင်တာ ငယ်ရွယ်နုပျိုတဲ့ လူငယ်ပေါင်း ၅၀၀၀ ကျော်ပဲ”

ရိုးသားသည့် လူများသည် တွန့်ဆုတ်သွားခဲ့ကြ၏။ သူတို့ ယနေ့ရခဲ့သည့် ပိုက်ဆံက လုံလောက်ပြီ ဖြစ်၏။ သူတို့သည် အလွန်အမင်း လောဘတရား မရှိကြချေ။ သို့ပေမည့် လောဘရှိသည့်လူများမှာတော့ ပိုမိုကာ လိုချင်ကြ၏။ အချို့သောလူများသည် သွားရန် တွန့်ဆုတ်လို့ နေခဲ့၏။ သို့ပေမည့် ထပ်မံ ရရှိလာခဲ့မည့် အရာများကို မြင်ယောင်မိချိန်မှာတော့ မဖြစ်မနေ သွားချင်စိတ် ပေါက်လာခဲ့၏။

ပြီးနောက် ရှမ့်လန်သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ငယ်ရွယ်နုပျိုသည့် လူငယ် ၄၀၀၀ မှ ၅၀၀၀ နီးပါးကို ရွေးချယ်ခဲ့၏။ သို့ပေမည့် ဤအရာက မရပ်တန့်သေးချေ။ သူသည် ဤလူ ၅၀၀၀ ကို ခေါ်ဆောင်ပြီး အနီးဆုံးရှိ ပိုင်လင်းမြို့ဆီသို့ သွားရောက်သည်။

“အမိန့်ပေးလိုက်မယ်။ ပိုင်ရီခရိုင်ထဲမှာ ရှိနေတဲ့ အနောက်တိုင်း ကုန်သည်တွေ အကုန်လုံးရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးက ရွှဲ့ပြည်နယ်က လူတွေရဲ့ ပိုင်ဆိုင်မှုပဲ။ အနောက်တိုင်းကုန်သည်တွေ ပိုင်ဆိုင်တဲ့အရာအားလုံးကို ယူမယ်။ ရွှေငွေတွေ ဘယ်လောက် ရှိရှိ အားလုံးက မင်းတို့ ပိုင်ဆိုင်တဲ့ အရာတွေပဲ ဖြစ်လိမ့်မယ်။ ဒီအရာက ဘုရင်မင်းမြတ်ရဲ့ အမိန့်တော် ဖြစ်တယ်။ ရှိသမျှ မြို့တိုင်းကို ဝင်ပြီး အနောက်တိုင်းကုန်သည်တွေရဲ့ ပစ္စည်းတွေကို ယူကြမယ်”

ညရောက်သည့် အချိန်မှာတော့ ...

ရှမ့်လန်သည် သန်မာအားကောင်းသည့် လူအင်အား ၅၀၀၀ ကျော်ကို ဦးဆောင်ကာဖြင့် ပိုင်လင်းမြို့ဆီသို့ ချီတက်လျက် ရှိနေ၏။ သူ ထွက်ခွာပြီး မကြာခင်မှာပဲ သူလျှိုများသည် နယ်စားအိမ်တော်ဆီသို့ အသီးသီး သွားရောက်ကာ သတင်းပေးပို့၏။

နာရီအနည်းငယ်ကြာပြီးနောက် စုနန်သည် များပြားလွန်းသည့် လျှို့ဝှက်သတင်းပေးမှုများကို တစ်ခုပြီးတစ်ခု လက်ခံရရှိသည်။

“ရှမ့်လန်က ထွက်ခွာသွားခဲ့ပြီ။ သူက လူအင်အား ၅၀၀၀ ကျော်နဲ့အတူ ပိုင်လင်းမြို့ဆီ သွားခဲ့ပြီ။ သူပြောတာကတော့ ပိုင်လင်းမြို့မှာ ရှိတဲ့ အနောက်တိုင်း ကုန်သည်တွေဆီက ပစ္စည်းဥစ္စာအကုန်လုံးကို လုယူပြီး သတ်ဖြတ်ပစ်မယ်တဲ့။

ပြီးတော့ သူက ကြီးကြီးကျယ်ကျယ်နှင့် အမိန့်တော်ဆိုပြီးလည်း ထုတ်ပြန်ခဲ့သေးတယ်။ အနောက်တိုင်း ကုန်သည်တွေရဲ့ဆိုင်ထဲက အရာတွေအကုန်လုံးကို ယူလို့ ရတယ်။ ဒီရွှေတွေ၊ ငွေတွေ အကုန်လုံးကို လုယူနိုင်တဲ့သူ ရမယ်လို့ ပြောခဲ့တယ်”

စုရွှင်က တုန်လှုပ်သွားခဲ့၏။ သူတို့ တစ်ညအတွင်း စစ်သည်များကို စုစည်းပြီး ကျန်းယွမ်မြို့ဆီသို့ သွားရန် ပြင်ဆင်လျက် ရှိနေတုန်းပင်။ သို့ပေမည့် ရှမ့်လန်က ထွက်သွားခဲ့ပြီ ဖြစ်၏။

“အရှင်.. ကျုပ် မြင်းသည်တော် ၂၀၀၀ ကျော်ကို ဦးဆောင်ပြီး သွားမယ်။ ချက်ချင်း ဒီလူတွေနောက်ကို လိုက်ပြီး တစ်ခါတည်း သတ်ဖြတ်လိုက်မယ်”

စုရွှင်သည် စုနန်၏ အစ်ကိုကြီး ဖြစ်၏။ သို့ပေမည့် အရှင်ဟုသာလျှင် ဆက်တိုက်ဆိုသလို ခေါ်ဆိုနေ၏။

နယ်စားကြီး စုနန်သည် မြေပုံဆီသို့ အသာ လမ်းလျှောက်သွားပြီး တွေးတွေးဆဆဖြင့် မျက်မှောင်ကြုတ်လျက် ရှိ၏။ သူ၏ အသံများက ရုတ်တရက် အေးစက်လာခဲ့သည်။ “မဟုတ်သေးဘူး။ သူတို့ကို လုချင်တာ လုပါလေ့စေ။ ရချင်တာ ယူပါလေ့စေ”

ပြောပြီးနောက် တည်ရှိနေသည့်လူအားလုံးက ကြောင်သွားခဲ့၏။ “အရှင်.. ဒီအနောက်တိုင်း ကုန်သည်တွေ အကုန်လုံးက ကျုပ်တို့ရဲ့ ပိုက်ဆံအိတ်တွေနော်”

စုနန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီလူတွေ အကုန်လုံးက ငါတို့ရဲ့ ပိုက်ဆံအိတ်တွေပဲ။ သူတို့က နှစ်စဉ်နှစ်တိုင်း ငါတို့ကို အခွန်တွေ ပေးနေတယ်။ ဒါပေမယ့် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါတွေ အကုန်လုံးကို ရရင်ကော မကောင်းဘူးလား”

စုရွှင်က တုန်လှုပ်သွားခဲ့၏။ “အရှင် ဆိုလိုတာက အနောက်တိုင်း ကုန်သည်တွေဆီကနေ လုယက်ခွင့်ပြုထားရမယ်ပေါ့။ ပြီးတော့မှ ဒီလူတွေဆီကနေ ရွှေတွေငွေတွေကို ကျုပ်တို့ ပြန်ယူမယ်။ ဒါဆိုရင်် အနောက်တိုင်းကုန်သည်တွေလည်း မရှိတော့ဘူး။ ဒါဆိုရင် ကျုပ်တို့ ဘယ်လို ဆက်ပြီး ကုန်သွယ်မှုကို လုပ်မှာလဲ”

စုနန်က ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်ရဲ့လုပ်ငန်းတွေကို ငါတို့ အကုန်လုံးက အသားကျပြီးသား။ ငါတို့ အနေနဲ့ တိတ်တဆိတ် ကုန်သွယ်မှုတွေ ပြုလုပ်နိုင်သေးတယ်။ ငါတို့က ရွဲ့ပြည်နယ်ကို ပုန်ကန်ပြီးသွားခဲ့ပြီ။ ဒီတော့ တရားဝင် အခွန်ကောက်ခံမှုမျိုးကို ဘယ်လိုလုပ် ဆက်ပြီး လုပ်လို့ရမှာလဲ။

ပိုင်ရီစီရင်စုရဲ့ တောင်ဘက် အစွန်ဆုံး တည်နေရာကြီး တစ်ခုလုံးက ငါတို့ရဲ့ ပိုင်ဆိုင်ရာ တည်နေရာကြီး ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် ငါတို့ အနေနဲ့ ကျေးကျွန် တော်တော်များများကို ရောင်းချလို့ ရတယ်။ ကုန်သွယ်မှုကို ဆက်ပြီး လုပ်လို့ရသေးတယ်”

ဤစကားစု ထွက်ပေါ်လာချင်းမှာပဲ ရှိနေသည့် လူများအားလုံးက ကြောင်သွားခဲ့ကြ၏။ ပြီးနောက် ချက်ချင်းပဲ ဝမ်းသာသွားခဲ့၏။ သူတို့ အရှင် ပြောသည်မှာ အမှန်ပင် ဖြစ်၏။

စုနန်က ပြောလိုက်သည်။ “အင်း... အခုလုယက်နေကြတဲ့သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်လို ရှိလဲ”

စုရွှင်က ပြောလိုက်၏။ “သတ္တိကြောင်တဲ့ လူတွေချည်းပါပဲ”

စုနန်က ပြောလိုက်သည်။ “ဟုတ်တယ်။ သတ္တိကြောင်တဲ့ လူတွေပဲ။ အခု ရှမ့်လန်က လူပေါင်း ထောင်ချီကို စုစည်းခဲ့တယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက မြင့်မားနေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က ပိုက်ဆံ တော်တော်များများကို စပြီး လုယူတဲ့ အချိန် ဖြစ်လို့ပဲ။ သူတို့ ပိုင်ရီခရိုင်မှာ တစ်ခုလုံးမှာ ရှိတဲ့ အနောက်တိုင်း ကုန်သည်တွေ အားလုံးရဲ့ အရာတွေကို လုယူသွားခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ”

စုရွှင်က ပြောလိုက်၏။ “ဒီလူတွေ အားလုံးက လောဘဇောတွေ တက်လာမယ်။ ရလေလိုလေ အိုတစ္ဆေလိုပေါ့။ အစားအစာကို များများစားခဲ့ရတဲ့ သားရဲရိုင်းတွေလိုပဲ ကျေနပ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါဆိုရင် ပိုင်ရီခရိုင် တစ်ခုလုံးမှာ ဓားပြတွေပဲ ပေါ်လာတော့မယ်။ မဟုတ်ဘူးလား။”

“ဒီလူတွေ အကုန်လုံးက ရှမ့်လန်ရဲ့ စကားကို နားထောင်တော့မှာလား’

“ဘယ်နားထောင်ပါ့မလဲ။ လောဘကြီးတဲ့ သားရဲတိရစ္ဆာန်တွေက ရှမ့်လန်ကို အသက်ရှင်လျက် စားဖို့ ကြိုးစား တော့မှာပေါ့”

စုနန်က ပြောလိုက်၏။ “စုရွှင်... စစ်သည်တော် ၃၀၀၀ ကျော်ကို ဦးဆောင်ပြီး မျက်စိသုံးလုံး မိစ္ဆာရဲ့ စစ်သည်တော် သုံးထောင်ကျော်ကို သွားခေါ်။ ပြီးရင် ရှမ့်လန်ရဲ့လူတွေ အကုန်လုံးကို အနောက်ကနေ ဝိုင်းပတ်ထား။ သူတို့ကို မသတ်ပစ်နဲ့အုံး”

“သူတို့ ပိုင်ရီခရိုင် တစ်ခုလုံးမှာ ရှိတဲ့ အရာအားလုံးကို လုယက်ပါလေ့စေ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းက စစ်သည်တော်တွေ ရောက်လာတဲ့အထိ စောင့်မယ်။ ပြီးတော့ ချောင်ပြည်နယ်ရဲ့ မဟာပညာရှင် ပန်ရော့ ဆင်းလာတဲ့အထိ စောင့်မယ်။ ပြီးတော့မှ အဲဒီလူတွေ အကုန်လုံးကို သတ်ကြမယ်”

စုရုံက ပြောလိုက်သည်။ “အဲအချိန်ဆိုရင် စုကလန်က ဘယ်လောက်များပြားတဲ့ ပစ္စည်းတွေကို ရမှာလဲ”

စုရွှင်က ပြောလိုက်၏။ “အရှင်... ပိုင်ရီခရိုင်တစ်ခုလုံးက ငွေကြေးတွေ ပိုင်ဆိုင်နေမှာပေါ့။ ပြီးတော့ ပိုင်ရီခရိုင်တစ်ခုလုံး ရှုပ်ထွေးကုန်မယ်ထင်တယ်။”

စုနန်က အသာပင် ပြောလိုက်သည်။ “ငါတို့က ပုန်ကန်ဖို့ လုပ်နေကြတဲ့ လူတွေ။ ရှုပ်ထွေးတာကို ဘာစိုးရွံ့နေရမှာလဲ။ ပိုပြီး ရှုပ်ထွေးလေ ကောင်းလေပေါ့။ စုကလန်ရဲ့ ပိုက်နက်တစ်ခုလုံး ရှုပ်ထွေးနေလေ ကောင်းလေပဲ။ နယ်စားအိမ်တော် မရှုပ်ထွေးရင် ပြီးတာပဲ။ သွား... ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့”

............

ပြီးနောက်မှာတော့ ရှမ့်လန်သည် တကယ့်ကို ကြီးမားလွန်းသည့် သတ္တိတရားနှင့်အတူ တခြားသော သူများကို ဦးဆောင်ကာဖြင့် အရာအားလုံးကို ပြုလုပ်တော့၏။ လမ်းတွင် တွေ့သည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်၏။ အနောက်တိုင်း ကုန်သည်များကို အားလုံးကို သုတ်သင်ပစ်၏။ အနောက်တိုင်း ကုန်သည်၏ ဆိုင်များကို ဖျက်ဆီးကြ၏။

အရာအားလုံးကိုပြုလုပ်ပြီးနောက် ပိုင်ရီခရိုင်တစ်ခုလုံးသည် သားသတ်ရုံကြီးကဲ့သို့ပင် ပြောင်းလဲသွား၏။ ရှမ့်လန်၏စစ်တပ် ရောက်ရှိမလာခင်တွင် မြို့အသီးသီးမှ ဂိုဏ်းအားလုံးက စတင်ကာ စုစည်းခဲ့ကြ၏။ အဖွဲ့အစုများဖြင့် စုစည်းပြီး အနောက်တိုင်း ကုန်သည်များကို ကြိုတင်ကာ လုယူကြတော့သည်။

ရှမ့်လန်၏ တပ်ကြီး ရောက်ရှိလာသည့် အချိန်မှာတော့ ထိုသူတို့သည် ရှမ့်လန်တို့နှင့် ဝင်ရောက်ကာ ပူးပေါင်း၏။ ရှမ့်လန်၏ နောက်ဘက်တွင်ရှိနေသည့် အဖွဲ့သည် ပိုမို၍ ကြီးမားလာခဲ့၏။

လူအင်အား ငါးထောင်၊ တစ်သောင်း၊ နှစ်သောင်း၊ နောက်ဆုံးမှာတော့ သုံးသောင်းမှ ငါးသောင်းအထိ ရောက်လာခဲ့သည်။

ပိုင်ရီခရိုင်ကြီး တစ်ခုလုံးသည် ပြောင်းပြန်လန်သွားသကဲ့သို့ပင်။ ပိုင်ရီခရိုင်ရှိ အနောက်တိုင်း သူဌေးများ၏ ပိုက်ဆံက ပြောင်သလင်းခါသွားကြသည်။ နယ်စားကြီးအိမ်တော်၏ စစ်တပ်သည် နေရာအနှံ့ဆီသို့ လှည့်လည် သွားလာလျက် ရှိနေပြီး အားလုံးကို စောင့်ကြည့်နေခဲ့၏။ သို့ပေမည့် သူတို့က မတိုက်ခိုက်ခဲ့ကြချေ။

စုရွှင်၏ စစ်တပ် ရောက်ရှိလာ၏။ ထိုအတူ မျက်စိသုံးလုံး မိစ္ဆာ၏ စစ်တပ်လည်း ရောက်ရှိလာခဲ့၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များ ရောက်ရှိလာမည် ဖြစ်ပြီး ချောင်ပြည်နယ်ဆီမှ မဟာပညာရှင် ပန်ရော့ကလည်း ရောက်ရှိလာပေတော့မည်။

ရှမ့်လန်၏ အနောက်တွင် တဖြည်းဖြည်းနှင့် လူ ပိုမိုများပြားလာခဲ့ပြီး လူဦးရေသည် တစ်သိန်းသုံးသောင်း ခန့်သို့ပင် ရောက်ရှိလာခဲ့၏။ ထိုအရာက စုကလန်၏ ရည်မှန်း စစ်တပ်ကြီး နီးပါးပင်။ အခြေအနေတစ်ခုလုံးသည် ခန့်မှန်း၍ မရနိုင်လောက်အောင် ရှပ်ထွေလာခဲ့သည်။ အံ့အားသင့်ဖွယ်ရာလည်း ကောင်း၏။

ဤသို့နှင့်ပင် အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။ မကြာခင်မှာပဲ ဆယ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းချုံးသည် စစ်သည်ပေါင်း ၃၀၀၀ ကျော်ကို ဦးဆောင်ပြီး ဖြည်းဖြည်းချင်း လှမ်းလျှောက်လျက် ရှိနေ၏။ ရှမ့်လန် ကျန်းယွမ်မြို့ကို ရောက်ရှိပြီး ဆယ်ရက်ကြာချိန်မှသာလျှင် သူက သူ၏စစ်တပ်နှင့်အတူ ပိုင်ရီမြို့ဆီသို့ ရောက်ရှိလာခဲ့၏။

သူ ခန့်မှန်းထားသည့်အတိုင်းဆိုပါက မြို့ထဲသို့ ဝင်ရောက်သည်နှင့် တပြိုင်နက် ရှမ့်လန်သည် ကျိန်းသေပေါက် များပြားသည့် အခက်အခဲများကို ရင်ဆိုင်ရမှာ ဖြစ်၏။ ထို့အပြင် သူကလည်း ထိုနည်းလည်းကောင်းပင်။ သူ၏ စစ်တပ်ကြီးသည် ပိုင်ရီမြို့ထဲသို့ ဝင်၍မရနိုင်အောင်ပင် တားဆီးခံရပေလိမ့်မည်။

စုကလန်၏ ပိုင်ရီခရိုင်အပေါ် လွှမ်းမိုးထားမှုသည် တကယ့်ကို အားကောင်းလွန်းသည်။ စီရင်စုတစ်ခုလုံးမှ အရာရှိ အရာခံအားလုံးသည် စုကလန်၏ အိမ်စောင့်ခွေးများ ကဲ့သို့ပင် ဖြစ်နေ၏။ ပိုင်ရီမြို့ တစ်ခုလုံးတွင် မြို့စောင့်တပ်ဟူ၍ တစ်ထောင်၊ နှစ်ထောင် နီးပါးခန့် ရှိ၏။

သို့ပေမည့် ကျန်းချုံးကို အုပ်ချုပ်ရေးမှူးအဖြစ် အသိအမှတ်ပြုမည့် လူဟူ၍ အနည်းငယ်သာလျှင် ရှိပေမည်။ ထိုသူတို့သည် ဂိတ်တံခါးတွင် စောင့်ကြပ်လျက် ရှိနေပြီး သူ့ကို အထဲသို့ပေးမဝင်ပါက ပြဿနာများပေဦးမည်။

သို့ပေမည့် ကျန်းချုံး တစ်ယောက် ပိုင်ရီမြို့ဆီသို့ စစ်သည်တော် ၃၀၀၀ ကျော်နှင့် ဦးစီးပြီး ဝင်ရောက်လာချိန်မှာတော့ ရှေ့တွင် ရှိနေသည့် မြင်ကွင်းသည် သူ့ကို ကြောင်အသွားစေခဲ့၏။ မြို့၏ တံခါးကြီးက ပွင့်လာခဲ့ပြီး ပိုင်ရီမြို့၏ အရာရှိအားလုံးတို့သည် အပြင်ဘက်သို့ ထွက်ကာ သူ့ကို ကြိုဆိုနေကြ၏။

ရှိရှိသမျှသော ကုန်သည်များအားလုံးက စီစီရီရီဖြင့် မတ်မတ်ရပ်ကာ သူ့ကို ကြိုဆိုကြသည်။

“အရှင်ကြီး.. နောက်ဆုံးတော့ ရောက်လာခဲ့ပြီကိုး”

“အင်း.. ဘယ်လိုဖြစ်ပြီး ဒီလောက် နောက်ကျနေတာလဲ။ ကျုပ်တို့စောင့်နေတာ ကြာပါပြီ”

All Chapters