အပိုင်း (၃၇၄)
Vol. 28 Ch. 374
“ကျုပ်တို့က အရှင်ကြီးကို မိဘပျောက်တဲ့ ကလေးတွေလိုမျိုး စောင့်မျှော်နေခဲ့ရတာပါ”
မကြာခင်မှာပဲ ကျန်းချုံးက အကြောင်းအရင်းကို သိရှိသွားခဲ့၏။ ပြီးနောက် သူက အံ့အားသင့်သွားသည်။ “ရှမ့်... မင်း အားကောင်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းက မတရား အားကောင်းလွန်းနေတယ်”
ရက်အနည်းငယ် အတွင်းမှာပဲ ပိုင်ရီခရိုင် တစ်ခုလုံးကို ဖျက်ဆီး လုယူနီးပါး ဖြစ်ခဲ့၏။
“ရှမ့်လန်ရဲ့ နောက်ဘက်မှာ လူအင်အား တစ်သောင်းကျော် ရှိတယ်။ ဒီတော့ သူတို့က သွားရာ နေရာတိုင်းမှာ ရှိရှိသမျှ အရာအားလုံးကို ယူတာပဲ။ မြက်ပင်တောင် မကျန်ခဲ့ဘူး။ ရှမ့်လန်က လူအင်အား တစ်သောင်းကျော်ကို ဦးဆောင်ပြီးတော့ ပိုင်ရီခရိုင်မှာ ရှိတဲ့ မြို့အသီးသီးကို ဝင်ပြီး လုယူကြတယ်။ ပိုင်ရီမြို့ကိုတောင် ထိလို့မရလို့ ချန်ထားခဲ့တဲ့ ပုံစံပဲ”
“အခု ကြည့်ရတာ အနောက်တိုင်း ကုန်သည်တွေချည်းပဲ မကတော့ဘူး။ သာမန်ကုန်သည်တွေရော၊ ချမ်းသာတဲ့ မိသားစုတွေ အကုန်လုံးကတောင် ဝမ်ရီမြို့ဆီကို ထွက်ပြေးလာခဲ့ရပြီလေ။ အရာရှိ၊ အရာခံတွေ အကုန်လုံးက အရှင် ရောက်ရှိလာမှာကို စောင့်နေကြပါတယ်။ သူတို့က သခင်လေး ရှမ့်လန်ကို အရမ်း ကြောက်ကြတယ်လေ”
ကျန်းချုံးက ပြုံးကာ ပြောလိုက်၏။ “အင်း”
ပြီးနောက် မေးမြန်းလိုက်သည်။ “ဒါနဲ့ စုနန်ရဲ့ စစ်တပ်ကြီးက ဘယ်ရောက်သွားလဲ”
“စုနန်ရဲ့ စစ်တပ်ကြီးက ရှမ့်လန်တို့ လုပ်နေတာကို စောင့်ကြည့်နေကြတယ်။ အဝေးကနေပဲ ကြည့်ရှုပြီး အနားကို ချဉ်းကပ် မလာခဲ့ကြဘူး။ သူတို့က တစ်ချက်ကလေးမှ မလှုပ်ရှားသေးဘူး”
ကျန်းချုံး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ သူက နှာခေါင်းရှုံ့လိုက်၏။ “အင်း ... စုနန်ကတော့ ငါသိတဲ့ စုနန် ဖြစ်နေတုန်းပဲ။ တကယ်ကို ကြမ်းတမ်းရိုင်းစိုင်းနေတုန်းပဲ။ အနောက်တိုင်းကုန်သည်တွေ ဆုံးရှုံးတာနဲ့ စုနန် ဗိုက်ပြည့်ပြီပဲ”
အတိုင်ပင်ခံတစ်ယောက်က လှမ်းကာ ပြောလိုက်သည်။ “ပိုင်ရီခရိုင် ရှုပ်ထွေးသွားမှာကို စုကလန် စိုးရိမ်ရမှာ မဟုတ်ဘူးလား”
ကျန်းချုံးက ပြောလိုက်၏။ “အင်း.. ဒီလူက ပုန်ကန်ဖို့ ပြင်ဆင်နေတဲ့ လူတစ်ယောက်လေ။ ဒီတော့ ရှုပ်ထွေးမှာကို ဘယ်လိုလုပ် စိုးရိမ်နေမှာလဲ။ သူ့ရဲ့ မိသားစု မရှုပ်ထွေးမချင်း အဆင်ပြေနေသေးတယ်။ ရှုပ်ထွေးမှုဆိုတာ ဒီရေလှိုင်း တစ်ခုလိုပဲ။ အရာအားလုံးကို သန့်စင်ပေးသွားတဲ့ အရာမျိုးပဲ မဟုတ်လား”
“ဒီတော့ ရှုပ်ထွေးအောင် ပြုလုပ်တာကို ပိုတောင်ကြိုက်နေအုံးမယ်။ ပြီးတော့ စုနန်က လုံလောက်အောင် ကြမ်းတမ်းရိုင်းစိုင်းတဲ့ လူတစ်ယောက်ပဲ။ ရှမ့်လန်ကလည်း ကြမ်းတမ်းရိုင်းစိုင်းတဲ့ လူတစ်ယောက်ပဲ။ ဒီနှစ်ယောက်ကြားထဲမှာ ဘယ်သူက ပိုပြီးတော့ ကြမ်းတမ်းရိုင်းစိုင်းတယ် ဆိုတာတော့ ငါမသိဘူး”
အတိုင်ပင်ခံက ပြောလိုက်သည်။ “အခု ရှမ့်လန်ရဲ့ အခြေအနေက အရမ်းကို အန္တရာယ် များတယ်။ သူ့မှာ လူဦးရေ ၂၀၀ ကျော်ပဲ ရှိတာ။ အခု လူဦးရေ တစ်သောင်းကျော်ကို ဦးစီးပြီး ရောက်လာခဲ့တယ်။ ဒီလူတွေက တကယ်တော့ သူ ပိုင်တဲ့လူတွေ ၊ သူ့စကား နားထောင်မယ့်သူတွေ မဟုတ်ဘူး။ ဒီလူတွေက အသားစားသတ္တဝါတွေလိုပဲ။ မျက်လုံးတွေက နီမြန်းပြီး လောဘတွေလည်း တက်နေပြီ။ ဒီလူတွေပေါင်းပြီး ရှမ့်လန်ကို ဝါးမျိုသွားမှာ ကျုပ် စိုးရိမ်မိတယ်”
ကျန်းချုံးက ပြောလိုက်၏။ “မင်း စိတ်ပူတာ လွန်သွားပြီ။ ရှမ့်လန်ရဲ့ နှလုံးသားက အေးစက်ပြီး ရက်စက်လွန်းတယ်။ မင်း ခန့်မှန်းထားတာထက် ပိုပြီးတော့ ကြမ်းတမ်းတယ်”
ကျန်းချုံးသည် အနောက်ဘက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ ဤအချိန်မှာတော့ ရှမ့်လန်သည် သူတို့နှင့် မိုင်တစ်ရာ အကွာအဝေးတွင် ရှိမှာ သေချာ၏။
“ရှမ့်.. မင်းက မယုံကြည်နိုင်လောက်စရာ ကောင်းတဲ့ အခြေအနေတစ်ခုမျိုးကို ငါ့အတွက် ဖန်တီးပေးခဲ့တယ်။ ပြီးရင် ပိုင်ရီခရိုင်တစ်ခုလုံးကို ငါ့အတွက် ဖန်တီးပေးအုံးမှာပေါ့”
ကျန်းချုံးက အမိန့်ပေးလိုက်သည်။ “မြို့ထဲ ဝင်ကြရအောင်”
သူ ခေါ်ဆောင်လာခဲ့သည့် လက်ရွေးစင် စစ်သည် ၃၀၀၀ ကျော်တို့သည် ဖြည်းဖြည်းချင်း ပိုင်ရီခရိုင်၏ ပိုင်ရီမြို့ထဲသို့ ဝင်ရောက်သွားလိုက်ကြ၏။
ပိုင်ရီခရိုင်၏ အဝေး မိုင်တစ်ရာ အကွာအဝေးမှာတော့ နှင်းနယ်ခြားမြို့ ဟူ၍ရှိ၏။
ရှမ့်လန်သည် ကျန်းချုံး၏စစ်တပ်ကြီး ဝမ်ရီမြို့ထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီး ဖြစ်၏။ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ကျန်းချုံးသည် နောက်ဆုံးမှာတော့ လွယ်လွယ်ကူကူနှင့် အထဲသို့ ရောက်ရှိသွားခဲ့ပြီ။
စုကလန်သည် သဘာဝအားဖြင့် လောဘကြီးလွန်း၏။ ထို့ကြောင့် ရှမ့်လန်၏ အနီးတဝှိုက်ရှိ အရာအားလုံးကို အာရုံစိုက်မှာ သေချာ၏။ ရှမ့်လန်၏လက်အောက်မှ လူများ၏ လက်ထဲတွင် မရေတွက်နိုင်အောင် များပြားသည့် ရွှေများ၊ ငွေများ ရှိနေပြီး ထိုသူတို့ လုယူခဲ့သည့်အရာများက မည်မျှ များပြားကြောင်း အတိအကျမသိရှိချေ။ ရှမ့်လန် ကိုယ်တိုင်ပင်လျှင် မသိရှိချေ။ ကျိန်းသေပေါက် အလွန် များပြားသည့် ပမာဏသာ ဖြစ်ပေလိမ့်မည်။
စီရင်စုထဲတွင် အနောက်တိုင်းကုန်သည် တစ်ရာကျော်ခန့် ရှိမည်။ ထိုသူတို့အားလုံးသည် လုယက်ခြင်းကို ခံခဲ့ရ၏။ တော်တော်များများကလည်း သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ထိုသူတို့လက်ထဲတွင် ပိုက်ဆံမည်မျှ စုဆောင်းထားပြီး မည်မျှအလုခံလိုက်ရသနည်း မသိရှိပေ။
သို့ပေမည့် တစ်ခုတော့ သိရှိ၏။ ရှမ့်လန်၏ လက်အောက်မှ သီးသန့်စစ်သည်နှစ်ရာကျော်တို့သည် ရွှေဒင်္ဂါး တစ်ဝက်ကိုပင် ဝင်ရောက် လုယက်ခြင်း မရှိကြချေ။
ရှမ့်လန်သည် သူ၏အနီးနားတွင် လူအင်အား နှစ်သောင်း၊ သုံးသောင်း နီးပါးခန့်ကို စုစည်းထားခဲ့၏။ သူ၏ အနီးမှ လူများသည် ဓားပြများ ဖြစ်လာခဲ့သည်။ ရိုးသားသည့်လူများက ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး လူဆိုးသူခိုး၊ ဓားပြများသာလျှင် ကျန်ရှိတော့သည်။
ထို့ကြောင့် ရှမ့်လန်၏ အနီးမှ လူများ၏ အမူအကျင့်သည် တဖြည်းဖြည်းနှင့် ပြောင်းလဲ လာခဲ့ကြ၏။ အနောက်တိုင်းကုန်သည်များကို လက်စားချေခြင်း မဟုတ်တော့ချေ။ ချမ်းသာခြင်းကို ရရှိရန် လောဘတရားနှင့်အတူ အရာအားလုံးကို လုယက်ခြင်းပင် ဖြစ်၏။
အားလုံးသောသူတို့သည် ရွှေများ၊ငွေများဖြင့် ပြည့်လျက် ရှိနေသည်။ လူ့အသားကိုပင် အစိမ်းသက်သက် စားမည့် သားရဲကဲ့သို့ပင် ဖြစ်လာခဲ့ကြ၏။ ထိုသူတို့ကို ရပ်တန့်၍ မရနိုင်တော့ချေ။ လက်ရှိအချိန်၌ သူတို့အားလုံးသည် ရှမ့်လန်၏စကားကို နားထောင်လျက် ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် သူတို့၌ နောက်ဆုံး ပစ်မှတ် ကျန်ရှိနေသောကြောင့်ပင်။ ထိုအရာက ဝမ်ရီမြို့ပင်။
သူတို့သည် မြို့ငယ်ငါးခုကို ဝင်ရောက်ကာ လုယက် တိုက်ခိုက် စီးနင်းထားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ဝမ်ရီမြို့က အဓိကမြို့ကြီးအဖြစ် ကျန်ရှိနေသေး၏။ ဝမ်ရီမြို့ထဲသို့ဝင်ရောက်ပြီး အရာအားလုံးကိုလုယက်ရန် သူတို့က စိတ်ဆုံးဖြတ်ထားသည်။
ဤလူဆိုး၊သူခိုး၊ ကြမ်းပိုးများ လူပေါင်းများစွာတို့တွင် စုကလန်မှ သူလျှိုအများအပြား ပါဝင်လျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်၏ နောက်ဘက်သို့ လိုက်ပါသွားခဲ့သည့် လူက တဖြည်းဖြည်းနှင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ တော်တော်များများတို့သည် ဆိုးရွားသည့် လူများသာလျှင် ဖြစ်၏။
ရိုးသားသည့် လူများက ထွက်ခွာသွားခဲ့ပြီး ဆိုးသွမ်းသည့် လူများသာလျှင် ကျန်ရှိခဲ့၏။ လုယက်ခြင်း ဆိုသည်မှာ ဆိုးရွားသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာကို ပြုလုပ်ပြီးသည်ဆိုသည်နှင့် စွဲလမ်းတတ်သွားသည်ကလည်း ထူးခြားသည့် အကြောင်းအရာမျိုးပင်။
အမျိုးသမီးစစ်သည်ထဲမှ အဖွဲ့ဝင်တစ်ယောက်က ရှမ့်လန်ကို သတင်းပေးပို့သည်။ “သခင်လေး... မကြာခင်မှာ စုမိသားစုရဲ့ စစ်သည်ပေါင်း သောင်းသုံးထောင်လောက်က ကျွန်မတို့ကို ဝိုင်းပိတ်မိတော့မယ်။ စုရွှင်ရဲ့ စစ်တပ်က ကျွန်မတို့နှင့် လီသုံးဆယ်လောက်ပဲ ကွာဝေးတော့တယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းက ဘုန်းကြီးစစ်သည်တွေက သုံးဆယ့်ငါးလီ အဝေးမှာ ရှိနေတယ်။ မျက်စိသုံးလုံး မိစ္ဆာရဲ့ အဖွဲ့ကတော့ လီသုံးဆယ် အကွာအဝေးမှာ ရှိတယ်။
သူတို့ အားလုံးက ကျွန်မတို့ကို တောင်၊ အနောက်နှင့် မြောက်ဘက်ကို ပိတ်ဆို့ထားတယ်။ အရှေ့ဘက် တစ်ခုတည်းကပဲ ရန်သူ မရှိတာ။ ပြီးတော့ အခြေအနေက ပြောင်းလဲလာတယ်။ ကျွန်မတို့နောက်ကို လိုက်လာတဲ့ လူတွေရဲ့ အပြုအမူ၊ ဆောင်ရွက်ပုံတွေက ကြမ်းတမ်း ရိုင်းပြလာကြတယ်”
ရှမ့်လန်က နှာခေါင်းရှုံ့လိုက်၏။ “သူတို့ဘာလို့အဲလိုဖြစ်နေတာလဲဆိုတော့ ငါတို့ ဝမ်ရီမြို့ကိုဝင်ပြီး မလုသေးလို့ပဲ။ သူတို့က လောဘဇောတွေ တက်လာကြပြီ”
ထိုအချိန်မှာပဲ ရှမ့်ဆယ့်သုံးက ဝင်ရောက်ကာ ပြောလိုက်သည်။ “သခင်... ခေါင်းဆောင် တစ်ချို့က သခင်ကို တွေ့ချင်လို့တဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ဝင်ခိုင်းလိုက်လေ”
ဤဆယ်ရက်အတွင်း ရှမ့်လန်သည် ပိုင်ရီခရိုင် တစ်ခုလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ခေါ်ဆောင် လာခဲ့၏။ သူ၏နောက်ဘက်မှ အဖွဲ့သည် တဖြည်းဖြည်း ကြီးမားလာခဲ့၏။ လူအင်အားများလည်း ဖြည်းဖြည်း များပြားကာ ရှုပ်ထွေးလာခဲ့၏။ တော်တော်များများက ခိုးဆိုးလုနှိုက်ခြင်းကို ပြုလုပ်ချင်သည့် လူများသာလျှင် ဖြစ်သည်။
အချို့သော အားကောင်းသည့် သိုင်းကျင့်ကြံသူများကလည်း ပါဝင်လာခဲ့၏။ ထိုလူအင်အား နှစ်သောင်းထဲတွင် ခေါင်းဆောင် ငါးယောက်ကို သူ ရွေးချယ်ပေးခဲ့၏။ ထိုခေါင်းဆောင်သည် လူအားလုံးကို ထိန်းချုပ်၏။ ရှမ့်လန်က ထိုသူတို့၏ စီမံခန့်ခွဲမှုထဲ ပါဝင်စွက်ဖက်ခြင်း မရှိချေ။
ထိုအချိန်မှာပဲ ခေါင်းဆောင် သုံးယောက်တို့ ဝင်ရောက်ရှိလာခဲ့၏။ ငါးယောက်လုံး အတူတကွ မလာရဲကြချေ။ ရှမ့်လန် အားလုံးကို ဖမ်းဆီးထားမည်ကို စိုးရိမ်သောကြောင့်ပင်။ တခြားသော ခေါင်းဆောင် နှစ်ယောက်က အပြင်ဘက်တွင် ရပ်စောင့်နေ၏။
ခေါင်းဆောင် သုံးယောက်က ပြောလိုက်သည်။ “ဂါရဝပြုပါတယ် .... မြို့တော်ဝန်”
ရှမ့်လန်က ရှေ့ဆီသို့ လှမ်းတက်ပြီး အားတက်သရော ပြောလိုက်၏။ “ခေါင်းဆောင်ကြီးတို့ .. အခြေအနေ ဘယ်လိုရှိလဲ”
“မြို့တော်ဝန်... ကျုပ်တို့ ဒီနေရာမှာ နေခဲ့တာ ခုနစ်ရက်လောက် ရှိနေကြပြီ။ ညီအစ်ကိုတွေက စိတ်မရှည်ကြတော့ဘူး။ ကျုပ်တို့ ဝမ်ရီမြို့ကို သွားပြီး ရသမျှ အားလုံးကို လုယူရင် မကောင်းဘူးလား”
“ကောင်းတယ်။ ကံကောင်းခြင်းကို ကျုပ်တို့ ရအောင် လုပ်ရမှာပေါ့။ ဒီ သွေးပူတတ်တဲ့ ညီအစ်ကိုတွေကတော့ ကျိန်းသေပေါက် မစောင့်နိုင်တော့ဘူးထင်တယ်”
“မြို့တော်ဝန်.. ကံကောင်းခြင်းတွေကို ဖန်တီးပေးမယ်လို့ ကျုပ်တို့ကို ကတိပေးထားတယ် မဟုတ်လား။ ကိုယ့်စကားကို ပြန်ပြီးတော့ ဖျက်လို့ မရဘူးနော်။ ပိုင်ရီမြို့က ကျုပ်တို့ရဲ့ ရှေ့မှာ ရောက်နေပြီ။ ရှေ့မှာ ရွှေငွေ တောင်လိုပုံပြီး ရှိနေတယ်။ ကျုပ်တို့ ဒီမြို့ကို လုယက်မှ ဖြစ်လိမ့်မယ်။ မလုယက်ရဘူးဆိုရင် မမျှတဘူးလို့ ခံစားမိလိမ့်မယ်”
ထိုအရာသည် သူ့ကို ခြိမ်းခြောက်ကာ တွန်းအားပေးနေခြင်းဖြစ်သည်။
ထိုအချိန်မှာပဲ လူဦးရေထောင်ချီတို့သည် အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြ၏။ အားလုံးသောသူတို့သည် ချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့ကြပြီး လက်နက်မျိုးစုံကို ကိုင်ဆောင်ထား၏။ ထိုအတူ ထိုသူတို့အားလုံးသည် ကြီးမားလှသော ပိုက်ဆံအိတ်ကြီးများကိုလည်း ကိုင်ဆောင်ထားကြသည်။ ထိုထဲတွင် မည်မျှများပြားသည့် ငွေပမာဏများ တည်ရှိနေမည် ဖြစ်ကြောင်း မသိနိုင်ပေ။ အားလုံးသောသူတို့သည် ကံကောင်းခြင်းကို ရရှိခဲ့ပြီ ဖြစ်၏။
ဤလူထောင်ချီတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြို့တော်ဝန်... ကျုပ်တို့ ပိုင်ရီမြို့ကို ဘယ်အချိန် ဝင်ပြီး တိုက်ခိုက်မှာလဲ။ မြို့တော်ဝန် .... ကျုပ်တို့ကို တိကျတဲ့ အဖြေပေးပါ။ တကယ်လို့ မပြောဘူးဆိုရင် ကျုပ်တို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်ပါနဲ့။
မြို့တော်ဝန်... ခင်ဗျားရဲ့ ညီအစ်ကိုတွေ ချမ်းသာသွားခဲ့ပြီဆိုပြီး မနာလိုမဖြစ်ရဘူးနော်။ ခင်ဗျားရဲ့ စစ်သည်တွေက လုယက်တာကို ကိုယ့်သဘောနဲ့ကိုယ် မလုပ်ကြတာလေ။ ကျုပ်တို့ သူတို့ကို တားဆီးထားခဲ့တာ မဟုတ်ဘူး”
ခေါင်းဆောင်သုံးယောက်တို့သည် သွားရောက် တိုက်ခိုက်ရန်အတွက် တိုက်တွန်းနေရုံသာ မကချေ။ လောဘကြီးသည့် လူတစ်ထောင်ကျော်တို့ကလည်း ရောက်ရှိလာကာ တွန်းအားပေးနေသည်။ လူတချို့ကလည်း ကောလဟာလများကို ဖြန့်လျက် ရှိနေသည်။
ပိုင်ရီခရိုင်တွင် ရွှေငွေပေါင်းများစွာရှိနေပြီး ရွှေများသည် တောင်လိုပုံလျက် ရှိနေသည့် သတင်းပင်။ ထို့ကြောင့်ပင်လျှင် သူတို့အားလုံးက လောဘဇော တိုက်လာခြင်း ဖြစ်၏။ ယနေ့ည ဝမ်ရီမြို့ဆီသို့ သွားရောက် တိုက်ခိုက်ရန် ရှမ့်လန်သာ သဘောမတူပါက သူတို့အားလုံးသည် ကျိန်းသေပေါက် ပုန်ကန်ကြပေတော့မည်။
စုမိသားစု၏ စစ်တပ်ကလည်း တဖြည်းဖြည်း စက်ဝိုင်းကဲ့သို့ ပိတ်ပင်ကာ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ အခြေအနေက တကယ့်ကို အန္တရာယ်များ၏။
လက်ရှိအချိန်မှာတော့ ရှမ့်လန်သည် ယမ်းပုံပေါ်ထိုင်နေရသလိုပင်။ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။
......
နုရှောင်မြို့
အလွန် ခမ်းနားကြီးကျယ်ပုံပေါ်သည့် သင်္ဘောကြီးတစ်စင်းသည် ရွက်လွှင့်နေ၏။
“ဂျိန်း”
ဤအချိန်က နွေရာသီ ဖြစ်၏။ သို့ပေမည့် ကောင်းကင်ယံတွင် လျှပ်စီးများ၊ မိုးခြိမ်းသံများနှင့် ပြည့်လျက် ရှိနေပြီး တိမ်မဲများက ရွေ့လျားနေ၏။ အချိန်မရွေး မိုးကြီးသဲကြီးမဲကြီး ရွာချတော့မည့်ပုံပင်။
လှေထဲတွင်တော့ ပြိုင်စံရှားအောင် လှပသည့် အမျိုးသမီးတစ်ယောက်က ရှိနေ၏။ အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်ပင်။
သူမ၏ ရှေ့တွင်တော့ လူတစ်ယောက် မတ်မတ်ရပ်နေ၏။ တော်ဝင်ရန်အင်ပါယာတစ်ခုလုံးတွင် အားကောင်းလွန်းသူဟု ကျော်ကြားသောလူတစ်ယောက် ဖြစ်၏။
မကြာသေးခင်က ထိုသူသည် ကိစ္စကြီးပေါင်းများစွာကို ပြုလုပ်ခဲ့သည်။ ထိုသူသည် ရေနက်တပ်ဖွဲ့မှ ခေါင်းဆောင်ရန်၏ မိသားစုအား ဖမ်းဆီးပြီး ရွှေဒင်္ဂါးသန်းတစ်ရာကို ငွေညှစ်ခဲ့၏။ ကျင်းမိသားစု ခြံဝင်းထဲသို့ ဝင်ရောက်ပြီး လူပေါင်း ဒါဇင်ကျော်ကို ဖျက်ဆီး၊ သတ်ဖြတ်ခဲ့၏။ ထို့အပြင် ရာနှင့်ချီသည့် လူများကို ဦးဆောင်ကာဖြင့် ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ထဲ ဝင်ရောက်ကာ လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့၏။ ရက်အနည်းငယ်အကြာတုန်းကလည်း အမျိုးသမီးစစ်သည်တော်များကို ဦးဆောင်ကာဖြင့် ကျန်းယွမ်မြို့ တစ်ခုလုံးရှိ အနောက်တိုင်းကုန်သည်နှင့် စစ်သည်တို့ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းပစ်ခဲ့၏။ ထိုလူသည် ကိုယ်ပွားပေါင်းများစွာရှိသော ဓားပြကြီး နာကျည်းမှု သာလျှင် ဖြစ်သည်။
မူလအားဖြင့် မျက်စိသုံးလုံးမိစ္ဆာသည် သူနှင့် ယှဉ်ပြိုင်ချင်မိ၏။ သို့ပေမည့် မည်သည့်အချိန်က ထွက်ခွာသွားပြီး မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိရှိချေ။ ထိုသူသည် လေလိုပင် ဖမ်းရခက်ခဲသည်။ သို့ပေမည့် ရွှဲ့ပြည်နယ်၏ နံပါတ်တစ် ဓားပြကြီးဖြစ်ကြောင်းမှာတော့ အားလုံးသောသူတို့ သိရှိပြီးဖြစ်ပေမည်။
“အစ်ကိုကြီး ...... ကျွန်မ ရှင့်ကို လုပ်စေချင်တဲ့ ကိစ္စတစ်ခု ရှိတယ်” ကျောင်းရန်က ပြောလိုက်၏။
နာကျည်းမှုက လှမ်းကာ ပြောလိုက်သည်။ “နောက်ဆုံးအကြိမ်တုန်းက အပြစ်ကင်းစင်တဲ့ မိန်းမတစ်ယောက်ကို သတ်စေချင်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် မသတ်နိုင်ခဲ့ဘူး”
ကျောင်းရန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ဒီတစ်ကြိမ်မှာတော့ အရမ်းအားကောင်းတဲ့ လူတစ်ယောက်ကို သတ်စေချင်တာ။ တော်ဝင်မျိုးနွယ် တစ်ယောက်ပေါ့”
ဓားပြကြီး နာကျည်းမှု က မေးမြန်းလိုက်သည်။ “ဘယ်သူလဲ”
“ရွှမ်ဝူ ကျင်းကျိုးပဲ”