အဆိပ်သခင်ရာထူးမှ ကျဆင်းခြင်း
Vol. 38 Ch. 529
ထိုသည်ကို မြင်ပြီနောက် အန်လင်းက လှောင်ရယ်လိုက်လေ၏။ “ဟားဟား... အခုတော့ ဘယ်လိုနေလဲ။ အခုအဆိပ်သခင်ရဲ့ ခွန်အားကို နားလည်ပြီလား။”
သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို ရှက်ရွံ့ရွာကြည့်ကာ သူမ၏ မျက်လုံးနီများက သွေးဆောင်ဖြာယောင်းမှုအပြည့်နှင့် လှိုင်းထနေတော့၏။ “ဟုတ်တယ်... နင်က တကယ်ပဲ ခွန်အားကြီးတာပဲ...”
အဲ့အမူအရာက ဘာကြီးလဲ။
အန်လင်းက ဘာဖြစ်နေသလဲဆိုသည်ကို နားလည်ရန် ကျရှုံးနေကာ နှုတ်ခမ်းများ တွန့်ကွေးသွားတော့၏။
အဲဒါက အဆိပ်ခပ်ခံရတဲ့ သွေးမျိုးနွယ်စုကျင့်ကြံသူတွေရဲ့ သာမန်တုံ့ပြန်မှုပဲလား။
သူတို့က မျက်လုံးတွေလှန်၊ ပါးစပ်က အမြှုပ်တွေ ထွက်လာပြီးတော့ နေရာမှာတင် တစ်ခါတည်း မေ့လဲသွားရမှာ မဟုတ်ဘူးလား။
သူမမျက်နှာက ထန်လာသော အမူအရာက ဘာကြီးလဲ။
ထိုအခိုက်မှာပင် သွေးမျိုးနွယ်စု အမျိုးသမီးက မျက်မှောင်အနည်းငယ်ကြုတ်ကာ ရုတ်တရက် မြေပြင်တွင် ဒူးတစ်ဝက်ထောက်ကာ ထိုင်ချလိုက်လေ၏။ နာကျင်သော အမူအရာတစ်ခုက သူမမျက်နှာထပ်တွင် ပေါ်လာပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာ တစ်ကိုယ်လုံး တုန်ယင်လာလေတော့သည်။
ထိုသည်ကို မြင်သောအခါမှ အန်လင်း၏ စိုးရိမ်မှုများအကုန် ပျောက်ကွယ်သွားပေတော့သည်။ ဤသည်မှာ အဆပ်ခပ်ခံရသောအခါ သင့်တော်သည့် အမူအရာဖြစ်ပေ၏။
သွေးမျိုးနွယ်စု အမျိုးသမီးက ခက်ခက်ခဲခဲ စကားဆိုလာလေ၏။ “နင့်... နင့်ရဲ့ သွေးက...”
အန်လင်း၏ မျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့ပေါ်လာပြီး သူက သူမကို ထပ်မံလှောင်ပြောင်တော့မည့်အချိန်တွင် အရိုးထဲစိမ့်ဝင်သွားသည့် ဆွဲဆောင်မှုအပြည့်နှင့် အသံတစ်ခုက ထွက်ပေါ်လာလေ၏။
“ဒီအရသာကို ကြိုက်လိုက်တာ...။ ငါ့ တစ်ကိုယ်လုံးက သန့်စင်သွားတယ်လို့ ခံစားလိုက်ရတယ်...”
သွေးမျိုးနွယ်စုအမျိုးသမီးက ခေါင်းမော့လိုက်သည့်အခါ အန်လင်းက သူမ၏ အလွန်အမင်း ရှက်သွေးဖြာနေသော သွင်ပြင်များကို မြင်လိုက်ရလေ၏။ သူမ၏ရင်ဘတ်တွင် ဝတ်ရုံက အနည်းငယ် လျော့ရဲနေကာ နှင်းဖြူဖြူ၊ ပျော့အိအိ စက်ဝိုင်းတစ်ဝန်းကို ဖော်ပြနေလေ၏။
အန်လင်းက သက်ပြင်းတစ်ချက်ရှုသွင်းလိုက်ကာ ချက်ချင်းပင် သူ့၏ အကြည့်များကို တည်ကြည်သော ခံစားချက်များသို့ ပြောင်းပစ်လိုက်လေ၏။ သူက အမျိုးသမီး၏ လောင်ကျွမ်းနေသော အကြည့်များကို အံ့ဩတကြီး အမူအရာဖြင့် ဆုံရန် လှည့်လာလိုက်၏။ “နင်က သေတော့မယ်လို့ မခံစားရဘူးလား။”
သွေးမျိုးနွယ်စု အမျိုးသမီး၏ မျက်နှာထက်တွင် ညင်သာသော အပြုံးတစ်ခု ပေါ်လာလေ၏။ “ခံစားရတယ်...”
အန်လင်းက ထိုသည်ကို ကြားသောအခါမှ သက်ပြင်းချနိုင်ပေတော့၏။ ဘုရားမတာပဲ။
“ငါက အခု အရမ်းကောင်းလွန်လို့ သေတော့မလိုပဲ။” သွေးမျိုးနွယ်စု အမျိုးသမီးက သူမ၏ စကားများကို ပြင်ဆင်ကာဆိုလိုက်လေ၏။
အန်လင်း : “...”
သူမက မတ်တပ်ရပ်လိုက်ကာ ပြန်ကောင်းသွားသည့်ပုံရလေ၏။ သူမ၏ မောပန်းနေသော အသက်ရှုသံ၊ ရှက်သွေးဖြာနေသော မျက်နှာနှင့် သူမမျက်လုံးထဲရှိ သွေးဆောင်နေသော တောက်ပမှုတို့မှလွဲ၍ သူမက သာမန်အဖြစ်သို့ ပြန်ရောက်လာပုံရလေ၏။
အန်လင်းက ခြေလှမ်းအနည်းငယ် နောက်ဆုပ်လိုက်ကာ သူ့ခန္ဓာကိုယ်က တင်းတင်းကြပ်ကြပ်ဒဏ်ရာရနေကာ သူ့ရှေ့မှ အမျိုးသမီးကို သတိတကြီး စိုက်ကြည့်နေလိုက်လေ၏။
သွေးမျိုးနွယ်စု အမျိုးသမီးက ထိုကဲ့သို့ အချိန်အကြာကြီးပြီးသည့်တိုင် လဲမကျသေးပါပေ။ အဲဒါက... သူ့သွေးက မအောင်မြင်တော့တာများလား။
အန်လင်းမှာ စိုးရိမ်ပူပန်မှုနှင့် လမ်းပျောက်မှုတို့ဖြင့် ထိုးနှက်ခြင်း ခံလိုက်ရလေ၏။
သွေးမျိုးနွယ်စုအတွက် သူ့၏ အကြီးဆုံးလက်နက်မှာ ပျောက်ကွယ်သွားလေပြီ။
သူ့ရန်သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း သူမက လွယ်ကူသော ပြိုင်ဘက်မဟုတ်နိုင်ပါပေ။
သွေးမျိုးနွယ်စု ကျင့်ကြံသူများ၏ အသက်အားအင်မှာ အလွန်အစွမ်းထက်၍ သူမကဲ့သို့ ပျက်ပြယ်ခြင်းအဆင့် သွေးမျိုးနွယ်စုတစ်ဦးကို သတ်ရသည်မှာ အလွန်အမင်း ခက်ခဲနိုင်ပေ၏။
သူက ဤတိုက်ပွဲတွင် အနိုင်ရမည့် အခွင့်အရေးကို လိုချင်ပါက သူ့၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံးရနိုင်ပေ၏။
ဤသည်က ခက်ခဲလှသော တိုက်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်...
သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေ၏။ “စိတ်မလှုပ်ရှားပါနဲ့။ ငါက နင့်ကို နာကျင်အောင် မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နင်က ငါ့ခန္ဓာကိုယ် သန့်စင်အောင် ကူညီပေးခဲ့တာပဲ။ အခုဆို... ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က နင့်ကိုနာကျင်စေဖို့ဆိုတဲ့ အကြံနဲ့ လုံးဝကို ဆန့်ကျင်နေတယ်...”
ထိုသည်ကို ကြားပြီးနောက် အန်လင်းက ပါးစပ်အဟောင်းသားနှင့် သံသယဝင်လာလေတော့သည်။
“နင့်သွေးက သေစေနိုင်တဲ့ အဆိပ်ဆို။ ဒါပေမဲ့ နင်မသိတာက နင့်သွေးက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးသွေးပဲ။ အဲဒါက ကောင်းကင်ဘုံ တာအိုရဲ့ အစွမ်းနဲ့ပေါင်းစပ်နေပြီးတော့ ဒီကမ္ဘာပေါ်က အညစ်အကြေးတွေ အားလုံးကို သန့်စင်ပေးနိုင်တဲ့ စွမ်းအင်ရှိတယ်...။” သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို တောက်လောင်နေသော အမူအရာဖြင့် စိုက်ကြည့်နေလေ၏။ “သွေးမျိုးနွယ်စုက ခွန်အားနည်းတဲ့ ကျင့်ကြံသူတွေက ဒီသန့်စင်ခြင်း စွမ်းအင်ကို တောင့်မခံနိုင်လောက်ဘူး။ အဲဒါမို့ သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်းမှာ သူ့တို့ ခန္ဓာကိုယ်က ပြိုလဲပြီးတော့ ပျက်စီးကုန်တာ။ ဘာပဲဖြစ်ဖြစ် နင်က အဲဒါတွေအားလုံးကို သည်းခံနိုင်ရင် သွေးက တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သန့်စင်ပေးတဲ့ ပြီးပြည့်အစုံဆုံး ဆေးဖြစ်လာတာပဲ...”
အန်လင်းက တိတ်ဆိတ်သွားလေတော့သည်။ ဤသည်က အမှန်ပေလား။
သူက သူအဆိပ်ခပ်ခဲ့သော သွေးမျိုးနွယ်စု ကျင့်ကြံသူများအားလုံးကို ပြန်တွေးမိလေ၏။ သူတို့၏ ရောဂါလက္ခဏာများက သူမဖော်ပြသည့်အရာနှင့် တစ်ပြိုင်တည်းဖြစ်ပေါ်လာပုံရလေ၏။ သူတို့က မသေဆုံးခင်တွင် ပါးစပ်မှ အမြုပ်များ ထွက်လာသော်လည်း သူတို့၏ ခန္ဓာကိုယ်က အနက်ရောင် ပြောင်းမသွားပါပေ။ သေဆုံးရခြင်းက ခန္ဓာကိုယ် ပြိုကွဲခြင်းနှင့် ပို၍ ဆင်တူပေ၏။
သူ့သွေးမှာ ငရဲ၏ နတ်ဆိုးများကဲ့သို့ မိစ္ဆာများနှင့် မသန့်စင်သော သတ္တဝါများကိုလဲ ဆန့်ကျင် သက်ရောက်မှုရှိ၍ ဤသန့်စင်ပေးခြင်း ရှင်းလင်းချက်မှာ အဓိပ္ပာယ်ရှိလှပေ၏...။
အန်လင်း၏ မျက်လုံးများက အလန့်တကြား ပြူးကျယ်သွားလေ၏။ “အဲ့တော့ ဆိုလိုတာက... ငါက အဆိပ်သခင်မဟုတ်ဘူးပေါ့။ အဲ့အစား ဆေးဝါးသခင်ဖြစ်နေတာပေါ့။”
“ဟုတ်တယ်။ နင့်သွေးက ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဆေးပဲ။” သွေးမျိုးနွယ်စု အမျိုးသမီးက အန်လင်းကို တောက်လောင်နေသော အကြည့်ဖြင့် စိုက်ကြည့်ကာ သူမ၏ အနီရောင် နှုတ်ခမ်းများကို ယက်လိုက်ကာတောင်းဆိုလိုက်၏။ “ငါ့ကို နောက်ထပ် တစ်လုပ်လောက် စုပ်ခိုင်းလို့ရမလား... တစ်လုပ်တည်းပါ။ ငါဘာမဆို လုပ်ပါမယ်...”
အန်လင်းမှာ အမှန်တကယ်တော့ သူမကို မလုပ်ရန်ပြောပြီး ဤနေရာမှ ထွက်ပြေးချင်နေသည်ဖြစ်၏။
သို့သော် သူက အခြေအနေကို ပြန်တွေးကြည့်ရာ သွေးမျိုးနွယ်စု အမျိုးသမီး၏ အပြုအမူမှာ အတော်လေးထူးဆန်းသည်ကို သဘောပေါက်သွားလေ၏။
မည်သို့ဆိုဆို သူမက သူ့သွေးကို အတော်လေး တောင့်တနေပါက အတင်းအကြပ် ယူဆောင်၍ ရနိုင်ပေ၏။ သူမက သူ့ကို လက်အောက်ခံအဖြစ် သိမ်းယူလိုက်ပါက သူမအလိုရှိသလောက် သွေးများကို စုပ်နိုင်မည်ဖြစ်၏။
သို့သော် သူမက ထိုသို့ မလုပ်ပါချေ။ ထိုအစား သူမက သူ့အား သွေးကို တောင်းဆိုလာခဲ့လေ၏။
သို့ဖြစ်၍...
ကြည့်ရသည်မှာ သွေးမျိုးနွယ်စု အမျိုးသမီးက သူ့သွေးကို သောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ရော ဝိညာဉ်သည်ပါ သူ့ကို တိုက်ခိုက်ရန် ဆန့်ကျင်နေသည်ဟု ဆိုသည်မှာအမှန်ကို ပြောနေပုံရလေ၏။
မန္တန်နည်းစနစ်တစ်ခုဖြင့် အန်လင်းက သူ့လည်ပင်းရှိ အနာကျက်လုဆဲဆဲဖြစ်နေသော ဒဏ်ရာမှ သွေးစက်အကြီးကြီးတစ်စက်ကို ထုတ်ယူလိုက်လေ၏။ ထို့နောက် သူက အပြုံးတစ်ခုနှင့် မေးလိုက်လေ၏။ “နင် ဒါကို သောက်ချင်လား။”
သွေးမျိုးနွယ်စု အမျိုးသမီးက သူမမျက်လုံးထဲတွင် လိုအင်အပြည့်နှင့် ခေါင်းငြိမ့်လိုက်လေ၏။ “သောက်ချင်တယ်... သောက်ချင်တယ်....”
“အဲဒါဆို နင့်ရဲ့ သိုလှောင်လက်စွပ်နဲ့ အဲ့သွေးကျောက်စိမ်းအခေါင်းကို အလဲအလှယ်အနေနဲ့ သုံးလိုက်...။” အန်လင်းက ရယ်မောလိုက်လေ၏။
ထိုသည်ကို ကြားပြီးနောက် သွေးမျိုးနွယ်စု အမျိုးသမီးက တုံ့ဆိုင်းသွားပြီး မျက်ရည်များ စီးကျလာလေ၏။ “နင်က အနိုင်ကျင့်တာပဲ။”
သို့သော် သူမက ကြက်သွေးရောင် သိုလှောင်လက်စွပ်ကို ချွတ်ကာ အန်လင်းဆီသို့ ပစ်ပေးလာလေ၏။ “သွေးကျောက်စိမ်း အခေါင်းက ဟိုမှာရှိတယ်။ ကိုယ့်ဟာကို သွားယူလိုက်ချေ။”
အန်လင်းက သိုလှောင်လက်စွပ်ကို ဖမ်းလိုက်သော်လည်း သတိစိတ်ဝင်ရနိ အတော်ကြာလိုက်ပေ၏။
သူက တကယ်ကြီး သွေးတစ်စက်နဲ့ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်သမျှကို လှဲလှယ်လိုက်ပေသည်လား။
သူ့သွေးမှာ ထိုမှ အဖိုးတန်သည်လား။
အန်လင်းမှာ မထင်မှတ်ထားသော ကြည်နူးမှုကြောင့် အနည်းငယ် အပျော်လွန်နေကာ တစ်ချိန်တည်းမှာပင် သူက အတိတ်ကဆုံးရှုံးခဲ့သော သွေးများကို နှမြောတသဖြစ်လာလေ၏။ သူ့၏ ခံစားချက်များက ရုတ်တရက် အလွန်အမင်း ရှုပ်ထွေးလာလေ၏...
သူက လေထဲတွင် မြောနေသည့် သွေးစက်ကို သွေးမျိုးနွယ်စု အမျိုးသမီးဆီသို့ ပို့လိုက်လေ၏။
သူမက ပါးစပ်ကို ဖွင့်လိုက်ကာ စိတ်အားထက်သန်စွာဖြင့် သွေးစက်ကို မျိုချလိုက်ပြီး အလွန်ကျေနပ် ကြည်နူးသည့် အမူအရာဖြင့် မျက်လုံးများကို မှေးလိုက်လေ၏။
အန်လင်း : “...”
ရွှယ်ကျန်းထျန်က ချက်ချင်းပင် သွေးကျောက်စိမ်းအခေါင်းကို အန်လင်းဆီသို့ သယ်လာလိုက်လေ၏။
မန္တန်နည်းစနစ်တစ်ခု မပြုလုပ်ပဲနှင့် အခေါင်းက အလွယ်တကူ ရွေ့လျားလာလေ၏။ ရွှယ်ကျန်းထျန်က အန်လင်းဆီသို့ မသယ်လာမီ အခေါင်းအဖုံးပေါ်မှ အညစ်အကြေးများအားလုံးကို သန့်စင်လိုက်လေ၏။
အန်လင်းက အခေါင်းကို သူ့၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းလိုက်ကာ ပျော်ရွှင်မှုထဲတွင် ပျော်မွေ့နေဆဲ ဖြစ်ပုံရသည့် သွေးမျိုးနွယ်စု အမျိုးသမီးဆီသို့ လှည့်လိုက်လေ၏။ “ဟုတ်ပြီ။ အဲဒါဆို ငါသွားတော့မယ်။”
သူ့ရည်ရွယ်ချက်မှာ သွေးမျိုးနွယ်စုအမျိုးသမီး၏ ပိုင်ဆိုင်မှုများအားလုံးကို ရရှိရန် ဖြစ်ပေ၏။
ယခုတွင် သူက ထိုအရာများကို ရရှိပြီး ဖြစ်၍ ဤနေရာတွင် ဆက်နေစရာအကြောင်းမရှိတော့သောကြောင့် ထွက်ခွားသွားရမည်ဖြစ်ပေ၏။
အန်လင်းက သူ့အုတ်ခဲပေါ်တွင် ရွှယ်ကျန်းထျန်ကို ဘေးတွင်ထားကာ စတင်ထွက်ခွာသွားလေတော့၏။
သွေးမျိုးနွယ်စု အမျိုးသမီးက အံတင်းတင်းကြိတ်ကာ ကောင်းဆီသို့ ပျံတက်လာပြီး အန်လင်းနောက်မှ လိုက်လာလေ၏။
အန်လင်း : “ဘာလို့ ငါ့နောက်လိုက်နေတာလဲ။”
“ငါ... နင့်သွေးလေး ငါ့ကို နည်းနည်းထပ်တိုက်လို့မရဘူးလား။” သွေးမျိုးနွယ်စုအမျိုးသမီးက ထစ်ထစ်အအဆိုလာလေ၏။ “နင့်သွေးရဲ့အရာသာက ငါ့ဘဝကို ပြောင်းလဲစေတယ်။ ငါ့ကို နည်းနည်းလောက် ထပ်သောက်ခွင့်ပြုရင် ငါသေချာပေါက် ပြန်ပေးမှာပါ...”
“ဟီးဟီး...” အန်လင်းက အေးစက်စွာ လှောင်ရယ်လိုက်၏။ “နင်က ငါ့သွေး ထပ်ပြီး သောက်ချင်တာလား။ မေ့လိုက်တော့။ နင်ထပ်မရတော့ဘူး။”
“အိုး...”
သွေးမျိုးနွယ်စု အမျိုးသမီးက စိတ်ပျက်လက်ပျက်ခေါင်းငြိမ့်ပြကာ တိတ်ဆိတ်သွားလေတော့၏။
၁၅မိနစ်ကြာပြီးနောက် အန်လင်းက သူ့နောက်ကို ဒေါသတကြီး ကြည့်လိုက်လေ၏။ “နင်က ဘာဖြစ်ချင်နေတာလဲ။”
အမျိုးသမီးက အကြည့်လွှဲကာ အသံအေးအေးနှင့် ပြန်ပြောလာလေ၏။ “ငါက ခရီးသွားနေတာပါ။”
“ငါ့-င်ကြီးကို ခရီးသွားပါလား။ ငါက အကွေ့တွေ အလှည့်တွေ အများကြီးလုပ်ပြီးပေမဲ့ နင်က ငါ့နောက်ဆက်လိုက်နေတာလေ။ အဲဒါကို ခရီးသွားတယ်လို့ ခေါ်လား။ နင်က ငါ့နောက်လိုက်နေတာကို။ နင်က စွဲလမ်းလွန်နေတဲ့ အမျိုးသမီး နောက်ယောင်ခံလိုက်သူလား။” အန်လင်းက အော်ဟစ်လိုက်ကာ သူ့ခေါင်းပေါ်မှ သွေးကြောများ ဖောင်းထွက်လာလေတော့သည်။
“စွဲလမ်းလွန်နေတဲ့ အမျိုးသမီး နောက်ယောင်ခံလိုက်တဲ့သူ...” သွေးမျိုးနွယ်စု အမျိုးသမီး၏ မျက်နှာထက်တွင် အပြုံးတစ်ခုက ပေါ်လာပြီး ပြောလိုက်လေ၏။ “အဲ့အသုံးအနှုန်းက တကယ်ကောင်းတာပဲ။”
အန်လင်း၏ ရင်ဘတ်မှာ တင်းကြပ်လာပြီး သူက ဒေါသကြောင့် မူးဝေလာပေ၏။
“ငါနင့်ကို ငါ့သွေးသောက်ခွင့်ပြုမှာမဟုတ်ဘူး။ အဲ့တော့ ငါ့နောက်လိုက်နေစရာ အကြောင်းမရှိတော့ဘူး။” အန်လင်းက သူမကို အသံတိုးတိုးဖြင့် ပယ်ချလိုက်လေ၏။
“အကြောင်းတစ်ခု ရှိတယ်ဟ။” သွေးမျိုးနွယ်စု အမျိုးသမီးက ခေါင်းမာစွာ ပြန်ပြောလာလေ၏။ “နင်က တိုက်ပွဲတွေမှာ ဒဏ်ရာရပြီး သွေးများထွက်ခဲ့ရင် ငါက နင်ထွက်လာတဲ့ သွေးတွေ သောက်လို့ရမလားလို့။”
အန်လင်းက မေ့လဲကာ အုတ်ခဲပေါ်မှ ပြုတ်ကျတော့မလိုပင် ဖြစ်သွားလေ၏။
ငလူး...။ သူမတွေးတာက အကွက်စေ့တယ်ဟ။ သူဘာလုပ်ရမလဲ။
--------------