အပိုင်း (၃၇၆)
Vol. 28 Ch. 376
ရှောင်ဝူချန့်သည် တံတွေးများပင် ခြောက်ကပ်သွားခဲ့၏။ ယခင်တုန်းက သူကလည်း ထိုသို့လုပ်ရန် ပြင်ဆင် ထားခဲ့၏။ သို့ပေမည့် ကျန်းချုံးကို ထိုကဲ့သို့ လူသိရှင်ကြား အများရှေ့၌သတ်ဖြတ်ရန် စဉ်းစားထားသည်လား။ သူအနေနှင့် စုနန်ကို သခင်အဖြစ် ကိုးကွယ်ခဲ့ခြင်းမှာ မှန်ကန်သည့် အရာရော ဖြစ်ပါရဲ့လား။
“အင်း”
“ပိုင်ရီမြို့စားကြီး .... ခင်ဗျား ဘာတွေစိုးရိမ်နေတာလဲ” စုလုက ပြုံးကာမေးမြန်းလိုက်၏။
ပိုင်ရီမြို့စားကြီးဆိုသည့် နာမည်ကိုရရှိမည့် ရှောင်ဝူချန့်သည် စိတ်လှုပ်ရှားသွားမိ၏။ သူက အလျင်အမြန်ပဲ ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ဒီညမှာ ကျုပ်တို့ ပိုင်ရီမြို့ထဲမှာရှိတဲ့ အရာရှိ အရာခံအားလုံးကို ခေါ်ပြီး ကျန်းချုံးကို စားပွဲဖိတ်ဖို့ လုပ်ခိုင်းလိုက်မယ်။ ပြီးရင် သူ့ကို သတ်မယ်။ ဒီကိစ္စကို အားလုံးသိအောင်ကြိုပြောထားရမလား”
စုလုက ခေါင်းကိုခါရမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူးလေ။ ကျန်းချုံးကို သတ်ပြီးတဲ့နောက်မှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လူအားလုံးက စုလန်ရဲ့ ရထားလုံးပေါ် ပါလာသလိုပဲမလား။ တသွေးတသားတည်းပဲ”
ဤအရာက လိမ်ညာပြောဆိုခြင်း မဟုတ်ချေ။ လူမြင်ကွင်းတွင် သတ်ဖြတ်ခြင်းဆိုသည်မှာ လက်ခဲသည့်အရာမျိုးဖြစ်၏။ စုကလန်သည် တကယ့်ကို ကြမ်းတမ်းရိုင်းစိုင်းလွန်း၏။ ကျန်းချုံးကို သတ်ဖြတ်ပစ်မည့် အပြင် အမှုထမ်းအားလုံးကို မဖြစ်မနေ စုကလန်ဘက်သို့ သိမ်းသွင်းပြီး ဖြစ်ပေလိမ့်မည်။
ရှောင်ဝူချန့်က ပြောလိုက်၏။ “ဒါဆိုရင် ဟိုခွေးကောင်လေး ရှမ့်လန်ကရော”
စုလုက ပြောလိုက်သည်။ “အင်း.. လုံးဝဖောက်ထွင်းလို့မရနိုင်တဲ့ ပိုက်ကွန်တစ်ခုကို တဖြည်းဖြည်းချင်းနဲ့ ကျုပ်တို့က ဖြန့်ကျက်ထားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျဉ်းမြောင်းနေခဲ့ပြီ။ မနက်ဖြန် ရှမ့်လန် သေလိမ့်မယ်။ အဲဒီ ဟိုနေရာလု၊ ဒီနေရာလု လုပ်နေတဲ့ကောင်တွေ အကုန်လုံးလည်း သေလိမ့်မယ်”
ရှောင်ဝူချန့်က ပြောလိုက်၏။ “ကောင်းပြီ။ အရမ်းကောင်းတာပေါ့”
စုလုက ပြောလိုက်သည်။ “ဒါကြောင့် ကျုပ်တို့ ဒီည ကျန်းချုံးကို သတ်ရမယ်။ မဟုတ်လို့ အဲဒီခွေးသူတောင်းစား နှစ်ကောင် ပူးပေါင်းသွားရင် ပြဿနာများလိမ့်မယ်”
ရှောင်ဝူချန့်က ပြောလိုက်၏။ “စိတ်မပူပါနဲ့။ ကျန်းချုံးက သံသယရှိစရာမလိုဘူး။ သေသွားပါလိမ့်မယ်”
........
ကျန်းချုံးသည် နားနေရာအိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် အမြန်ဆုံး ရေအေးနှင့် ရေချိုးလိုက်၏။ ဤနေရာက တစ်နှစ်ပတ်လုံး နှင်းကျသည့်နေရာဖြစ်သည်။ နွေရာသီကို ရောက်ရှိနေသော်လည်း အပူချိန်က နိမ့်ပါးလို့နေ၏။ ကျန်းချုံးသည် အပြင်ဘက်တွင် နှင်းများကျဆင်းနေသည် ဆိုလျှင်တောင်မှ ရေအေးအေးနှင့် ရေချိုးခဲ့၏။
သူ၏ခန္ဓာကိုယ်သည် တကယ့်ကို ပိန်လီပြီး အရိုးပေါ်အရည်တင်သကဲ့သို့ပင်။ ဝမ်းဗိုက်တွင် ကြီးမားသည့် ဒဏ်ရာကြီးရှိပြီး ထိုအမာရွတ်ကြီးက အချိန်ကြာသည့်တိုင် ပျောက်ကွယ်သွားမည်မဟုတ်ချေ။ ထိုအမာရွတ်ကြီးသည် ရှမ့်လန် သူ့ကို ခွဲစိတ်ပေးထားသည့် ဒဏ်ရာကြီးဖြစ်၏။ ကျန်းချုံးသည် ခန္ဓာကိုယ်ပေါ်သို့ ရေအေးများကို တစ်ပုံးပြီး တစ်ပုံးကို လောင်းချနေသည်။
......
ထိုအချိန်မှာတော့ ရှမ့်လန်သည် လီတစ်ရာ အကွာအဝေးလောက် မဝေးသော အနောက်ဘက်ပိုင်းရှိ မြို့တစ်မြို့ထဲသို့ ရောက်ရှိနေ၏။ သူသည် မီးပုံကြီးရှေ့ တည်နေရာတွင် ထိုင်လျက်ရှိပြီး တစ်ကိုယ်လုံး ပူလောင်သလို ခံစားနေမိ၏။
လက်တလောအခြေအနေ၌ ရှမ့်လန်သည် ယမ်းမှုန့်ပေါ်တွင် ထိုင်နေသည်။ သူတင် မဟုတ်ပေ။ သူ၏ နောက်လိုက် နှစ်ရာကျော်တို့လည်း ပါဝင်သည်။
သန်မာအားကောင်းသည့် လူဦးရေ ၂၀၀၀၀ ကျော်တို့ကို ထိန်းချုပ်ထားဖို့ဆိုသည်မှာ လွယ်ကူသည့်အရာ မဟုတ်ချေ။ ထို့ပြင် ထိုသူတို့သည် လူဆိုးလူသွမ်းများဖြစ်၏။ သူတို့ကို အချိန်မရွေး တစ်စစီ ဆွဲဖြုတ်သွားနိုင်စွမ်း ရှိ၏။
သူ လုပ်ရမည့် တစ်ခုတည်းသောအရာသည် ထိုကဲ့သို့သော လူဆိုးသူခိုးများကို ဆက်လက်ကာ လုယက်စေခြင်းပင် ဖြစ်၏။ မဟုတ်ပါက ဤအဖွဲ့သည် ကျိန်းသေပေါက် သူ့ကို ဒုက္ခပေးလိမ့်မည်။
ရှမ့်လန်သည် မည်သည့် သတင်းစကားပေးပို့မှုမျိုးမှ မပြုလုပ်သော်လည်း ဘာလုပ်တော့မည်ဖြစ်ကြောင်း ကျန်းချုံးက ကောင်းကောင်းသိ၏။ သူ့၌ အချိန် မရှိတော့ချေ။ စုကလန်၏ စစ်တပ်ကြီးသည် ပိုက်ကွန်ကဲ့သို့ ပိတ်လှောင်ရန် ကြိုးစားလျက်ရှိသည်။
သို့ပေမည့် စုနန်သည် ခဲတစ်လုံးနှင့် ငှက်သုံးကောင် သတ်ရန် ရည်ရွယ်ထားခဲ့၏။ ရှမ့်လန်ကို ဖျက်ဆီးမည်၊ ကျန်းချုံးကို ဖျက်ဆီးမည်။ ပြီးနောက် ဤလူဆိုးလူမိုက်များအားလုံးကို ဖျက်ဆီးမည်။ ထို့အပြင် ရွှေနှင့်ငွေများကိုပါ ထပ်မံကာ ရယူဦးမည်။ လောဘတရား၊ အစစ်အမှန် ကြီးမားသည့် လောဘတရားပင်။
ထို့ကြောင့် ကျန်းချုံးသည် ပိုင်ရီမြို့ထဲမှ ရန်သူအားလုံးကို ကျိန်းသေပေါက် သုတ်သင်ပစ်ရပေလိမ့်မည်။ ပြီးနောက် မနက်ဖြန် နေမထွက်ခင် အဓိကမြို့ကြီးကို ထိန်းချုပ်ထားရပေလိမ့်မည်။ ထိုမှသာလျှင် သူ့အနေနှင့် ရှမ့်လန်ကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပြီး နှစ်ဖက်ပူးပေါင်းကာ စုနန်ကို အလစ်ငိုက် ဖမ်းနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျိန်းသေပေါက် စုနန် ဘေးကျပ်နံကျပ် ဖြစ်ပေလိမ့်မည်။
လူနှစ်ယောက်ကြားတွင် ဆွေးနွေးညှိနှိုင်းစရာ အချိန်မရှိချေ။ ထို့ကြောင့် မိမိ၏ မဟာဗျူဟာအတိုင်း တစ်ဖက်လူ ဘာလုပ်မည်ကို တွေးတောပြီး ပူးပေါင်းဆောင်ရွက်ရန်သာရှိ၏။ သူတို့ နှစ်ယောက်သည် လေထဲတွင် ချိတ်ဆက်နေသကဲ့သို့ပင်။ သေသေချာချာ တွေးတောပြီးနောက် သူ၏စိတ်တစ်ခုလုံးသည် ကြည်လင်ရှင်းလင်းသွားခဲ့၏။
“အင်း.. အဝတ်အိအိလေးတစ်စုံလောက် ယူခဲ့” ကျန်းချုံးက ပြောလိုက်သည်။
အစေခံအိုကြီးသည် အဝတ်အိအိလေး တစ်ထည်ကို ယူဆောင်လာခဲ့၏။
ကျန်းချုံးက ထိုအရာကို ဝတ်လိုက်သည်။ “ပြီးတော့ ဓားတစ်ချောင်းပေးအုံး”
အစေခံအိုကြီးသည် ဓားပျော့တစ်ချောင်းကို ယူဆောင်လာခဲ့၏။ ကျန်းချုံးက ထိုဓားပျော့ကို သူ၏ လက်မောင်းတွင် အသာရစ်ပတ်လိုက်၏။ ပြီးနောက် အဝတ်တစ်ခုကို ထပ်ဝတ်လိုက်၏။ ထိုအပေါ်မှ အရာရှိ ဝတ်စုံကို ထပ်မံဝတ်ပြန်၏။ သူက ပိန်လိမ်နေသောကြောင့် အထဲ၌ ချပ်ဝတ် ဝတ်ဆင်ထားလျှင်တောင်မှ ဝတ်ဆင်ထားကြောင်း သိသာမနေချေ။
သူ .... ကျန်းချုံးသည် ၁၀ နှစ်ကျော်တိုင်အောင် တိုက်ခိုက်ခြင်း မလုပ်ခဲ့ချေ။ နောက်ဆုံး ယနေ့အချိန်မှာတော့ အားသုံးကာ တိုက်ခိုက်ရပေတော့မည်။ သူ .... အစိုးရအရာရှိ ဖြစ်လာပြီးနောက် ကိုယ်တိုင် တိုက်ခိုက်မှုကို ပြုလုပ်ရမည့်အချိန်မျိုး ရောက်ရှိလာလိမ့်မည်ဟု မထင်ခဲ့ချေ။
“ရှမ့်... ငါ့ရဲ့သိုင်းပညာကို မင်းတကယ် စိတ်ဝင်စားခဲ့တယ် မဟုတ်လား။ ဒီနေ့ မင်းကို စိတ်မပျက်စေဖို့ ငါမျှော်လင့်တယ်”
................
ကျန်းချုံးသည် သူ၏အရာရှိဝတ်စုံကို ဝတ်ဆင်လိုက်၏။ တစ်စုံတစ်ယောက်က လာရောက်ကာ သတင်းပို့၏။ “အရှင်... အရာရှိ ရှောင်ဝူချန့်က ဖိတ်စာပို့ပါတယ်။ ဒီနေ့ နှင်းတောင်မျှော်စင်မှာ အရှင့်ကို ကြိုဆိုပွဲလုပ်ချင်လို့တဲ့”
ကျန်းချုံးက ပြုံးကာပြောလိုက်သည်။ “အင်း... ဘယ်သူတွေ လာကြမှာလဲ”
ထိုလူက ပြောလိုက်၏။ “ပိုင်ရီခရိုင်ရဲ့ အရာရှိတွေ၊ အဆင့်ရှစ် တပ်မှူးတွေ အကုန်လုံး လာလိမ့်မယ်လေ။ အဲထဲမှာ ချမ်းသာတဲ့ကုန်သည် အချို့လည်း ပါမှာပေါ့။ အနည်းဆုံးတော့ လူ ၄၀၊ ၅၀ လောက်ရှိလိမ့်မယ်နဲ့တူတယ်”
ကျန်းချုံးက ပြောလိုက်သည်။ “ကောင်းပြီ။ အင်း... ကျုပ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဒီလောက် ကျုပ်ကို တန်ဖိုးထားနေပြီဆိုမှတော့ ကျိန်းသေပေါက် သွားရတော့မှာပေါ့”
ထိုလူက ပြောလိုက်၏။ “ကောင်းပါပြီ။ ဒါဆိုရင် အကြောင်းပြန်လိုက်ပါ့မယ်”
သတင်းပေးပို့သူ ထွက်ခွာသွားခဲ့ပြီးနောက် ကျန်းချုံးသည် လျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်၏။ အထဲတွင် လူတစ်ယောက် ရှိလို့နေ၏။ ရွက်ကြမ်းရေကျို၊ သာမန်ညောင်ည ပုံစံမျိုးနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ပင်။
ကျန်းချုံးသည် ရှေ့ဆီသို့လှမ်းတက်ပြီး ဦးညွှတ်လိုက်သည်။ “အရှင်မင်းသမီး.. ဒီအရာရှိနဲ့အတူ ဒီနေ့ည စားပွဲလိုက်မှာလား။”
ထိုသာမန်ညောင်ည သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် ရုပ်ဖျက်ထားသည့် မင်းသမီးကြီး နင်ကျဲ့ပင် ဖြစ်၏။
နင်ကျဲ့ဟုတ်ပေသည်လား။ ဟုတ်ပေ၏။ ဤရုပ်ဖျက်ထားသည့်နည်းလမ်းသည် တကယ့်ကို အဆင့်အတန်း မြင့်မားလွန်းသည်။
မင်းသမီးနင်ကျဲ့က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ကျွန်မ ကျန်းချုံးနဲ့အတူ ဒီညပွဲကို တက်မယ်”
ခဏလောက်ကြာပြီးနောက် ကျန်းချုံးကို လာရောက်ပင့်ဖိတ်သည့် ရထားလုံးတစ်ခု ရောက်ရှိလာခဲ့၏။ ကျန်းချုံးသည် ညစာစားပွဲတက်ရန် အဆင်သင့်ဖြစ်လို့ နေသည်။
ပိုင်ရီခရိုင်၏ အုပ်ချုပ်ရေးရုံး အိမ်တော်အတွင်းမှာတော့ ...
ပိုင်ရီခရိုင်အရာရှိတစ်ယောက်က လှမ်းကာပြောလိုက်၏။ “ကျန်းချုံးက အစောကြီးကတည်းက ထွက်လာခဲ့ပြီ”
အုပ်ချုပ်ရေးမှူးရှောင်ဝူချန့်က ပြောလိုက်သည်။ “လူဘယ်လောက်များများပါလဲ”
“သူ တစ်ယောက်တည်း ခေါ်လာပါတယ်။ ဒါပေမဲ့ အနောက်မှာ လိုက်ပါ စောင့်ရှောက်တဲ့ စစ်သည်တော် ၁၅ ယောက်လောက် ပါသေးတယ်”
ရှောင်ဝူချန့်က ရယ်မောလိုက်၏။ “အင်း... တကယ့်ကို ရဲတင်းတဲ့လူပဲ”
“အရှင်... ဒါနဲ့ ကျုပ်တို့ နှင်းတောင်မျှော်စင်ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ စစ်သည်တွေ ချထားရမှာလား”
ရှောင်ဝူချန့်က ပြောလိုက်သည်။ “တကယ်လို့ ကျုပ်တို့ စစ်သည်တွေ ချထားမယ်ဆိုရင် ကျန်းချုံး ဘယ်လိုလုပ် လာရဲတော့မှာလဲ။ ပြီးတော့ သူက လူ ၁၅ ယောက်တည်းကို ခေါ်လာတာလေ။ အဲဒါကို စစ်သည်တွေ ချပြီး စောင့်ကြပ်နေဖို့ လိုလို့လား။ နှင်းတောင်မျှော်စင်ဆိုင်ထဲမှာ အားလုံးရောက်နေပြီ မဟုတ်ဘူးလား”
အရာရှိက ပြောလိုက်၏။ “အားလုံးက အဆင်သင့်ပါပဲ။ စားဖိုမှူးကနေပြီး စားပွဲထိုးအထိ၊ ပြီးတော့ သီချင်းသီဆိုသူတွေတောင်မှ စုကလန်က ပေးပို့လိုက်တဲ့ ကျွမ်းကျင် သတ်ဖြတ်သူတွေကြီးပဲ။ အားလုံးပေါင်း ၃၇ ယောက်တိတိ ရှိတယ်။ ဒါက ကျန်းချုံးကို သတ်ဖြတ်ဖို့ လိုတာထက်တောင်ပိုနေပါပြီ”
အုပ်ချုပ်ရေးမှူး ရှောင်ဝူချန့်က ပြောလိုက်သည်။ “အင်း.. စားပွဲပြင်ဆင်ပြီးရင် သတ်ကြတာပေါ့”
..........
နှင်းတောင်မျှော်စင် ..... ဤအရာသည် ပိုင်ရီခရိုင်၏ အကောင်းဆုံးသော စားသောက်ဆိုင်တစ်ခုဖြစ်ပြီး တော်တော် ကြီးမားသည့် မြေနေရာကိုလည်း ပိုင်ဆိုင်၏။ စားသောက်ဆိုင်၌ သေးငယ်သည့် ဥယျာဉ်လေးများ ရှိပြီး နန်းဆောင်များလည်း ရှိ၏။ ထို့ပြင် လှပသည့်ရေကန်ငယ်လေးများပါ ရှိနေသေး၏။
နှင်းတောင်မျှော်စင်၏ အဓိကအဆောက်အဦသည် ရေကန်ကြီး၏ အလယ်တွင် တည်ဆောက်ထား၏။ ညဘက်သို့ ရောက်သည့်အချိန်မှာတော့ နှင်းတောင်မျှော်စင်တစ်ခုလုံးကို မီးအိမ်များနှင့် အလှဆင်ထားသည်။
ယနေ့ညမှာတော့ နှင်းတောင်မျှော်စင်သည် တခြားသောဧည့်သည်များကို ဝင်ခွင့်မပြုချေ။ အုပ်ချုပ်ရေးမှူး ကျန်းချုံးတစ်ယောက်တည်းကိုသာလျှင် ဝင်ခွင့်ပြု၏။
ကျန်းချုံး၏ ရထားလုံးသည် နှင်းတောင်မျှော်စင်၏ရှေ့၌ ရပ်တန့်သွားခဲ့၏။ ချက်ချင်းပဲ စစ်သည်တော် တစ်ဖွဲ့က နှင်းတောင်မျှော်စင်ထဲသို့ ဝင်ရောက်ပြီး တည်နေရာတစ်ခုလုံးကို စစ်ဆေး၏။ အထဲတွင် တခြားသော ခြံခိုပုန်းအောင်းနေသူ မည်သူမှ မရှိကြောင်း အတည်ပြုပြီးနောက် သူတို့က လှမ်းကာအော်ဟစ်လိုက်သည်။
“အုပ်ချုပ်ရေးမှူး ကျေးဇူးပြုပြီးဆင်းပါအုံး” ရှောင်ဝူချန့်က လှမ်းကာပြောဆိုလိုက်၏။
“အင်း.. အုပ်ချုပ်ရေးမှူးရှောင် ကျေးဇူးပြုပြီးကြွပါ” ကျန်းချုံးက ပြန်လည်ကာ နှုတ်ဆက်လိုက်သည်။
ကျန်းချုံး၏နောက်ဘက်မှ လိုက်ပါလာသည့် သက်လတ်ပိုင်းအရွယ်လူကို မြင်ချိန်မှာတော့ ရှောင်ဝူချန့်သည် အံ့အားသင့်သွား၏။
ကျန်းချုံးက ပြောလိုက်သည်။ “ဒီလူက ဘုရင်မင်းမြတ်ပေးလိုက်တဲ့ သက်တော်စောင့်တစ်ယောက်ပဲ။ တစ်ချိန်လုံး ကျုပ်ရဲ့ဘေးနားမှာ ရှိနေလိမ့်မယ်”
ရှောင်ဝူချန့်က တီးတိုးရေရွတ်လိုက်၏။ “သူက ရေနက်တပ်ဖွဲ့ကလား”
ကျန်းချုံးက ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးရှောင်.. ကျုပ်ဒီကိစ္စကို ပြောလို့မဖြစ်ဘူး”
ရှောင်ဝူချန့်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။ “ကျုပ်နားလည်ပါပြီ၊ ကျုပ်နားလည်ပါပြီ”
သို့ပေမည့် သူ၏ စိတ်ထဲမှာတော့ အထင်အမြင် သေးလျက်ရှိသည်။ ရေနက်တပ်ဖွဲ့၌ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသောသူများနှင့် ပြည့်နှက်နေသော်လည်း တကယ့် အစစ်အမှန် ကျွမ်းကျင်သူမှာတော့ အနည်းငယ်သာလျှင် ရှိ၏။ ဘုရင်မင်းမြတ်သည် တကယ့်ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ကို အဘယ်သို့ ကျန်းချုံးကဲ့သို့သော အရာရှိဆီသို့ ပေးပို့မည်နည်း။
စုကလန်ဆီမှ ကျွမ်းကျင်သူသုံးယောက်တို့ကို ဤတစ်ယောက်တည်းက အနိုင်ယူ တိုက်ခိုက်နိုင်မည်လား။ မဖြစ်နိုင်ပေ။
ကျန်းချုံးသည် လူတော်တော်များများကို စေလွှတ်ကာဖြင့် နှင်းတောင်မျှော်စင်တစ်ခုလုံးကို စစ်ဆေးခဲ့၏။ တခြားပုန်းအောင်းနေသူများကို တွေ့ရမည် မဟုတ်ချေ။ သို့ပေမည့် စားဖိုမှူး၊ စားပွဲထိုး၊ ထို့ပြင် သီချင်းဆိုသူနှင့် တီးဝိုင်းအဖွဲ့သားများကပင်လျှင် လုပ်ကြံသူများဖြစ်နေသည်ကို အဘယ်သို့ သိရှိမည်နည်း။
.....
နှင်းတောင်မျှော်စင်ဆိုင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စီးပွားရေးသမားများ အားလုံးတို့သည် မျက်နှာချိုသွေးကာဖြင့် လာရောက်နှုတ်ဆက်ကြ၏။
ယနေ့ညတွင် ကျန်းချုံး သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း သိရှိသည့်လူဟူ၍ လူနှစ်ယောက်တည်းသာရှိ၏။ ထိုသူက ရှောင်ဝူချန့်နှင့် လူတစ်ထောင်တပ်ဖွဲ့မှူး လောင်ဖန်ပင်ဖြစ်၏။ စီးပွားရေးသမားများနှင့် တခြားသော အရာရှိများသည် ကျန်းချုံးရောက်ရှိလာသည်ကို တကယ် နှစ်နှစ်ခြိုက်ခြိုက်နှင့် လာရောက်ကာ ဧည့်ခံခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ရုန့်ယင်းဆန်ခတ်ဖြစ်အောင် ပြုလုပ်မည့် လူတစ်စုကလည်း တည်ရှိနေသေး၏။ စုကလန်သည် တကယ့်ကို အစီအစဉ်အကွက်ကျသည်။ အရေးအကြောင်းအခြေအနေမျိုးတွင် ထိုသူတို့ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်သွားပါသည် ဟူ၍ အကြောင်းပြနိုင်ရန် စီစဉ်ထားခြင်းပင် ဖြစ်၏။
ကျန်းချုံးမှာတော့ အားလုံးသောသူတို့ ယုံကြည်သည့် လူတစ်ယောက် ဖြစ်၏။ ထို့အပြင် လက်ရွေးစင် စစ်သည် သုံးထောင်ကျော်လည်း သူ့၌ ပါဝင်လာခဲ့၏။ ထို့ကြောင့် လုံခြုံသည်ဟု အားလုံးက ခံစားရပေလိမ့်မည်။
ဧည့်သည်ပေါင်းတစ်ဒါဇင်ကျော်တို့ တည်ရှိနေခဲ့ကြ၏။ တစ်ဝက်လောက်က အစိုးရအရာရှိကြီးများဖြစ်ပြီး တခြားသောတစ်ဝက်မှာ ချမ်းသာသော စီးပွားရေးသမားများပင် ဖြစ်သည်။
နာရီဝက်နီးပါးလောက် နှုတ်ဆက်ပြီးနောက် သူတို့သည် ထိုင်ခုံများတွင် အသီးသီး ထိုင်လိုက်၏။ စားပွဲထိုး တစ်ဒါဇင်ကျော်တို့သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာဖြင့် အရသာရှိသည့် ဟင်းပွဲများကို တည်ခင်းကြ၏။
အလွန်လှပသည့် မိန်းမပျိုလေးငါးယောက်တို့ ရောက်ရှိလာခဲ့ပြီး မြေပေါ်တွင်ထိုင်၏။ ပြီးနောက် သီချင်းကို စတင်ကာ သီဆို၏။ နှင်းတောင်မျှော်စင် ဆိုင်တစ်ခုလုံးသည် မွှေးပျံ့သည့် ဝိုင်ရနံ့များ ၊ မိန်းမလှလေးတို့၏ ကိုယ်သင်းနံ့များနှင့် သင်းကြိုင်သွားသည်။
တကယ့်ကို အဆင့်အတန်း မြင့်မားသူများ၏ ညစာစားပွဲဖြစ်သည်။ ရှောင်ဝူချန့်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ဝိုင်ခွက်ကို မြှောက်လိုက်၏။
ကျန်းချုံးမှလွဲ၍ အားလုံးသောသူတို့က မတ်တပ်ရပ်၏။ မှတ်တမ်းရုံးမှ အရာရှိကလည်း ရုတ်တရက် မတ်တပ်ထရပ်ရ၏။ သူ့အနေနှင့် အဘယ်သို့ ဆက်လက်ကာ ထိုင်ရဲမည်နည်း။
အားလုံးသောသူတို့သည် ဝိုင်ခွက်ကိုမြှောက်ပြီး ရှောင်ဝူချန့် ပြောလာမည်ကို စောင့်ဆိုင်းနေ၏။
ရှောင်ဝူချန့်က ရုတ်တရက်ပြောလိုက်သည်။ “ကျုပ်တို့ ပိုင်ရီခရိုင်က တကယ်တော့ နှင်းတောင်အောက်မှာ ရှိနေတာ။ အခု နွေရာသီကို ကျော်လွန်ခဲ့ပြီဆိုပေမဲ့ ညလေက အရမ်းကို တိုက်ခတ်နေတယ်။ တံခါး သွားပိတ်လိုက်ပါအုံး”