← Chapters

အပိုင်း (၃၇၉)

Vol. 28 Ch. 379

အပိုင်း (၃၇၉)

Vol. 28 Ch. 379

သို့ပေမည့် ထိုသို့ဆိုလျှင်တောင်မှ ကျိုးရိချမ်၏ သိုင်းပညာသည် တမဟုတ်ချင်း တိုးတက်သွားခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားခဲ့၏။ ဤအရာအားလုံးသည် ကောင်းမွန်သည့် တည်နေရာဆီသို့ ရောက်ရှိသွားရခြင်း၏ တိုးတက်မှုပင် ဖြစ်၏။

သို့ပေမည့် လွန်ခဲ့သည့် ခြောက်နှစ်တုန်းက အန့်တင်းမြို့စားကြီး၏ အိမ်တော်သည် ကြီးမားသည့် ကပ်ဘေးကြီးကို ခံစားခဲ့ရ၏။ မိသားစုတစ်ခုလုံးသည် တစ်ညအတွင်း သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရပြီး ကျိုးကျောင်းပိုသည် ကွပ်မျက်ခြင်း ခံခဲ့ရ၏။ ကျိုးကလန်တစ်ခုလုံးသည်လည်း သုတ်သင်ရှင်းလင်း ခံရလုနီးပါးပင်။

ထိုအချိန်မှစ၍ ကျိုးရိချမ်သည် ကောင်းကင်ပင်လယ်နန်းဆောင်တွင် မနေတော့ချေ။ သူ့၌ ကျိုးကလန်နှင့် အချိန်ကောင်းများ မရှိခဲ့လျှင်တောင်မှ သူ၏မွေးစားအဖေအပေါ် ကျေးဇူးကြွေး တည်ရှိနေ၏။ ထို့ကြောင့် သူ လက်စားချေရပေလိမ့်မည်။ အစစ်အမှန်တရားကို သူ ရှာဖွေချင်မိ၏။ ထို့ကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်မှ ထွက်ခွာသွားခဲ့၏။

မကြာသေးခင်မှာပဲ ထူးဆန်းသည့် လူတစ်ယောက်သည် လောက၌ ပေါ်ပေါက်လာခဲ့၏။ ထိုသူမှာ ရွှဲ့ပြည်နယ် သိုင်းလောကရှိ ဓားပြကြီး နာကျည်းမှု ဟူ၍ပင် ဖြစ်၏။

မကြာခင်မှာပဲ ကျောင်းရန်ကလည်း ပေါ်ပေါက်လာခဲ့ပြီး အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်ဖြစ်လာခဲ့သည်။

..............

“... လက်ပေးစမ်း” ကျန်းယွီယင်းက အော်ဟစ်လိုက်၏။

နာကျည်းမှုသည် သူ၏ လက်ကို အသာပင် ဆန့်တန်းပေးလိုက်သည်။

ဖြောင်း... ဖြောင်း... ဖြောင်း...

ကျန်းယွီယင်း၏ ကြိမ်လုံးသည် ဓားပြကြီး နာကျည်းမှု၏ လက်ဝါးပေါ်သို့ ကျဆင်းနေ၏။ အကြိမ်အနည်းငယ် ရိုက်နှက်ပြီးနောက် ဓားပြကြီး နာကျည်းမှုသည် သတိပြန်ဝင်လာခဲ့၏။

‘နေစမ်းပါအုံး... ငါ ခုဏက ဘာလို့ လက်ထုတ်ပေးလိုက်ရတာလဲ။ ငါ ကောင်းကင်ပင်လယ်နန်းဆောင်ထဲမှာ စာသင်နေတာမှ မဟုတ်တာ။ သူက ငါ့ရဲ့ ဆရာမ မဟုတ်တော့ဘူးလေ။ ဘယ်လိုဖြစ်ပြီး ငါ့ကို ရိုက်ရဲရတာလဲ။ လက်ချောင်းတစ်ချောင်းထဲနဲ့တောင် ငါ သူ့ကို ဖိနှိပ်ရိုက်နှက်နိုင်တယ်။’

ဘွဲ့ယူပြီး နှစ်နှစ်ဆယ်ကြာပြီးသည့်နောက် မိမိဆရာကို သွားရောက်ကာ ရိုက်နှက်သည့်လူဟူ၍ မည်သူ ရှိသနည်း။ မည်သူမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ထို့အတူ ဓားပြကြီး နာကျည်းမှုကလည်း ကျန်းယွီယင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ ဘာလုပ်ရမည်နည်း။ သူ ခုခံခြင်းကိုပင် မပြုလုပ်ရဲချေ။

ဤဆရာမသည် ထက်ရှသည့် လျှာရှိသည်ဆိုသော်လည်း နူးညံ့သည့် နှလုံးသားကို ပိုင်ဆိုင်၏။ သူ့အပေါ်တွင် တကယ်ပင် ကြင်နာလွန်းခဲ့၏။ သူ ထူးဆန်းသည့်ရောဂါကို ခံစားခဲ့ရပြီး မျက်နှာသွင်ပြင်လုံး စုတ်ပြတ်သတ် နေသည့်အချိန်တွင် သူမက ရှေးစာအုပ်ပေါင်းများစွာကို ရှာဖွေဖတ်ရှုခဲ့ပြီး သူ၏ ရောဂါလက္ခဏာများကို ရှာဖွေကာဖြင့် သေသေချာချာ ကုသပေးခဲ့၏။ ကျန်းယွီယင်းသည် နာကျည်းမှု၏ အံအားသင့်စရာကောင်းသည့် သိုင်းပညာအားလုံးကို လျစ်လျူရှုထားခဲ့၏။

သူမက ရှေ့ဆီသို့ လှမ်းတက်ပြီး ရွှမ်ဝူနယ်စားကြီး၏ ရင်ဘတ်ထဲမှ ဓားကို ဆွဲထုတ်လိုက်၏။ သူမ၏ နောက်မှ လိုက်ပါလာသော တပည့်များသည် ရွှမ်ဝူနယ်စားကြီးကို ချက်ချင်းပဲ ကုသပေးလိုက်သည်

ကျန်းယွီယင်းက ရှေ့သို့ လှမ်းသွားပြီး နာကျည်းမှု၏ မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ နာကျည်းမှုက အသာ ရှောင်၏။ ကျန်းယွီယင်းက ချက်ချင်းပဲ တစ်ဖက်လူ၏ လည်ကုပ်ကို ဖမ်းဆွဲကာ ပြောလိုက်၏။

“ဘာလို့ ရှောင်နေတာလဲ” ပြီးနောက် သူမက မျက်နှာဖုံးကို အသာပင် ဆွဲချွတ်လိုက်သည်။

ရုတ်တရက် လူသားလိုလို သရဲလိုလို မျက်နှာမျိုးကို မြင်လိုက်ရ၏။ ဤအရာက ရွံရှာဖွယ်ရာကောင်းပြီး လူသားတစ်ယောက်နှင့်ပင် မတူချေ။

ကျန်းယွီယင်းသည် ပါးကို ပိတ်ရိုက်လိုက်၏။ “အရင်တုန်းက ငါ မင်းကို ကုသပေးခဲ့တယ်။ ဘာကြောင့် ထွက်ပြေးရတာလဲ။ ဘာကြောင့် ထွက်ပြေးရတာလဲ”

နာကျည်းမှုက မည်သည့်စကားကိုမှ မပြောနိုင်ချေ။ သူသည် ကျိုးကလန်အတွက် လက်စားချေချင်၏။ သူသည် ကျိုးကလန် ဖျက်ဆီးခံရခြင်း၏ အစစ်အမှန်တရားကို ရှာဖွေချင်မိသည်။

“နာကျည်းမှု... မင်းပဲ မဟုတ်လား” ကျန်းယွီယင်းက မေးလိုက်၏။

“မဟုတ်... ဟုတ်... ဟုတ်ပါတယ်”

ကျန်းယွီယင်းက ထပ်မံကာ ရိုက်နှက်လိုက်ပြန်သည်။ “လိမ်တဲ့အချိန်တိုင်း ဟိုကြည့်ဒီကြည့် လုပ်နေတယ်။ ဒါ မင်းပဲ။”

ကျန်းယွီယင်းသည် နာကျည်းမှု၏ ရှုံ့တွလျက်ရှိနေသည့် မျက်နှာကို သေသေချာချာ ကြည့်ရှု၏။ ပြီးနောက် မျက်လုံးကို အသာဖွင့်ကြည့်လိုက်၏။ “ဆက်ပြီး မကုသလို့ရှိရင် သေသွားမယ် အရူးရဲ့”

ကျန်းယွီယင်းက ပြောလိုက်သည်။ “ဒီမှာနေအုံး။ ရက်အနည်းငယ်နေရင် ငါ မင်းကို ကောင်းကင်ပင်လယ်နန်းဆောင်ဆီ ပြန်ခေါ်သွားမယ်။ ဒီဟာကို ကုသဖို့ နည်းလမ်း ရှာရမယ်”

နာကျည်းမှုသည် မည်သို့မှ မနေနိုင်ချေ။ ရွှမ်ဝူနယ်စားကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ ယခု ရွှမ်ဝူနယ်စားကြီးကို သတ်ရတော့မည်လား။ အကယ်၍ ဆရာမကျန်း မရှိလျှင်လည်း ကျင်းကျိုးနှင့် သူ မျက်နှာချင်းဆိုင်တော့မည် မဟုတ်ပေ။ ယခုဆရာကျန်းရှိနေသောကြောင့် ပိုဆိုး၏။

ကျန်းယွီယင်းက ပြောလိုက်သည်။ “အရူးတွေ... ဒါ မင်းတို့ရဲ့ စီနီယာအစ်ကိုပဲ။ မင်းတို့ထက် ပိုပြီးညံ့ဖျင်းတဲ့ လူတစ်ယောက်ပဲ။ သူ့ကို တစ်ခါတည်း ခေါ်ခဲ့လိုက်”

“ကောင်းပါပြီ ဆရာ”

ကျောင်းသားအနည်းငယ်တို့က ရှေ့သို့ လှမ်းတက်လာပြီး ဓားပြကြီးနာကျည်းမှု၏ လက်များကို ဝိုင်းဆွဲပြီး အပြင်ဘက်သို့ လျှောက်ထွက်သွားခဲ့၏။

ဓားပြကြီး နာကျည်းမှုက ချက်ချင်းပဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူ ဘာဆက်လုပ် ရမည်နည်း။

‘မဟုတ်သေးဘူး။ ငါ... ငါ ကောင်းကင်ပင်လယ်နန်းဆောင်ကို ပြန်လို့မဖြစ်ဘူး။ ငါလုပ်စရာတွေ ရှိသေးတယ်’

ချက်ချင်းပဲ နာကျည်းမှုက ရုန်းထွက်လိုက်၏။ “ကျေးဇူးပါပဲ ဆရာမကျန်း။ ကျုပ်... ကျုပ် သွားတော့မယ်”

ပြီးနောက် အမြန်ဆုံးနှုန်းဖြင့် တစ်ခါတည်း ထွက်ပြေးပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည်။

ကျန်းယွီယင်းက ပြောလိုက်၏။ “ကျိုးကျောင်းရန်က မင်းကို ရွှမ်ဝူနယ်စားကြီးကိုသတ်ဖို့ လွှတ်လိုက်တာမလား။ သူ့ကို ထပ်ပြီး မတွေ့နဲ့တော့။ မဟုတ်ရင် ငါကိုယ်တိုင် ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ အလိုရှိသူများ စာရင်းထဲမှာ သူ့ကို ထည့်လိုက်မယ်”

နာကျည်းမှု၏ နှလုံးသားများက တုန်ယင်သွားခဲ့၏။ သူသည် နောက်ဆုံးအချိန်တုန်းက ရှစ်ချင်းချင်းကို မသတ်ဖြတ်နိုင်ခဲ့ချေ။ ထိုအရာက နားလည်နိုင်၏။ သို့ပေမည့် ယနေ့အချိန်တွင်လည်း ကျင်းကျိုးကို မသတ်ဖြတ်နိုင်ခဲ့ချေ။ သူ့အနေနှင့် ညီမလေး ကျိုးကျောင်းရန်နှင့် ထပ်မံကာ မျက်နှာချင်းဆိုင်၍ ရတော့မည် မဟုတ်ချေ။

ကျိုးကျောင်းရန်၏ စိတ်ပျက်စရာအကြည့်များကို တွေးကြည့်ပြီးနောက် နာကျည်းမှုသည် သူမကို မျက်နှာချင်း မဆိုင်ရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက် သူသည် ရုတ်တရက် ထွက်ခွာသွား၏။ ကျိုးကျောင်းရန်က တောင်ဘက်ပိုင်းကို သွားပြီး နာကျည်းမှုမှာတော့ အနောက်ဘက်ပိုင်းကို သွားကာ ပျောက်ကွယ်သွားရတော့မည်။

ကျင်းကျိုးသည် လက်သီးကို ဆုပ်ကာဖြင့် ကျန်းယွီယင်းကို ဦးညွှတ်လိုက်၏။ “ကျေးဇူးပါပဲ ဆရာမကျန်း... ကျုပ်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက်”

“ရှင်က ကျွန်မ နှစ်သက်တဲ့ကောင်လေးရဲ့ ယောက္ခထီးလေ။ ဘယ်လိုဖြစ်ပြီး ကျွန်မကို ဦးညွှတ်နေရတာလဲ။ ဒါနဲ့ ရှင်နာမည်က ထူးဆန်းလွန်းတယ်။ ကျိုးရိချမ်က ကောင်းလေး တစ်ယောက်ပါပဲ။ သူရဲ့ ခေါင်းမှာ ပြဿနာ နည်းနည်း ရှိနေတယ်”

ကျန်းယွီယင်းက ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မ ဒီမှာမရှိဘူးဆိုရင်တောင် သူ ရှင့်ကို လာပြီး သတ်တော့မှာ မဟုတ်ဘူး။ သူ့ရဲ့ ဓားက မကောင်းတဲ့သူတွေကိုပဲ သတ်တာ”

ကျင်းကျိုးက ပြောလိုက်သည်။ “အင်း... ကျိုးရိချမ် ဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ သူ့ရဲ့ သိုင်းပညာက ရွှဲ့ပြည်နယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။”

ကျန်းယွီယင်းက ပြောလိုက်၏။ “အင်း... စာအုပ်တွေထဲမှာ ရည်ညွှန်းတဲ့ အထီးကျန်ကြယ်ပွင့်ဆိုတာ ကျိုးရိချမ်ကို ရည်ညွှန်းတာပဲ ဖြစ်တယ်။ ကျိုးမိသားစုက သူ့ကြောင့်ပဲ သတ်ဖြတ်ခံလိုက်ရတာပေါ့”

ရွှမ်ဝူနယ်စားကြီးသည် ထိုစကားကိုကြားသည့်အချိန်မှာတော့ တုန်လှုပ်သွားခဲ့၏။ ကျိုးမိသားစု သတ်ဖြတ်ခံရခြင်းက လျှို့ဝှက်ချက်ဖြစ်၏။ ယခုအချိန်ထိ မည်သူမှ အမှန်ကို မသိရှိချေ။ တော်ဝင်ရန်အင်ပါယာ ပြုလုပ်ခဲ့သည့် အကြောင်းအရာဖြစ်ကြောင်းသာ သိရှိ၏။

အန့်တင်းမြို့စားကြီးသည် ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ ဂုဏ်သိက္ခာ ကြီးမား၏။ ကျိုးမိသားစုသည် နန်းတွင်းညီလာခံထဲတွင်ပင် အရာရှိ ငါးယောက်၊ ခြောက်ယောက်လောက် ဝင်ဆန့်နိုင်သည် မိသားစုမျိုး ဖြစ်၏။ တကယ်ကို ကြီးမားသည့် ဩဇာအာဏာကို ပိုင်ဆိုင်၏။ သို့သော်ငြား တစ်ညအတွင်းမှာပဲ သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရ၏။ မည်သည့် သတိပေးချက်၊ ခြိမ်းခြောက်မှုမှလည်း ပေါ်မလာခဲ့ချေ။

ယခု ကျန်းယွီယင်း ပြောဆိုနေသည်မှာ ထိုကိစ္စမှာ ကျိုးရိချမ်ကြောင့် ဖြစ်နေခြင်းပင်။

“ကျိုးရိချမ်က မကြာခင် မြင့်တက်တော့မှာ။ ပြီးတော့ သူက ကျန်းလီရဲ့ သွေးမျိုးဆက် ဖြစ်လိမ့်မယ်လို့ တချို့သောသူတွေက သံသယ ရှိခဲ့ကြတယ်။ ဒါကြောင့် သက်သေတချို့ကို သွားပြီး ရှာဖွေခဲ့တယ်။ တွေ့ခဲ့တဲ့ပုံပဲ။ ဒါကြောင့်လည်း ကျိုးမိသားစုကို သုတ်သင်ပစ်လိုက်တာပေါ့”

ကျန်းယွီယင်းသည် အမှန်တရားကို အမှတ်မထင် ပြောဆိုခဲ့ခြင်းဖြစ်၏။

ရွှမ်ဝူမြို့စား၏ နှလုံးခုန်သံများကတော့ ရပ်ဆိုင်းသွားခဲ့၏။ ဤလျှို့ဝှက်ချက်သည် လွယ်လွယ်ကူကူ ပေါ်ပေါက်လာခဲ့သည်လား။ အံ့ဩစရာ မရှိချေ။ ကျိုးမိသားစုတစ်ခုလုံး ချက်ချင်းဆိုသလိုပဲ သုတ်သင်ခံခဲ့ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။

ကျန်းယွီယင်းက ပြောလိုက်သည်။ “ပြီးတော့ ကျိုးရိချမ်က ကျန်းလီရဲ့ သွေးမျိုးဆက် မဟုတ်ဘူးဆိုတာကို ကောင်းကင်ပင်လယ်နန်းဆောင်က သက်သေပြနိုင်ခဲ့တယ်။ နန်းဆောင်သခင်ကိုယ်တိုင် တော်ဝင်ရန် အင်ပါယာဆီကို စာရေးသားပေးပို့ခဲ့တယ်။ ဒါကြောင့် ကျိုးကလန်ရဲ့ကိစ္စက ရှင်းလင်းသွားခဲ့တယ်”

ကျိုးမိသားစု၏မျိုးဆက်များ လက်ရှိနှစ်များအတွင်း အရာရှိ ပြန်လည် ဖြစ်တည်လာခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကျိုးကျောင်းရန်သည် အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော်ဖြစ်လာခဲ့ခြင်း မှာလည်း အံ့အားသင့်စရာ မဟုတ်တော့ပေ။

သို့ပေမည့် ထိုကဲ့သို့သော ကိစ္စရပ်အားလုံး ရှင်းလင်းသွားခဲ့ပြီ ဆိုလျှင်တောင် ကျိုးကလန်မှ လူများသည် သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့၏။ တော်ဝင်ရန်အင်ပါယာသည် တကယ်ကို ကြမ်းတမ်းလွန်းလှ၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ လွှမ်းမိုးနိုင်မှုသာ မကြီးမားပါက ဒုက္ခများပေလိမ့်မည်။

ကျန်းယွီယင်းက ပြောလိုက်၏။ “ရွှမ်ဝူနယ်စားကြီး... တစ်စုံတစ်ယောက်က ရှင့်ကို သုတ်သင်ရှင်းလင်း ပစ်ချင်တယ်ဆိုတော့ မကြာခင်မှာ နုရှောင့်မြို့မှာ တိုက်ပွဲ ဖြစ်လာလိမ့်မယ်။ ဒီတော့ ကောင်းကင်ပင်လယ်နန်းဆောင်က လူတွေ ဒီနေရာမှာ ရှိနေတာ မသင့်တော်ဘူး။ ကျွန်မတို့ မနက်ဖြန် ထွက်သွားတော့မယ်”

သူမ ပြောဆိုသည်မှာ အမှန်ပင် ဖြစ်၏။ အဘယ်ကြောင့် တစ်ဖက်လူများက ကျင်းကျိုးကို သတ်ဖြတ်ချင် ရသနည်း။ သူတို့၏ ရည်မှန်းချက်က ကျင်းကျိုး မဟုတ်နိုင်ချေ။ နုရှောင့်မြို့ကို သိမ်းဆည်းရယူချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျန်းယွီယင်းသည် တကယ်ကို အမြင်အာရုံ ထက်ရှလှ၏။ ချက်ချင်းပဲ မကြာခင် ဖြစ်တည်တော့မည့် စစ်ပွဲ၏ အရိပ်အယောင်ကို ခံစားမိ၏။

ရှမ့်လန်က ဤနေရာတွင် မရှိချေ။ ရွှမ်ဝူနယ်စားကြီးသာ သုတ်သင်ရှင်းလင်းခံရပါက နုရှောင့်မြို့တစ်ခုလုံးသည် ခေါင်းဆောင် ကင်းမဲ့သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် မြို့ကို လွယ်လွယ်ကူကူနှင့် သိမ်းဆည်းနိုင်မည် မဟုတ်ပါလား။

ရွှမ်ဝူနယ်စားကြီးက အသာ ပြောလိုက်၏။ “ကောင်းပြီလေ။ ကျုပ်... ဆရာမကျန်းကို မနက်ဖြန် ပြန်ပို့ပေးပါ့မယ်”

ကျန်းယွီယင်းက ပြောလိုက်သည်။ “မဟုတ်ဘူး ရွှမ်ဝူနယ်စားကြီး... အပြင်ကို မထွက်နဲ့အုံး။ ရှင် သုတ်သင် ရှင်းလင်းခံခဲ့ရပြီးပြီ။ ဒီတော့... အားလုံးသောသူတွေ ရှင့်ကို သေဆုံးနေပြီလို့ ထင်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒါက မကြာခင် ဖြစ်တည်လာမယ့် တိုက်ပွဲမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရအောင် ပြုလုပ်လို့ရတယ်”

သို့ပေမည့် ကျင်းကျိုးမသေသည်ကို ဓားပြကြီး နာကျည်းမှုက သိ၏။ ကျန်းယွီယင်းက ပြောလိုက်၏။ “ကျိုးရိချမ်က ခက်ခဲတဲ့ဘဝမှာ နေထိုင်ခဲ့တာ။ သူ့ရဲ့ သိုင်းပညာက ကောင်းကင်က ငြင်းပယ်ရလောက်အောင် ကောင်းတယ်ဆိုပေမဲ့ သူ့က အမူအကျင့်နဲ့ ပတ်သက်ပြီး ပြစ်ချက်တွေ ရှိသေးတယ်။ သူ့ကို ကြည့်ရတာ ရဲရင့်ပုံပေါ်တယ်ဆိုပေမဲ့ စိတ်အတွင်းပိုင်းမှာ တကယ့်ကို အားနည်းတဲ့သူတစ်ယောက်ပဲ။

သူက မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ထွက်ပြေးရတာကို ကြိုက်နှစ်သက်တတ်တဲ့ လူတစ်ယောက်။ ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းတတ်သူတစ်ယောက် မဟုတ်ဘူး။ သူ ဒီနေ့ ရှင့်ကို မသတ်ဖြတ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် အချိန်အတိုင်းအတာတစ်ခုထိ သူ ကျိုးကျောင်းရန်ဆီ သွားတွေ့နိုင်မှာ မဟုတ်ဘူး”

ရွှမ်ဝူနယ်စားကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူက တကယ်ကို ဒေါသထွက်လို့နေခဲ့၏။ “အိမ်ရှေ့စံမင်းသား... ကျုပ် ခင်ဗျားကို ဘယ်တုန်းက ပုန်ကန်ခဲ့ဖူးလို့လဲ။ ဘာကြောင့် ကျုပ်ကို ထပ်တလဲလဲ သတ်ချင်နေရတာလဲ”

ကျင်းမိသားစုကို ဒုက္ခပေးနေသည့် အဆင့်မြင့်လူသည် အိမ်ရှေ့စံမင်းသား ဖြစ်လို့နေ၏။ သူ၏သမီး ကျင်းမူလန်သည် အစောကြီးတည်းက ယောက်ျားရှိခဲ့ပြီ ဖြစ်၏။ သို့ပေမည့် မူလန်အား နောင်တစ်ချိန် ပိုင်ဆိုင်မည့် ပစ္စည်းပစ္စယတစ်ခုကဲ့သို့ပင် သဘောထားလို့နေ၏။ လန်အာ နန်းမြို့တော်ဆီသို့ ရောက်သည့် အချိန်တွင်လည်း တစ်ဖက်လူကို ထိခိုက်အောင် ပြုလုပ်ခဲ့ခြင်း မရှိချေ။ လန်အာသည် စုကလန်ကို ရန်ပြုခဲ့ခြင်းသာလျှင် ရှိသည်။ သို့ပေမည့် အဘယ်ကြောင့် လက်လွတ်မပေးရသနည်း။

နယ်စားကြီးရွှမ်ဝူက မေးမြန်းလိုက်သည်။ “ဆရာမကျန်း... ကျုပ် မေးစရာရှိပါတယ်”

ကျန်းယွီယင်းက ပြောလိုက်၏။ “ကဲ မေးပါ”

ဤလှပလွန်းသည့် ဆရာမသည် တကယ်ကို ဉာဏ်ကောင်းလွန်းသည်။ ထို့အပြင် ကောင်းကင်ပင်လယ်နန်းဆောင်အနေနှင့် လောကကြီးထဲတွင် မပြောနိုင်သည့်အရာဟူ၍ မရှိချေ။

ရွှမ်ဝူနယ်စားကြီးက မေးလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ကျင်းမိသားစုကို ဘာကြောင့် ပစ်မှတ်ထားနေရတာလဲ။ ကျုပ်တို့က သူနဲ့ ဘာမှ သက်ဆိုင်ခြင်းမှ မရှိတာ”

ကျန်းယွီယင်းက ပြောလိုက်၏။ “ဘယ်သူက မရှိဘူးလို့ ပြောလဲ။ နုရှောင့်မြို့က ရွှဲ့ပြည်နယ်၊ အရှေ့ဘက်ဒေသ တစ်ခုလုံးရဲ့ ကုန်သွယ်တဲ့နေရာမှာ အရေးပါဆုံးနေရာတစ်ခုလေ။ ဒီနေရာကို အရင်တုန်းက ယင်ယွမ်အဖွဲ့အစည်းက ထိန်းချုပ်ထားခဲ့တာ။ ကျင်းမိသားစု နုရှောင့်မြို့ကို သိမ်းဆည်းသွားခဲ့တဲ့အချိန်မှာ ဒီအရှေ့ပင်လယ်ရဲ့ ကုန်သွယ်ဇုန်တစ်ခုလုံးကို ကောင်းကင်တာအိုအဖွဲ့အစည်းက ရယူသွားခဲ့တယ်။

ဒီကုန်သွယ်ရေး မဟာဗျူဟာက ရှင်ထင်ထားတာထက် ပိုပြီး အရေးကြီးတယ်။ အရှေ့ဘက် ပင်လယ်ပြင်မှာ ကုန်သွယ်ခွင့် ပြန်လည်ရရှိဖို့ ယင်ယွမ်အဖွဲ့အစည်းက စစ်ပွဲတစ်ခုစတင်ဖို့ ဘယ်တော့မှ နှောင့်နှေးမှာ မဟုတ်ဘူး”

ရွှမ်ဝူနယ်စားကြီးက ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားနဲ့ ယင်ယွမ်အဖွဲ့အစည်းကြားမှာရှိတဲ့ ရင်းနှီး ပတ်သက်မှုက အဲလောက်တောင် နက်ရှိုင်းတာလား”

ကျန်းယွီယင်းက ပြောလိုက်၏။ “ရွှဲ့ပြည်နယ်ရဲ့ သဘာဝသယံဇာတတွေက ရှင်ထင်ထားသလိုမျိုး မနိမ့်ကျဘူး။ ယင်ယွမ်အဖွဲ့အစည်းရဲ့ စိတ်ဝင်စားမှုက တခြားသော နိုင်ငံအသီးသီးမှာလည်း တည်ရှိနေတယ်။ ရှင် ထင်ထားတာထက် ပိုပြီး နက်ရှိုင်းတယ်။ သူတို့က အရှေ့ဘက် ပင်လယ် တိုက်ခိုက်မှုကိုတောင် မကဘူး။ ရွှဲ့ပြည်နယ်ရဲ့ အနောက်ဘက် တိုက်ပွဲကြီး တစ်ခုလုံးမှာလည်း ပါဝင်နေခဲ့တယ်။ အနောက်ကနေ ထောက်ပံ့ပေးနေတာပေါ့။

ကျိုးကျောင်းရန်က အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ ဘာလို့ သူက အိမ်ရှေ့စံမင်းသားကို ကိုယ်စားပြုပြီး တခြားသူတွေနဲ့ လိုက်လံညှိနှိုင်းနေနိုင်တာလဲ။ ဘာကြောင့်လဲဆိုတော့ သူက ယင်ယွမ်အဖွဲ့အစည်းကို ကိုယ်စားပြုနေလို့ပဲ။ ကျိုးမိသားစုက ဘယ်လိုဖြစ်ပြီး ပြန်လာနိုင်ခဲ့တာလဲ။ ကျိန်းသေပေါက် ယင်ယွမ်အဖွဲ့အစည်း ပါဝင်နေလို့ပဲ”

ရွှမ်ဝူနယ်စားကြီးက ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာမကျန်း.. ကျုပ်ရဲ့ သံသယတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက်”

ကျန်းယွီယင်းက ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျွန်မ သွားတော့မယ်။ ကျွန်မ မနက်ဖြန် မနက်စောစော ပြန်မယ်။ ပြီးတော့ ရှင် သေချင်ယောင်ဆောင်နေ။ စစ်ပွဲဖြစ်လာတဲ့အထိ စောင့်။ ကျိန်းသေပေါက် အောင်မြင်နိုင်စေဖို့ ကျွန်မ တောင်းဆုပြုပေးပါ့မယ်။ ပြီးတော့.. ဟို ရှမ့်လန်ဆိုတဲ့ ခွေးကောင်လေးက ကျွန်မကို အသုံးချခဲ့တယ်။ ကျွန်မ သူ့ကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ပြောလိုက် .. လူလည်လေး။”

ရွှမ်ဝူနယ်စားကြီးက ရှက်ရွံ့သွားခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ ဤလှပလွန်းသည့် ကျောင်းတော်သူ ဆရာမကျန်းသည် သူ၏ရှေ့တွင်ပင် ရှမ့်လန်နှင့် ကလူကျီစယ်ချင်စိတ် ရှိနေသည်ပုံပင်။

ဤတဏှာရူးကောင်... သွားရာနေရာတိုင်းမှာပဲ ဤကဲ့သို့ မြာပွေတတ်၏။ ဤအရာကို မည်သည့်နေရာမှာ သင်ကြားခဲ့သနည်း။

သူ့ကိုကြည့်... သူ ကျင်းကျိုးသည် ဘဝတစ်လျှောက်လုံး သန့်ရှင်းစွာ နေထိုင်ခဲ့သည့်သူတစ်ယောက် ဖြစ်၏။ သို့ပေမည့် သူ၏သမီး မူလန်ပင်လျှင် မျက်စိကန်းခဲ့၏။ သူ ယောက္ခထီးကြီးတစ်ယောက်အနေနှင့် ဘာသွားပြော၍ ရမည်နည်း။

ရှမ့်လန် နန်းမြို့တော်သို့ အဘယ်ကြောင့်သွားရသနည်းဆိုသည်မှာ အဓိက သော့ချက် ဖြစ်၏။ စုမိသားစုကို ဖျက်ဆီးပြီး ကျင်းမိသားစုအတွက် လက်စားချေရန်ပင် ဖြစ်၏။ ကျင်းမိသားစုအတွက် သူသည် နှစ်နှစ်ကာကာဖြင့် အလုပ် လုပ်ပေးလျက် ရှိ၏။ နှလုံးသားထဲတွင် မူလန်ကိုသာလျှင် ချစ်မြတ်နိုး၏။ ဤကလေးက တကယ်ကို ကောင်းမွန်သည့် ကလေးတစ်ယောက်ပင်။

ယောက်ျားများသည် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည်မှာ သာမန်ပင် ဖြစ်၏။ ထိုအရာကိုလည်း နားလည်ပေးရပေလိမ့်မည်။ သဘာဝလည်း ကျသည် မဟုတ်ပါလား။

All Chapters