← Chapters

အပိုင်း (၃၈၀)

Vol. 28 Ch. 380

အပိုင်း (၃၈၀)

Vol. 28 Ch. 380

ကျင်းကျိုးသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် သူက အမိန့်ပေးလိုက်၏။ “ငါ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး။ ငါ သုတ်သင်ခံရပြီလို့သာ သဘောထားလိုက်”

“ကောင်းပါပြီ”

တစ်စုံတစ်ယောက်က နုရှောင့်မြို့ကို သိမ်းဆည်းချင်နေသည်လား။ ရှမ့်လန် ဤနေရာတွင် မရှိတုန်း တိုက်ပွဲတစ်ခုကို စတင်ချင်နေသည်လား။ ထိုသို့ဆိုလျှင် သူ ကျင်းကျိုး မည်သူဖြစ်ကြောင်း သေသေချာချာ စဉ်းစားသင့်၏။ နုရှောင့်မြို့ကို မည်သူ လိုချင်နေသနည်း။ မည်ကဲ့သို့ ယူမည်နည်း။ နုရှောင့်မြို့၏ တိုက်ပွဲကြီး စတင်သည်ဆိုသည်နှင့် သူက အကောင်းဆုံး အစွမ်းပြရပေမည်။

.......................

ပိုင်ရီမြို့၏ အတွင်းမှာတော့ ကျန်းချုံးသည် လက်ထဲတွင် ရှိနေသည့် သွေးများကို ခါထုတ်လိုက်၏။ အကြီးဆုံးမင်းသမီးသည် ဓားကို ဆွဲခါယမ်းစရာပင် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ဓား၌ သွေးဟူ၍ မရှိသောကြောင့်ပင်။ သူနှစ်ယောက်တို့သည် ဘေးချင်းယှဉ်ကာ ရပ်လျက် ရှိနေ၏။ မည်သည့်စကားမှ မပြောသော်လည်း လေထုထဲတွင် အသံပေါင်းများစွာနှင့် ပြည့်နှက်နေသကဲ့သို့ပင်။

“ဘယ်သူကျန်သေးလဲ”

“ဘယ်သူကျန်သေးတုန်း”

တည်ရှိနေသည့် ဧည့်သည်တော်အားလုံးက တုန်ယင်သွားခဲ့၏။ သုံးဆယ်ကျော်လောက် တပြိုင်နက်တည်း သတ်ဖြတ်ခံလိုက်ရ၏။ ထိုသူများက စားဖိုမှူးများ၊ စားပွဲထိုးများ၊ သီချင်းသီဆိုသူများ၊ တီးဝိုင်းသမားများဖြစ်ပြီး အားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။

ကျန်းချုံးနှင့် နင်ကျဲ့တို့၏ ခြေထောက်အောက်တွင် အလောင်းများပုံလျက် ရှိနေ၏။ စုကလန် စေလွှတ်ခဲ့သည့် ပညာရှင်သုံးယောက်တို့ အပါအဝင် အားလုံးသည် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ အမှုထမ်း ရှောင်ဝူချန့်နှင့် တခြားသော အစိုးရအရာရှိအားလုံးက တုန်လှုပ်နေခဲ့၏။

ကျန်းချုံး သိုင်းပညာကျွမ်းကျင်ကြောင်း တချို့သောသူများက သိရှိပြီးဖြစ်၏။ သို့ပေမည့် ဤမျှ အားကောင်း လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် ကျန်းချုံး၏ ဘေးတစ်ဖက်မှ လူက မည်သူဖြစ်သနည်း။ ထို့အပြင် သိုင်းပညာက အဘယ်ကြောင့် ဤမျှထိ မြင့်မားနေရသနည်း။

ပြောရမည်ဆိုလျှင် ရေနက်တပ်ဖွဲ့၏ငရဲဘုရင်မှလွဲလျှင် မည်သူက ပိုမိုအားကောင်းသနည်း။ သူတို့ ဤလူအကြောင်း တစ်ခါမှ မကြားခဲ့ဖူးချေ။

ဘုရင်မင်းမြတ်သည် ကျန်းချုံးကို စောင့်ရှောက်ရန် အကြီးဆုံးမင်းသမီး နင်ကျဲ့ကို စေလွှတ်လိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်မည်နည်း။

ကျန်းချုံးသည် ရှောင်ဝူချန့်၏ ရှေ့ဆီသို့ တိုက်ရိုက်ဆိုလို လျှောက်သွား၏။ ရှောင်ဝူချန့်သည် သွေးပျက်မတတ် တုန်ယင်လျက် ရှိနေ၏။ “ကျန်း... ကျန်း... အရှင်ကျန်း... ခင်ဗျား... ခင်ဗျား ဘာလုပ်ချင်လို့လဲ။ ခင်ဗျား အားလုံးရဲ့ အရှေ့မှာ မင်းမှုထမ်းတစ်ယောက်ကို သတ်ဖြတ်ချင်နေတာလား။ ကျုပ်... ကျုပ်က ဘုရင်မင်းမြတ် ပေးထားတဲ့ ရာထူးရာခံနဲ့ လူတစ်ယောက်နော်။ ကျုပ်က ရွှဲ့ပြည်နယ်ရဲ့ ကျောင်းတော်သားတစ်ယောက်ပဲ”

ကျန်းချုံးက အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား ဒီကိစ္စကို သိသေးတယ်ပေါ့”

ပြီးနောက် သူ၏ လက်ထဲတွင် ရှိနေသည့် ဓားပျော့က လှုပ်ရှားသွား၏။ ရှောင်ဝူချန့်၏ ဦးခေါင်းက အောက်သို့ လိမ့်ကျသွားခဲ့၏။ အရာရှိအရာခံများအားလုံးသည် တုန်လှုပ်သွားခဲ့၏။ ရူးသွပ်နေလေသည်လား။ မင်းမှုထမ်းတစ်ယောက်ကို လူရှေ့သူရှေ့ သတ်ဖြတ်ရဲနေသည်လား။ ထို့အပြင် ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ခြင်းပင်။

ပြီးနောက် ကျန်းချုံးသည် အမိန့်စာတစ်ခုကို ထုတ်ယူကာ ဖတ်ပြလိုက်၏။ “ကျန်းချုံး... ပိုင်ရီမြို့ကို တာဝန်ယူပြီးနောက် ကြိုက်သလို ပြုမူဆောင်ရွက်နိုင်သည်။ ဘုရင်မင်းမြတ် အမိန့်တော်”

ကြိုက်သလို ပြုမူဆောင်ရွက်နိုင်သည်ဆိုသည့် အဓိပ္ပာယ်က ဘာဖြစ်သနည်း။ သတ်ချင်ရင် သတ်မည်။ လုပ်ချင်ရင် လုပ်မည်။ ဖြုတ်ချင်ရင် ဖြုတ်မည်။ အရာအားလုံးကို ပြုလုပ်နိုင်စွမ်း ရှိနေသည်။

ထိုစကားစု ထွက်ပေါ်လာချိန်မှာတော့ အားလုံးသောအရာရှိအရာခံများသည် ဒူးထောက်ထိုင်ချလိုက်၏။ “အရှင်အုပ်ချုပ်ရေးမှူး... စုကလန်နဲ့ ကျုပ်တို့က ရှင်းရှင်းလင်းလင်း နေချင်ပါတယ်”

“အရှင်... အရှင်အုပ်ချုပ်ရေးမှူး... ကျုပ်တို့... သိသမျှကို အားလုံး ပြောပြပါ့မယ်”

ကျန်းချုံးသည် ထိုသူများ အားလုံးကို လျစ်လျူရှုထား၏။

အကြီးဆုံးမင်းသမီး နင်ကျဲ့သည် သူမ၏ အကျီအိတ်ထဲမှ စာကို ထုတ်ယူလိုက်၏။ ထိုအရာသည် ရေနက်တပ်ဖွဲ့ဆီမှ စာပင် ဖြစ်၏။ ထိုစာရင်းထဲတွင် ပိုင်ရီမြို့မှ အရာရှိအရာခံများ၏ ဓာတ်ပုံနှင့် နာမည်များ ပါဝင်နေသည်။

မည်သူက အကျင့်ပျက်ခြစားပြီး မည်သူက ရွှဲ့ပြည်နယ်ကို သစ္စာခံသနည်း။

မည်သူက အကျင့်ပျက်ခြစားပြီး စုကလန်ကို သစ္စာခံသနည်း။

မည်သူက အကျင့်ပျက်ခြစားပြီး စုကလန်သို့ အလုပ်လုပ်ပေးသနည်း။

‘ချီးတဲ့မှ...’

အားလုံးသည် အကျင့်ပျက်ခြစားသော ဆိုးသွမ်းသည့် အရာရှိကြီးများသာ ဖြစ်၏။ ပိုင်ရီမြို့လိုနေရာမျိုးတွင် နဂါးများ၊ ငါးများ ရောထွေးနေသည်မှာ သဘာဝပင်ဖြစ်၏။ သို့ပေမည့် ရိုးသားသည့်လူဟူ၍ မရှိသည်မှာ အံ့အားသင့်စရာပင်။

နင်ကျဲ့သည် နာမည်တစ်ခုချင်းစီကို ရွတ်ဖတ်လျက်ရှိနေပြီး သူမ၏ဓားကို လှုပ်ရှားကာ ထိုသူများကို သတ်ဖြတ်နေ၏။ သူမသည် စာရင်းအတိုင်း တစ်ယောက်ပြီးတစ်ယောက်အား သုတ်သင်နေခဲ့၏။ တကယ်ကို ကြောက်မက်ဖွယ်ရာကောင်း၏။ သူမသည် နာမည်တစ်ခုကို ရွတ်ဖတ်လိုက်၊ သုတ်သင်လိုက် ပြုလုပ်နေသည်။ ထိုအရာသည် ရေနက်တပ်ဖွဲ့၏ ပြုမူဆောင်ရွက်ပုံပင် ဖြစ်၏။

ဤနေရာသို့ရောက်ရှိနေသည့် အရာရှိများနှင့် စီးပွားရေးသမားအားလုံးသည် ထွက်ပြေးချင်စိတ် ပေါက်၏။ သို့ပေမည့် နင်ကျဲ့၏ လက်အောက်မှ အဘယ်သို့ လွတ်မြောက်မည်နည်း။ သူမ၏ လှုပ်ရှားမှုများက ရှုပ်ထွေးခြင်း မရှိချေ။ တစ်ယောက်ချင်းစီတိုင်းကို တစ်လှမ်းချင်းစီ လှမ်းလျှောက်ပြီး သတ်ဖြတ်နေ၏။ အမိန့်ပေးထားသကဲ့သို့ပင် အားလုံးသောသူတို့သည် မလှုပ်ရှားနိုင်ခဲ့ကြချေ။

စာရင်းထဲတွင် ပါဝင်နေသည်ဆိုပါက ရှေ့သို့ ရောက်သည်နှင့် တစ်ခါတည်း သေဆုံးရပေလိမ့်မည်။

အားလုံးသောအရာများကို ထိုမင်းသမီးက လျစ်လျူရှုထား၏။ ထိုနည်းလမ်းနှင့် အကြီးဆုံးမင်းသမီး နင်ကျဲ့သည် အရာရှိအရာခံ ရှစ်ဆယ်ရာခိုင်နှုန်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ သတ်ဖြတ်ခဲ့ရာ၌ ခြင်များ၊ ယင်များကို သတ်ဖြတ်သကဲ့သို့ပင် မည်သည့်ခံစားချက် မရှိချေ။ ရှေးရေတွင်းကြီးတစ်ခုကဲ့သို့ပင် မည်သည့်လှုပ်ခတ်မှုမှ မရှိခဲ့ပေ။

ဤကဲ့သို့သော အမျိုးသမီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမက လှပသည်ဆိုလျှင်တောင်မှ ရဲရဲကြည့်ရဲလိမ့်မည် မဟုတ်ပေ။

နှင်းတောင်မျှော်စင်ဆိုင်တစ်ခုလုံးတွင် အလောင်းများနှင့် ပြည့်နှက်နေ၏။ သွေးညီနံ့များကလည်း လှိုင်လှိုင်သင်းလျက် ရှိနေ၏။

ကျန်းချုံးသည် ကျန်ရှိနေသော အစိုးရအရာရှိ ဆယ်ယောက်ကျော်တို့ကို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်သည်။ “ခင်ဗျားတို့ကို မသတ်တော့ဘူး။ ဒါပေမဲ့... ခင်ဗျားတို့က ကြိုပြီးသတင်းပို့မှုမပြုလုပ်ခဲ့တော့ ခင်ဗျားတို့အားလုံးကို ချုပ်နှောင်ထားမယ်”

အရာရှိများထဲမှ တစ်ယောက်က ပြောလိုက်၏။ “အရှင်ကျန်း... ကျုပ်တို့က သန့်ရှင်းတဲ့လူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်မင်းမြတ်ကိုတော့ သစ္စာရှိပါတယ်။ တကယ်လို့ ကျုပ်တို့ကို ဖမ်းဆီးထားမယ်ဆိုရင် အရာရှိ အရာခံတွေရဲ့ အလုပ်ကို ဘယ်သူတွေ ဆက်လုပ်မှာလဲ”

ကျန်းချုံးက ပြောလိုက်သည်။ “မဟုတ်ဘူး။ မကြာခင် စစ်ပွဲဖြစ်တော့မှာ။ ပိုင်ရီမြို့တစ်ခုလုံးက မကြာခင်မှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားလိမ့်မယ်။ အမိန့်ပေးလိုက်.. ပိုင်ရီမြို့တစ်ခုလုံးကို ပိတ်ထားကြ။ ဘယ်သူမှ ဝင်ခွင့်၊ ထွက်ခွင့် မရှိဘူး”

........

သစ္စာမရှိသည့် အရာရှိများကို သတ်ဖြတ်ပြီးနောက် ကျန်းချုံးသည် လက်ရွေးစင် စစ်သည် နှစ်ထောင်ကျော်ကို ဦးဆောင်ကာဖြင့် ပိုင်ရီမြို့ထဲသို့ လှည့်လည် ကြည့်ရှု၏။ ကျန်းချုံးသည် စစ်သည်များကို ရေတွက်၏။ စစ်သည်အနည်းငယ်သာလျှင် ရှိ၏။ လစာငွေတစ်ဝက်လောက်က ဘယ်နေရာသို့ ရောက်ရှိသွားကြောင်း သူ သေသေချာချာ မသိရှိချေ။

အမိန့်အရဆိုလျှင် ထောင်စုမှူး အရာရှိအားလုံးသည် သတ်ဖြတ်ခံရပေမည်။ စစ်သည်ပေါင်းရာချီတို့သည် ဤကဲ့သို့သော အခြေအနေကို မည်သို့မှ မခံနိုင်တော့ချေ။ ခွေးပြေးဝက်ပြေး ပြေးကုန်ကြ၏။ ပြီးနောက် အနောက်တိုင်းကုန်သည်အားလုံးသည် သတ်ဖြတ်ခြင်း ခံခဲ့ရပြီး အနောက်တိုင်းစစ်သည်အားလုံးကလည်း သတ်ဖြတ်ခြင်း ခံခဲ့ရ၏။

မြို့ထဲတွင်ရှိနေသည့် ခွေးလေခွေးလွင့်နှင့် ကလေကချေအားလုံးတို့၏ ခေါင်းဆောင် တစ်ဒါဇင်ကျော် တို့ကလည်း သတ်ဖြတ်ခံခဲ့ရ၏။ လက်ကျန် ကလေကချေ နှစ်ရာကျော်သာ ကျန်ရှိတော့၏။ ထိုသူအားလုံးကလည်း စစ်တပ်ကို ကလန်ကဆန်ပြုလုပ်ရန် မစဉ်းစားရဲတော့ပေ။

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းချုံးသည် ပိုင်ရီမြို့တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ပြီးဖြစ်၏။ အုပ်ချုပ်ရေးမှူးသည် သတ်ဖြတ်သည့်နေရာတွင် ရှမ့်လန်ထက်ပင် ကြမ်းတမ်းလုနီးပါး ဖြစ်၏။

ရှမ့်လန်က တစ်ရက်အတွင်း စုကလန်၏ အရာရှိနှင့် အောက်ဆွဲများအားလုံးကို သတ်ဖြတ်ပစ်ခဲ့ပြီး အနောက်တိုင်းကုန်သည်နှင့် စစ်သည်တော်များအားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။

ကျန်းချုံးက ပိုမိုကာ ဆိုးရွား၏။ သူ့ကို အနှောင့်အယှက်ပေးမည့် လူအားလုံးကို တစ်ခါတည်း ရှင်းပစ်ခဲ့၏။ ထိုသူအားလုံးက စုကလန်၏ အောက်ဆွဲ ဟုတ်လား၊ မဟုတ်လား အရေးမကြီးချေ။ သူ့အတွက် အနှောင့်အယှက်ဖြစ်မည်ဆိုပါက ရှိသမျှလူအားလုံးကို တစ်ခါတည်း ရှင်းပစ်၏။ ထိုအရာမျိုး၌ နှစ်ယောက်လုံးကို မှားယွင်းသည်ဟု သတ်မှတ်၍မရနိုင်ချေ။

ပိုင်ရီမြို့တစ်ခုလုံးက မကြာခင် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရပေတော့မည်။ ထို့ကြောင့် မြို့အတွင်း မည်သည့်ရှုပ်ထွေးမှုမှ အဖြစ်မခံနိုင်ချေ။ မဟုတ်ပါက ပြဿနာတက်နိုင်၏။

ရှမ့်လန် လူများကိုသတ်သည့်အချိန်တွင် လောကကြီးတစ်ခုလုံး ပြောင်းပြန်လန်လောက်အောင် ကြမ်းတမ်းပြီး အရှိန်အဟုန်ကလည်း ကောင်းကင်ပေါ်သို့ တန်းတက်သည်။

ကျန်းချုံး လူများကို သတ်သည့်အချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်စွာ သတ်ဖြတ်၏။ အမှောင်ထဲတွင် ဓားကိုကိုင်ကာ တခြားသောသူများ၏ လည်ပင်းကို ခုတ်ဖြတ်နေသကဲ့သို့ပင်။ သူကိုယ်တိုင်က အသံမထွက်သလို တစ်ဖက်လူကလည်း အသံမထွက်နိုင်ချေ။

မနက်ခင်း လေးနာရီလောက်မှာတော့ ကောင်းကင်ယံ၌ အလင်းရောင် စထွက်လာပြီ ဖြစ်၏။ ကျန်းချုံးသည် အနောက်ပိုင်းတည်နေရာကို လှမ်းကာ ကြည့်ရှုရင်း ပြောလိုက်မိ၏။ “ရှမ့်... ကံကောင်းတာက မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ငါ ပိုင်ရီမြို့တစ်ခုလုံးကို သိမ်းပိုက်ထားခဲ့ပြီးပြီ။ မင်း စလို့ရပြီ”

ဟုတ်ပေ၏။ ရှမ့်လန် ကြားနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူတို့အတူ ပူးပေါင်းပြီး စုနန်ကို တိုက်ခိုက်ရပေတော့မည်။ လွယ်ကူသည့်အရာတော့ မဟုတ်ပေ။

.........

ရွှယ်လင်ချန် (ဆီးနှင်းတောင်မြို့)တွင် တကယ်ကို အုတ်အော်သောင်းနင်း အခြေအနေမျိုး ဖြစ်နေ၏။ မကြာခင် ပေါက်ကွဲတော့မည့် တည်နေရာကြီး တစ်ခုကဲ့သို့ပင်။

မြို့တော်ဝန်အိမ်ရာ၏ အပြင်ဘက် မြေတည်နေရာ ....

ရှမ့်လန်၏ အရှေ့တွင် လူပေါင်းများစွာတို့က ရှိနေကြ၏။ လူပေါင်း နှစ်သောင်းကျော်လောက် ရှိ၏။

သေးငယ်သည့် စမ်းချောင်းလေးတစ်ခုမှ မြစ်ထဲသို့ စီးဝင်၏။ မြစ်ထဲမှ ကြီးမားသည့်မြစ်ထဲသို့ စီးဝင်၏။ ထိုကြီးမားသည့်မြစ်ထဲမှ ပင်လယ်ထဲသို့ စီးဝင်၏။ နောက်ဆုံးမှာတော့ သမုဒ္ဒရာကြီး ဖြစ်သွားသည်။

ထိုကဲ့သို့ပင် လူပေါင်းနှစ်သောင်းကျော်တို့သည် သွေးကဲ့သို့ နီရဲသည့် မျက်လုံးများနှင့် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုနေ၏။ သူတို့၏ အကြည့်များသည် အသက်ရှင်လျက် ရှမ့်လန်ကို မီးရှို့ဖျက်ဆီးချင်သကဲ့သို့ပင် စူးရှနေ၏။

ရှမ့်လန်သည် အမြင့်တည်နေရာ၌ မတ်မတ်ရပ်လျက် ရှိနေပြီး ကျယ်လောင်စွာ ပြောဆိုရန် ပြင်လိုက်၏။ ကြီးမားသည့် ကိစ္စရပ်ကြီးတစ်ခုကို မပြုလုပ်ခင် ရှမ့်လန်က အော်ဟစ်ရခြင်းကို နှစ်သက်၏။ သူက စကားပြောလွန်းသည့် လူတစ်ယောက်လိုပင်။

“မပြောနဲ့တော့... မအော်နဲ့တော့... မြန်မြန်... ယူစရာရှိတာတွေကို ယူမယ်။”

“ပေါက်ကရတွေ မပြောနဲ့တော့။ ကျုပ်တို့ နားမထောင်ချင်ဘူး။ သွားကြရအောင်”

အောက်တွင် ရှိနေသည့် လူများအားလုံးထဲမှ တစ်စုံတစ်ယောက်သည် သူ၏ မျက်နှာကို ချက်ချင်းပဲ ပိတ်ရိုက်လိုက်၏။

ဤခပ်ချောချော မြို့တော်ဝန်သည် စိတ်ပျက်စရာကောင်းလွန်း၏။ လုစရာရှိလျှင်လု၊ ယူစရာရှိရင်ယူ ပြီးပြီ ဖြစ်၏။ သို့ပေမည့် ဘာမှန်းမသိသည့် အကြောင်းအရာများကို အစဉ်အမြဲ ပြောဆိုနေတတ်သည်။

ကြည့်ရသည်မှာ ရှမ့်လန်သည် ဤလူများ၏ နှလုံးသားထဲတွင် အမှိုက်တစ်ခုအဖြစ် ဖြစ်တည်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ထို့အပြင် နန်းတွင်းမှ မင်းမှုထမ်းတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့ကို လုယက်ရန် ဦးဆောင်ခဲ့သည် မဟုတ်ပါလား။ ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အရာများကို ပြုလုပ်ရသည်မှာ သူ၏ ပင်ကိုယ်ပါရမီပင် ဖြစ်နေသည်လား။

သူသည် ချက်ချင်းပဲ ထကာ အော်ဟစ်လိုက်၏။ “ကောင်းပြီ... ဒါဆိုရင် စကားလုံးတွေနဲ့ အချိန်မဖြုန်းတော့ဘူး။ အားလုံးပဲ... ဘယ်ဘက်ကိုလှည့်... အဲမှာပိုင်ရီမြို့ ရှိတယ်။ သွားကြမယ်။ ပိုင်ရီမြို့ထဲမှာရှိတဲ့ အနောက်တိုင်း ကုန်သည်အကုန်လုံးကို သတ်ပစ်ပြီး ရှိတဲ့ဟာတွေအကုန်လုံး ယူမယ်။ လုယက်မယ်။ ပြီးတော့ ချမ်းသာကြွယ်ဝမှုကို ရအောင် လုပ်ကြမယ်”

ရှမ့်လန်၏ အမိန့်ကို လိုက်နာပြီးနောက် အားလုံးက အော်ဟစ်လိုက်ကြ၏။ လူပေါင်း နှစ်သောင်းကျော်တို့၏ သွေးများက ပွက်ပွက်ဆူလာ၏။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လျက် ရှိနေကြသည်။

ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ပင် ပိုင်ရီမြို့ဆီသို့ ဦးတည်နေ၏။ ထိုအချိန်မှာတော့ ကောင်းကင်ယံက စတင်ကာ တောက်ပကာစ ဖြစ်၏။ ကြည့်ရမည်ဆိုလျှင် အမဲရောင်ဂဏန်းများ ရှေ့ဆီသို့ လှမ်းသွားနေသကဲ့သို့ပင်။ သူတို့အားလုံးသည် ပိုင်ရီမြို့ဆီသို့ ဦးတည်နေကြပြီ။

..........

စုနန်၏အစ်ကို စုရွှင်၏ စစ်တပ်စခန်းထဲမှာတော့ …

“ဆရာ... ရှမ့်လန်ရဲ့ ဓားပြအဖွဲ့တွေ ထွက်သွားခဲ့ပြီ။ သူတို့က ဆီးနှင်းတောင်မြို့ကနေခွာပြီး ပိုင်ရီမြို့ဆီ ဦးတည်နေကြပြီ”

“အင်း...ရှောင်ဝူချန့်က ကျန်းချုံးကို တိုက်ခိုက်တဲ့နေရာမှာ အောင်မြင်ခဲ့တယ်လို့ စုလုက သတင်းစကား ပေးပို့ခဲ့တယ်”

စုရွှင်က ပျော်ရွှင်သွားခဲ့၏။ နောက်ဆုံးသော အခြေအနေက ရောက်ရှိလာပြီဖြစ်၏။ စုရွှင်က အမိန့်ပေးလိုက်သည်။ “ဒါဆိုရင် ရန်သူကို သုံးဦးသုံးဖလှယ် အကုန်ပူးပေါင်းပြီး တိုက်ခိုက်ရအောင်။ ရှမ့်လန်တို့အဖွဲ့ကို အရင်ဆုံး သတ်မယ်။ ဒီနေ့ တိုက်ပွဲပြီးလျှင် ဒီသူခိုးဓားမြ လူပေါင်းသောင်းကျော်ကို ငါတို့ သတ်ဖြတ်ပစ်ရုံတင် မကဘူး။ ရှမ့်လန်ကိုလည်း အရေခွံချွတ်နိုင်လိမ့်မယ်။ ပိုင်ရီမြို့အတွက် ငါတို့က ကြိုးစားပေးခဲ့သလို လုပ်ရမယ်”

“အင်း... သခင်ကြီးရဲ့ အကြံစည်ကတော့ တကယ့်ကို ဩချရလောက်တယ်။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို သတ်ဖြတ်ပစ်ရုံသာ မကဘူး။ ကျိန်းသေပေါက် အောင်မြင်နိုင်မယ့် ကိစ္စရပ်မျိုးကို ပြုလုပ်နိုင်ခဲ့တာ။ ဘယ်တော့မှ ကျရှုံးနိုင်မှာ မဟုတ်ဘူး။ သွားကြရအောင်” စုရွှင်၏ အမိန့်အတိုင်း လိုက်ပါခဲ့လေ၏။

စုရွှင်၏ စစ်သည်တော်ထောင်ချီ၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်ပေါင်း ထောင်ကျော်။ ထို့အပြင် မျက်စိသုံးလုံးမိစ္ဆာဓားပြကြီး၏ ဓားပြထောင်ကျော်.. တပ်ဖွဲ့သုံးခုသည် အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆီသို့ ရွေ့လျားလာခဲ့ကြသည်။

သခင်ကြီး၏ အံ့အားသင့်စရာကောင်းသည့် အကြံအစည်သည် လောကကြီးတစ်ခုလုံးကို ငြိမ်းချမ်းမှု ရရှိစေပေလိမ့်မည်။ ဤတိုက်ပွဲသည် လောကကြီးတစ်ခုလုံးကို တစ်ခါတည်း အပိုင်သိမ်းနိုင်သည့် တိုက်ပွဲမျိုးဟု ပြောဆိုရပေလိမ့်မည်။ ပိုင်ရီမြို့ကို သိမ်းပိုက်ပြီးနောက် စုမိသားစုသည် ရွှဲ့ပြည်နယ်ကို ပုန်ကုန်ပြီဟု ချက်ချင်း ကြေညာနိုင်မည်ဖြစ်သည်။

.......

All Chapters