အပိုင်း (၃၈၂)
Vol. 28 Ch. 382
ရှုတင်းယုက ပြောလိုက်၏။ “ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက ယင်ယွမ်အဖွဲ့အစည်းကနေ ငွေဘယ်လောက် များများ ချေးခဲ့လဲ သိလား”
ကျိုးကျောင်းရန်က မေးမြန်းလိုက်သည်။ “ဘယ်လောက်လဲ”
ရှုတင်းယုက ပြောလိုက်၏။ “ရွှေဒင်္ဂါး ၂.၃ သန်းပဲ”
ကျိုးကျောင်းရန်သည် သက်ပြင်းရှည်ကြီးကိုပင် ချလိုက်မိ၏။ ဤမျှများပြားသည့် ပိုက်ဆံများကို တစ်ကြိမ် တစ်ခါတည်း ချေးခဲ့သည်လား။ ထိုအရာကို နားထောင်ရသည်မှာ များပြားသည်ဟု ထင်ရလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ယင်ယွမ်အဖွဲ့အစည်းသည် ကျင်းယုမြို့စားကြီးကို ရွှေဒင်္ဂါးတစ်သန်းသာလျှင် ချေးငှားခဲ့၏။ သို့ပေမည့် ကျင်းကျိုးမြို့စားကြီးသည် ထိုအကြွေးကို နှစ်ပေါင်းများစွာ ပြန်လည်ပေးဆပ်ခဲ့ရ၏။ ရှမ့်လန် ဆပ်မှသာလျှင် ထိုအကြွေးကြေခဲ့၏။ မဟုတ်ပါက ပြန်လည်ပေးအပ်ရန် လွယ်ကူသည့် ပမာဏမျိုး မဟုတ်ပေ။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းမှာတော့ ယင်ယွမ်အဖွဲ့အစည်းဆီမှ မည်သည့်အပေါင်အနှံမှ မရှိဘဲ တိုက်ရိုက် ဆိုသလို ချေးခဲ့၏။ ပိုမို၍ အရေးကြီးမားသည်မှာ သူ့အနေနှင့် ပိုက်ဆံများကို ယခင်ကတည်းက ချေးငှားခဲ့သားဖြစ်ပြီး ပြန်မဆပ်ရသေးချေ။ ယခုထပ်မံကာ ချေးခဲ့ပြန်သည်။
ရှုတင်းယုက ပြောလိုက်၏။ “နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ဖို့ ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းက စစ်သုံးစရိတ် အားလုံးအတွက် ရွှေဒင်္ဂါး ၁.၅ သန်းလောက် အကုန်ခံခဲ့တယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျိုးကျောင်းရန်သည် ကျောရိုးမကြီးပင် စိမ့်တက်သွား၏။ ယင်ယွမ် အဖွဲ့အစည်းသည် တကယ့်ကို ချမ်းသာ၏။ သို့ပေမည့် ရွှဲ့ပြည်နယ်အတွင်း၌ သူတို့၏ တစ်နှစ်တာ အသားတင် အမြတ်ငွေသည် ရွှေဒင်္ဂါးတစ်သန်းထက်ပင် ပိုပေလိမ့်မည် မဟုတ်ချေ။
“ဒါကြောင့် နုရှောင့်မြို့တိုက်ပွဲဆိုတာ လေးကြိုးပေါ်ရောက်နေတဲ့ မြားတစ်စင်းလိုပဲ။ ကျင်းကျိုး သေသေ၊ မသေသေ ငါတို့ ပစ်ရတော့မှာပဲ။”
ယင်ယွမ်အဖွဲ့အစည်းသည် လွန်ခဲ့သည့်လတည်းက စစ်သည်ပေါင်း ၃၀၀၀၀ ကျော်ကို စတင်ကာ ပေးပို့ခဲ့ပြီးသား ဖြစ်သည်။
“ကောင်းပြီ။ တာဝန်ပြည့်စုံသွားခဲ့ပြီပဲ။ ဒီတော့ ကျင်းကျိုးသေလား၊ ရှင်သလားဆိုတဲ့ ကိစ္စကို ကျုပ်ကိစ္စသာ ထားလိုက်တော့” ရှုတင်းယုသည် ထူးမခြားနားသလို ပြောလိုက်၏။
ကျိုးကျောင်းရန်က ဆွံ့အသွားခဲ့၏။ ရှုတင်းယု ဘာလုပ်ချင်သေးသနည်း။
..........
ကျိုးကျောင်းရန် ထွက်ခွာသွားခဲ့သည်နှင့် ရှုတင်းယုက အမိန့်ပေးလိုက်၏။ “အင်း.. နှင်းလူတွေ အားလုံးကို အသက်သွင်းလိုက်တော့။ ငါတို့အနေနဲ့ ကျင်းကျိုးသေလား၊ ရှင်လားဆိုတာ သေချာသိမှဖြစ်မယ်”
နောက်လိုက်အားလုံးက ကြောင်အသွားခဲ့၏။ နှင်းလူဆိုသည်မှာ ကျင်းမိသားစုထဲတွင် တည်ရှိနေသည့် ယင်ယွမ်အဖွဲ့အစည်း၏ လျှို့ဝှက်သူလျှိုများသာ ဖြစ်၏။ တစ်ခါမှ မသုံးဖူးခဲ့ချေ။
ချောင်ထျန်းဝေ ဝမ်ကျားကျွန်းကို တိုက်ခိုက်သည့်အချိန်တွင်ပင်လျှင် ယင်ယွမ်အဖွဲ့အစည်းက အောင်မြင် နိုင်မည်ဟု တွေးတောထားခဲ့သောကြောင့် ထိုသူလျှိုများကို အသုံးပြုခြင်း မရှိချေ။ နောက်ဆုံးအချိန်မှာတော့ အသုံးပြုရန် လိုအပ်လာခဲ့၏။ အခြေအနေကို ကြည့်ရှုရသည်မှာ အရေးအကြီးဆုံးသော အခြေအနေဆီသို့ ရောက်ရှိလာသည့် ပုံပင်။
………..
တစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် ...
နုရှောင့်မြို့ မြို့တော်ဝန်အိမ်တော်နှင့် မနီးမဝေး တည်နေရာ၏ ဆိုင်ထဲမှာတော့ အသစ်ဖန်တီးထားခဲ့သည့် ဆိုင်းဘုတ်တစ်ခုက ပေါ်ပေါက်လာခဲ့၏။
‘လက်သည်းသုံးခု နှင်းလူ’
ဟုတ်ပေ၏။ ဤကဲ့သို့သောအရာကို မည်သူကမှ စိတ်ဝင်စားခြင်း မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် ဤဆိုင်သည် အရက်မျိုးစုံကို ရောင်းသောကြောင့်ပင်။ နွေရာသီဖြစ်သောကြောင့် မည်သူကမှ ဤအရက်ကို စိတ်ဝင်စားခြင်း မရှိကြချေ။ သူတို့အတွက် ဆောင်းရာသီ အေးခဲသည့်အရာမျိုးမှသာလျှင် အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြသည်။
ထို့အပြင် နုရှောင့်မြို့ထဲတွင် ရှိနေသည့် ဆိုင်အားလုံးက ခေတ်မီကြ၏။ ထို့ကြောင့် တချို့သော ဆိုင်များသည် သူတို့၏ ဆိုင်းဘုတ်များကို ခဏကြာလျှင် တစ်ကြိမ်ဆိုသလို လဲလှယ်ကြ၏။ အသစ်ပေါ်ပေါက် လာခဲ့သည့် နှင်းလူပုံစံ ဆိုင်းဘုတ်ကို မြင်ရသည့်အချိန်မှာတော့ အားလုံးသောသူတို့က စိတ်ဝင်စားစရာ ကောင်းသည်ဟုသာ ထင်မှတ်ကြ၏။ ထူးထူးခြားခြား တွေးတောမနေကြပေ။
သို့ပေမည့် နုရှောင့်မြို့ မြို့တော်ဝန်အိမ်တော်၏ မြို့နံရံပေါ်မှ လူတစ်ယောက်သည် ထိုအရာကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ နှလုံးခုန်သံများက မြန်ဆန်သွား၏။ နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေပြီလား။
ကျိန်းသေပေါက် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ရောက်ရှိလာခြင်းကလည်း ကောင်းမွန်သည့် အရာပင်။
ညနေအချိန်သို့ရောက်ရှိအချိန်မှာတော့ ယင်ယွမ်အဖွဲ့အစည်း၏ ရှုတင်းယုသည် ကျင်းမိသားစုထဲတွင် အချိန်တော်ကြာ ပုန်းအောင်းပြီး သူလျှိုပြုလုပ်နေသည့် နှင်းလူနှင့် စတင်ကာ တွေ့ဆုံ၏။
ဟုတ်ပေ၏။ ထိုအရာက တွေ့ဆုံခြင်းဟု ပြောဆို၍တော့ မရချေ။ အဘယ့်ကြောင့်ဆိုသော် နှစ်ယောက်ကြား၌ သေးငယ်သည့် နံရံတစ်ခုခြားထားပြီး တစ်ဖက်နှင့်တစ်ဖက် ပြောဆိုနေခြင်း ဖြစ်သောကြောင့်ပင်။
ရှုတင်းယုသည် တစ်ဖက်လူ၏ မျက်နှာကို မမြင်ရချေ။ ဤအရာသည် တခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံသည့်အခါတိုင်း မိမိကိုယ်ကိုယ် ကာကွယ်တတ်သည့် အလေ့အကျင့်မျိုးဖြစ်သည်။ တစ်ဖက် အခန်းဆီမှ အသံက ခြောက်ကပ်ကပ်နှင့် ဖြစ်ပြီး သေသေချာချာ မှတ်မိခြင်း မရှိခဲ့ချေ။
“တော်ဝင်နှင်းတောင်က အရည်ပျော်သွားတဲ့ နှင်းလူလား”
“မဟုတ်ပါဘူး”
“တော်ဝင်ကပ်ဘေးနန်းတော်က ပြိုလဲတော့မှာတော့ မှန်ပါတယ်။ ဒါပေမယ့် နှင်းလူသုံးယောက် ကျန်ပါသေးတယ်”
နှစ်ယောက်သားပြောဆိုမှုသည် လျှို့ဝှက်အချက်ပေးမှုဖြစ်၏။
ရှုတင်းယုက မေးလိုက်သည်။ “ကျင်းကျိုးသေသွားပြီလား”
တစ်ဖက်လူက ခဏလောက် တွေးတောနေ၏။
ရှုတင်းယုက ပြောလိုက်သည်။ “အဖြေက အရေးကြီးတယ်။ ဒီကိစ္စက ယင်ယွမ်အဖွဲ့အစည်း ဆက်လုပ်မယ့် လုပ်ငန်းစဉ်နဲ့ အလုံးစုံ ပတ်သက်နေတယ်”
တစ်ဖက်ခြမ်းက ပြောလိုက်၏။ “ကျုပ် နယ်စားကြီးကျင်းကျိုးရဲ့ အလောင်းကို ရက်အနည်းငယ်ကြာ မမြင်ရသေးဘူး။ ဒါပေမယ့် အန်းစိုက်ရှီရဲ့ အလောင်းကို သယ်သွားတာတော့ မြင်ခဲ့တယ်။ ဒီအရာက ပုန်းလျှိုးကွယ်လျှိုး လုပ်တယ်ဆိုပေမယ့် ကျုပ်ရဲ့ မျက်လုံးအောက်ကနေပြီ မလွတ်မြောက်ခဲ့ဘူး”
ရှုတင်းယုက ပြောလိုက်သည်။ “ဒီလူက ကျင်းကျိုးနဲ့ အရမ်းနီးစပ်လား”
နှင်းလူက ပြောလိုက်၏။ “အင်း.. တစ်ချိန်လုံး အတူတူရှိခဲ့တာ။ နယ်စားကြီးကျင်းကျိုးရဲ့ အစားအစာတွေ အကုန်လုံးက ဒီလူ စစ်ဆေးပြီးမှ စားရတဲ့ အရာမျိုးပဲ”
ရှုတင်းယုက ပြောလိုက်သည်။ “ဒါဆိုရင် အဲဒီညက လုပ်ကြံသူတွေ့ခဲ့သေးလား”
နှင်းလူက ပြောလိုက်၏။ “မတွေ့ဘူး။ ကျုပ် အဲဒီတုန်းက အဲဒီမှာ မရှိဘူး။ တာဝန်အလှည့်အပြောင်း ဖြစ်နေတဲ့အချိန်မို့ နယ်စားကြီးကျင်းကျိုးကို မတွေ့ခဲ့တာပဲ”
ရှုတင်းယုက ပြောလိုက်သည်။ “ဒါဆိုရင် တခြားအကြောင်းအရာ ရှိသေးလား”
နှင်းလူက ပြောလိုက်၏။ “တခြားအကြောင်းအရာတော့ မရှိပါဘူး”
“ဒါဆိုရင် လုပ်ကြံတဲ့ကိစ္စကို ဘာတစ်ခုမှ မပြောကြဘူးပေါ့”
နှင်းလူက ပြောလိုက်သည်။ “မပြောကြပါဘူး”
ရှုတင်းယုက ပြောလိုက်၏။ “ရွှမ်ဝူနယ်စားအိမ်တော်မှာ ဘာလှုပ်ရှားမှုတွေ ရှိနေသေးလဲ”
နှင်းလူက ပြောလိုက်သည်။ “ကျင်းမူလန်က နုရှောင့်မြို့ထဲကို တိတ်တဆိတ်နဲ့ ဝင်လာခဲ့တယ်”
ရှုတင်းယုက မေးလိုက်၏။ “ကျင်းမူလန် ဒီကို ရောက်နေတာလား”
နှင်းလူက ဖြေသည်။ “ဟုတ်ပါတယ်။ တိတ်ဆိတ်ဝင်ရောက်လာခဲ့တာ”
ကျင်းမူလန်သည် တကယ်ပဲ နုရှောင့်မြို့ထဲသို့ ရောက်ရှိနေခဲ့၏။ ဤအရာက ပုံမှန် မဟုတ်ချေ။ တစ်လျှောက်လုံး နုရှောင့်မြို့ကို ကျင်းကျိုးကသာ စောင့်ကြပ်လျက်ရှိ၏။ ကျင်းမူလန်က ရွှမ်ဝူအိမ်တော်ကို စောင့်ကြပ်၏။ မြို့စားအိမ်တော်သည် ကျင်းမူလန်၏ ရေသောက်မြစ်ပင် ဖြစ်၏။ ယခု ကျင်းမူလန်သည် မြို့စားအိမ်တော်ကို စွန့်ခွာပြီး နုရှောင့်မြို့သို့ ရောက်ရှိလာ၏။
ရှုတင်းယုက ပြောလိုက်သည်။ “ရောက်တဲ့အချိန်မှာ သူက ဝမ်းနည်းနေတဲ့ပုံ ပေါ်လား”
နှင်းလူသည် ပြန်လည်ကာ စဉ်းစားလျက်ပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး။ သူ့ကိုကြည့်ရတာ တမျိုးပဲ။ ဒါပေမဲ့ တွေဝေငေးငိုင်နေတဲ့ပုံတော့ပေါ်တယ်”
ရှုတင်းယုက မျက်လုံးမှိတ်လိုက်၏။ မှန်ပေ၏။ ဤအရာက အမှန်ပင်ဖြစ်၏။ နယ်စားကြီးကျင်းကျိုး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ပြင်ပလောကတွင် မည်သူမှမသိရှိအောင် ဖုံးဖိထားခြင်းသာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်တာအိုအဖွဲ့အစည်းမှ စစ်သည်တော်များကလည်း အလျှိုအလျှို ရောက်ရှိလာခဲ့ပြီး သူတို့၏ ကုန်သွယ်ရွက်သင်္ဘောအားလုံးကလည်း အလုံးစုံ ရပ်တန့်သွားခဲ့၏။ ကျင်းမူလန်ကလည်း နုရှောင့်မြို့ဆီသို့ တိတ်ဆိတ်ဝင်ရောက်လာခဲ့၏။ ကျင်းကျိုးသာ မသေဆုံးပါက ဤသို့သော ကိစ္စရပ်များကို ပြုလုပ်မည် မဟုတ်ချေ။ သူမသည် ဤနေရာအား စီမံခန့်ခွဲရန် နုရှောင့်မြို့ဆီသို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။
နှင်းလူက ပြောလိုက်၏။ “ဒါဆိုရင် အမြန် ပြန်ရတော့မယ်။ ရဲတိုက်ထဲကို ပြန်ဖို့ကအရေးကြီးနေပြီ။ ကျုပ် တာဝန်ကနေ ထွက်ခွာခဲ့တာ ၁၅ မိနစ်လောက် ရှိနေပြီ။ သတိပြုမိသွားလိမ့်မယ်”
ရှုတင်းယုက ပြောလိုက်သည်။ “သူတို့ မင်းကို သံသယရှိနေသေးလား”
နှင်းလူက ပြောလိုက်၏။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျုပ်က ကျင်းမိသားစုရဲ့ ယုံကြည်ရဆုံးလူလေ။ ပြီးတော့ ကျင်းမိသားစုရဲ့ သစ္စာရှိခွေးတစ်ကောင်လို့တောင်မှ ကျုပ်ကိုကျုပ် ခံစားမိစေတဲ့အထိပဲ”
ရှုတင်းယုက ပြောလိုက်သည်။ “ဒါဆိုရင် အရင်ဆုံး ပြန်တော့။ ပြီးတော့ အမိန့်ကို စောင့်နေ”
နှင်းလူသည် ခဏလောက် တုံ့ဆိုင်းကာ ပြောလိုက်၏။ “ဒါနဲ့.. ဒီကိစ္စတွေပြီးသွားရင် ကျုပ်ကို ဘာလုပ်ပေးဖို့ ခင်ဗျားတို့ စီစဉ်ထားလဲ”
ရှုတင်းယုသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.. ငါ မင်းကို ကောင်းကင်ပေါ်ထိ တင်ပေးနိုင်တယ်။ ပြီးတော့ တည်နေရာတစ်ခုရအောင် လုပ်ပေးနိုင်တယ်။ လက်ရှိ အခြေအနေက ရှုပ်ထွေးနေတယ်။ အားလုံးပြီးမှ စီစဉ်ရမှာပဲ”
နှင်းလူသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြောလိုက်၏။ “ကျုပ်နားလည်ပါပြီ”
ရှုတင်းယုက ပြောလိုက်သည်။ “ဒါပေမယ့် မင်းအသက်ရှင်လျက် ရှိနေလိမ့်မယ်လို့ ငါအာမခံတယ်။ ကျင်းမိသားစုက ကြီးမားတဲ့ဒုက္ခတွင်းကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ ဒီလောကကြီးထဲမှာ ဘယ်သူကမှ ကျင်းမိသားစုကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
နှင်းလူက တိတ်ဆိတ်ငြိမ်သက်သွား၏။
ရှုတင်းယုက ပြောလိုက်သည်။ “ဒါပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာ မင်းကို တကယ့်အဆင့်မြင့်တဲ့ နေရာတစ်ခုဆီ ရောက်အောင် ငါ စီစဉ်ပေးမယ်။ မင်းက လောကရဲ့ အထွတ်အထိပ်ကို တက်သွားစေရမယ်”
နှင်းလူက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “နှုတ်ဆက်ပါတယ်”
ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ရှုတင်းယု ပြောသည်မှာ အမှန်ပင်ဖြစ်၏။ လက်ရှိအခြေအနေတွင် ရွှဲ့ပြည်နယ်တစ်ခုလုံးကပင်လျှင် ကြီးမားသည့် ကစားပွဲ၏ ခုံပေါ်သို့ ရောက်ရှိနေ၏။ ဘုရင်မင်းမြတ်အတွက်တော့ မြောက်ဘက်ပိုင်းတွင် ကစားပွဲနှစ်ခု တည်ရှိနေခဲ့ပြီး အနောက်ဘက်ပိုင်းတွင် တခြားသော ပွတ်တိုက်မှုများလည်း ရှိနေသေး၏။
နုရှောင့်မြို့သည် ကျင်းမိသားစုအတွက် အရေးကြီးသည့် တည်နေရာတစ်ခုဖြစ်၏။ သို့ပေမည့် ဘုရင်မင်းမြတ် အတွက်တော့ အနည်းငယ်သာလျှင် အရေးကြီး၏။ သူ၏ အာရုံစူးစိုက်မှုသည် နုရှောင့်မြို့ပေါ်၌ ရှိပင်မရှိချေ။ လက်ရှိအချိန်၌ ဝူဘုရင်နှင့် ပတ်သက်သည့် ကစားပွဲကိုသာ အာရုံစိုက်ထားခဲ့၏။ တကယ်ကို စိတ်ဆုံးဖြတ်ချက် ချပြီးသား တိုက်ပွဲမျိုး၊ လူကိုယ်တိုင် ဦးဆောင်သည့် တိုက်ပွဲမျိုးပင်။
နိုင်ငံတစ်ခုလုံး၏ ကံကြမ္မာနှင့် ပတ်သက်နေသည့် တိုက်ပွဲဖြစ်သောကြောင့် နင်ယွမ်ရှန်းသည် ကျိန်းသေပေါက် ကြောက်ခမန်းလိလိ ကြောက်မက်ဖွယ်ရာကောင်းသည့် စိတ်အဟုန်များကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။ နင်ယွမ်ရှန်းသည် ယင်ယွမ်အဖွဲ့အစည်းမှ ရွှေဒင်္ဂါး ၂.၃ သန်းကို ချေးခဲ့ပြီး ထိုအရာအားလုံးအား တိုက်ပွဲအတွက် အသုံးပြုမည်ဟု စဉ်းစား ဆုံးဖြတ်ခဲ့၏။
မြောက်ဘက်ပိုင်းရှိ နယ်စားကြီး နန်းကုန်းအို၏ စစ်သည်၊ ပျံ့ရှောင်း၏ စစ်သည် ... စုစုပေါင်း စစ်သည်အင်အား တစ်သိန်းရှိပြီး နင်ယွမ်ရှန်းသည် သူနှင့်အတူ စစ်သည်ပေါင်း ၆၀၀၀၀ ကျော်ကို ခေါ်ဆောင်လာခဲ့၏။ လက်ကျန် စစ်သည်ပေါင်း ၄၀၀၀၀ မှာတော့ ယန်ကျိုးကို ကာကွယ်ရန်ထားခဲ့သည်။
ပြောရမည်ဆိုလျှင် ပျံ့ရှောင်းသည် ဒေါသထွက်မိ၏။ ရွှဲ့ပြည်နယ်၏ အန္တရာယ်များနေသည့်နေရာသည် ယန်ကျိုးဖြစ်၏။ သို့ပေမည့် နင်ယွမ်ရှန်းသည် ဤနေရာ၏ အဓိက စစ်သည်တစ်ဝက်လောက်ကို ခေါ်ဆောင်သွားခဲ့၏။ တကယ်ကို အရေးကြီးသည့် အခြေအနေမျိုးပင်။
လူငယ် ဝူဘုရင်သည် တုန်လှုပ်နေမိ၏။ နင်ယွမ်ရှန်းတစ်ယောက် ဤမျှကြမ်းတမ်းလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ သူသည် နင်ယွမ်ရှန်းကို နယ်စပ်အမဲလိုက်ပွဲတွင် အနိုင်ယူခဲ့ရုံသာဖြစ်၏။ ထို့အပြင် စစ်သည်ပေါင်း ၃၀၀၀၀ ကျော်ကို ခေါ်ဆောင်ပြီး တောင်ဘက်ပိုင်းရှိ ရှန်ယီမြို့ကို ခြိမ်းခြောက်ဟန်ပြခဲ့ခြင်းသာ ရှိ၏။
သို့ပေမည့် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့ပြီး တကယ်ကို ကြီးကြီးကျယ်ကျယ်နှင့် တိုက်ခိုက်ရန် စီစဉ် ထားခဲ့၏။ နင်ယွမ်ရှန်း ဤမျှဒေါသထွက်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ကိုယ်တိုင်ပင် ရောက်ရှိလာခဲ့ပြီး တိုက်ပွဲကို ဦးဆောင်နေသည်။
ထိုတင်သာမကသေးချေ။ နင်ယွမ်ရှန်း၏ အောက်တွင် စစ်သူကြီးပေါင်းများစွာ ရှိနေပြီး ကျန်းပေနယ်စားကြီး နန်းကုန်းအို၊ တတိယမင်းသား နင်ချီနှင့် ဝူကျောက်ကျုံးတို့လည်း ပါ၏။ နိုင်ငံကြီးတစ်ခုလုံးအား အိမ်ရှေ့စံ မင်းသား၏ လက်ထဲသို့အပ်ထားခဲ့၏။ ယခု နိုင်ငံကြီးတစ်ခုလုံးအား စီမံခန့်ခွဲနေသူသည် အိမ်ရှေ့စံမင်းသား ဖြစ်နေ၏။
ဟုတ်ပေ၏။ လူငယ်ဝူဘုရင်က မတိုက်ခိုက်ချင်ပေ။ သို့ပေမည့် နင်ယွမ်ရှန်းက ရူးသွပ်နေသောကြောင့် တိုက်ခိုက်ရန်သာ ရှိတော့၏။ ထို့ကြောင့် ဝူဘုရင်အနေနှင့် ကျိန်းသေပေါက် ဝူနှင့် ရွှဲ့ပြည်နယ် နယ်စပ်ဆီသို့ စစ်သည်တော်အားလုံးကို စတင် စုစည်းရန်မှတစ်ပါး အခြားလုပ်စရာ မရှိတော့ချေ။
သို့ပေမည့် စဦး မတိုက်ခိုက်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် စုနန်၏ ပုန်ကန်မှု ပေါ်မလာသောကြောင့်ပင်။ စုရွှင်၏ စစ်တပ်ကြီးသည် ရွှဲ့ပြည်နယ်၏ ပိုင်ရီမြို့ကို သိမ်းပိုက်နိုင်ပြီဆိုမှ သူတို့က အရှိန်အဟုန်ကောင်းကောင်း နှင့် ဝင်ရောက် တိုက်ခိုက်ပေလိမ့်မည်။
လဝက်အတွင်း ဤဘုရင်နှစ်ယောက်တို့သည် နယ်စပ်ဒေသတည်နေရာတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက် တော့မည် ဖြစ်၏။ ဤဘုရင်နှစ်ယောက်တို့၏ အကွာအဝေးက လက်ရှိအခြေအနေတွင် ငါးမိုင်ထက် မပိုချေ။ တစ်ယောက်နှင့်တစ်ယောက် ဤအကွာအဝေးတွင် မျက်နှာချင်းဆိုင်ရပ်ကာ ကြည့်ရှုပြီး ကျားချောင်း ချောင်းလို့နေကြသည်။
ရွှဲ့ပြည်နယ်၏ ကျန်းရှစ်စီရင်စုဆီသို့ ပြန်ပြောင်းကြည့်ရှုရမည်ဆိုလျှင် ရှမ့်လန်သည် လူပေါင်း နှစ်သောင်းကျော်တို့ကို ဦးဆောင်ပြီး ပိုင်ရီမြို့ဆီသို့ ရောက်ရှိလာခဲ့၏။ တကယ်ကို ကြမ်းတမ်း ဆိုးယုတ်သည့် လောဘသားကောင်းများသည် သူ့နောက်မှ လိုက်ပါလာ၏။
“အကုန်လုံးကို သတ်၊ အကုန်လုံးကို လု၊ အကုန်လုံးကို ယူ”
ထိုလူများသည် ရူးရူးမူးမူး ဆိုသလိုပဲ ပြေးဝင်သွားကြ၏။ ထိုသူအားလုံးတို့သည် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားခဲ့ပြီး ပိုင်ရီမြို့ထဲသို့ ပြေးဝင်နေကြပြီ။
ဤလူအားလုံးသည် တကယ်ကို စိတ်လှုပ်ရှား တက်ကြွနေကြ၏။ နောက်ဆုံး၌ ကြီးမားလွန်းသည့် မြို့ကြီးထဲသို့ ရောက်ရှိခဲ့ပြီဖြစ်၏။ သူတို့ ရှိသမျှအရာအားလုံးကို ယူဆောင်ရပေမည်။
“ညီအစ်ကိုတွေ ..... ဆိုင်တွေကိုဖျက်ပြီး ရစရာရှိတာ အကုန်လုံးကို လုကြ။ ပိုက်ဆံတွေကို လု၊ ရတနာတွေ အကုန်လုံးကို ယူ၊ မိန်းမတွေကိုလည်း ဖမ်းကြ၊ ပျော်ကြရအောင်”
ရှမ့်လန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အော်လိုက်၏။ “ကျုပ် အရင်တည်းက အမိန့်ပေးထားတယ်နော်။ အနောက်ပိုင်းကုန်သည်တွေရဲ့ ဆိုင်တွေကိုပဲ လုရမယ်။ ရွှဲ့ပြည်နယ်ရဲ့ ဆိုင်တွေကို လုလို့ မရဘူး။ ခင်ဗျားတို့ အနောက်ပိုင်းကုန်သည်တွေရဲ့ စစ်သည်တော်တွေကိုပဲ သတ်လို့ရမယ်။ ရွှဲ့ပြည်နယ်ရဲ့ ကုန်သည်တွေကို သတ်လို့မရဘူး။ ပြီးတော့ ရွှဲ့ပြည်နယ်က ဘယ်မိန်းမကိုမှ အဓမ္မပြုကျင့်လို့ မရဘူး”
ဤအရာက ရှမ့်လန်ချမှတ်ထားသည့် သံမဏိစည်းမျဉ်းပင်ဖြစ်၏။