← Chapters

တောင်ကုန်းထက်ဝယ်

Vol. 1 Ch. 51

တောင်ကုန်းထက်ဝယ်

Vol. 1 Ch. 51

“အများနဲ့တစ်ယောက် ပြိုင်ပွဲ စတင်ပါပြီ”

ကျီထျန်းနှင့် ဆရာသုံးယောက် ထိုင်ပြီးသည်နှင့် လူအိုကြီးသည် ပြိုင်ပွဲစတင်ကြောင်း ကြော်ငြာလေသည်။

“ကျန်းဟုန်... သူက ဘာလို့ စင်ပေါ်ရောက်နေတာလဲ”

ကျန်းယွင်ရှန်သည် ကျန်းဟုန်ကို သိသည်။ ကျန်းယွင်ရှဲသည်လည်း ကျန်းဂိုဏ်း၏ အတွင်းရေး ကိစ္စများကို ကိုင်တွယ်ရသော ခေါင်းဆောင် ကြီးကြပ်သူ ဖြစ်လေရာ ကျန်းဟုန်ကို သိလေသည်။ ကျန်းယွင်ရှဲသည် သံသယဖြစ်စွာပင် ကျန်းယွင်ရှန်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့နှစ်ယောက် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်တော့မည်ဟု ခံစားလိုက်ရသည်။

“ဝှစ်”

ကျန်းဟုန်၏ စကားဆုံးသည်နှင့် ကျန်းရီသည် လှုပ်ရှား လာခဲ့သည်။ သူ့လက်များသည် မြွေတစ်ကောင်နှယ် ဆန့်ထွက်လာကာ ကျန်းဟုန်၏ လက်ကို ဆွဲလိုက်ပြီး သူ့လက်သည် လက်မှ လည်ပင်းသို့ ရွေ့သွားကာ ကျန်းဟုန်၏ လည်ပင်းကို ညှစ်လိုက်လေသည်။ ထို့နောက် သူသည် ကျန်းဟုန်ကို မကာ လေထဲတွင် မြှောက်ထား လိုက်သည်။ သူ့ကိုယ်မှ ဖြာထွက်လာသော သတ်ဖြတ်ချင် စိတ်တို့သည် စင်အနီးရှိ လူများကို အသက်ရှူ ကြပ်စေသည်။ သူသည် အတတ်နိုင်ဆုံး အသံကို ထိန်းလိုက်ကာ ပြောလိုက်သည်...

“မင်းဘာပြောတာလဲ... ပြန်ပြောစမ်း”

“အဟွတ်... အဟွတ်”

ကျန်းဟုန်သည် လည်ပင်းအညှစ် ခံထားရသောကြောင့် အသက်ပင် ကောင်းကောင်း မရှူနိုင်ပေ... သူဘယ်လို စကားပြော ရမည်နည်း...သူသည် ချောင်းအဆက်မပြတ် ဆိုးရင်း ကျန်းရီ၏ လက်ကို ညွှန်ပြကာ လျှော့ပေးရန် တောင်းဆို လိုက်သည်။

ကျန်းရီသည် လက်ကို လျှော့မပေးဘဲ ကျန်းဟုန်၏ ကိုယ်ကို စင်ပေါ်သို့ အညှာအတာမဲ့စွာ ပစ်ချလိုက်သဖြင့် ခိုင်ခံ့သော စင်ကြီးပင် အနည်းငယ် လှုပ်ရမ်းသွားရသည်။ ထို့နောက် ကျန်းရီသည် ကျန်းဟုန်၏ မျက်နှာကို အဆက်မပြတ် လက်သီးနှင့် ထိုးနေသည်မှာ နှာခေါင်း သွေးများပင် စီးကျလာလေသည်။ ထို့နောက် သူသည် အသံနက်ကြီးနှင့် အော်ပြောလိုက်သည်...

“ရှောင်နူ ဘာဖြစ်တာလဲ... ပြောစမ်း..မပြောရင် ငါမင်းကို သေအောင်ရိုက်မယ်”

ကျန်းရီ၏ လက်သီးသည် ထပ်မံကျဆင်း လာတော့မည်ကို မြင်လျှင် ကျန်းဟုန်သည် ကြောက်ရွံ့စွာ ပြန်ပြောလာခဲ့သည်...

“ကျန်းရှောင်နူက အခုအဆင်ပြေတယ်... ဒါပေမဲ့  မင်း အနောက်ဘက် တောင်ကုန်းကို မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်... မသွားရင် သူမသေချာပေါက် တစ်ခုခု ဖြစ်လိမ့်မယ်... ငါ့ကို ရိုက်တာ ရပ်တော့... ငါက သတင်းစကားပါး ပေးရုံပဲ”

“ဗုန်း”

ကျန်းရီ၏ လက်သီးသည် ကျဆင်းလာခဲ့ပြီး ကျန်းဟုန်၏ ဦးခေါင်းသည် စင်၏ ကြမ်းပြင်ကိုပါ ကျွံထွက်သွားလေသည်။

“ဝှစ်”

ကျန်းရီ၏ ပုံရိပ်သည် စင်ပေါ်မှ ပျံသန်းလာခဲ့ပြီး လူအများ၏ ခေါင်းပေါ်နင်းကာ ကျန်းအိမ်တော်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

“ဟမ်”

လူတိုင်းသည် ဆွံ့အ သွားကြသည်။ ကျန်းရီဘာကို ဆိုလိုသနည်း... သူ့ပြိုင်ဘက်သည် အရှုံးမပေး ခဲ့သေးသလို စင်ပေါ်မှလည်း ပြုတ်ကျ မသွားခဲ့သေးပေ။ သူက စင်ပေါ်ကနေ အရင်ဆင်းသွား ခဲ့တယ်လား ဘယ်သူနိုင်တာလဲ... ပြီးတော့ ပြိုင်ပွဲက အခုမှ စတာကို သူက စကားတစ်ခွန်းမှ မပြောပဲ ထွက်သွားတယ်... သူက ပြိုင်ပွဲက နေထွက်ဖို့ ပြင်ဆင်နေတာလား…

အစီအစဉ် ကြေညာ သူ လူအိုကြီး၏ မျက်ခုံးမွှေးဖြူတို့သည် စုကျုံ့ သွားကြသည်။ သူသည် ကျန်းရီ ပြေးထွက်သွားသည်ကို မြင်လျှင် အော်ဟစ်လိုက်သည်...

“၅၃၆... မင်းဘာလုပ်နေတာလဲ... အခုချက်ချင်း ပြန်လာခဲ့... မလာရင် မင်းကို ပြိုင်ပွဲကနေ ထုတ်ပယ် ရလိမ့်မယ်”

ကျန်းရီသည် မရပ်တန့်ခဲ့သလို တစ်ချက်မှတောင် ပြန်လှည့်မကြည့်ခဲ့ပေ။ သူသည် ကျန်းအိမ်တော် ထံသို့သာ အားကုန် ပြေးနေခဲ့သည်။ လူအိုကြီးသည် အတော်လေး ဒေါသ ထွက်နေခဲ့ပြီ ဖြစ်သည်။ သူသည် နောက်ထပ် အော်ဟစ် လိုက်ပြန်သည်။

“ငါထပ်ပြောမယ်... မင်းအခု ချက်ချင်းပြန်လာခဲ့... မလာရင် ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ရလိမ့်မယ်”

ကျန်းရီသည် ဈေး၏ အဆုံးနားသို့ပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ရပ်တန့်လိုက်ကာ လှည့်ကြည့် လာခဲ့သည်။ သူသည် ပြန်အော် လာခဲ့သည်...

“ဆုံးဖြတ်နေဖို့ မလိုတော့ပါဘူး... ကျွန်တော် ပြိုင်ပွဲမှာ နောက်ထပ် မပြိုင်တော့ပါဘူး”

“ဝိုး”

ကျန်းရီ၏ ပုံရိပ်ပျောက်ကွယ် သွားခဲ့ပြီး ဈေးတစ်ခုလုံးသည် ဆူညံလျက် ကျန်ခဲ့သည်။ ပွဲကြည့်စင်ထက်မှ အာဏာရှိ လူကြီးများပင် ဆွံ့အ နေခဲ့သည်။

ကျန်းရီသည် လွန်ခဲ့သည့်နေ့ကမှ အခက်ခဲဆုံး ကာလကို ကျော်ဖြတ်ခဲ့သည်။ သူသည် မာဟေးချီကိုပင် အနိုင်ယူကာ ပွဲနှစ်ဆယ်ကို အနိုင်ရရှိထားပြီ ဖြစ်သည်။ ယခုတွင် မည်သည့်ဂိုဏ်းကမှ သူပွဲကိုးဆယ်ကို မအောင်မြင်ခင် အချိန်ထိ သူ့ကို တားဆီးကြတော့မည် မဟုတ်ပေ။ ကျန်းရီသည် ပွဲတစ်ရာကိုပင် အောင်မြင်နိုင်ကာ ဝိညာဉ်သားရဲ သင်တန်းကျောင်းရှိ နေရာ တစ်နေရာကို ရနိုင်ပေသည်။ မနေ့က သူသည် ပွဲနှစ်ဆယ်ကို အနိုင်ယူရန် သူ့အသက်ကိုပင် ပုံအပ် ထားခဲ့သည်။

အရေးကြီးတဲ့ တစ်ခုခု ဖြစ်သွားတာနေမယ်…

၎င်းသည် သူတို့၏ စိတ်ထဲတွင် ပေါ်လာသော အတွေးမျှသာ ဖြစ်သည်။ သို့သော် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ လူသစ် လက်ခံပွဲထက် ဘာကများ ပို၍ အရေးကြီးပါ သနည်း... သူသည် သိုင်းခန်းမ၏ မျက်နှာသာ ပေးခြင်းကို ခံရသူ မဟုတ်ပါလား... သူသည် ကျန်းဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက် မဟုတ်ပါလား... သူဘာကြောင့် တစ်ယောက်ယောက်ကို အကူအညီမတောင်း ရပါသနည်း... သူဘာကြောင့် ပြိုင်ပွဲကို အလွယ်တကူ လက်လျှော့ လိုက်ရပါသနည်း။

ဘာဖြစ်သွားသည်ကို ဘယ်သူမှ နားမလည်နိုင် ကြတော့ပေ။ ကျီထင်ယွီသည်မူ သနားသည့် အမူအရာ ဖြစ်ပေါ်သွားခဲ့ပြီး ကျန်းဟန်ရွှေကမူ နှာခေါင်းရှုံ့လိုက်သည်။ လမ်ချမ်ချမ့်သဘ် မနေနိုင်တော့ဘဲ ခေါင်းယမ်း လိုက်ကြသည်။ ဆရာသုံးယောက်နှင့် ကျီထျန်းမူကား သံသယရှိသော အမူအရာများ ဖြစ်ပေါ် နေခဲ့ကြသည်။ ကျန်းယွင်ရှန်သည်ပင် နားမလည် နိုင်တော့ချေ။ သို့သော် သူသည် ကျန်းယွင်ရှဲနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး လျှို့ဝှက်စွာ ပြုံးလိုက်ကြသည်။

“ယွင်ရှဲ... ဘာတွေ ဖြစ်တာလဲဆိုတာ တစ်ယောက်ယောက်ကို သွားစုံစမ်း ခိုင်းလိုက်”

ကျန်းယွင်ရှဲသည် ခေါင်းညိတ်လိုက်ပြီး အခန်းငယ်တွင်းမှ ထွက်သွားခဲ့သည်။ သူသည် သိုင်းပညာ ခန်းမဆောင်၏ အစောင့်တစ်ယောက်ကို ကြည့်လိုက်ကာ တီးတိုး အမိန့်ပေးလိုက်သည်...

“ကျန်းချီ... သူ့နောက်လိုက်သွားပြီး ဘာဖြစ်လဲဆိုတာ စုံစမ်းခဲ့... အခြေအနေကို လိုက်ပြီး ပြုမူပါ... ကျန်းရီကို သတ်ဖို့ အခွင့်အရေး ရှိမယ်ဆိုရင် တုံ့ဆိုင်းမနေဘဲ သတ်လိုက်”

ထိုအစောင့်သည် သိသာစွာပင် ကျန်းယွင်ရှဲနှင့် တစ်ဖက်တည်း ဖြစ်သည်။ သူသည် အသက်သုံးဆယ်ခန့် ရှိပြီ ဖြစ်သော်လည်း ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်တွင်ပင် ရှိသေးသည်။ ထို့ကြောင့် သူ့ကို အားကောင်းသည်ဟု ပြော၍ မရသော်လည်း ကျန်းရီကို ကိုင်တွယ်ရန် အတွက်မူ လုံလောက်သည်ထက် ပိုပေသည်။

“မာယင်း... မင်းလည်း တစ်ချက် သွားကြည့်ချေ... မနေ့က မာဖေးက ဟေးချီကို လာရှာသွားတယ်... သူ ဘာလုပ်မယ်ဆိုတာ ငါမသိဘူး... ကိစ္စတွေကို မလွဲစေနဲ့”

တစ်ဖက်တွင်လည်း မာဖေး၏ အဖေ မာယုံကျိသည် မာဂိုဏ်းမှ အစောင့်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ထိုအစောင့်သည်လည်း လူအုပ်ကြားထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

“ခန်းမသခင်... တစ်ခုခုတော့ မှားနေပြီ”

သိုင်းခန်းမတွင် ကြီးကြပ်သူ ယန်သည် သိုင်းခန်းမ သခင်နှင့် အရေးပေါ် တွေ့ဆုံကာ ကျန်းရီနှင့် ပတ်သက်သည့် ထူးဆန်းသော အခြေအနေကို ရှင်းပြခဲ့သည်။ သိုင်းခန်းမ သခင်သည် သူ့ဟာသူ ရေရွတ်သလိုနှင့် စိတ်ပျက်လက်ပျက် သက်ပြင်း ချလိုက်သည်...

“ဒီကောင်လေးက ဘယ်လိုဟာကို ဦးစားပေးရမလဲ ဆိုတာ မသိသေးဘူးပဲ... သူက ဘယ်လိုလုပ်ပြီး ဒီလို အခွင့်အရေးကောင်း တစ်ခုကို စွန့်လွှတ်ပြီး ငါ့ရဲ့ အဖိုးတန်ဆေးတွေကို ဖြုန်းတီး ပစ်လိုက်နိုင်တာလဲ... ဟူး... တစ်ယောက်ယောက်ကို လွှတ်ပြီး သူ့ကို စောင့်ရှောက်ခိုင်းထားလိုက်... သူက အခု အလောင်းအစားကို ရှုံးသွားပြီ ဆိုတော့ သိုင်းခန်းမရဲ့ တစ်သက်တာကျွန် ဖြစ်ရတော့မယ်... သူသာ သေသွားခဲ့ရင် သိုင်းခန်းမအတွက် ဆုံးရှုံးမှုပဲ”

ကျန်းရီ ထွက်ခွာသွားသည်နှင့် အင်အားစု သုံးခုသည် လှုပ်ရှားလာကြသည်။ သို့သော် မည်သူမှ ပေါ်ပေါ်ထင်ထင် မလှုပ်ရှားဝံ့ဘဲ အခြေအနေကို လိုက်၍ ဆောင်ရွက်နိုင်ရန် လူများသာ စေလွှတ်နိုင်သည်။

ဈေးနေရာ၏ အခြေအနေသည် အလျင်အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ် သွားခဲ့သည်။ လူအများစုသည် သနားနေကြပြီး လူငယ်များမှာမူကား စိတ်လှုပ်ရှား နေခဲ့ကြသည်။ ကျန်းရီ ထွက်သွားပြီ ဖြစ်ကာ သူတို့အတွက် တစ်နေရာစာ အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်သည်။

စင်ပေါ်တွင် ကျန်းရီ မရှိသောအခါ အများနှင့် တစ်ယောက် ယှဉ်ပြိုင်ပွဲသည် ရိုးရိုးရှင်းရှင်းကြီး ဖြစ်သွားကာ အရင်နေ့ များကလောက် စိတ်ဝင်စားစရာ မကောင်းတော့ပေ။ လူအများစုသည် ကျန်းရီကို သတိရနေခဲ့ကြပြီး သူဘာများ ဖြစ်နေသည်လဲဟု တွေးတောနေကြသည်။ သူဘယ်ကိုများ သွားပါသနည်း။

ကျန်းရီသည် ကျန်းအိမ်တော်ဆီသို့သာ လေအလျင်နှင့် ပြေးသွား နေခဲ့သည်။ သူသည် အိမ်တော် အတွင်းသို့ပင် မဝင်တော့ဘဲ အနောက်ဘက် တောင်ကုန်းဆီသို့သာ တိုက်ရိုက် ဦးတည်လိုက်သည်။

လူတိုင်း၏ မျက်လုံးထဲတွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နေရာ တစ်နေရာထက် ပို၍ တန်ဖိုးကြီးသော အရာမရှိပေ။ သို့သော် ကျန်းရီအတွက်မူ ကျန်းရှောင်နူနှင့် ကောင်းကင် တောင်ပံမြို့မှ လွတ်မြောက်ရန်သာ မဟုတ်လျှင် ပြိုင်ပွဲကို ဝင်ပြိုင်ရန် စိတ်ကူးရှိလာမည် မဟုတ်... ယခု ကျန်းရှောင်နူသည် ဒုက္ခရောက်နေပြီ ဖြစ်ရာ သူမ သေဆုံးသွားပြီးမှ သူကျောင်းဝင်ခွင့်ရလျှင် အဘယ်မှာ အဓိပ္ပာယ် ရှိပါတော့မည်နည်း

သူသည် အနောက်ဘက် တောင်ကုန်းကို အကြိမ်များစွာ ရောက်ဖူးခဲ့ပြီး ဖြစ်ရာ လမ်းကြောင်းများနှင့် ကျွမ်းဝင် နေခဲ့သည်။ သူသည် အဓိကလမ်းကြီးမှ မတက်ဘဲ တောင်ပေါ်သို့ တက်ရန် အမြန်ဆုံး ဖြတ်လမ်းကိုသာ ရွေးလိုက်သည်။

ကျန်းရီသည် အနောက်ဘက် တောင်ကုန်းတွင် သူ့အလာကို စောင့်၍ သတ်ဖြတ်ရန် ချုံခို နေကြသူများ ရှိမည်ကို သိလေသည်။ သူသည် သေရမည်ကို မကြောက်သော်လည်း သေခြင်းထက် ရှင်ခြင်းကိုတော့ ပို၍ သဘောကျလေသည်။ ထို့ပြင် သူသည် ဤနေရာသို့ လူလာကယ်ခြင်း ဖြစ်ရာ သူသေဆုံးသွား၍ မရပေ။

တောင်ကုန်း၏ တစ်ဝက်သို့ အရောက်တွင် သူသည် ရပ်တန့်လိုက်ပြီး အနက်ရောင် အတွင်းအားကို သုံးကာ အကြားအာရုံကို မြှင့်တင်လိုက်သည်။ သူရပ်တန့်လိုက်ရသော အကြောင်းအရင်းသည်ကား သူ၏ ဘယ်ဘက် ဆယ်ပေခန့်အကွာမှ အသက်ရှူသံ တစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

သူ့မျက်လုံးသည် သတ်ချင်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားကာ ချုံပုတ် အနီးသို့ တိုးကပ် သွားလိုက်သည်။ သူ့လက်ထဲတွင် ကံတရား၏ ဓားစိမ်းကို ကိုင်၍ ချုံပုတ် အတွင်းသို့ ခုန်ဝင် သွားလိုက်သည်။

“အား”

ချုံပုတ် အတွင်းရှိလူသည် အေးစက်စက် အရှိန်အဝါများကို ခံစားလိုက်ရ၍ ချက်ချင်း ခေါင်းမော့ ကြည့်လိုက်သည်။ သူ့ထံ တိုးဝင်လာသော အစိမ်းရောင် ဓားတစ်ချောင်းကို မြင်လိုက်ရပြီး သူသည် ထိတ်လန့်သွားကာ အော်ဟစ် လိုက်သည်။

သူ့အော်သံ ထွက်ပေါ် မလာခင်တွင် ကျန်းရီ၏ ဓားသည် အညှာအတာမဲ့စွာ သူ့လည်ချောင်း အတွင်း စိုက်ဝင်နေခဲ့ပြီ ဖြစ်သည်။ သူသည် ကျန်းရီကို ကြောက်ရွံ့စွာ ကြည့်နေခဲ့သည်။ သူ့မျက်ဝန်း များတွင် မယုံကြည်နိုင်မှုများ ပြည့်နေခဲ့သည်။ သူသည် ကျန်းရီ သူ့ကို တုံ့ဆိုင်းမနေဘဲ သတ်ရဲမည်ဟု မထင်ခဲ့ပေ။

“ဘန်း”

ကျန်းရီသည် ရန်သူကို သတ်လိုက်ပြီးနောက် အမူအရာ တစ်စက်မှ ပြောင်းလဲ မသွားခဲ့ပေ။ သူသည် ဓားကို ပြန်ဆွဲနုတ်လိုက်ပြီး လှောင်ပြုံး တစ်ခုနှင့် ခြေထောက်ကို မြှောက်ကာ ကန်ထုတ်လိုက်သည်...

“ကျန်းပေါင်... မင်းအရင် သွားနှင့်တော့... မင်းကိုယ်စား မင်းမိဘတွေကို ကျန်းဂိုဏ်းက စောင့်ရှောက် ပေးလိမ့်မယ်”

ကျန်းရီသည် မူလက တစ်ယောက်ယောက်ကို သတ်ရန် မရည်ရွယ်ခဲ့သော်လည်း ချုံအတွင်း ပုန်းအောင်း နေသူမှာ ကျန်းပေါင်ဖြစ်ကြောင်း မြင်လိုက်သည်နှင့် သူ၏ဓားကို လည်ပင်းသို့ ထိုးစိုက်လိုက်ရန် တွန့်ဆုတ် မနေတော့ပေ။ ကျန်းပေါင်သည်လည်း ကျန်းရှောင်နူကို ပြန်ပေးဆွဲရာတွင် ပါဝင်နေသည်မှာ ထင်ရှားသည်။ မဟုတ်လျှင် သူဘာကြောင့် ဤနေရာသို့ ရောက်လာရမည်နည်း။

ကျန်းရှောင်နူကို အန္တရာယ် ပေးသူတိုင်းအား မည်သူပင် ဖြစ်စေ ကျန်းရီ သတ်မည်သာ ဖြစ်သည်။

“အား”

ရုတ်တရက် ကျန်းရီသည် ကိုယ်ကို ကိုင်းကာ ပြင်းပြင်းထန်ထန် အန်ပါတော့သည်။ သူသည် လူသတ်သမား တစ်ယောက် မဟုတ်ပေ။ သူယခု ကျန်းပေါင်အား သတ်လိုက်စဉ်တွင် မည်သို့မှ မခံစား သင့်သော်လည်း ကျန်းပေါင်၏ အသက်မဲ့နေသော မျက်ဝန်းများကို တွေ့လိုက်ရသောအခါ သွေးများသည် သူ့လည်ပင်းသို့ ဆောင့်တိုးလာကာ အန်ချင်စိတ်များ ဖြစ်ပေါ် လာခဲ့သည်။

အချိန်ခဏ ကြာပြီး နောက်မှသာ ကျန်းရီသည် အော့အန်ခြင်းကို ရပ်တန့် နိုင်လိုက်သည်။ သူ့မျက်နှာသည် ဖြူဖျော့ နေခဲ့ပြီး မျက်လုံးများကမူ ပို၍အေးစက် သွားကြသည်။ သူ့နားရွက်များသည် ပတ်ဝန်းကျင်ကို နားစွင့် နေခဲ့ကြပြီး ခြေလှမ်းများကမူ ပို၍ သတိရှိလာခဲ့ကြသည်၊

ဒီမှာ တစ်ယောက်ယောက် ရှိတယ်။

မကြာခင်မှာပင် သူသည် နောက်ထပ် ချုံပုတ်တစ်ခု၏ မူမမှန်မှုကို တွေ့လိုက်သည်။ သူသည် အလွယ်တကူ ချည်းကပ် သွားလိုက်ကာ ထိုလူကို မြင်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူသည် မသတ်ခဲ့ဘဲ ထိုလူကို လက်သီးတစ်ချက်နှင့် မေ့မျော သွားလေသည်။ ထို့နောက် သူသည် ထိုသူ၏ ဒန်တျန်းကို ဖျက်ဆီး လိုက်လေသည်။

ကျန်းရီ၏ အတွေးထဲတွင်  ယနေ့ကိစ္စတွင် ပါဝင်သော လူတိုင်း သေရမည် မဟုတ်ပေ။ သို့သော် သူတို့သည် သူတို့၏ အမှားအတွက် ပေးဆပ်ရပေမည်။

တောင်ပေါ်သို့ တက်ရာ လမ်းတစ်လျှောက်တွင် သူသည် ချုံခိုနေကြသော ရန်သူများ အားလုံးကို ရှင်းလင်းခဲ့ပြီး သူတို့၏ ဒန်တျန်းများကို ဖျက်ဆီးခဲ့သည်။

“ဘာလို့ အရိပ်အယောင်တောင် မတွေ့ရတာတာလဲ... ကျန်းရီ တကယ်ဘဲ မလာဘူးလား”

“အကိုလုံ၊ အကိုဟူ ကျွန်တော်တို့ နောက်တစ်ယောက်ကို လွှတ်သင့်လား”

“အမှန်ပဲ... ဒီမိန်းကလေးက အစေခံ ကောင်မလေး သက်သက်ပဲလေ... ကျန်းရီက သူမအတွက် သူ့အနာဂတ်ကို စွန့်လွှတ်ပါ့မလား”

“အလျင်လိုစရာ မလိုဘူး... ခဏလောက် စောင့်ဦး... ကျန်းရီက ဒီကောင်မလေးကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တာပဲ မဟုတ်လား... သူသေချာပေါက် လာလိမ့်မယ်”

ကျန်းရီသည် တောင်ထိပ်နားသို့ ရောက်သောအခါ ရင်းနှီးနေသော အသံများစွာကို ကြားလိုက်ရသည်။ သူ့မျက်လုံးများသည် ပို၍အေးစက် လာခဲ့သည်။ သူသည် ချုံတစ်ခု အတွင်းမှ ကြည့်လိုက်သောအခါ ကျန်းရုလုံ၊ ကျန်းရုဟူနှင့် အခြားအယောက် နှစ်ဆယ်ခန့်ကို တွေ့လေသည်။

“ရှောင်နူ”

သူသည် သစ်ပင်ကြီး တစ်ပင်ထက်တွင် တွဲလောင်း ဆွဲထားသော ကျန်းရှောင်နူ၏ အားနည်းသော ကိုယ်လေးကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများသည် ပိတ်နေခဲ့ပြီး တစ်ကိုယ်လုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမသေသွားပြီလား အချိန်မီသေးလားကိုပင် မသိနိုင်ပေ။ ကျန်းရီ၏ ကိုယ်သည် တုန်ယင် လာခဲ့သည်။ သို့သော် သူသည် အလျင်စလို မလှုပ်ရှားခဲ့ပေ။ သူ၏ နားရွက်သည် သစ်တောထဲတွင် ပုန်းအောင်းနေသော လူများစွာတို့ကို ကြားနေရသောကြောင့် ဖြစ်သည်။

ဒီမှာ ဘာလို့ လူအများကြီး ရှိနေတာလဲ…

ကျန်းရီသည် ကျန်းရုလုံတို့ အဖွဲ့ကို တစ်စစီ လုပ်ပစ်ချင်စိတ်အား ထိန်းရင်း ကိုယ်ကို လှည့်လိုက်သည်။ သူသည် တောအုပ်၏ တစ်ဖက်ခြမ်းသို့ ကင်းထောက်ရန် လှည့်ဝင်လိုက်သည်။

ကျန်းရှောင်နူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကိစ္စမရှိတော့ပေ။ အနောက်ဘက် တောင်ကုန်း မတော်တဆမှုတွင် ပါဝင်သူ အားလုံးသည် ကျန်းရီ၏ ရင်ထဲတွင် သေလူများ ဖြစ်သွားကြပြီ ဖြစ်သည်။

*****

All Chapters