အခန်း (၅၉၀)
Vol. 43 Ch. 590
ဤလူသားမျိုးနွယ်သည် မသေမျိုးဧကရာဇ်အဆင့်တွင် ရှိနေရုံသာမက အဘယ့်ကြောင့် သူ့ထက် ကောင်းကင်တစ်ဆင့် ပိုမြင့်နေရပါသနည်း။
လုံးဝ လက်ခံနိုင်စရာမရှိဘူး။
နျိုပါ့ထျန်းမှာ ရင်တုန်ပန်းတုန်ဖြင့် ကြံရာမရဖြစ်နေသည်။ သူသည် ပထမဆုံး မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသူတစ်ဦးအဖြစ် နေရာယူဖို့ မူလက ကြံစည်ခဲ့သော်လည်း အခြားသူက မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်နှင့်နေပြီး သူလုပ်နေသည့် အရူးလုပ်ရပ်များကို ထိုအတိုင်း ထိုင်ကြည့်နေခဲ့ခြင်းသာပင်။
ဒီလူ အရင်က သူ့ခြိမ်းခြောက်စကားတွေကို နည်းနည်းမှမကြောက်တာ အံ့သြစရာမရှိတော့ပါဘူး။
ထို့အပြင် ကျင့်ကြံဆင့်ကို ဒီလောက်မြန်မြန် ပြန်လည်ရရှိသွားခြင်းအား ကြည့်ရလျှင် ကောလဟလများအတိုင်း ရှေးခေတ်တစ်ချိန်က မသေမျိုးသူတော်စင်ကြီး ဖြစ်နေရော့သလား။
နျိုပါ့ထျန်း စဥ်းစားလေလေ ပိုကြောက်လာလေလေ ဖြစ်ပြီး သူ၏ နဖူးမှ ချွေးစက်ကြီးများ စိမ့်ထွက်လာကာ ကျောတစ်ခုလုံးလည်း ဇောချွေးများဖြင့် စိုစွတ်သွားသည်။
ယဲ့ကျွင်းလင်တွင် ပြန်လည်နိုးထရှင်သန်လာသူတစ်ဦး၏ ထူးခြားသော အငွေ့အသက်မျိုး မရှိသော်ငြား အမှန်တော့ ထိုအရာမှာလည်း အတည်ယူလို့ရသည်မဟုတ်။ ကြာမြင့်စွာကတည်းက နိုးထရှင်သန်ထားသူဆိုပါက ထိုအငွေ့အသက်မှာ ဤအချိန်လောက်ဆို ပျောက်ကွယ်သွားလိမ့်မည်သာ။
ထို့ကြောင့် နျိုပါ့ထျန်းသည် ဤအချက်မှ ယဲ့ကျွင်းလင်၏ နောက်ခံသမိုင်းကြောင်းကို သံသယဝင်ဖို့မဖြစ်နိုင်ဟု ကောက်ချက်ချမိသည်။ ထိုအစား သူခံစားနေရသော ဗီဇစိတ်၏ သတိပေးချက်အရ တစ်ဖက်လူ၏ နောက်ခံအထောက်အထားကို ပိုလို့ပင် ယုံကြည်လာမိတော့၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအိုက ကန့်သတ်ချက်များကို အချိန်အတော်ကြာကတည်းက ဖြေလျှော့ပေါ့လျော့ပေးထားခဲ့သည်ပင်။
သိထားရမည့်တစ်ချက်မှာ၊
သူ မသေမျိုးဧကရာဇ်အဆင့်သို့ ပြန်လည်မြင့်တက်လာနိုင်ခဲ့ခြင်းသည် အဓိကအားဖြင့် ချင်းယန် မသေမျိုးအကြီးအကဲ၏ ဆိတ်ချိုများကြောင့်သာ ဖြစ်ကာ ထိုတစ်ကြိမ် လက်ဦးမှုမရယူနိုင်လိုက်ပါက သူအခုလို ဝံ့ကြွားမွှေနှောက်နေနိုင်မည်မဟုတ်။
သို့သော် ထိုလူသားမျိုးနွယ်၏ ကျင့်ကြံဆင့်မှာမူ သူ့လို မှီခိုအားထားစရာလည်း မပါရှိပါဘဲ ဤမျှမြန်မြန်ကောင်းမွန်လာခဲ့သည်။ တစ်စုံတစ်ဦးက ယဲ့ကျွင်းလင်တွင် မသေမျိုးသူတော်စင်ကဲ့သို့ ကြီးမြတ်သောနောက်ခံမရှိပါဟု သူ့ကိုရိုက်နှက်ပြောကြားလာလျှင်ပင် သူယုံမည်မဟုတ်။
“ဒါဆို အကြီးအကဲယဲ့က မသေမျိုးဧကရာဇ် ဖြစ်နေပြီးသားပေါ့။ ငါတို့ဆီကနေ တမင်သက်သက် လျှို့ဝှက်ထားတာပေါ့လေ” စန်းလန်ကျွင်းက အံ့အားသင့်သော အမူအရာဖြင့် ဆိုသည်။ ထို့နောက် သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသက်သက်မဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းပုလီ၏ ခွေးမျက်လုံးများမှာလည်း ပြူးကျယ်လာပြီး အရှေ့မှ အခြေအနေပြောင်းလဲမှုကြောင့် အလွန် အံ့အားသင့်သွားဟန်ပင်။
သူ၏အမြင်တွင် ယဲ့ကျွင်းလင်သည် မသေမျိုးဘုရင်အဆင့်တွင် ရှိနေခဲ့လျှင်ပင် နျိုပါ့ထျန်း၏အဆင့်ကို အောင်အောင်မြင်မြင် တိုက်ခိုက်ဖယ်ရှားနိုင်ပေဦးမည်။
သို့သော် ယဲ့ကျွင်းလင်သည် သူ့ကို ဤမျှ ကြီးကြီးမားမား စပရိုက်စ်တိုက်လိုက်လိမ့်ဦးမည်ဟု မျှော်လင့်မထားမိခဲ့။
မသေမျိုးဧကရာဇ် စတုတ္ထကောင်းကင်သို့ အသံတစ်ချက်ပင်မထွက်စေရဘဲ တိတ်တိတ်လေး တွယ်တက်သွားခဲ့သည်လော။
“ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခံထားရသူဆိုတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ…” ကောင်းပုလီ စိတ်လျှော့ကာ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင်၊
ကျင့်ကြံဆင့် မြင့်တက်လာသော ယဲ့ကျွင်းလင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုအား တစ်ဝကြီးခံစားလျက်ရှိ၏။
ထို့နောက် အရှေ့မှ ကြောင်အနေသော နျိုပါ့ထျန်းကိုကြည့်လိုက်ပြီး ပျော်ရွှင်စွာဖြင့် မေးသည်။ “နွားသိုးကြီး ဆက်တိုက်ချင်သေးလား"
နျိုပါ့ထျန်း၏ ဦးရေပြားမှာ ကျဥ်တက်သွားပြီး ဆံပင်များလည်း ထောင်ထသွားသည်။ အကြောင်းရင်းသေချာမသိသော်ငြား တစ်ဖက်လူ၏ အကြည့်က ထူးဆန်းနေသည်ဟု အမြဲ ခံစားနေရသည်ပင်။ အရသာရှိသော အစားအစာတစ်ခုကို သွားရည်တမျှားမျှားကြည့်နေသကဲ့သို့ ဖြစ်၏။
“တာအိုမိတ်ဆွေယဲ့၊ ကျွန်တော်က စတာပါ။ တကယ်တော့ ဒီလိုရန်ပွဲဖြစ်ချင်လို့ ရောက်လာတာမဟုတ်ပါဘူး…” နျိုပါ့ထျန်းသည် အပြုံးတစ်ခုကို ဇွတ်အတင်းတပ်ဆင်ကာ ပြောလာသည်။
“ဟဲဟဲ၊ မင်း ဒီလောက်ဝေးတဲ့ ခရီးကို ငါ့ကို နှစ်သစ်ကူးဆုတောင်းပေးဖို့သက်သက် ရောက်လာတာပေါ့လေ" ယဲ့ကျွင်းလင်၏ လေသံတွင် လှောင်ပြောင်မှုအရိပ်အယောင်တစ်ခု ပါရှိနေသည်။
သို့သော် လူတိုင်းထင်မှတ်မထားစွာ နျိုပါ့ထျန်းက ပုတ်သင်ညိုလေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ တာအိုမိတ်ဆွေယဲ့ပြောတာ အမှန်ပဲ။ ကျွန်တော် နျိုမျိုးရိုးက နှစ်သစ်ဆုတောင်းစကားပေးဖို့အတွက် ရောက်လာခဲ့တာပါ"
“အဟမ်း အဟမ်း” ထို့နောက် ချောင်းဟန့်သံတစ်ချို့ပြုကာ ငိုသည်ထက် ပိုရုပ်ဆိုးသော အပြုံးကို အတင်းအကျပ် ညှစ်ထုတ်ပြီး ယဲ့ကျွင်းလင်အား အရိုအသေပေးလျက် ဂုဏ်ပြုလိုက်သည်။
"တာအိုမိတ်ဆွေယဲ့ မသေမျိုးတာအိုရဲ့ အထွတ်အထိပ်ကို စောစီးစွာ တက်လှမ်းနိုင်ပါစေ၊ မသေမျိုးဧကရာဇ် ရာထူးကို ရရှိပါစေလို့ ဆုတောင်းပေးပါတယ်"
ဆုတောင်းစကားဆိုပြီးနောက် နျိုပါ့ထျန်းသည် သူ့ကိုယ်သူ လူရွှင်တော်ကြီးတစ်ယောက်အလား ခံစားလိုက်ရပြန်၏။
တိုက်ပွဲကြေညာဖို့လာခဲ့တာ၊ အခုတော့ နှစ်သစ်ကူးဆုတောင်းစကား ဆိုနေရတာပါ့လား။
ရှက်စရာကောင်းလိုက်တာနော်။
ဤ ပြဇာတ်ဆန်သော မြင်ကွင်းကို လူတိုင်း ကြောင်တောင်တောင် မော့ကြည့်နေကြရသည်။
ဒီ ဇာတ်လမ်းအချိုးအကွေ့က နှစ်သစ်ကူး ဖျော်ဖြေရေး အစီအစဥ်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းနေသေးတယ်ဟေ့
ယဲ့ကျွင်းလင်က ပြုံးကာ ခေါင်းညိတ်သည်။ "ဆုတောင်းစကားကို လက်ခံပါတယ်ကွာ"
“ဒီလိုဆိုရင်တော့ ကျွန်တော် နျိုမျိုးရိုး အရင် ပြန်ခွင့်တောင်းပါရစေ။ လုပ်စရာရှိတာ ဆက်လုပ်လိုက်ကြပါဦး။ ကျွန်တော်လာတာကိုလည်း အရေးတယူမထားပါနဲ့၊ မေ့လိုက်ရင် ပိုကောင်းပါတယ်"
နျိုပါ့ထျန်းသည် ပြောစရာရှိတာ သုတ်သုတ်ပြောကာ အမြန်လှည့်ပြေးရန်ပြင်လိုက်သည်။
ချက်ချင်းပင်၊
နတ်ဆိုးလေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်နှင့် မြေကြီး မှောင်မိုက်လာတော့၏။
ဝှစ်!
နျိုပါ့ထျန်း ထွက်ပြေးတော့မည့်အချိန်တွင် ရွှေရောင်ဓားပျံတစ်လက်က လျှပ်စီးကဲ့သို့ လှစ်ထွက်လာကာ သူ့ကို ကြားဖြတ်ဟန့်တားသည်။
ကြောက်မက်ဖွယ် ဓားစွမ်းအင်သည် အလွန်ပြင်းပြအားကောင်းကာ နျိုပါ့ထျန်းကိုပင် ဆက်ပြေးမရအောင် အတင်းအကျပ် ပိတ်ဆို့တားဆီးနိုင်ခဲ့၏။
နျိုပါ့ထျန်းမှာ မျက်နှာတစ်ခုလုံး တွန့်တက်သွားကာ အံတင်းတင်းကြိတ်လျက် အော်သည်။ “တာအိုမိတ်ဆွေယဲ့၊ အချင်းချင်းပဲကို ဒီလို ရက်စက်စရာ မလိုပါဘူး"
ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါ ပြန်ပြောလာသည်။ “အမှန်အတိုင်း ပြောရရင် ငါ အမဲသားဟင်း မစားရတာ အချိန်အတော်ကြာပြီ”
“မင်း!”
နျိုပါ့ထျန်း၏ မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး သူ၏ ကျောရိုးမှ ဦးခေါင်းထိပ်အထိ အေးစက်သွားသည်။ ဦးခေါင်းခွံပင် ပွင့်ထွက်တော့မည့်အလား ခံစားလိုက်ရ၏။
ဒီလူရဲ့ အကြည့်က အမြဲတမ်း ထူးဆန်းနေတယ်လို့ ခံစားနေရတာ မမှားပါဘူး။ ဒီလူက ငါ့ခန္ဓာကိုယ်ကို တပ်မက်နေတာကိုး။
“ယဲ့ကျွင်းလင်၊ ငါ ခုခံနိုင်စွမ်း မရှိဘူးလို့ မင်းတကယ် ထင်နေတာလား”
အခြေအနေသည် ဤအဆင့်သို့တိုင် ရောက်ရှိလာပြီဖြစ်ရာ နျိုပါ့ထျန်းသည် ချောင်ပိတ်မိလျက် ပြန်ကိုက်ဖို့သာရှိတော့၏။ နောက်ကျောဘက်တွင် လည်ပတ်နေသော မသေမျိုးစက်ဝန်းမှ အရောင်အဝါက ပတ်ဝန်းကျင်ဆီ တိုးတိုက်ပျံ့နှံ့သွားသည်။
ဝုန်း
နျိုပါ့ထျန်း၏ စွမ်းအင်အသိုက်အဝန်းတစ်ခုလုံး ရုတ်တရက် တိုးမြင့်လာပြီး သူ၏ ခန္ဓာကိုယ်သည် သာမန် မသေမျိုးဧကရာဇ် အယောက်လေးရာခန့် ပေါင်းစည်းထားသော အင်အားကို ပိုင်ဆိုင်လိုက်ရသည်။
ထို့နောက် လျှို့ဝှက်ကျင့်စဥ်များကို အသုံးပြုလိုက်သကဲ့သို့ သူ၏ ကြွက်သားများ ဖောင်းကားမို့တက်လာပြီး ထူထဲသော အလင်းရောင်မှိုင်းမှိုင်းဖြင့် တစ်လွှာဖုံးအုပ်ထားသည်။ သူ၏ ခေါင်းပေါ်ရှိ နွားချိုနှစ်ချောင်းသည် ပြင်းထန်သော အနက်ရောင် မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လာ၏။
“မူးးးး"
နျိုပါ့ထျန်း၏ မျက်လုံးများမှာ သွေးရောင်ရဲတက်နေပြီး သူ၏ မျက်နှာသည် ဖောင်းကြွနေသော သွေးပြန်ကြောများဖြင့် ဖုံးအုပ်နေသည်။ ထို့နောက် ခေါင်းမော့ကာ နားကွဲလုမတတ် ကျယ်လောင်သော မဟာပထဝီမြေကြီးကို တုန်လှုပ်စေသည့် နွားသိုးအော်သံကို ပြုလိုက်ရာ ၎င်း၏အသံသည် ထိုက်ရွှမ်းပြည်နယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်ပျံ့နှံ့သွားတော့၏။ မရေမတွက်နိုင်သော လူများ ကြက်သီးမွေးညင်း ထကာ စိတ်ကျဥ်းကျပ်မှုကို ခံစားလိုက်ကြရသည်။
ထို့နောက် မရေမတွက်နိုင်သော အံ့အားတသင့် အကြည့်များအောက်တွင် စွမ်းအားများ ပြည့်နှက်နေသော နျိုပါ့ထျန်းသည် အမြောက်ကျည်ဆံကဲ့သို့ ပစ်ထွက်သွားသည်။ ထိုပုံရိပ်သည် ပြိုင်ဘက်ကင်းသော ကြောက်မက်ဖွယ် စွမ်းအင်ကို သယ်ဆောင်လာပြီး ရှည်လျားသည့် ဆံပင်အဖြူရောင်ဖြင့် ရုပ်ရည်ချောမောသန့်စင်သည့် လူငယ်လေးအား တည့်တည့်ဝင်တိုက်သည်။
“ဒီ နွားသိုးကြီး ရူးသွားပြီလား"