← Chapters

အခန်း (၅၉၁)

Vol. 43 Ch. 591

အခန်း (၅၉၁)

Vol. 43 Ch. 591

ယဲ့ကျွင်းလင်မှာ ရယ်ပင်ရယ်ချင်လာမိသည်။ ထို့နောက် လက်သီးတစ်ဖက်ကို တင်းတင်းဆုပ်လိုက်ရာ သူ၏ လက်ဖဝါးသည် မယုံနိုင်လောက်အောင် ပူပြင်းလာပြီး ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။ ထိုလက်သီးတွင် လေဟာနယ်ကို တုန်လှုပ်ပြိုကွဲစေနိုင်သော စွမ်းအင်တစ်ခု ပါရှိနေ၏။

၎င်းသည် နဝမအဆင့် မသေမျိုးစွမ်းအား အရည်အသွေးပင်။

ယခု သူ၏ ကျင့်ကြံဆင့်သည် မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ အသုံးပြုနိုင်သော နဝမအဆင့် မသေမျိုးစွမ်းအားမှာ ယခင် ၁၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့၏။

ဤ တိုးမြင့်လာသော ၂၀% ကို အထင်မသေးပါနှင့်။ ၎င်းမှ ယူဆောင်လာသော စွမ်းအားတိုးမြင့်မှုမှာ စိတ်ကူးလို့မရနိုင်သည့် ပမာဏတစ်ခုပင်။

ထို့နောက်၊

လူအားလုံး၏ စူးစိုက်ကြည့်ရှုနေသော မျက်လုံးများအောက်တွင်၊

နျိုပါ့ထျန်း၏ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ယဲ့ကျွင်းလင်က လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲမြည်ဟည်းသံများ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်လာသည်။

သနားစရာ နျိုပါ့ထျန်းမှာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ တစ်လက်မပင် ရှေ့သို့ တိုးနိုင်ခြင်း မရှိချေ။ သူ့ရှေ့မှ အကာအကွယ်သည်ကား ကျော်လွှား၍ မရနိုင်သော ချောက်ကမ်းပါးနက်ကြီးကဲ့သို့ တားဆီးနေခဲ့သည်။

ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် အလွန်အသွားထက်သော စကားလုံးလေးလုံးကို ရွေးချယ်ရေရွတ်သည်။ “ဒီလောက်ပဲလား?”

နျိုပါ့ထျန်းသည် ချွေးများဖြင့် စိုရွှဲနေပြီး သူ၏ မျက်လုံးများသည် ဒေါသမှ မရေရာမှုသို့၊ ထို့နောက် စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားရ၏။

ဤ တိုက်ခိုက်မှုတွင် သူ၏ အင်အားအားလုံးကို အသုံးပြုခဲ့ပြီး သူ ထုတ်လွှတ်လိုက်သော စွမ်းအားသည်လည်း မသေမျိုးဧကရာဇ်များထဲတွင် အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်မည်မှာ သေချာသည်။

သို့သော် တစ်ဖက်လူကိုတော့ တစ်လက်မပင် လှုပ်ခါနိုင်စွမ်း မရှိခဲ့ပါချေ။

တစ်ဖက်လူသည် ဤမျှ မယုံနိုင်လောက်အောင် အစွမ်းထက်သော ခွန်အားကို မသေမျိုးစက်ဝန်းကိုပင် အသုံးမပြုဘဲ ထုတ်လွှတ်နေခြင်းသာ။

“ကြိုးစားမနေပါနဲ့တော့၊ အလကားပဲ” ယဲ့ကျွင်းလင်က နှစ်သိမ့်ရင်း လက်ဖဝါးကို ရှေ့သို့တိုးလိုက်သည်။

“အား…”

နျိုပါ့ထျန်း၏ ဦးခေါင်းသည် သွေးများဖုံးလွှမ်းသွားကာ သူ၏ နွားချိုနှစ်ချောင်းလုံး ကျိုးပဲ့သွားသည်။ ဦးခေါင်းသည် မူးနောက်ထုံထိုင်းနေလျက် ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အနောက်တည့်တည့်သို့ အရှိန်ဖြင့် လွင့်စင်ထွက်သွားတော့၏။

လူတိုင်း တုန်တုန်ရီရီဖြင့် ပွဲကြည့်နေကြရသည်။ ကောင်းကင်နွားမျိုးနွယ်မှ အစွမ်းထက်သော မသေမျိုးဧကရာဇ်အဆင့် သတ္တဝါကို ဤလူငယ်က လက်ဖဝါးထဲ ထည့်ကစားနေခြင်း မဟုတ်ပေလော။

သူ၏ ခွန်အားသည် တိုင်းတာမရနိုင်တော့။

ဝှစ်!

ရွှေရောင်ဓားပျံသည် တောက်ပသော အလင်းကို ထုတ်လွှတ်ပြီး မျက်စိကျိန်းစပ်လောက်သော နေမင်းရောင်ဝါများကို ထုတ်လွှတ်လျက် နျိုပါ့ထျန်း၏ရင်ဘတ်အား ထုတ်ချင်းခတ်ထိုးဖောက်သွားခဲ့၏။

“မလုပ်နဲ့…”

သူ၏ စိတ်ထဲတွင် ကျန်ရှိနေသော ဆင်ခြင်တုံတရား၏ နောက်ဆုံးအပိုင်းအစအား မှောင်မိုက်မှုက မျိုချသွားခဲ့သည်။

ဒုန်း!

မြေပြင်မှ မြည်သံတစ်ခု ထွက်ပေါ်လာသည်။

နျိုပါ့ထျန်း သေဆုံးပြီးနောက် သူ၏ စစ်မှန်သော နွားသိုးပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။ အမည်းရောင် နွားတစ်ကောင်သည် သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး အကြောလေးတစ်ချက်ပင် မတွန့်နိုင်တော့။

ယဲ့ကျွင်းလင်သည် သူ၏ ဓားပျံကို ပြန်လည်သိမ်းဆည်းကာ လက်ခုပ်တီးလျက် ဆိုသည်။

"ပြီးပြီ"

တိတ်ဆိတ်နေကြလျက်။

သေလောက်အောင် တိတ်ဆိတ်နေကြလျက်။

မရေမတွက်နိုင်သော လူများ ပါးစပ်အဟောင်းသားဖြင့် ယခုလေးတင် မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကို အလျဥ်မီအောင် လိုက်တွေးနေရသည်။

ဒီလိုပဲ သေသွားရောလား?

ကျိပါရှောင်သည် အရင်ဆုံး သတိပြန်ဝင်လာပြီး ခံစားချက်များ လှိုင်းထန်လှုပ်ရှားကာ စတင်အော်ဟစ်သည်။ “အကြီးအကဲယဲ့ကို ဘယ်သူမှမယှဥ်နိုင်ပါ"

“ဟုတ်တယ်၊ ငါ့ရဲ့ ဆရာသခင်က တစ်ခါမှ မရှုံးဖူးဘူး" လီဝူကျယ်သည် ဂုဏ်ယူဝံ့ကြွားစွာ ရေရွတ်လာပြီး ထိုစကားကိုလည်း လုံးဝကျိုးကြောင်းသင့်လျော်သည်ဟု ခံစားရ၏။

အနက်ရောင် နွားအလောင်းကို ကြည့်ရင်း ဟုန်ချန်ယဲ့က ခပ်မဲ့မဲ့ရေရွတ်လာသည်။ "နှစ်သစ်ကူးမှာကို စိတ်ရှုပ်စရာကောင်းလိုက်ပုံများ"

“အင်း၊ ဒီရလဒ်ကတော့ ခွေးတစ်ကောင်တောင် ခေါင်းခါရမယ့် ကိစ္စပဲ” ကောင်းပုလီသည် သူ၏ ခွေးခေါင်းကို ခါယမ်းပြီး သက်ပြင်းချလိုက်သည်။

ကောင်းကင်နွားမျိုးနွယ်သည် ရှေးခေတ်တစ်ချိန်က လွန်စွာခမ်းနားခဲ့ပြီး သူ၏ ကောင်းကင်ခွေးမျိုးနွယ်နှင့် ထိပ်တန်းဧကရာဇ် မျိုးနွယ်စုချင်း တူညီကြောင်း သိထားသည်။

သာမန်အခြေအနေတွင် နျိုပါ့ထျန်းသည် တိုက်ခိုက်ရေးစွမ်းအားတွင် ပြိုင်ဘက်ကင်းဟု ယူဆရမည်ဖြစ်၏။

သို့သော် မှားယွင်းသောပစ်မှတ်ကိုမှ ချိန်လိုက်မိသည်ကား ဝမ်းနည်းစရာပင်။

ယဲ့ကျွင်းလင်က ခေါ်လိုက်သည်။ "ရှောင်ရှီး"

“ရှုရှု ရောက်ပါပြီ”

စားဖိုမှူးဦးထုပ်နှင့် ဂါဝန်လှလှလေး ဝတ်ဆင်ထား‌သော ပုရှောင်ရှီးခုန်ထွက်လာသည်။ သူမ၏ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာသည်ကား အားရပါးရ ဆွဲညှစ်လိုက်ချင်စရာ။

“ဒီနွားကို အမဲသားပွဲတော်ကြီးအဖြစ် ချက်ပြုတ်လိုက်ပါ၊ အားလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ကြတာပေါ့" ယဲ့ကျွင်းလင်က ညွှန်ကြားသည်။

“ကောင်းပါပြီ”

ပုရှောင်ရှီးသည် ထိုစကားကို စောင့်နေခဲ့သည့်အလား နွားအလောင်းထံ တက်တက်ကြွကြွပြေးသွားကာ အမြှီးမှဆွဲလျက် ခုတ်ပိုင်းချက်ပြုတ်ဖို့ ယူဆောင်သွားလေတော့၏။

ထိုနောက် စဥ်းတီတုံးထက်တင်ကာ ငွေရောင်ဓားမကြီးကိုဝင့်လျက် စတင်ခုတ်ထစ်တော့သည်။

မျက်နှာနုနုလေးမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လျက်။

သူမသည် တိုက်ခိုက်ရသည်ကို မကြိုက်သော်လည်း အရသာရှိသော အစားအစာများ ပြုလုပ်ခြင်းကိုတော့ လွန်စွာမှ ဝါသနာပါလေသည်။

“မင်းတို့အားလုံး ဘာလို့ ရပ်နေကြတာလဲ? ဖျော်ဖြေပွဲ ဆက်ကြည့်ကြလေ။ ခုနက ဖျော်ဖြေပွဲ မပြီးသေးတဲ့သူတွေ ဆက်လုပ်ကြ” ယဲ့ကျွင်းလင်က ဆော်သြသည်။

“အကြီးအကဲက ပြောနေပြီ၊ အားလုံး ကိုယ့်နေရာကိုယ် ပြန်ယူကြ” ကျန်းထျန်းမင်သည်လည်း လျင်မြန်စွာ ရှေ့ထွက်လာပြီး ညွှန်ကြားသည်။

နျိုပါ့ထျန်း၏ ကံကြမ္မာကို မြင်လိုက်ရသောအခါ သူသည် ထိုအချိန်က သူ၏ ရွေးချယ်မှုအတွက် မိမိကိုယ်ကို ချီးကျူးလို့မဆုံးနိုင်တော့။

မသေမျိုးဧကရာဇ်ဖြစ်နေရင်ရော ဘာအရေးလဲ။

အကြီးအကဲယဲ့ကို လာပြီးရန်စရင် အသတ်ခံရမှာပဲ။ အသတ်ခံရပြီးနောက်မှာတောင် အမဲသားပွဲတော်ကြီးအဖြစ် တည်ခင်းခံရဦးမယ်ဆိုတာတော့ တကယ် ဝမ်းနည်းစရာကြီးပါပဲ။

မကြာမီပင်၊

ပရိသတ်အပေါင်း နေရာပြန်ယူလို့ ပြီးစီးသွားကြသည်။

စင်မြင့်ဗဟိုထက်တွင်၊

တပည့်နှစ်ဦးသည် တန်းလန်းထခဲ့သောနေရာမှ ပြန်စကာ စိတ်အခြေအနေကို ပြန်လည်ချိန်ညှိပြင်ဆင်ပြီး ဖျော်ဖြေမှုကို ဆက်လက်လုပ်ဆောင်ကြသည်။

ဆံပင်အပြာရောင်ရှိ အမျိုးသားသည် သူ့လက်ထဲရှိ ရွှေရောင် မသေမျိုးလက်နက်ကို မြှောက်လိုက်ပြီး လည်ချောင်းသံဖြင့် အော်ဟစ်လေတော့၏။ “ငါ့ ချစ်သူကို ပြန်လည် ရှင်သန်စေ!!!”

တောက်ပသော ကြယ်ရောင်အလင်းတန်းများသည် မိုးကဲ့သို့ ရွာကျလာပြီး ငြိမ်းချမ်းပြီး သန့်ရှင်းသော စွမ်းအင်ကို သယ်ဆောင်လာသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယုန်နားရွက်ရှိ အမျိုးသမီးသည် မျက်လုံးများကို အသာဖွင့်လိုက်ပြီး တီးတိုးရေရွတ်သည်။ “တတိယအစ်ကို၊ ရှင်လား…”

“ရှောင်ဝူ၊ မင်း နောက်ဆုံးတော့ နိုးလာခဲ့ပြီ"

ဆံပင်အပြာရောင်ရှိ အမျိုးသားသည် စိတ်လှုပ်ရှားစွာဖြင့် ယုန်နားရွက်ရှိ အမျိုးသမီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ မျက်ရည်များ စီးကျနေပြီး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာအပြည့်ဖြင့် အော်ဟစ်ကြွေးကြော်လေသည်။

“ဒီတစ်ကြိမ်တော့ ငါတို့ ဘယ်တော့မှ မခွဲကြတော့ဘူး၊ ဟုတ်ပြီလား"

All Chapters