← Chapters

အခန်း (၅၉၂)

Vol. 43 Ch. 592

အခန်း (၅၉၂)

Vol. 43 Ch. 592

ဆံပင်ပြာနှင့် အမျိုးသား၏ စစ်မှန်သော စိတ်ခံစားချက်များနှင့် ယုန်နားရွက်ရှိ မိန်းကလေး၏ အသက်ပေးရဲသည့် သတ္တိတို့အား ပေါင်းစပ်ထားသော မြင်ကွင်းသည် စိတ်ကူးယဥ်ဆန်လှကာ မရေမတွက်နိုင်သော လူငယ်များကို မျက်ရည်ကျစေခဲ့သည်။

“ဒီ ဇာတ်လိုက်က သစ္စာရှိပြီး ဖြောင့်မတ်လိုက်တာ၊ ငါ တကယ်ကြီး မျက်ရည်တွေ စီးကျနေပြီဟဲ့”

“ဟင့်အင်း၊ ဒီလို ကောင်းကင်ကို ဆန့်ကျင်တဲ့ ဇာတ်လမ်းကို ဘယ်သူများ ရေးခဲ့တာလဲ။ သူ့ဦးနှောက်လေးကို ဖွင့်ပြီး ဘာတွေရှိလဲ တကယ်ကြည့်ချင်မိတယ်"

“အစ်ကိုကြီး၊ အစ်မကြီးတို့အားလုံး ငိုနေကြတာ မြင်ရတော့ ကျွန်တော်လည်း ငိုချင်လာတယ်”

“ဒါဆို အတူတူ ငိုကြစို့၊ ဒါမှ ပိုပြီး ဂိုဏ်းသားအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတိုးတက်မှာပေါ့၊ အီးဟီး”

…

ပရိသတ်ထဲတွင် ငိုယိုအော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ အမျိုးသမီး တပည့်များစွာ မျက်ရည်သွင်သွင်စီးကျနေကြပြီး အချို့မှာ အငိုလွန်၍ မူးလဲကျကာ ဘယ်လိုပင်လှုပ်နိုးပါစေ ပြန်နိုးမလာနိုင်ကြတော့။

ဤသို့မြင်တွေ့ရသောအခါ၊

ယဲ့ကျွင်းလင်သည် အလွန်တရာ ပြောစရာစကားမဲ့မိသည်။

မဟုတ်သေးပါဘူး၊ မင်းတို့တွေ ပြဇာတ်လေးတစ်ပုဒ်ထဲမှာ အလွန်အကြူး နစ်မြုပ်နေကြတာ မဟုတ်ဘူးလား။

နောက်ဆက်တွဲ သက်ရောက်မှုက အဲဒီလောက်တောင်ပြင်းထန်ရလား။

ဒါ့အပြင် ဇာတ်လိုက်ရဲ့ ဒိုင်ယာလော့တွေကဖြင့် ဒီလောက်တောင် နားထောင်ရအဆင်မပြေဖြစ်နေတာကို၊

ဘယ်လိုလုပ်ပြီး အားလုံး မျက်ရည်တွေကျတဲ့အထိ ဖြစ်ကုန်ကြတာလဲ။

ယခင်ဘဝမှ လုမျိုးရိုး ပညာရှိတစ်ဦး ပြောခဲ့ဖူးသည့် စကားကို ကိုးကားရလျှင်- “လူသားတို့၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများသည် ဆက်စပ်မှု မရှိ၊ အရာအားလုံးမှာ နားငြီးစရာတွေချည်းသာ” ဟု။ ယဲ့ကျွင်းလင်သည် ဤအချက်ကို ယခုမှ နက်နက်ရှိုင်းရှိုင်း သဘောတူမိ၏။

နောက်ဆုံးတွင် ပြဇာတ် ပြီးဆုံးသွားပြီး အကြီးစား သီဆိုကခုန်ဖျော်ဖြေမှုဖြင့် နိဂုံးချုပ်လိုက်သည်။ မြင်ကွင်းသည် အတော်လေး ပွဲလမ်းသဘင်ဆန်ပြီး ပေါ့ပါးပျော်ရွှင်ဖွယ်ကောင်းသောလေထုကို ဖော်ဆောင်နေသည်။

ဒိုင်း ဒိုင်း ဒိုင်း ~

တောက်ပသော အလင်းတန်းများအား ကောင်းကင်သို့ ပစ်လွှတ်လိုက်ပြီးနောက် ရောင်စုံ မီးရှူးမီးပန်း များအဖြစ် ပွင့်လန်းစေကာ တောက်ပလင်းချင်းသွားသော ညအလယ်၌ အားပေးသံများ ဆူညံနေအောင် ထွက်ပေါ်လာသည်။

“အကြီးအကဲယဲ့၊ ဒီနှစ် နှစ်ပတ်လည်အစည်းအဝေးကို စိတ်ကျေနပ်မှုရှိရဲ့လား?” လင်တုရှိုသည် ကိုယ်ကိုကိုင်းညွှတ်ကာ ဂရုတစိုက် မေးမြန်းသည်။

“အေးကွာ၊ အရမ်းကျေနပ်တယ်!”

ယဲ့ကျွင်းလင်က အားရပါးရ ခေါင်းညိတ်သည်။ လူတိုင်း၏ အားကြိုးမာန်တက်ဖျော်ဖြေမှုကို သူမြင်တွေ့ခဲ့ရပြီးလေပြီ။

ရုတ်တရက်။

ယဲ့ကျွင်းလင်၏ပုံရိပ်မှာ အလင်းတစ်ပြက် ဖြတ်ပြေးသွားသကဲ့သို့ လှစ်ခနဲပြေးထွက်သွားပြီး စင်မြင့်၏ အလယ်ဗဟိုသို့ လျှပ်တစ်ပြက် ရောက်ရှိသွားသည်။

“အကြီးအကဲယဲ့…” လူတိုင်း အသက်အောင့်ကာ တောင့်ခဲသွားကြပြီး ဟောပြောပွဲအရှည်ကြီး နားထောင်ရတော့မည်ပေလားဟု တွေးလိုက်မိကြသည်။

ထိုအချိန်တွင်၊

မရေမတွက်နိုင်သော အံ့အားတသင့် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် ပြုံးရွှင်စွာဖြင့် ပုံမှန်အတိုင်း ဦးညွှတ်အရိုအသေပြုရင်း ဆိုသည်။

“နှစ်သစ်ဆိုတာ အရာအားလုံးရဲ့ အစပါပဲ။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။"

“မိသားစုများအားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ရပါစေ၊ ထိုက်ရွှမ်းပြည်နယ် နှစ်စဉ်နှစ်တိုင်း ငြိမ်းချမ်းပါစေ၊ နှစ်စဥ်နှစ်တိုင်း အလိုရှိရာ ပြည့်ဝပါစေ၊ ရွှယ်ထျန်းသူတော်စင် နယ်မြေကြီးတစ်ခုလုံး အနာဂတ်လမ်းခရီး တောက်ပပါစေလို့ ဆုတောင်းပါတယ်!”

ဆုတောင်းစကားအဆုံးတွင်၊

မြင်ကွင်းတစ်ခုလုံးသည် ခုနစ်စက္ကန့် ရှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် တောင်ပြိုသကဲ့သို့၊ ဆူနာမီတိုက်ခတ်သကဲ့သို့သော အားပေးသံများ ထွက်ပေါ်လာသည်။

"ကောင်းတယ်ဟေ့"

နှစ်ပတ်လည် အခမ်းအနား တရားဝင် ပြီးဆုံးသွားသည်။

မီးရှူးမီးပန်းနှင့် ဗျောက်အိုးသံများ ဆက်တိုက် ထွက်ပေါ်နေပြီး ရွှယ်ထျန်း သူတော်စင်နယ်မြေတစ်ခုလုံးတွင် ပျော်ရွှင်ကြည်နူးဖွယ် လေထုဖြင့် ဖုံးအုပ်နေသည်။

နျိုပါ့ထျန်း ရောက်ရှိလာခြင်းသည် သေးငယ်သော ကြားဖြတ်ဖြစ်ရပ်တစ်ခုမျှသာဖြစ်ပြီး နှစ်ပတ်လည် အစည်းအဝေးကို လုံးဝ အနှောင့်အယှက် မဖြစ်စေခဲ့ချေ။ ယင်းအစား လူတိုင်းအတွက် ပျော်ရွှင်မှုအသစ်အဆန်းကိုပင် ထပ်မံပေါင်းထည့်ပေးခဲ့သေး၏။

လှပကျယ်ပြောသော ခြံဝန်းအတွင်း၌။

ယဲ့ကျွင်းလင်နှင့် ဂိုဏ်းသားများအားလုံး ခမ်းနားပြီး အရသာရှိသော အမဲသားပွဲတော်ကြီးကို စတင် စားသောက်ကြသည်။

အမဲသားဟင်း၊ အမဲသားပြုတ်၊ အမဲသားကြော်၊ အမဲသားခြောက်စပ်၊ အမဲသားထမင်းကြော်၊ အာလူးဖြင့် ချက်ထားသော အမဲသားဟင်း၊ ငါးမျိုးစပ် အမဲသားပေါင်း... စသည်ဖြင့်။

ပန်းကန်တိုင်းရှိ ဟင်းပွဲတိုင်းမှ မွှေးကြိုင်သော ရနံ့များ လှိုင်လှိုင်ထွက်ပေါ်နေပြီး လူကို သွားရည်ယိုကျစေလောက်အောင် အစားစားချင်စိတ် တိုးပွားစေ၏။

“ကောင်းကင်ဘုံရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်!” ယဲ့ကျွင်းလင်သည် တူဖြင့် အမဲသားဟင်းတစ်ဖတ်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ပြီး ဖြည်းဖြည်းချင်းဝါးလျက် အရသာခံရင်း တောက်ပသော မျက်လုံးများဖြင့် အံ့အားသင့်စွာ ရေရွတ်မိသည်။

နျိုပါ့ထျန်း ရောက်ရှိလာခြင်းသည် အမှန်တကယ်ပင် ပြည့်စုံခြင်းထက် ဆုလာဘ်ပေါင်းထည့်လိုက်သလိုပင်။ ယဲ့ကျွင်းလင်အတွက် နှစ်သစ်လက်ဆောင်ထုပ်ကိုသာမက နှစ်သစ်စားပွဲအတွက်ပင် သူ့ကိုယ်သူစတေးခံခဲ့ပေသည်။

စန်းလန်ကျွင်းသည် ပန်းကန်ထဲမှ အမဲသားကို စားနေစဥ် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

သူ၏ ဘဝတစ်လျှောက်လုံးတွင် မသေမျိုးဧကရာဇ်အဆင့်ရှိ ကောင်းကင်နွားသိုးမျိုးနွယ်ကို တစ်နေ့နေ့တွင် စားသုံးရလိမ့်မည်ဟု ဘယ်သောအခါမျှ စိတ်ကူးမယဥ်ခဲ့ဖူးချေ။

ထိုပန်းကန်ထဲမှ အမဲသားသည် တစ်ချိန်က လက်ချောင်းတစ်ချက် ဝှေ့ယမ်းရုံဖြင့် သူ့ကို အလွယ်တကူ ချေမှုန်းနိုင်သည်။ သို့သော် ယခုမူ ၎င်းသည် သူ့ပါးစပ်ထဲတွင် ညက်ညက်ကျေအောင် ဝါးစားခံရလျက်ရှိလေပြီ။ အင်း...တော်တော်မွှေးတာပဲ။

သူ၏ဘေးတွင် ကောင်းပုလီသည် နွားသိုးခွာကို တမြုံ့မြုံ့ဝါးနေပြီး သူ၏ ခွေးမျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တလက်လက်တောက်ပလျက်ရှိ၏။

ဝါးလို့အလွန်ကောင်းပြီး ဆက်ဝါးလေလေ စွဲလမ်းရလေလေပင်။

တစ်ချိန်တည်းမှာပင် သူသည် မပြေနိုင်သော ကြောက်စိတ်တစ်ခုအား ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာပင် သူ အကြီးအကဲယဲ့နှင့် ရင်ဆိုင်ရသောအခါတုန်းက ချက်ချင်း အရှုံးပေးခဲ့မိသည်။ မဟုတ်လျှင် လက်ရှိစားပွဲဝိုင်းထက် ခွေးသားပန်းကန် နေရာယူနေခြင်းလည်း ဖြစ်နိုင်သည်ပင်။ ကြိုးစားအားထုတ်မှုထက် ပညာသားပါပါ‌ရွေးချယ်မှုက ပိုအရေးကြီးကြောင်း ထောက်ပြနေသော သက်သေသာဖြစ်၏။

“ဟားဟား အစ်မကြီးရှောင်ရှီးရဲ့ ဟင်းချက်လက်ရာက ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး" လီဝူကျယ်သည် အမဲသားပြုတ် အနည်းငယ် မြည်းစမ်းပြီးနောက် ဧရာမ ဟင်းချိုပန်းကန်လုံးကြီးကြီးကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး လန်းဆန်းပေါ့ပါးသွားသောအမူအရာဖြင့် အားရပါးရ အော်ဟစ်ချီးကျူးလေသည်။

“အိုး၊ ရပါတယ်၊ စားကောင်းဖို့ကအဓိကပါ” ပုရှောင်ရှီသည် ချီးမွမ်းစကား လက်ခံရခြင်းကို မနေတတ်မထိုင်တတ်ဖြစ်ဟန်ဖြင့် ရှက်ရွံ့စွာ ခေါင်းကုတ်နေသည်။ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှ၏။

“ဒီအမဲသားကို စားပြီးရင် နောက်ရက်အနည်းငယ်အတွင်း ငါ့စွမ်းအင်တွေကို ကောင်းကောင်းသန့်စင်ဖို့ လိုလိမ့်မယ်။ သေချာပေါက် အဆင့်နည်းနည်းတော့ ထပ်တက်လာဦးမှာပဲ" ဟုန်ချန်ယဲ့၏ မျက်လုံးများ လင်းလက်သွားပြီး ကျင့်ကြံဆင့်မြှင့်တင်ဖို့ကိုသာ စိတ်အာရုံကို စူးစိုက်ထားလိုက်တော့သည်။

မသေမျိုးဧကရာဇ်အဆင့်သည် သူ့အတွက် လက်ရှိချမှတ်ထားသော ပန်းတိုင်ပင်။

အထူးသဖြင့် မသေမျိုးစက်ဝန်းရရှိဖို့ပင်။ ၎င်းသည် တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

“အရမ်း ပူတယ်…” ကျိပါရှောင်သည် တစ်လုပ်နှစ်လုပ်မျှ အလောတကြီးစားကြည့်ပြီးနောက် တစ်ကိုယ်လုံး မီးဖိုကဲ့သို့နီရဲလာကာ ဦးခေါင်းထက်မှ အငွေ့များပင် အူထွက်လာသည်။

“ညီလေး၊ ဖြေးဖြေးစားစမ်းပါ လောဘမကြီးပါနဲ့!” လီဝူကျယ်သည် လက်နှစ်ချောင်းဖြင့် ဦးတည်ထိုးညွှန်လိုက်ရာ အလင်းတန်းတစ်ခုသည် ကျိပါရှောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး အမဲသားမှ ပါဝင်လာသော စွမ်းအင်နှင့်အပူကို လျှော့ချဖျက်သိမ်းပေး၏။

ကျိပါရှောင်သည် ထိုအခါမှ စိတ်သက်သာရာရသွားပြီး ကြောက်ကြောက်ဖြင့်ဆိုသည်။ “ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး!”

အလကားစားရတိုင်း လောကြီးလို့မဖြစ်။ အစားမတော်တစ်လုပ်၊ အသွားမတော်တစ်လှမ်း ဟူ၏။

သို့သော် စားသုံးပြီး ရရှိလာမည့်စွမ်းအင်များကို အနည်းငယ် သန့်စင်လိုက်ပါက သူ၏ ကိုယ်ခန္ဓာအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည်မှာ သေချာသည်။

ယဲ့ကျွင်းလင်တို့ တစ်ဖွဲ့သားလုံး ထိုအမဲသားပွဲတော်ကြီးကို အားရပါးရ စားသုံးခဲ့ကြပြီး ပါးစပ်များအဆီကွင်းကာ ဗိုက်ပေါက်မတတ် ဖောင်းကားနေပေသော်ငြား ထပ်စားချင်စိတ်သာ ဖြစ်ပေါ်လာသည်။

နှစ်သစ်ကူး အခမ်းအနား ပြီးပြည့်စုံစွာ ပြီးဆုံးသွားပြီးနောက် ထိုက်ရွှမ်းပြည်နယ်၏ လေထုနှင့် ပတ်ဝန်းကျင်အနေအထားမှာလည်း ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားလေတော့၏။

နျိုပါ့ထျန်းကြောင့် ဖြစ်ပေါ်ခဲ့သော ဆူပူမှုကြောင့် ပြင်ပအင်အားစု အသီးသီးသည် ပြည်နယ်တွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြသည်။

ပြန်လည်ရှင်သန်နိုးထလာသူ အများအပြားသည် နျိုပါ့ထျန်းတစ်ယောက် ရွှယ်ထျန်း သူတော်စင်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ကာ ရှင်းလင်းချက် တောင်းခံပြီးနောက် ဘာဆက်ဖြစ်ခဲ့သည်ကို သိရှိရန် အသည်းအသန် စုံစမ်းနေကြသည်။

တစ်ဖက်လူသည် ရှေးခေတ်ကတည်းက ဟုန်းဟုန်းတောက် နာမည်ကြီးသော ကောင်းကင်နွားသိုးမျိုးနွယ်၏ မသေမျိုးဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အကြီးအကဲယဲ့မှာလည်း ပေါ့သေးသေးမဟုတ်လေသောကြောင့် ထိုနှစ်ဦးသာ အပီအပြင် တိုက်ခိုက်ခဲ့ပါက ကောင်းကင်ပြိုကာ မြေပြင်ကွဲအက်ပြီး နေနှင့်လတို့ အလင်းရောင် ကင်းမဲ့သွားသင့်သည် မဟုတ်ပေလော။

ဘာကြောင့် ဒီလောက်တောင် ငြိမ်သက်နေရတာလဲ။

ဤ ထိပ်တိုက်ရင်ဆိုင်မှုသည် အလယ်ပိုင်းဒေသ၏ အနာဂတ်အခြေအနေနှင့် သက်ဆိုင်နေသောကြောင့် လူတိုင်းက ရလဒ်ကို သိရှိရန် စိတ်အားထက်သန်နေကြသည်ပင်။

အဆောင်တော်တစ်ခုထက်တွင်၊

ကျောထက် ဓားရှည်လွယ်ထားသော အစိမ်းရောင်ဝတ်ရုံဝတ် အဘိုးအိုသည် လက်ဖက်ရည် ငှဲ့သောက်နေပြီး သြဇာအပြည့်ရှိသော မျက်နှာသည် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့၏။

“အကြီးအကဲ၊ ခင်ဗျား ဘယ်လိုလုပ်ပြီး ငြိမ်ငြိမ်ထိုင်နေနိုင်တာလဲ? ရလဒ်ကို လုံးဝ စိတ်မဝင်စားဘူးလား?”

ကျန်းချင်ကျန့်သည် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ထိုစဥ် မျက်စိရှေ့မှလူ၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ချေ။

သူ စေလွှတ်လိုက်သော လူများသည်လည်း သတင်းအချက်အလက်များကို ရနိုင်သလောက် စုဆောင်းနေကြပြီး မကြာမီပင် အခြေအနေ အပြည့်အစုံကို သိရှိရမည်ဟု သူ ယုံကြည်သည်။

ချင်းလျန်ဓားမသေမျိုးသည် ခေါင်းကိုအသာခါလျက် ဆို၏။ “စစ်သားလာရင် ဗိုလ်ချုပ်ကို သုံးပြီး တားတယ်၊ ရေလာရင် မြေကြီးကို သုံးပြီး ဖုံးတယ်။ မင်းတို့ခေါ်ဝေါ်နေကြတဲ့ အကြီးအကဲယဲ့က အကြီးအကျယ် ရှုံးနိမ့်သွားရင်တောင် ဒီအဘိုးကြီးက ဖြစ်သင့်တဲ့အတိုင်း နျိုပါ့ထျန်းနဲ့ စာရင်းရှင်းဖို့ ဆက်လက်တာဝန်ထမ်းဆောင်ရပါလိမ့်မယ်။"

သူ၏ စကားများတွင် ယဲ့ကျွင်းလင်ကို အထင်ကြီးယုံကြည်စိတ် မပါဝင်ဘဲ နျိုပါ့ထျန်းတစ်ယောက် ရွှယ်ထျန်း သူတော်စင်နယ်မြေကို သိမ်းပိုက်ပြီးဖြစ်ကာ ပြည်နယ်ဝန်းကျင် ပတ်ပတ်လည်ကို ပိတ်ဆို့ပြီး လူသားမျိုးနွယ် ကျင့်ကြံသူများအား အကျဥ်းချညှင်းဆဲ‌နေလောက်လေပြီဟု ယူဆထားဟန်တူ၏။

လာမည့် ပြဿနာကို ရင်ဆိုင်ရန်အတွက် ချင်းလျန်ဓားမသေမျိုးသည် စိတ်ရောလူပါ တည်ငြိမ်နေပုံရသော်လည်း အမှန်တော့ သူ၏ဒန်ထျန်အတွင်းရှိ ဓားစိတ်ဆန္ဒကို အဆင့်တက်လာအောင် ကြိုးစားကျင့်ကြံနေရဆဲပင်။ တစ်ဖက်လူကို အပြီးတိုင်သတ်ပစ်နိုင်ဖို့ သူ့တွင်ပိုင်ဆိုင်သော နောက်ဆုံးလက်နက်လည်းဖြစ်၏။

မလိုအပ်ပါက လုံးဝထုတ်သုံးမည်မဟုတ်သော်လည်း အခြေအနေများ ထိန်းသိမ်းမရ ဖြစ်ကုန်လျှင်မူ အသက်နှင့်လဲကာ အသုံးပြုရမည့် တိုက်ကွက်ဖြစ်သည်။

“ဒါက အကြီးအကဲရဲ့အထင်လေ၊ ဒါပေမဲ့…” ကျန်းချင်ကျန့် ပြန်လည်ချေပတော့မည် ပြင်နေစဥ် သူ၏ ဆက်သွယ်ရေးလက်စွပ်မှာ ရုတ်တရက် အပြင်းအထန် တုန်ခါသွားခဲ့၏။

ချက်ချင်းပင် သူသည် လက်အောက်ခံထံမှ ပေးပို့လာသော သတင်းစကားကို စစ်ဆေးရန် ဆက်သွယ်ရေးလက်စွပ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။

“ဘုရားရေ!”

နှစ်စက္ကန့်အကြာတွင် ကျန်းချင်ကျန့်သည် အလွန်အမင်း အံ့အားသင့်သွားဟန်ဖြင့် သူ၏မျက်နှာမှာ မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေသည်။ ထိတ်လန့်ဖွယ်ကောင်းသော၊ အလယ်ပိုင်းဒေသတစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်သော သတင်းတစ်ခုကို ကြားလိုက်ရသည့်ပုံပင်။

“ဘာလဲ၊ နျိုပါ့ထျန်းက နောက်ထပ် အနှောင့်အယှက် ပေးပြန်ပြီလား?” ချင်းလျန်ဓားမသေမျိုးသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ အသာမှုတ်လိုက်ပြီး မရေမရာ အကြည့်ဖြင့် ဆိုသည်။

“အကြီးအကဲ၊ ခင်ဗျားမသိသေးဘူး"

“အဲ့ဒီ နျိုပါ့ထျန်းကို အကြီးအကဲယဲ့က သတ်ပစ်လိုက်ပြီ။ သူ့ရဲ့ ရုပ်အလောင်းကိုတောင် အမဲသားပွဲတော်ကြီးအဖြစ် ချက်ပြုတ်ခဲ့ပြီး စားသုံးသူတိုင်း ရပ်မရအောင် အရသာရှိတယ်လို့ ပြောကြတယ်တဲ့…”

ကျန်းချင်ကျန့်သည် တံ‌တွေးတစ်ချက်ကို ဂလုခနဲမြည်အောင် ခက်ခက်ခဲခဲမျိုချပြီး ဆိုသည်။

“ဘာ!”

ချင်းလျန်ဓားမသေမျိုး၏ စိတ်သည် ဗလာကျင်းသွားသလို ခံစားလိုက်ရပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်သည်ပင် စားပွဲပေါ်သို့ ပြုတ်ကျကာ လက်ဖက်ရည်များ လွင့်စင်စိုရွှဲကုန်တော့၏။

နျိုပါ့ထျန်းလို အစွမ်းထက်သူတစ်ဦးမှာ ဤသို့ တိတ်တိတ်ဆိတ်ဆိတ် အသတ်ခံရရုံသာမက ခုတ်ထစ်ချက်ပြုတ်ကာ စားသုံးခံလိုက်ရသတဲ့လား။

မကြာသေးမီက ကြားခဲ့ရသော ကောလာဟလများနှင့် ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ နောက်ခံသမိုင်းကြောင်းများကို ပြန်သတိရသောအခါ ချင်းလျန်ဓားမသေမျိုးသည် သူ၏ လောကအမြင်မှာ ရှက်စရာကောင်းလောက်အောင် ကျဥ်းမြောင်းနေသေးကြောင်း သတိထားမိသွားရ၏။

ခွင်းလွင်ကမ္ဘာတွင် ရှေးဟောင်းခေတ်မှာ အံ့ဖွယ်ပုဂ္ဂိုလ်တစ်ဦး ကျန်ရှိနေခဲ့ပြီး နောက်ကွယ်မှ တိတ်တဆိတ် ကြိုးကိုင်စီမံနေခဲ့ခြင်းပေလော။

ထိုသို့သာဆိုလျှင် သူတို့၏ အကြံအစည်မှာ အလွန်နက်ရှိုင်းသေဝပ်လှ၏။

“အကြီးအကဲယဲ့၊ ခင်ဗျား တကယ်ပဲ ဘယ်သူလဲ…” စိတ်ခံစားချက်များကို ငြိမ်သက်အောင် ပြန်လည်ထိန်းညှိပြီးနောက် ချင်းလျန်ဓားမသေမျိုးသည် ရှုပ်ထွေးသော အမူအရာဖြင့် တီးတိုးရေရွတ်မိသည်။

ဤဖြစ်ရပ်အပြီးတွင်၊

ခွင်းလွင်ကမ္ဘာတွင် မသိသူမရှိ နာမည်ကျော်ကြားသော မဟာဓားမသေမျိုးသည် ယဲ့ကျွင်းလင်အပေါ် မကြုံစဖူးသော စူးစမ်းလိုစိတ်နှင့် လေးစားယုံကြည်စိတ်ကို စတင်ခံစားလာရတော့၏။

All Chapters