မသေမျိုးတာအိုမဟာမိတ် အဖွဲ့အစည်း
Vol. 43 Ch. 593
အတွင်းသတင်းများ ပေါ်ထွက်လာသည်နှင့်အမျှ အလယ်ပိုင်းဒေသတစ်ခွင်သို့ လေဆင်နှာမောင်းကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ အံ့အားသင့်လို့မဆုံးနိုင်ကြတော့။ ထို မသေမျိုးဧကရာဇ်အဆင့်ရှိ ကောင်းကင်နွားမျိုးနွယ် စွမ်းအားရှင်ကို အကြီးအကဲယဲ့က စွမ်းအင်လှိုင်းတစ်ချက်ပင် အပြင်လျှံမထွက်စေရဘဲ သတ်ပစ်လိုက်သည်လား။ ထို့ပြင် သေဆုံးပြီးအလောင်းကိုပင် အမဲသားပွဲတော်အဖြစ် တည်ခင်းစားသုံးခဲ့သေးလေသည်။
ဘုရားဘုရား၊ ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။
“ယင်းယန်သူတော်စင်လည်း အဲ့နေရာမှာ ရှိနေခဲ့တယ်လို့ ကြားတယ်။ သူပြန်ပြောတဲ့ စကားအရတော့ အမဲသားက မယုံနိုင်လောက်အောင် နူးညံ့ပြီး အရည်ရွှမ်းတယ်တဲ့"
“အကြီးအကဲယဲ့က တကယ်ကို အံ့မခန်းပဲ။ သူ နျိုပါ့ထျန်းကို အရင်က တစ်စက်ကလေးတောင် အဖက်မလုပ်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ အဖက်လုပ်ရအောင် အဆင့်ချင်းက တူတာတန်တာလည်း မဟုတ်ဘူးလေ”
“ဟုတ်တယ်၊ အကြီးအကဲယဲ့ရဲ့ မျက်လုံးထဲမှာ နျိုပါ့ထျန်းက အသက်ဝင်နေတဲ့ အမဲသားဟင်းပွဲပဲ"
ဆွေးနွေးသံများ ကျွက်ကျွက်ညံ ပြန့်ပွားနေခဲ့သည်။ သူတို့အားလုံးမှာ နျိုပါ့ထျန်း၏ ကံကြမ္မာကို စုတ်တသပ်သပ်ဖြစ်လျက် တရားရမိသည်နှင့်အမျှ တစ်ဖက်မှလည်း ပြက်ရယ်ပြုလှောင်ပြောင်ကြသည်။
ရန်စစရာလူတွေ အားလုံးထဲမှာ သူက အကြီးအကဲယဲ့ကိုမှ ရွေးပြီးရန်စခဲ့သကိုး။ တစ်ဖက်လူက မင်းရန်စဖို့ အဆင့်ချင်းတူတဲ့သူလား အရင်ကြည့်ဦးလေ။ သေမင်းကိုမှ ရန်သွားရှာမိတာပဲ။
တစ်ချိန်တည်းမှာပင် ထိုအနိုင်အရှုံးသတင်းမှာ ပြန်လည်ရှင်သန်နိုးထလာသူများအကြားတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်သွားခဲ့သည်။
“တကယ်ပဲ၊ ငါတို့ အရင်က တွက်ချက်ထားတာတွေ မှားမနေခဲ့ဘူး။ အကြီးအကဲယဲ့က ရှေးခေတ်က လူသားမျိုးနွယ်ရဲ့ ဒိတ်ဒိတ်ကြဲ စွမ်းအားရှင်တစ်ပါးပဲ။ သူ့မှာ အကြံအစည်ကြီးတစ်ခု ရှိနေလို့ကို ခွင်းလွင်မှာ ချန်နေရစ်တာ”
“ငါ တကယ်ကို ရွှယ်ထျန်းနယ်မြေအထိ ခရီးထွက်ပြီး အကြီးအကဲယဲ့ရဲ့ မြင့်မြတ်တဲ့ တည်ရှိမှုကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ချင်တယ်”
“အခု နျိုပါ့ထျန်း သေသွားပြီး နတ်ဆိုးတစ်သောင်း မဟာမိတ်တပ်ဖွဲ့လည်း ပြိုကွဲသွားပြီဆိုတော့ အလယ်ပိုင်းဒေသရဲ့ အခြေအနေက နောက် ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး"
ထင်ရှားသည့်တစ်ချက်မှာ ယဲ့ကျွင်းလင်၏ နျိုပါ့ထျန်းကို အနိုင်ယူသတ်ဖြတ်နိုင်ခဲ့သော သတင်းသည် လူသားမျိုးနွယ် ပြန်လည်နိုးထလာသူများစွာကို လက်ခမောင်းခတ်နိုင်စေခဲ့ပြီး ထိုသူတို့ထံမှ စစ်မှန်သော လေးစားမှုနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လက်ခံရရှိနိုင်ခဲ့ပေသည်။
ယာအိုမျိုးနွယ်များအတွက်မူ လေထဲ တန်းလန်းဆွဲခံထားရသော နှလုံးသားများ ကြိုးပြတ်ပျောက်ဆုံးသွားသကဲ့သို့။
သူတို့သည်လည်း နျိုပါ့ထျန်း၏ အုပ်စိုးမှုကို မကြိုက်ကြသော်ငြား မိမိတို့ ယာအိုမျိုးနွယ် ပါရမီရှင်၏ အဆုံးသတ်ကံကြမ္မာကို ကြားသိရသောအခါ ထိတ်လန့်ခြင်းခံစားချက်က ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
ဟွမ်ကျင်းကျိုးပြည်နယ်၊ ချင်းယန် တာအိုနန်းတော်တွင်...
ဦးခေါင်းထက် ကွဲအက်ဖျော့တော့နေသော ချိုတစ်စုံပါရှိသည့် ကောင်းကင်ပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် လေကို ခပ်ပြင်းပြင်း ရှူသွင်းလျက် ရှုပ်ထွေးလေးလံနေသော နှလုံးသားအား အနည်းအကျဥ်း သက်သာရာရစေသည်။
နျိုပါ့ထျန်း သေဆုံးပြီးနောက် သူ့ဘဝသည်လည်း လွတ်လပ်ပေါ့ပါးသွားရပြီ ဖြစ်သော်ငြား ၎င်းသည် သူ့အတွက် ကြီးမားသော သတိပေးချက်တစ်ခုဟုလည်း ယူဆနိုင်၏။ ထို လူသားမျိုးနွယ် ပုဂ္ဂိုလ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသည် ဟူသော သတိပေးချက်ပင်။
ချင်းယန် မသေမျိုးအကြီးအကဲသည် နျိုပါ့ထျန်းအား အဆင့်တက်ရန် ချိုတစ်စုံ ပေးဆပ်ခဲ့သောကြောင့် နောက်ပိုင်းတွင် ဆက်နွယ်နေသော အပြစ်ဒဏ်မှတစ်ဆင့် မွှေးကြိုင်သော ဆိတ်သားကင်အဖြစ် ပြောင်းလဲခံရမည်ကို ကြိုတင်ကြောက်ရွံ့နေမိသည်။
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲယဲ့၏ ဂုဏ်သတင်းကား ဟင်းလျာများနှင့် ဆက်စပ်ကျော်ကြားနေလေပြီ။
“အမလေး၊ ဒီဆိတ်အဘိုးကြီးက တာအိုဘဝလေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းချင်ရုံပါပဲ၊ ဘာလို့ ငါ့ကို ဒီဝဲဂယက်ထဲ ဆွဲသွင်းနေရတာလဲ…” ချင်းယန် မသေမျိုးအကြီးအကဲသည် ခါးသီးစွာ ညည်းညူရင်း သက်ပြင်းချမိသည်။
ဝေးလံသော တာအိုပြည်နယ်တစ်ခု၊
မိုင်တစ်သိန်း ပတ်လည်တွင် သက်ရှိလက္ခဏာဟူ၍ စိုးစဥ်းမျှမရှိချေ။ တိုင်းပြည်နိုင်ငံ ကြီးကြီးသေးသေးမကျန် ကျင့်ကြံရေး ဂိုဏ်းများအားလုံးအပါအဝင် သုသာန်တစပြင်နှယ် ဆိတ်သုဥ်းပြောင်စင်သွားခဲ့လေပြီ။
ပြင်းထန်သော သွေးညှိနံ့သည် လေထဲတွင် ဝေ့ဝဲပျံ့နှံ့နေပြီး ကောင်းကင်၏ နက်ရှိုင်းသောတစ်နေရာမှ ခပ်အုပ်အုပ် မိုးခြိမ်းသံများ သဲ့သဲ့ ပဲ့တင်ထပ်နေသည်။ မြေပြင်ထက်မှ အဖြစ်ဆိုးအား မကြည့်ရက်နိုင်စွာ ငိုကြွေးပူပန်နေသကဲ့သို့။
ခရမ်းရင့်ရောင် ဖားပြုပ်တစ်ကောင်သည် အစာအလွန်အကျွံ စားထားသောကြောင့် ချောက်ကမ်းပါးပေါ်တွင် လှဲလျောင်းကာ ဖြည်းဖြည်းချင်း အစာချေဖျက်ရန် ပြင်ဆင်နေခဲ့သည်။ ကြောက်မက်ဖွယ် ဆိုးယုတ်သော အမှောင်စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့လွင့်နေပြီး မြင်ရသူအပေါင်းအား ကျောရိုးတစ်လျှောက် ချမ်းတုန်စေကာ အရိုးထဲအထိ အေးခဲစေသည်။
ဤကာလအတွင်း သူသည် သက်ရှိများကို ကိုက်ဖြတ်စားသောက်ခြင်းဖြင့် သူ့ကိုယ်သူ ရူးသွပ်စွာ အားကောင်းအောင် ကြိုးပမ်းခဲ့လေရာ သူ၏ ကျင့်ကြံဆင့်သည် မသေမျိုးဘုရင် အထွတ်အထိပ်အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် မသေမျိုးဧကရာဇ်နှင့်မူ အတော်လေး အလှမ်းဝေးနေသေးသည်ပင်။
ရုတ်တရက် ထို ရုပ်ဆိုးဆိုးဖားပြုပ်သည် မျက်လုံးများ အသာဖွင့်လိုက်ရာ သူ၏ အနီရောင်ရင့်ရင့် မျက်ဆံများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
ဝှစ်!
သူသည် လေထဲသို့တစ်ချက်ခုန်ပြီး ချောက်ကမ်းပါး၏ အောက်ခြေရှိ အေးခဲသော ရေကန်ထဲသို့ ခုန်ဆင်းသွားရာ ရေအများအပြား လွင့်စင်ဖြန်းပက်သွားသည်။
အေးခဲနေသော ရေကန်၏ အောက်ခြေတွင် နဂါးခေါင်းပုံသဏ္ဌာန်ရှိသော နက်ပြာရောင် သစ်သီးတစ်လုံး တည်ရှိနေခဲ့သည်။ သစ်သီး၏ မျက်နှာပြင်အခွံလွှာမှာ မျက်စိကျိန်းစရာ လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်နေပြီး နက်နဲသော စွမ်းအားအချို့ကို ပိုင်ဆိုင်ထားပုံရ၏။
“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ခွင်းလွင်ကမ္ဘာ ပြန်လည်ထူထောင်ပြီးနောက်မှာ မသေမျိုးအခွင့်အရေးတွေ အများကြီး ပေါ်ထွက်လာတာပဲ”
“ဒီ သစ်သီးက ငါ့ကို မသေမျိုးဧကရာဇ်အဆင့်ထိ ပြန်မြှင့်ပေးနိုင်ရုံသာမက မူရင်းအုတ်မြစ်အခြေခံကို ပိုပြီး အားကောင်းလာအောင် လုပ်ပေးနိုင်တယ်”
“ငါ ဖားပြုပ်အရှင်မြတ်ကို ကံကြမ္မာက အခွင့်အရေးကြီး ပေးအပ်ခဲ့ပြီ"
ခရမ်းရင့်ရောင် ဖားပြုပ်သည် အလွန်ဝမ်းမြောက်စွာဖြင့် မတွန့်ဆုတ်ဘဲ သူ၏ နီမြန်းသော လျှာကို လှစ်ခနဲထုတ်ကာ သစ်သီးအား တစ်လုပ်တည်းမျိုချလိုက်သည်။
ချက်ချင်းပင် သစ်သီးက အစွမ်းပြလာသည်။
အပြာရောင် လျှပ်စီးကြောင်းများ သူ၏ ခန္ဓာကိုယ်မှ တဖျတ်ဖျတ် လျှံထွက်လာပြီးနောက် ဖြည်းဖြည်းချင်း ထူးဆန်းသော အနက်ရောင် လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။ ဖားပြုပ်၏ ခန္ဓာကိုယ်သည် ကြီးမားသော ပြောင်းလဲမှုကို စတင်ခံစားလာရပြီး သူ၏ ပုံသဏ္ဌာန်မှာလည်း ပုတ်သင်ညိုနှင့် ဆင်တူလာကာ ကျောဘက်မှ ချွန်ထက်သော ဆူးများနှင့်အတူ အမြီးရှည်တစ်ခု ထွက်ပြူလာသည်။ ရှေ့တွင် လက်တိုလေးနှစ်ဖက်ပင် ရှိလာပြီး သူ၏ မျက်လုံးများက လူကို ဝါးမြိုတော့မည့်အလား သွေးနီရောင် အလင်းဖြင့် တောက်ပလာ၏။
ယဲ့ကျွင်းလင်သာ မြင်ခဲ့ပါက ထူးဆန်းသောမူအရာဖြင့် ရေရွတ်လိမ့်မည် သေချာသည်။ ဒါ ဂိုဇီလာ မဟုတ်ဘူးလား ဟု။
ငါးလအကြာတွင်၊
ဝုန်း ဝုန်း ဝုန်း
အောက်ခြေအတိမ်အနက်ကို ခန့်မှန်းမရသော အမည်းရောင်ရေကန်သည် ရုတ်တရက် အလွန်ကြီးမားသော လေပွေတစ်ခုကို ဖန်တီးလိုက်ရာ ထိုမှတစ်ဆင့် သမုဒ္ဒရာကဲ့သို့သော ကျယ်ပြောလှသည့် ကြောက်မက်ဖွယ် စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်တွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံ တဟိန်းဟိန်းမြည်ဟီးနေပြီး ပြင်းထန်သော ယင်စွမ်းအင်လေပြင်းများ တိုက်ခတ်နေသည်။
ထိုစဥ် ဖျတ်ခနဲဆိုသလိုပင် ရေကန်ထဲမှ အနက်ရောင် အလင်းတန်းတစ်ခု ကောင်းကင်ဆီသို့ တည့်တည့် ပစ်ထွက်သွားသည်။
ကြီးမားသော ထိုခန္ဓာကိုယ်သည် ယခင် ဖားပြုပ်ပုံပန်းသဏ္ဌာန်ကို ရေးရေးမျှ မထင်ဟပ်တော့ချေ။ အစားထိုးအနေဖြင့် ခြေနှစ်ချောင်းဖြင့် ရပ်နေနိုင်သော ပုတ်သင်ညိုနှင့်တူသည့် သတ္တဝါတစ်ကောင်အား မြင်တွေ့ရပေမည်။ မှန်ပါသည်။ နတ်ဆေးသစ်သီးကို ဖားပြုပ်အရှင်မြတ် မျိုချပြီး စွမ်းအင်သန့်စင်လိုက်သောအခါ ဓာတုဗေဒ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ခဲ့သကဲ့သို့ မကြုံစဖူး သွေးမျိုးရိုး ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်။
ဝှစ်!
ပုတ်သင်ညိုနှင့်တူသော ထိုသားရဲသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ မျက်နှာသွင်ပြင်မှာ ရုန့်ရင်းကြမ်းတမ်းပြီး ဦးခေါင်းထက်တွင် ခရမ်းရင့်ရောင် ရှေးဟောင်းသရဖူနှင့် တြိဂံပုံ မျက်လုံးများ ပါရှိသည်။ သူ၏ နောက်ဘက်ရှိ မသေမျိုးစက်ဝန်းက မသေမျိုးဧကရာဇ်ဟူသော အဆင့်အတန်းဂုဏ်ပုဒ်ကို မီးမောင်းထိုး ဖော်ပြနေသကဲ့သို့။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာမြေပြိုပျက်ဖွယ် အပြောင်းအလဲများကို ခံစားရင်း ဖားပြုပ်အရှင်မြတ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာကာ အောင်ပွဲခံသော အပြုံးတစ်ခုဖြင့် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ အံ့သြဖွယ် ခံစားချက်ပေတကား။
သူ့ကိုယ်သူ သတိမထားလိုက်မိစဥ်မှာပင် သူ၏ ကျင့်ကြံဆင့်သည် မသေမျိုးဧကရာဇ် ဆဋ္ဌမကောင်းကင်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ မသေမျိုးစက်ဝန်းသည်လည်း ရှားပါးသော သတ္တမအလှည့်သို့တိုင် မြင့်တက်နေပြီဖြစ်၏။
သူ၏ ကိုယ်တွင်း၌ရှိသော ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် စွမ်းအားကို မှီခိုအားထားကာ ဖားပြုပ်အရှင်မြတ်သည် ယခင်နှင့် လားလားမှမတူညီတော့သော ပုံပန်းသွင်ပြင်ဖြင့် အလယ်ပိုင်းဒေသ၏ အင်အားအကြီးဆုံး ရာဇပလ္လင်ကို လုယူရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။
“နျိုပါ့ထျန်းဆိုတဲ့ နွားမိုက်လောက်များ ဘာအရေးလဲ။ သူ ဒီအရှင်မြတ်ရဲ့ ရှေ့မှာ ရပ်နေရင်တောင် လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်နိုင်တယ်”
“အကြီးအကဲယဲ့ဆိုတဲ့သူကတော့… ဟမ့်"
ဖားပြုပ်အရှင်မြတ်သည် ကြီးမားသော အခွင့်အရေးကို လက်ဝယ်ရရှိပြီးနောက် သူ၏ ရည်မှန်းချက်အကန့်အသတ်သည်လည်း လျင်မြန်စွာ တိုးချဲ့လာသည်။
လေဆင်နှာမောင်း၏ အလယ်ဗဟိုတွင် ရပ်နေပါက ဝက်သည်ပင် ပျံသန်းနိုင်လိမ့်မည် ဟူသော စကားပုံအတိုင်းပင်။
အင်အားအသစ်၏ ချိုမြိန်မှုကို မြည်းစမ်းပြီးနောက် ဖားပြုပ်အရှင်မြတ်သည် အလယ်ပိုင်းဒေသကို စိုးမိုးရန်၊ ထို့နောက် စွမ်းအားရှင်အပေါင်းကို သူ၏လက်အောက်တွင် ဦးချိုးဖိနှိပ်ကာ ကောင်းကင်နှင့်မြေကြီးမှ ဘဏ္ဍာပေါင်းစုံကို ရှာဖွေဖော်ထုတ်ခိုင်းရန်၊ မသေမျိုးအခွင့်အရေးအားလုံးကို သူ့အတွက် စုဆောင်းရယူစေရန် စိတ်အားထက်သန်တက်ကြွလျက် ရှိသည်။
နျိုပါ့ထျန်းကိုယ်တိုင် ရှေ့မှ နမူနာပြသွားပါသော်ငြား လောဘနှင့် ဆန္ဒတို့က သူ၏ စိုးရိမ်ပူပန်မှုကို ဖြည်းဖြည်းချင်း လွှမ်းမိုးသွားသည်။ ဖားပြုပ်အရှင်မြတ်သည် အခြားသူများ၏ လက်အောက်တွင် နေထိုင်လိုခြင်းမရှိတော့။ အရာအားလုံးကို သူ့နာမည်ဖြင့် အစားထိုးထွင်းထုစေမည်။
အောင်မြင်ခြင်းအတွေးများ လှည့်ပတ်လာသည်နှင့်အမျှ ဆိုးယုတ်သော အလင်းတန်းတစ်ခု သူ၏ မျက်လုံးများတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး မနှစ်မြို့ဖွယ် ရယ်သံတစ်ခု နှုတ်မှ ထွက်ကျလာခဲ့သည်။
“ဒီကမ္ဘာမြေတော့ ပြောင်းလဲဖို့ အချိန်တန်ပြီ"
ဤကာလအတွင်း ခွင်းလွင်ကမ္ဘာသည်လည်း အံ့ဖွယ်ကောင်းသော ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မသေမျိုးအခွင့်အရေးများ၊ အခွင့်အလမ်းများ ဒေသကြီး ငါးခုတွင် ဒလဟောဆိုသလို မရပ်နား ပေါ်ထွက်လာခဲ့သည်။ ဤသို့ဖြင့် ကျင့်ကြံသူများအတွက် များစွာအကျိုးရရှိစေခဲ့ပြီး သူတို့၏ ပျမ်းမျှကျင့်ကြံဆင့်သည်လည်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့၏။
ပြန်လည်ရှင်သန်နိုးထလာသူ အနည်းငယ်မျှသာ မသေမျိုးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို အရဖမ်းနိုင်ခဲ့ပြီး ထိုကျင့်ကြံဆင့်က သူတို့အား လောကသူလောကသားတို့၏ အထက်တစ်ဆင့်မှ လူနည်းစုနှယ် ခံစားချက်ကို ပေးစွမ်းခဲ့သည်။
အလယ်ပိုင်းဒေသ၊ ရွှယ်ထျန်း သူတော်စင်နယ်မြေတွင်၊
အနောက်ဘက်တောင်တန်းရှိ မသေမျိုး ဂူအတွင်းမှ ဆံဝါအဘိုးအိုတစ်ဦးသည် ယပ်တောင်တစ်ချပ်ကို ကိုင်ဆောင်လျက် ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာပြီး တောက်ပသော မသေမျိုးစက်ဝန်းသည် ဦးခေါင်းနောက်ဘက်တွင် ဖြစ်ပေါ်လာကာ ထာဝရပျောက်ကွယ်မသွားနိုင်မည့် အလင်းတန်းအား ထုတ်လွှတ်နေခဲ့၏။
လက်ရှိတွင် ကောင်းပုလီ၏ ကျင့်ကြံဆင့်သည် မသေမျိုးဧကရာဇ် စတုတ္ထကောင်းကင်အထိ ပြန်လည်တိုးတက်လာနိုင်ခဲ့သည်။ အထွတ်အထိပ်သို့ ရောက်ရန် လမ်းမှာ ဝေးကွာနေသေးသော်လည်း သူ၏ မသေမျိုးစက်ဝန်းသည် ရှားပါးသော သတ္တမအလှည့်ဆီသို့ ရောက်ရှိနေပြီဖြစ်၏။
ခြံဝန်းအတွင်း လျှောက်ထွက်လာသော် ဖဲကစားနေသူအချို့ကို မြင်တွေ့လိုက်ရသည်။
“အကြီးအကဲယဲ့၊ ခင်ဗျားက အရမ်းကံကောင်းတာပဲ။ ဘာလို့ ပွဲတိုင်း ဖဲကောင်းတွေပဲ အမြဲရနေတာလဲ"
“အိုက်ယား ဒီအဘိုးကြီးတော့ သေချာကို အနိုင်ကျင့်ခံလိုက်ရပြီ။”
“ငါစိတ်ပေါက်လာပြီနော်"
...
မှန်ပါသည်။ ယဲ့ကျွင်းလင်နှင့် အရှုံးသမားအဖွဲ့ ဖဲကစားနေကြခြင်းပင်။
ကောင်းပုလီသည် ဖဲဝိုင်းထဲမှ ဆံဖြူလူငယ်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ နှလုံးသားသည် ရောထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်လာ၏။
ထူးဆန်းသည်၊ သူသည် ထိုလူငယ် ကျင့်ကြံနေသည်ကို တစ်ခါမှ မမြင်ဖူးသော်လည်း သူ၏ အဆင့်နှင့် စွမ်းအားက နဂိုအတိုင်း ငြိမ်သက်နေလျက်သာ။ သူ၏ လက်ရှိကျင့်ကြံဆင့်သည် ယခု ထိုလူနှင့် ကိုက်ညီနေပြီဖြစ်သော်လည်း သူ့ကို ယှဥ်ပြိုင်ရန် ကြိုးစားခြင်းသည် စိတ်ကူးယဥ်ခြင်းမျှသာ ပေမည်။
ဒါက လူနဲ့ခွေးကြားက ကွာခြားချက်ပေလား။
ဤကာလအတွင်း ယဲ့ကျွင်းလင်သည် စားသောက်ခြင်း သို့မဟုတ် ကျန်းထျန်းမင်နှင့် အခြားသူများကို ဖဲကစားရန် ဆွဲခေါ်ခြင်းဖြင့်သာ အချိန်ကုန်နေသည်။ သူ၏ ဘဝသည် ရိုးရှင်းသော်လည်း မရိုးသားလှပေ။
ရုတ်တရက် စနစ် သတိပေးချက်တစ်ခု သူ၏ စိတ်ထဲတွင် မြည်ဟီးလာသည်။
“တင်၊ တာဝန်အသစ် စတင်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ‘မသေမျိုးတာအို မဟာမိတ်’ အဖွဲ့အစည်းကို တည်ထောင်ပြီး ပထမဆုံး အစည်းအဝေး ကျင်းပရန်၊ တက်ရောက်သော ပြန်လည်ရှင်သန်နိုးထလာသူ အရေအတွက် ငါးဆယ် ပြည့်မီရန် လိုအပ်ပါတယ်၊ တာဝန်ပြီးမြောက်အောင်မြင်ရင်တော့ ဆုလာဘ်မှာ တာအိုအဆင့် ဓားစိတ်ဆန္ဒ ဖြစ်ပါတယ်ရှင်”