လူတွေ အမြင်ပြောင်းလာကြပြီ
Vol. 43 Ch. 595
ထိုစကားများကို ကြားသောအခါ လူတိုင်း၏ ရင်ထဲ ထိတ်လန့်သွားကြသည်။
“အကြီးအကဲယဲ့၊ ခင်ဗျား…” ခဏတာမျှ ကောင်းပုလီသည် အတွေးများကြား နစ်မျောနေခဲ့သည်။ ဘာကြောင့်မှန်း မသိသော်လည်း သူ့စိတ်ထဲတွင် ဤလူငယ်ကတော့ ထိုအဖွဲ့အစည်းအား အောင်အောင်မြင်မြင် ထူထောင်နိုင်တော့မည်ဟု ခံစားနေမိရ၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ အရည်အချင်းနှင့် အလားအလာသည် ထိုအချိန်က ဧကရီဖူယောင်ထက်ပင် ပိုမို မြင့်မားနေခဲ့သည် မဟုတ်လော။ အကြွင်းမဲ့ ခွန်အားကို ပိုင်ဆိုင်နေသရွေ့ မည်သည့်အရာမျှ မဖြစ်နိုင်သည် မရှိ။
“ကဲ တာအိုရောင်းရင်းယဲ့က ဒီလောက်တောင် စိတ်အားထက်သန်ပြင်းပြနေမှတော့ ကျွန်တော်တို့ ခင်ဗျားရဲ့နာမည်နဲ့ ဒီသတင်းကို ပြင်ပလောကဆီ ကြေညာလိုက်ပါမယ်။”
ကောင်းပုလီသည် သက်ပြင်းချလိုက်ပြီး ငိုမဲ့မဲ့ တစ်ချက်ပြုံးမိ၏။
“မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ပြီးရင် ငါ အစည်းအဝေးတစ်ခုလည်း ကျင်းပရမယ်၊ အစည်းအဝေးကိုတက်ရောက်တဲ့ ပြန်လည်ရှင်သန်နိုးထလာသူ ငါးဆယ်ထက် ပိုများရင်တော့ အကောင်းဆုံးပဲ” ယဲ့ကျွင်းလင်က လေးနက်စွာ ဆိုသည်။
“အမ်…”
ကောင်းပုလီသည် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး စိတ်ထဲမှ တိုးတိုးလေး ရေရွတ်မိသည်။ “ခင်ဗျားမှာ ဒီလို အရေအတွက်ကန့်သတ်ချက်တွေက ရှိသေးတာလား"
အခြေအနေများက ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ သူသည်လည်း သူ့မျက်နှာကို လူမြင်ကွင်းထံ တစ်ဖန်ပြန်လည် ထုတ်ပြရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။ ယဲ့ကျွင်းလင်အတွက် အားကောင်းသော အထောက်အကူအချို့ကို ပေါင်းထည့်ကာ လူအင်အားများများ ထူထောင်ရန် အရင်ကြိုးပမ်းရမည်။ သို့မှသာ ပြန်လည်နိုးထလာသူများ ကြည်ဖြူစွာ ပါဝင်ပူးပေါင်းလာကြမည်ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဧကရီဖူယောင်၏ နောက်လိုက်ဟောင်းတစ်ဦးအနေဖြင့် သူ၏ နောက်ခံအဆင့်အတန်းမှာ လူတွေကြား အသိအမှတ်ပြုလေးစားဖွယ် ဖြစ်နေသေးသည်ပင်။
ကောင်းပုလီသည်လည်း သူကိုယ်တိုင်၏ နာမည်နှင့်ဂုဏ်သတင်းကို လောင်းကြေးထပ်၍ ယဲ့ကျွင်းလင်ကို ထောက်ခံအားပေးရမည်ဖြစ်သည်။ သူကတော့ သူ့အကဲဖြတ်ချက်သူ ယုံကြည်သည်ပင်။
မကြာမီတွင် ရွှယ်ထျန်း သူတော်စင်နယ်မြေမှ ထိတ်လန့်ဖွယ် သတင်းတစ်ပုဒ် ပျံ့နှံ့သွားပြီး အလယ်ပိုင်းဒေသတစ်ခွင်သို့ မုန်တိုင်းတစ်ခုကဲ့သို့ မွှေနှောက်သွားတော့၏။
“ဘုရားရေ၊ အကြီးအကဲယဲ့က မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်တော့မယ်တဲ့လား။ ဒါကို အသုံးပြုပြီး အလယ်ပိုင်းဒေသ မသေမျိုးလောကအတွက် စည်းမျဥ်းစည်းကမ်းတွေ သူ့သဘောကျ ချမှတ်တော့မှာလား။”
“အကြီးအကဲယဲ့က အဲ့ဒီ ရှေးဟောင်းကျင့်ကြံသူတစ်သိုက်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပြီး အလယ်ပိုင်းဒေသမှာ ဟော့ဟော့ရမ်းရမ်း မပြုမူကြအောင် ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်မိတယ်။"
“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒါက အရေးအကြီးဆုံးပဲ။”
ခေတ်ပြိုင် ကျင့်ကြံသူများသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ စစ်မှန်သော တန်ဖိုးကို သိနားလည်ထားခြင်း မရှိကြသေး။ ၎င်းကို ကျင့်ကြံရေး အင်အားစုတစ်ခုကဲ့သို့ ရိုးရှင်းသောဖွဲ့စည်းမှုဟုသာ အထင်ရှိကြသည်။ သူတို့သည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ ပေါ်ထွက်လာခြင်းက လက်ရှိ ပရမ်းပတာဖြစ်နေသော အလယ်ပိုင်းဒေသသို့ စည်းမျဥ်းအသစ်များ အတည်တကျ ယူဆောင်လာပေးနိုင်မည်ဟုသာ မျှော်လင့်ထားကြသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း ရှေးဟောင်းကျင့်ကြံသူများ ကိုယ်ပိုင်နယ်မြေခွဲဝေခြင်း သို့မဟုတ် မသေမျိုးအခွင့်အရေးများ လုယူခြင်းအတွက် ပြင်းထန်သော တိုက်ပွဲများ ပေါ်ပေါက်နေကြောင်း သတင်းများ ရံဖန်ရံခါ ထွက်ပေါ်ခဲ့ပြီး ဒေသခံ အင်အားစုများစွာအတွက် အေးအေးချမ်းချမ်းမနေရအောင် နှောင့်ယှက်ထိခတ်နေခဲ့သောကြောင့် ကျင့်ကြံသူအားလုံး ရတက်မအေးစွာ စိုးရိမ်နေခဲ့ကြရ၏။ လက်ရှိ ပရမ်းပတာဖြစ်နေသော အလယ်ပိုင်းဒေသ အခြေအနေကို ပေါင်းစည်းပေးနိုင်သော အကြွင်းမဲ့ အင်အားတစ်ခု ရှိလာရန် သူတို့ စိတ်ရင်းမှန်ဖြင့် မျှော်လင့်မိကြလေသည်။
ရိုးရှင်းစွာ ဆိုရလျှင် လက်ရှိ အလယ်ပိုင်းဒေသသည် မင်းညီမင်းသားများကြား အာဏာလုသော ပရမ်းပတာ စစ်ပွဲများကဲ့သို့ ဥပမာပေးနိုင်ပြီး သူရဲကောင်းများ နေရာတိုင်း ပေါ်ထွက်လာကာ သာမန်ပြည်သူများသည် အစွမ်းထက်သော အုပ်စိုးရှင်တစ်ဦးက အခက်အလက်ရန်စများကို အကုန်အစင်လှည်းကျင်း၍ ကမ္ဘာကို ပေါင်းစည်းပြီး ပဋိပက္ခများဖြင့် လှုပ်ခါနေသော ခေတ်ကို အဆုံးသတ်ငြိမ်းချမ်းမှု ဆောင်ူလာပေးနိုင်ရန် မျှော်လင့်တကြီး စောင့်စားနေကြရသည်။
ဤသို့ဖြင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းဟူသော နာမည်က လူတိုင်း၏ရင်ထဲသို့ မျှော်လင့်ချက် ရောင်ခြည်တစ်ခု ယူဆောင်လာပေးခဲ့သည်။ ခေတ်ပြိုင်ကျင့်ကြံသူတို့၏ နှလုံးသားထဲတွင် အကြီးအကဲယဲ့သည် အလယ်ပိုင်းဒေသကို စိုးမိုးရန်အတွက် အငြင်းပွားဖွယ်မရှိသော အကောင်းဆုံး ရွေးချယ်မှုသာ ဖြစ်၏။
သို့သော်လည်း ပြန်လည်နိုးထလာသူများအတွက်မူ ယဲ့ကျွင်းလင်ဆိုသူတစ်ဦး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ဦးဆောင်ရန် အဆိုပြုသောအခါ အသိုင်းအဝိုင်းတစ်ခုလုံး အုန်းအုန်းခတ်ခတ် ဖြစ်ကုန်ကြတော့သည်။
သူတို့သည် ဧကရာဇ်ထျန်းတစ်ယောက် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်လိုသော်လည်း ဧကရီဖူယောင်နှင့် အခြားနှစ်ဦးတို့၏ စုပေါင်းပညာပေးခြင်းကို ခံရကာ ငြိမ်ကုပ်သွားခဲ့ရသည့် ရှေးခေတ်က အဖြစ်အပျက်များအကြောင်း ကောင်းကောင်းသိထားကြသည်ပင်။ ထိုအဖြစ်သည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ရန် မည်မျှ ခက်ခဲကြောင်း ပြသရန် လုံလောက်ပေ၏။ ထိုဇာတ်လမ်းအား ပြန်လည်စတင်သူသည် လူအများ၏ ဝေဖန်မှုပစ်မှတ် ဖြစ်လာမည်မှာ သေချာပြီး အဆုံးသတ်မှာလည်း မီးပုံထက် တံစို့ထိုးကင်ခံရခြင်းထက် မသာလောက်။
“အကြီးအကဲယဲ့က အလွန် အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံတယ်၊ ဒါပေမဲ့ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်ဖို့ဆိုတာ သူ့ကိုယ်သူ နည်းနည်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား။”
“ဟုတ်တယ်၊ သူက ဒီ ကျင့်ကြံရေးခေတ်ရဲ့ ကံကြမ္မာကို သူ့စကားတစ်ခွန်းနဲ့ ဆုံးဖြတ်နိုင်ပြီလို့ ထင်နေတာလား။”
“ဒါက နျိုပါ့ထျန်း အရင်က တည်ထောင်ခဲ့တဲ့ နတ်ဆိုးတစ်သောင်း မဟာမိတ်ထက်တောင် ပိုပြီး ဆိုးရွားနေသေးတယ်။”
သတင်းပြန့်ပွားသွားသော ကာလအတွင်း အလယ်ပိုင်းဒေသတစ်ခွင်တွင် ပြန့်ကျဲနေသော ရှေးဟောင်း သတ္တဝါ အများအပြားသည် ဆက်သွယ်ရေးအဆောင်ပစ္စည်းများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ဆွေးနွေးကုန်ကြ၏။
သူတို့သည် ယဲ့ကျွင်းလင်၏ ဆုံးဖြတ်ချက်အပေါ် မည်သူမျှ ကြည်ဖြူထောက်ခံခြင်း မပြုခဲ့ကြပေ။
တည်ထောင်စရာ နာမည်တွေဒီလောက် ပေါသောနေတာတောင်မှ ဘာလို့ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကိုမှ တည်ထောင်ရတာတဲ့လဲ?
ထိုကြေညာချက်မှာ မသေမျိုးတာအိုလောကတွင် သူသည်သာ အင်အားအကြီးဆုံးဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းလုံးကို သွယ်ဝိုက်ကြေညာလိုက်ခြင်းနှင့် တူညီသည်။
မကြာမီတွင် ရွှယ်ထျန်း သူတော်စင်နယ်မြေမှ ထုတ်ပြန်ချက်နောက်တစ်ခု ထွက်ပေါ်လာသည်။
“မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ ပထမဆုံး အစည်းအဝေးကို ဆယ်ရက်အတွင်း တင်းဖုန့်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး ပြန်လည်ရှင်သန်နိုးထလာသူအားလုံးကို စိတ်ရင်းမှန်နဲ့ ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လူမျိုးဘာသာမခွဲခြားဘဲ အားလုံးကို ကြိုဆိုပြီး အနာဂတ်ကို မျှော်ကြည့်ကာ အရေးကြီးသော ကိစ္စများကို ဆွေးနွေးကြပါစို့”
ထိုကြေညာချက်က လူတိုင်းကို ပိုလို့ပင်အံ့အားသင့်သွားစေသည်။ သူတို့ အတည်ကြီးလုပ်နေကြတာလား။
တစ်ချိန်တည်းမှာပင် ကောင်းပုလီက ရှေ့တက် လူလုံးပြလာတော့၏။ သူသည် ယဲ့ကျွင်းလင်အပေါ် သူကိုယ်တိုင်၏ ထောက်ခံမှုကို တိုက်ရိုက်ဖော်ပြပြီး စိတ်တူကိုယ်တူရှိသော ပြန်လည်ရှင်သန်နိုးထလာသူများ ပိုမို ပါဝင်လာရန် တောင်းဆိုခဲ့လေသည်။
“ဒီ အဘိုးအိုက ဘယ်သူလဲ။ ပုံစံကလူနဲ့တူပေမဲ့ အပြုအမူက ခွေးလိုပဲ။ ဒီလိုသတ္တိမျိုးကို ဘယ်ကနေရလာတာလဲ။"
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့၊ အဲ့အဘိုးအိုက တစ်ချိန်က ကောင်းကင်ခွေး မျိုးနွယ်ရဲ့ ဒဏ္ဍာရီလာ ပါရမီရှင်တစ်ဦးဖြစ်ခဲ့ဖူးတယ်၊ သူ့မျိုးနွယ်မှာ ဧကရီဖူယောင်ရဲ့ နောက်လိုက်ဖြစ်ခဲ့ဖူးတဲ့တစ်ဦးတည်းသောသူ။"
"ဟိုက်၊ ငါ မှတ်မိပြီ၊ တကယ်ကြီး သူပဲကွ။ ဧကရီဖူယောင်ရဲ့ နောက်လိုက်ခွေးတောင် အကြီးအကဲယဲ့ကို ထောက်ခံဖို့ ထွက်လာတယ်ဆိုတော့ ဒါက ပေါ့သေးသေးသဘောထားစရာ မဟုတ်တော့ဘူး"
“ဒါဆိုရင် အကြီးအကဲယဲ့မှာ ဦးဆောင်ဖို့အရည်အချင်း တကယ်ရှိတာ ဖြစ်နိုင်တယ်။ ငါတို့ သူ့ကို ယုံကြည်လိုက်သင့်တယ်။"
ကောင်းပုလီ၏ နောက်ခံသမိုင်းကြောင်းကား အမှန်တကယ်ပင် ယဲ့ကျွင်းလင်၏ ဂုဏ်သတင်းအား အခန်းကဏ္ဍတစ်ခုမှ ကောင်းကောင်းအထောက်အကူပြုနေသည်ပင်။
မည်သို့ပင်ဆိုစေကာမူ လူတိုင်း၏ အမြင်တွင် ဧကရီဖူယောင်၏ နောက်လိုက်ဟောင်းပင်လျှင် အကြီးအကဲယဲ့ကို ရပ်တည် ထောက်ခံရန် ဆန္ဒရှိပါက ထိုပုဂ္ဂိုလ်မှာ တစ်ခုခုတော့ ထူးခြားနေမည်မဟုတ်လော။
မကြာမီပင် အားပေးထောက်ခံသံများ ပိုမို ကျယ်လောင်လာသည်။ မည်မျှပင် သေးဖွဲအားနည်းနေပါသေးသော်ငြား ဤကဲ့သို့ လူထုထင်မြင်ယူဆချက်ကို အထူးမူတည်သော ထောက်ခံမှုတိုက်ပွဲတွင်တော့ တစ်စတစ်စ ထိရောက်အားကောင်းလာလေသည်။
ဝေးလံခေါင်ဖျား နေရာတစ်ခုတွင် အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော တြိဂံပုံ မျက်လုံးများနှင့် ဆိုးသွမ်းသော အရှိန်အဝါရှိ အမျိုးသားတစ်ဦးသည် ဆက်သွယ်ရေး အဆောင်ပစ္စည်းတစ်ခုကို လက်ခံရရှိပြီးနောက် သူ၏ ပါးစပ်ထောင့်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“စိတ်ဝင်စားစရာပဲ၊ ဒီအရှင်အတွက်တော့ အစွမ်းပြဖို့ အခွင့်အရေးကောင်းပေါ့။
ဖားပြုပ်အရှင်မြတ်သည် ဝှီးခနဲပျံထွက်သွားပြီး လေထဲတွင်ပင် အနက်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ဦးတည်ချက်တစ်ခုဆီသို့ တည့်တည့်ပျံသန်းသွားလေသည်။
အလယ်ပိုင်းဒေသ၏ ဧရိယာသည် လွန်ခဲ့သော လအနည်းငယ်ကထက် အဆတစ်သောင်းမျှ တိုးချဲ့ကျယ်ပြန့်လာခဲ့ပြီး တာအိုပြည်နယ်အသီးသီးကြား ခရီးစဥ်လမ်းကြောင်းများမှာလည်း ယခင်ကထက်ပို၍ အလွန် ရှည်လျားလာခဲ့သော်ငြား မသေမျိုးဧကရာဇ်အဆင့်ရှိသူ သူ့အတွက်မူ အသက်တစ်ချက်ရှူစာ အချိန်လေးတွင် မိုင်ထောင်သောင်းချီ ခရီးရောက်နိုင်သဖြင့် စိတ်ပူပန်နေစရာမရှိ။
ဝှစ် ဝှစ် ဝှစ်
ပတ်ဝန်းကျင်ရှိ ရှုခင်းများ လျင်မြန်စွာ ပြောင်းလဲသွားပြီး ဖားပြုပ်အရှင်မြတ်သည်လည်း ထိုအကြီးအကဲယဲ့ ဆိုသူကို စိတ်ရှိလက်ရှိ ကန်ချပစ်ဖို့ရာ မစောင့်နိုင်တော့ချေ။
ရွှယ်ထျန်း သူတော်စင်နယ်မြေတွင်၊
လူတိုင်း အတူတကွ စုဝေးရောက်ရှိနေကြသည်။
“အကြီးအကဲယဲ့၊ ကျွန်တော် အာမခံပေးတာနဲ့ ပြန်လည်ရှင်သန်နိုးထလာသူ အများအပြား အစည်းအဝေးကို တက်ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ကောင်းပုလီက လေးနက်သော အသံဖြင့် ဆိုသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ယဲ့ကျွင်းလင်က ခေါင်းညိတ်သည်။
“ဟဲဟဲ၊ ဒီ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ မဟာမိတ်ခေါင်းဆောင် ရာထူးကို ကျွန်တော့် ဆရာသခင်က ယူရမှာပဲ။ မနာခံချင်တဲ့သူတော့ ဓားနဲ့ခုတ်ချလိုက်ရုံပေါ့” လီဝူကျယ်သည် ဟန်ပါပါလက်ပိုက်ကာ တဟဲဟဲရယ်သွမ်းသွေးရင်း ပြောသည်။
ဤကာလအတွင်း သူသည် ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို ဖြည်းဖြည်းချင်း ကျွမ်းကျင်လာခဲ့ပြီး ကျင့်ကြံဆင့်သည်လည်း မသေမျိုးအရှင်သခင် အထွတ်အထိပ်ဆင့်တွင် ရှိနေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်ပင်။
"အဲ့လူတွေ အသိစိတ်ရှိရင်ကောင်းတာပေါ့။ မဟုတ်ရင် ဒီအရှင်က သူတို့ကို နောင်တဆိုတာဘာလဲသိရအောင် ပြပေးလိုက်မယ်"
စကားပြောသူမှာ မီးလျှံကဲ့သို့ နီရဲရဲဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်သို့ လျော့တိလျော့ရဲ စည်းနှောင်ထားကာ ရှေ့ဆံပင်နှစ်မျှင်က ပါးပြင်တစ်လျှောက် ခပ်ဝဲဝဲကျနေသည်။ မျက်ခုံးများက သူရဲကောင်းဆန်ပြီး ပြတ်သားထင်ရှားကာ မျက်နှာသွင်ပြင်က ချောမောလှပသည့်တိုင် ကိုယ်ဟန်အမူအရာက ခပ်အေးအေးနှင့် သီးသန့်ဆန်သော ခံစားချက်ကို ဖော်ဆောင်သည်။ ကောင်းကင်ထက်မှ နတ်သက်ကြွေလာသော နတ်သမီးလေးအလား မြင်သူအပေါင်းကို မမေ့နိုင်အောင် တသသစွဲမက်မိစေ၏။
မကြာသေးမီက သီးသန့်ကျင့်ကြံရာမှ ထွက်လာသော ဟုန်ချန်ယဲ့သည် ရပ်နေရင်းဖြင့်ပင် မယုံနိုင်လောက်အောင် အားကောင်းသော စွမ်းအင်ကို ထုတ်လွှတ်နေပြီး လှုပ်ရှားမှုတိုင်းတွင် တည်ငြိမ်အေးချမ်းမှုနှင့် တည်ကြည်မှုကို ဖော်ပြနေသည်။
၎င်းသည် ခွန်အားမှ ဆင်းသက်လာသော ယုံကြည်မှုတစ်မျိုးပင်။
သူသည် မသေမျိုးဘုရင်အဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် ယခင်ကဲ့သို့ ရှုံးပွဲကိုလက်ခံတော့မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားသည်။
အမဲသားစားသောက်ပွဲ ကျင်းပခဲ့စဥ်က သူတို့ တပည့်နှစ်ဦးစလုံး ဝလင်အောင် စားသောက်ခဲ့ကြသည်။ မသေမျိုးဧကရာဇ်အဆင့်ရှိ သတ္တဝါ၏ အသွေးအသားမှ ဖြစ်တည်လာသော အာဟာရနှင့် သူတို့၏ ကိုယ်ပိုင် ပါရမီအရည်အချင်းတို့ ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံဆင့်များ ခုန်ပျံကျော်လွှား တိုးတက်လာခဲ့သည်မှာ အံ့သြစရာမရှိတော့။
ကြိမ်းဝါးခြိမ်းခြောက်မှုများကို မြင်သောအခါ ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး တားမြစ်လာသည်။ “အမြဲတမ်းတိုက်ခိုက်ပြီး သတ်ဖြတ်နေလို့ဖြစ်မလား။ အခုချိန်မှာ လူတွေကို သီလသမာဓိနဲ့ အနိုင်ယူရမယ်လေ"
“ဟမ်?” လူတိုင်း၏ နဖူးပေါ်တွင် မေးခွန်းအမှတ်အသားများ ပေါ်ထွက်လာသည်။
ဒီစကားတွေက ဆရာသခင်ရဲ့ပါးစပ်က ထွက်လာတာမှ ဟုတ်ပါရဲ့လား။
“တကယ်တော့ ငါ့မှာလည်း တခြားလိုအပ်ချက် မရှိပါဘူး၊ ပြန်လည်ရှင်သန်နိုးထလာသူ ငါးဆယ်ထက်မနည်း ပေါ်ထွက်လာပြီး ငါတို့ကို ထောက်ခံပေးလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်” ယဲ့ကျွင်းလင်က ဆိုပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ အနည်းငယ် သောက်လိုက်သည်။
“အကြီးအကဲယဲ့၊ ဘာလို့ ငါးဆယ်ထက် ပိုမှရတာလဲ။ လေးဆယ့်ကိုးဆိုရင်ကော မရဘူးလား။ လေးဆယ့်ရှစ်ကော။” ဉာဏ်ကောင်းသော လင်တုရှိုသည် ဟာကွက်တစ်ခု ရှာတွေ့လိုက်ပြီး မေးခွန်းတစ်ခုအား ရဲရဲဝံ့ဝံ့ထုတ်လိုက်၏။
ယဲ့ကျွင်းလင်သည် လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ချလိုက်ပြီး သူ၏ အကြည့်က လင်တုရှိုထံ စူးစိုက်ကျရောက်သွားခဲ့သည်။ ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် သူက လေးနက်စွာ ဆိုသည်။
“ဘာကြောင့်လဲဆိုတော့ ငါ OCD (အစွဲအလမ်းစိတ်ရောဂါ) ရှိနေလို့ပဲ"