လူမလာတဲ့ အစည်းအဝေး
Vol. 43 Ch. 596
ဆယ်ရက်တာ အချိန်ကာလမှာ လျင်မြန်စွာ ဖြတ်သန်းကျော်လွှားသွားခဲ့သည်။
ထိုက်ရွှမ်းပြည်နယ်၏ အစည်ကားဆုံး ဒေသတွင် လက်ရာမြောက်ပြီး ကျက်သရေရှိသော နန်းဆောင်တစ်ခုက မြင့်မားစွာ တည်ရှိနေပြီး အမျိုးမျိုးသော အစီအရင်များ ဖွဲ့စည်းပါဝင်ကာ မှုန်မှိုင်းသော ခရမ်းရောင်ချီ အငွေ့အသက်များဖြင့် ခြုံလွှမ်းပြည့်နှက်နေသည်။
၎င်းမှာ တင်းဖုန့်နန်းဆောင် ဖြစ်သည်။ ကျင့်ကြံသူ အလွန်နှစ်ခြိုက်သဘောကျကြသော နေရာတစ်ခုဖြစ်ပြီး ဤထူးခြားသော နန်းဆောင်အတွင်း၌ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ဆက်သွယ်နိုင်ကာ ယုံကြည်စိတ်ချရသော ထောက်လှမ်းရေး အရင်းအမြစ်များကို ရယူနိုင်သည်ဟု ဆို၏။ အတိုချုပ်အားဖြင့် တင်းဖုန့်နန်းဆောင်သို့ ဝင်ရောက်နိုင်ခြင်းသည် အထက်တန်းအကျဆုံး ကျင့်ကြံရေး စက်ဝိုင်းထဲသို့ ခြေချနိုင်ခြင်းကို ဆိုလိုသည်။
၎င်းသည် အလယ်ပိုင်းဒေသ ကျင့်ကြံရေးလောကမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ စုဝေးရာနေရာ ဖြစ်သည်။
သို့သော် အပြင်လောကမှ မသိသောတစ်ချက်မှာ တင်းဖုန့်နန်းဆောင်သည် အမှန်တကယ်တွင် ရွှယ်ထျန်း သူတော်စင်နယ်မြေ၏ ပိုင်ဆိုင်မှုများထဲမှ တစ်ခု ဖြစ်နေခြင်းပင်။ ထို့ကြောင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် ၎င်း၏ ပထမဆုံး အစည်းအဝေးအတွက် တင်းဖုန့်နန်းဆောင်တစ်ခုလုံးအား လွယ်လွယ်ကူကူ ကြိုတင်ဘွတ်ကင်လုပ်ထားနိုင်ပြီး အရေးပါသော ဧည့်ခံခန်းမအဖြစ် အသုံးပြုနိုင်ခဲ့လေသည်။
တင်းဖုန့်နန်းဆောင်၏ အပေါ်ဆုံးထပ်တွင် ခမ်းနားထည်ဝါပြီး ကျယ်ဝန်းတောက်ပသော ခန်းမဆောင်တစ်ခု ရှိသည်။ ယဲ့ကျွင်းလင်သည် လက်များကို အနောက်သို့ပစ်ကာ လက်ရန်းရှေ့တွင် ရပ်နေရင်း အရှေ့မှ လှိုင်းထနေသော တိမ်တိုက်များကို ငေးကြည့်ကာ အတွေးများကြား နစ်မျောလျက်ရှိ၏။
“ဒီအသီးတွေက အရမ်းစားကောင်းတယ်” ပုရှောင်ရှီးသည် အထူးဧည့်သည်များအတွက် သီးသန့်ချထားပေးသော ထိုင်ခုံပေါ်တွင် ထိုင်လျက် သူ၏ ခြေထောက်တိုတိုလေးများကို အဆက်မပြတ် ယမ်းခါနေပြီး အရှေ့မှ ပန်းကန်ပေါ်ရှိ ဒေသထွက် အသီးတစ်လုံးကို လက်သေးသေးလေးဖြင့် ကောက်ကိုင်ကာ တစ်ကိုက်ကိုက်လိုက်သည်။ အရည်များ ရွှမ်းခနဲ စင်ထွက်လာပြီး အရသာက လူကို လန်းဆန်းစေသောကြောင့် သူမ၏ချစ်စဖွယ်မျက်နှာလေးမှာ ပျော်ရွှင်မြူးတူးလျက်ရှိတော့၏။
“တကယ်ပဲ အဲဒီလောက် စားကောင်းသလား" မှိုဘုရင်သည် ပျင်းရိစွာဖြင့် အနားကပ်လာပြီး မြည်းစမ်းကြည့်ဖို့တွေးလိုက်သည်။
“အရမ်းကောင်း၊ အဲ့ဘက်မှာလည်း ရှိတယ်လေ" ပုရှောင်ရှီးသည် အခြားတစ်ဖက်သို့ လက်ညှိုးထိုးပြလိုက်ရာ အရောင်အသွေးစုံသော အသီးအမျိုးမျိုးကို အသီးပန်းကန်ပေါ်တွင် စီတင်ထားသည်အား မြင်လိုက်ရ၏။
မှိုဘုရင်ကြီးသည် တောင့်တင်းသွားပြီး နှုတ်ခမ်းနည်းနည်း တွန့်လှုပ်သွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ “ကျွန်တော် မစားတော့ဘူး၊ ဆရာတူအစ်မပဲ စားလိုက်တော့။”
အဘယ့်ကြောင့်ဆိုသော် ထိုအသီးများမှာ မှိုနှင့်အလွန်ဆင်တူနေသောကြောင့်ပင်။ သူအဘယ်မှာ စိတ်ဖြောင့်ဖြောင့်ထားလျက် စားနိုင်ပါမည်နည်း။
“ငါတို့ ဒီမှာ နှစ်နာရီနီးပါးလောက် စောင့်နေခဲ့တာတောင် လူတစ်ယောက်တောင်မှ မလာသေးဘူး။ သူတို့ တကယ်ပဲ ဘေးကင်းကင်းမနေချင်ကြတော့ဘူးလား။"
ဟုန်ချန်ယဲ့သည် ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး မျက်လုံးများက အေးစက်စက်တောက်ပလာကာ စိတ်မကြည်လင်သော လေသံဖြင့် ပြောလိုက်သည်။
“ကျက်သရေတုံးလိုက်တာ၊ ငါတို့ရဲ့ဆရာသခင်ကို မျက်နှာသာမပေးချင်ဘူးပေါ့။ ငါ နောက်မှ တစ်ယောက်ချင်းစီလိုက်ရှာပြီး သတ်ပစ်ဦးမယ်"
လီဝူကျယ်က ဒေါသတကြီး ပြောဆိုနေပြီး ဓားကို ချက်ချင်းဆွဲထုတ်ကာ သွေးအရသာခံခိုင်းတော့မည့်ဟန် ကြုံးဝါးနေသည်။
ကောင်းပုလီမှာတော့ မသက်မသာထိုင်နေရင်း စိတ်ထဲမှ တိုးတိုးလေးရေရွတ်မိ၏။ “ထူးဆန်းလိုက်တာ၊ ဘယ်သူမှ မလာဘူးဆိုတာ မဖြစ်နိုင်ပါဘူးနော်။"
ဒါကြီးကတော့ အရမ်းအူကြောင်ကြောင်နိုင်တယ် မဟုတ်ဘူးလား။
သူသည် ယဲ့ကျွင်းလင်အတွက် အားကောင်းသော အရှိန်အဟုန်ကို ထူထောင်ရန်နှင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ မဟာမိတ် ခေါင်းဆောင်အဖြစ် တရားဝင် ထောက်ခံပေးရန် သူ၏ဖုံးကွယ်ထားဆဲ နောက်ခံအထောက်အထားကိုပင် အပြင်လောကဆီ ထုတ်ဖော်ပေးခဲ့ရ၏။ ယခုတော့ ထိုအားထုတ်မှုအားလုံး အချည်းနှီးဖြစ်ရပေတော့မည်။
“အိမ်း၊ မျှော်လင့်ချက် သိပ်မရှိတော့ဘူး ထင်တယ်” စန်းလန်ကျွင်းက သက်ပြင်းချသည်။
သူသည် ယဲ့ကျွင်းလင်တွင် လက်ရှိ ကြီးမားသောဂုဏ်သတင်း ပိုင်ဆိုင်ထားသည်အား ဝန်ခံသော်လည်း ဤအစီအစဥ်မှာကား အနည်းငယ် အလွန်အကြူးဖြစ်နေသေးသည်ဟု ခံစားရ၏။ သို့သော် လူတစ်ယောက်မှမလာခြင်းသည် ပြဿနာတစ်ခုမှမဖြစ်ခြင်းကို ဆိုလိုသောကြောင့် တစ်မျိုးတော့ကောင်းပါသည်။
မည်သို့ပင်ဆိုစေကာမူ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ မဟာမိတ်ခေါင်းဆောင် ရာထူးသည် သိမ်းပိုက်ရလွယ်ကူသောနေရာ မဟုတ်ချေ။
လူတိုင်း အစည်းအဝေးကြီး ပျက်စီးသွားတော့မည်ဟု တွေးထင်နေစဥ် ရုတ်တရက် ကောင်းကင်မှ ပြင်းပြသော လေတိုးသံတစ်ချက် ကြားလိုက်ရသည်။
ယဲ့ကျွင်းလင် သူ၏ မျက်လုံးများကို မှေးကျဥ်းလိုက်သည်၊ “တစ်ယောက်ယောက် ရောက်လာပြီ။”
ဝှစ်
တောက်ပသော အစိမ်းရောင် အလင်းတစ်ခုသည် ထူထပ်သော တိမ်တိုက်များကို ထိုးဖောက်သွားပြီး အလွန်ထက်ရှသော စွမ်းအင်ကို သယ်ဆောင်လာရင်း တင်းဖုန့်အဆောင်တော်ထက် လျင်မြန်စွာ ချဥ်းကပ်လာတော့၏။
ရောက်လာသူမှာ ဆံပင်ဖြူနှင့် ရိုးရှင်းသော အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုအဘိုးအိုသည် အစိမ်းရောင် ဓားအလင်းပေါ်တွင် ခြေချနေပြီး လက်များကို နောက်သို့ပစ်ထားသည်။ သူ၏ မျက်နှာသည် ရေတွင်းဟောင်းတစ်ခု၏ ရေမျက်နှာပြင်ကဲ့သို့ အနှောင့်ကင်းစွာ ငြိမ်သက်နေပြီး နက်ရှိုင်းသော မျက်လုံးများသည် လောကရှိ အရာအားလုံးကို ခွဲခြားသိမြင်နိုင်စွမ်း ရှိပုံရ၏။
ယဲ့ကျွင်းလင်တစ်ယောက် လက်ရန်းရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လူတိုင်းသည် ဤ အသက်အရွယ်ကြီးရင့်သော ပြန်လည်ရှင်သန်နိုးထလာသူကို မြင်လိုက်ကြရ၏။
“ဒီ အဘိုးအိုမှာရှိတဲ့ စွမ်းအင်က နည်းနည်း ထူးဆန်းတယ်၊ အတွင်းကြေဒဏ်ရာ တစ်ခုခု ရှိနေသလိုမျိုး၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံဆင့်က ငါနဲ့အတူတူလောက်ပဲ"
ဟုန်ချန်ယဲ့ မျက်ခုံးများကိုပင့်ကာ အကဲခတ်ရင်း မထီမဲ့မြင် စကားဆိုလိုက်သည်။
“ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါ၊ ဘယ်သူမှ မလာတာထက်စာရင် ပိုကောင်းပါတယ်” ကောင်းပုလီက ခပ်မဲ့မဲ့ အပြုံးဖြင့် ဆိုသည်။
“ဟမ်” လီဝူကျယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာကို ခံစားမိပုံရကာ သူ၏ မျက်နှာတွင် ရှားပါးသော လေးလေးနက်နက် အမူအရာ ပေါ်လာပြီး ဆိုသည်။ “ဒီ အဘိုးအိုက မရိုးရှင်းဘူး”
ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသူအနေဖြင့် ဤ အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုအပေါ်တွင် ဆွေမျိုးပေါက်ဖော်လို ရင်းနှီးနေသည့်အသိကို ရုတ်တရက် ခံစားလိုက်မိသည်။ တစ်ဖက်လူသည် ပိပိရိရိ ဖုံးကွယ်ထားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်လောက်မည်ပင်။
ယဲ့ကျွင်းလင်၏ အကြည့်သည် မသိမသာဖြင့် အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအို၏ နောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ဘယ်သူမှ ထပ်မရှိသည်ကို မြင်သောအခါ နှလုံးသားထဲမှ စိတ်ပျက်လက်ပျက်ညည်းညူမိ၏။
တစ်ယောက်တည်းပဲ လာတာလား။ စနစ်ကလိုချင်တဲ့ အရေအတွက်နဲ့တော့ အတော်ကြီးကွာသေးတာပဲ။
ထားပါတော့၊ ဧည့်သည်က ဧည့်သည်ပဲ၊ ဧည့်ဝတ်ကျေပွန်လိုက်ကြတာပေါ့။
“တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး အထဲဝင်ပါ။” ယဲ့ကျွင်းလင် ရိုးရိုးသားသားပြုံးပြကာ လက်ကိုဆန့်တန်းကြိုဆိုလိုက်သည်။
အဘိုးအိုသည် ခေါင်းညိတ်ပြီး ကျက်သရေရှိစွာ စင်္ကြံပေါ်သို့ ဆင်းသက်လာသည်။ ယဥ်ကျေးသိမ်မွေ့သော ကိုယ်ဟန်အမူအရာနှင့် ခါးအထိ ရှည်သော ဆံပင်ဖြူရှိသည့် ချောမောသော လူငယ်ကို ကြည့်ရင်း သူသည် လက်များကို ဆုပ်ကိုင်အရိုအသေပြုကာ ဦးညွှတ်လိုက်ပြီး အစမ်းသဘော မေးမြန်းလိုက်သည်။ “အရှင်က မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ ဦးဆောင်သူ ဟုတ်ပါသလား။”
ယဲ့ကျွင်းလင်၏ ပုံသဏ္ဌာန်မှာ အဆုံးအစ မရှိသော ပင်လယ်ကဲ့သို့ ခံစားရစေပြီး အဆုံးသတ်ကို မမြင်နိုင်သလို ခွဲခြားသိမြင်လို့လည်း မရနိုင်ခဲ့ပေ။
“ဟုတ်ပါတယ်၊ ကျွန်တော်က ယဲ့ကျွင်းလင်ပါ။” ယဲ့ကျွင်းလင်လည်း ပြန်လည်အရိုအသေပြုလိုက်သည်။
တစ်ဖက်လူသည် ပြင်ပလောကတွင် နာမည်ကျော်ကြားသော အကြီးအကဲယဲ့ ဖြစ်ကြောင်း အတည်ပြုပြီးနောက် အဘိုးအို၏ မျက်ဆံများသည် မထိန်းချုပ်နိုင်ဘဲ ကျုံ့ဝင်သွားပြီး သူ၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးတစ်ခု လှုပ်ခတ်သွားသည်။
“အရှင်ကို ကြာမြင့်စွာကတည်းက လေးစားခဲ့တာပါ။” သူ၏ လေသံတွင် ရိုသေမှု အရိပ်အမြွက် ပါဝင်သည်။
တစ်ချိန်တည်းမှာပင် အဘိုးအိုသည် သူ့စိတ်ထဲ အလွန်ရှုပ်ထွေးနေသည်ကိုလည်း ခံစားမိရ၏။ အဘယ်ကြောင့်ဆိုသော် ရှေးခေတ်က ယဲ့ကျွင်းလင်အမည်ရှိ မသေမျိုးကျင့်ကြံသူကို သူ တစ်ခါမှ မကြားဖူးသောကြောင့်ပင်။ သူပဲ အသိဉာဏ်နည်းပါးနေခဲ့တာလား။
“ဒီ တာအိုရောင်းရင်းရဲ့ နာမည်က…” ယဲ့ကျွင်းလင် ပုံမှန်အတိုင်း မေးလိုက်သည်။
“ကျွန်တော်က ချင်းလျန် ဓားမသေမျိုးပါ။”
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ယဲ့ကျွင်းလင် မည်သည့်အရာမှ မပြောနိုင်မီ သူ၏ နောက်ဘက်မှ စန်းလန်ကျွင်း၏ အံ့သြတကြီး အော်ဟစ်သံ ကျရောက်လာသည်။
“အလို ဘုရားရေ၊ အရှင်က ချင်းလျန် ဓားမသေမျိုးလား”
စန်းလန်ကျွင်း၏ အမူအရာသည် ထိတ်လန့်တကြားနှင် ဒဏ္ဍာရီထဲမှ နတ်ဘုရားကို မြင်လိုက်ရသည့်အလား။
“ဒီ အဘိုးအိုက အရမ်း နာမည်ကြီးသလား” ဟုန်ချန်ယဲ့၏ အမူအရာ ပြောင်းလဲသွားသည်။
“မင်း မသိဘူးလား၊ ဒီ အကြီးအကဲဟာ တစ်ချိန်က ခွင်းလွင်ကမ္ဘာတစ်ခုလုံးရဲ့ အသိအမှတ်ပြုခံ မဟာ ဓားမသေမျိုးဖြစ်သလို ထိပ်တန်း မသေမျိုးဧကရာဇ် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်တယ်။ မသေမျိုးသူတော်စင် အတော်များများတောင် အကြီးအကဲရဲ့ အလားအလာကိုမြင်ပြီး သူတို့ရဲ့နောက်လိုက်အဖြစ် စုဆောင်းခေါ်ယူဖို့ အကျိုးအမြတ်များစွာ ပေးကမ်းသိမ်းသွင်းခဲ့ပေမဲ့ အကြီးအကဲက အားလုံးကိုငြင်းပယ်ခဲ့တာလေ"
စန်းလန်ကျွင်းသည် အလွန် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ဤနေရာတွင် ဤ ဒဏ္ဍာရီလာ လူသားမျိုးနွယ် ဓားမသေမျိုးကို တွေ့ဆုံရခြင်းသည် သူ့အတွက် မမျှော်လင့်ထားဘဲ ကံစမ်းမဲပေါက်သွားသည့်အလား။
ဤရှင်းပြချက်ကို ကြားသောအခါ ဟုန်ချန်ယဲ့လည်း အနည်းငယ် အံ့အားသင့်သွားသည်။ အတွင်းဒဏ်ရာနှင့် မတည်မငြိမ် စွမ်းအင်ရှိသော ဤ အဘိုးအိုတွင် ထိုမျှ နက်နဲသော နောက်ခံ ရှိနေသည်လား။
“ဟမ့် ငါ သိသားပဲ၊ ဒီ အဘိုးအိုက သေချာပေါက် မရိုးရှင်းဘူးဆိုတာ။” လီဝူကျယ်က သေချာသွားသောအသံဖြင့် ဆိုသည်။
“ချင်းလျန် ဓားမသေမျိုးလား။ အင်း၊ တစ်ချိန်က ငါလည်း သူ့ကို ကောင်းကောင်းကြားဖူးခဲ့တယ်။" ကောင်းပုလီကလည်း ခေါင်းညိတ်လျက် ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဧကရီဖူယောင်၏ အစောင့်ခွေးအဖြစ် အမှုထမ်းခဲ့သော နှစ်များအတွင်း သူ့ကို လာရောက် တွေ့ဆုံသူများသည် မသေမျိုးဧကရာဇ်အဆင့်ရှိ ပုဂ္ဂိုလ်များသာ ဖြစ်သည်။ ချင်းလျန် ဓားမသေမျိုးတွင် ဂုဏ်သတင်း အတော်အတန် ရှိသော်လည်း သူ၏ စွမ်းရည်သည် မသေမျိုးဧကရာဇ် နယ်ပယ်မှ ဆက်မတက်နိုင်သေး။ သို့သော် သူ့တွင် ကြီးမားသော အလားအလာ ရှိသည်။ တစ်နေ့တွင် သူသည် မသေမျိုးသူတော်စင်အဖြစ် တက်လှမ်းနိုင်ကာ ထိုထက်ပိုမြင့်သော အနေအထားကိုပင် လက်လှမ်းထိတွေ့နိုင်ချေ ရှိနေခဲ့၏။
ကောင်းပုလီကို ထူးဆန်းသည်ဟု ခံစားရစေသည်မှာ တစ်ဖက်လူ၏ လက်ရှိ အခြေအနေသည် အလွန် ဆိုးရွားနေပြီး နာတာရှည် ရောဂါများဖြင့် ဖျားနာခံစားနေသကဲ့သို့ ကျင့်ကြံဆင့် ပိတ်ဆည်းခံနေရခြင်းပင်။ တစ်ချိန်က သူ မှော်ကြေးမုံသုံး၍ ခိုးကြည့်ခဲ့စဥ်က မြင်တွေ့ခဲ့ရသော စိတ်အားထက်သန်ပြီး ခွန်အားကြီးသော ရုပ်ရည်ခွန်အားနှင့် လွန်စွာ ကွဲလွဲကွာခြားနေခဲ့သည်။
အဘယ်ကြောင့် ဤမျှပြောင်းလဲသွားခဲ့ရပါသနည်း။
"အားလုံး အတိတ်တွေပါပဲဗျာ"
ချင်းလျန် ဓားမသေမျိုးသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်ပြီး သူ့ကို ဦးစွာ မှတ်မိနိုင်ခဲ့သော ယဥ်ယဥ်ကျေးကျေးဟန် အဘိုးအိုကို ကြင်ကြင်နာနာပြုံးပြလျက် မိတ်ဆွေဖွဲ့မိသည်။ "တာအိုရောင်းရင်း၊ ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရမလား”
“ဒီငယ်သားနာမည်က စန်းလန်ကျွင်းပါ” စန်းလန်ကျွင်းက လေးစားစွာဖြင့် ဆိုသည်။ “အကြီးအကဲ၊ ကျွန်တော် အရင်က ခင်ဗျားကို အရမ်း လေးစားအားကျခဲ့တာပါ"
“ဟမ်”
ထိုစကားကို ကြားသောအခါ ချင်းလျန် ဓားမသေမျိုး၏ မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တင်းသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ မျက်လုံးများက စူးရှသော အေးစက်သည့် အလင်းကို ထုတ်လွှတ်လာကာ အော်ဟစ်ပြောဆိုလာတော့၏။
“မင်း လူယုတ်မာ! ဒါဆို မင်းက ပစ္စည်းအတုလုပ်ရတာ ကြိုက်တဲ့ ဟိုကြွက်စုတ်ကောင်လား။ ငါ မင်းကို အသည်းအသန်လိုက်ရှာနေခဲ့တာ ကြာပြီ။ မင်း ငါ့ရှေ့မှာ ဒီလိုပေါ်လာဖို့ သတ္တိရှိသေးတယ်ဆိုတာ မယုံနိုင်ဘူး"
ချင်းလျန် ဓားမသေမျိုးသည် အနှစ်နှစ်အလလက ရန်သူကိုမြင်လိုက်ရသကဲ့သို့ ဒေါသူပုန်ထလာတော့သည်။
စန်းလန်ကျွင်း- “…”
ကြည့်ရတာ ငါကလိခဲ့ဖူးတဲ့ သားကောင်တစ်ကောင်ဖြစ်လောက်တယ်။
အရေးတကြီး အကူအညီလိုအပ်နေပါပြီနော်။