← Chapters

အကျိုးအမြတ်ကြီးကြီးရ

Vol. 43 Ch. 597

အကျိုးအမြတ်ကြီးကြီးရ

Vol. 43 Ch. 597

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ယဲ့ကျွင်းလင်၏ အမူအရာက ထူးဆန်းနေပြီး နံဘေးမှ အူကြောင်ကြောင် စန်းလန်ကျွင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။ “ရှောင်စန်း၊ မင်း တာအိုရောင်းရင်း ချင်းလျန်ကို ဘယ်တုန်းက ထိပါးခဲ့သေးတာလဲ။"

စန်းလန်ကျွင်းသည် သူလည်းမသိပါကြောင်း ပြသရန် စိတ်ပျက်စွာ လက်များဖြန့်ကာ ပုခုံးတွန့်ပြသည်။။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုစဥ်က လူပေါင်းများစွာကို လှည့်ဖြားခဲ့သဖြင့် နာမည်ကြီးသော ချင်းလျန် ဓားမသေမျိုးသည် သူ့သားကောင်များထဲတွင် မည်သို့မည်ပုံ ပါဝင်ပက်သက်နေခဲ့သည်အား ပြန်ဖော်လို့မရနိုင်။

“အာ... အကြီးအကဲ၊ ကျွန်တော်တို့ကြား အထင်အမြင်လွဲမှားမှု တစ်ခုခု ရှိနေလောက်မယ်ထင်တယ်နော" စန်းလန်ကျွင်းသည် ခပ်တောင့်တောင့် အပြုံးတစ်ခုကို အတင်းအကျပ် ပြုလုပ်ကာ ယင်ကောင်ကဲ့သို့ လက်နှစ်ဖက်ကို မနေတတ်မထိုင်တတ်ပွတ်သပ်ရင်း လေသံပျော့လေးဖြင့် မေးသည်။

“ဟမ့်” ချင်းလျန် ဓားမသေမျိုး၏ မျက်နှာသည် ပို၍ပင်မည်းမှောင်သွားပြီး ဒေါသတကြီး လက်ကို ဝှေ့ယမ်းကာ အော်ဟစ်သည်။

“ငါ မှတ်မိနေသေးတယ်၊ ငါ ကာကွယ်ရေးမှော်ပစ္စည်းတစ်ခု အရေးပေါ်ဝယ်ဖို့ လိုနေတုန်းကပေါ့၊ မလိုအပ်တဲ့ အာရုံစူးစိုက်မှုတွေ မရှိစေဖို့ ငါ့မူရင်းပုံစံကို ဖုံးကွယ်ပြီး နာမည်ကြီးတဲ့ မှောင်ခိုဈေးတစ်ခုကိုသွားပြီး ကံစမ်းခဲ့တာ။ အဲ့ဒီမှာ ဒိုင်းပုံသဏ္ဍာန် မှော်ပစ္စည်းတစ်ခုကို ငါ တွေ့ခဲ့တယ်။ အဲဒါက ထိပ်တန်း မသေမျိုးဧကရာဇ်အဆင့် မသေမျိုးအဆောင်ပစ္စည်းကိုမှ အချောမသတ် မသန့်စင်ရသေးတဲ့ ပုံစံကြမ်းဖြစ်နေတော့ တခြားသူတွေ ရှာတွေ့သွားမှာစိုးလို့ ငါလည်း လိုလိုချင်ချင်နဲ့ ထိပ်တန်းအဆင့် မသေမျိုးသလင်းကျောက်၁သိန်းကို အမြန် ပေးချေဝယ်ယူခဲ့တယ်။ ပြီးတော့ မှောင်ခိုဈေးကနေ အမြန်ပဲပြန်ထွက်လာခဲ့လိုက်တယ်"

“နောက်တော့ လုံခြုံတဲ့နေရာတစ်ခုရှာပြီး အကျအနနေရာယူပြီးမှ အဲဒီ မှော်ပစ္စည်းကို သေချာ ထုတ်ယူပြီး လေ့လာလိုက်တဲ့အခါ အယောင်ဆောင်ထားတဲ့ အစုတ်အပြတ်သံထည်တစ်ခုဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒေါသလည်းထွက် ထိတ်လည်းထိတ်လန့်ပြီး လာရာလမ်းကြောင်းအတိုင်း ပြန်သွားခဲ့ပေမဲ့ ရောင်းသူက ပျောက်သွားခဲ့တာ ကြာပြီတဲ့လေ။ ငါ့မှာ ဒေါသကိုဖိနှိပ်ဖို့ရာပဲ တတ်နိုင်ခဲ့ပြီး ခွင်းလွင်ကမ္ဘာမှာ ဘယ်သူက ဒီလောက်တစ်ထပ်တည်းကျတဲ့ အတုလုပ်နိုင်စွမ်း ရှိသလဲဆိုတာ နေရာအနှံ့စုံစမ်းခဲ့တယ်။ အံ့သြစရာကောင်းတာက အထောက်အထား သက်သေသာဓကအားလုံးဟာ စန်းလန်ကျွင်းလို့ခေါ်တဲ့ ကျင့်ကြံသူတစ်ဦးတည်းကို ညွှန်ပြနေခဲ့တာပဲ။ နောက်မှပဲ လွန်ခဲ့တဲ့ နှစ်တွေက တာအိုရောင်းရင်းတွေ အများကြီး သူ့ဆီကနေ လှည့်စားခံခဲ့ရတာကို ငါ သိခဲ့ရတယ်။”

ချင်းလျန် ဓားမသေမျိုးသည် ပြောလေပြောလေ ပို၍ ဒေါသထွက်လာလေ ဖြစ်လာပြီး တံတွေးများ စင်ထွက်ကာ မဟာဓားမသေမျိုး၏ ဂုဏ်သိက္ခာရှိသော အသွင်အပြင်မှာလည်း ပျက်စီးခဲ့ရလေပြီ။ မတရားသဖြင့် လှည့်စားခံခဲ့ရသည့် ဤဖြစ်ရပ်သည် သူ့ဘဝတွင် မည်မျှကြီးမားသော အစွန်းအထင်းဖြစ်ခဲ့သည်မသိ၊ ယခုထိတိုင် အငြှိုးမပြေသေးပုံက‌တော့ မြင်သည့်အတိုင်းပါပင်။

သူ ထိုစဥ်က ထို မှော်ပစ္စည်းကို မြင်သောအခါ အမြတ်အစွန်းကြီးကြီးမားမား ရလေပြီဟူသောစိတ်ဖြင့် အလွန်တက်ကြွအူမြူးခဲ့ရ၏။ မည်သို့ပင် မှောင်ခိုဈေးမှ ဆိုစေကာမူ ၎င်းသည် ထိပ်တန်း မသေမျိုးဧကရာဇ်အဆင့် မသေမျိုးအဆောင်ပစ္စည်း စစ်မှန်ပါက ခွင်းလွင်ကမ္ဘာတွင် အဖိုးမဖြတ်နိုင်သော အကျိုးအမြတ်တစ်ခုဟု ယူဆမည်ဖြစ်ပြီး ထိပ်တန်းအသိုင်းအဝိုင်းများတွင်သာ ခဲခဲယဥ်းယဥ်း ဝယ်ယူရရှိနိုင်သော ပစ္စည်းမျိုးဖြစ်သည်။

ထို့အပြင် ထိုကဲ့သို့သော မသေမျိုးအဆောင်ပစ္စည်း၏ စျေးနှုန်းသည် ထိပ်တန်းအဆင့် မသေမျိုးသလင်းကျောင်း တစ်သိန်းမျှသာ မကမည်မှာ သေချာသည်။ အနည်းဆုံး ထိပ်တန်းအဆင့် မသေမျိုးသလင်းကျောက် တစ်သန်းခန့်တော့ ဖြစ်နိုင်မည်ပင်။

ထို့ကြောင့် ချင်းလျန် ဓားမသေမျိုးသည် အချီကြီးကြီး မိလိုက်လေပြီဟု ထင်မှတ်ကာ ပစ္စည်းကို သေချာမစစ်ဆေးဘဲ အလျင်အမြန် ပေးချေဝယ်ယူခဲ့ခြင်းပင်။ တုန်ယင်လှုပ်ရှားနေသော နှလုံးသားနှင့် ထို အလားအလာကြီးမားသည့် မှော်ပစ္စည်းကို ထုတ်ကြည့်လိုက်သောအခါတွင် တွေ့ခဲ့ဖူးသော အရောင်အဝါတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကာ ကြေးနီသံထည်အစုတ်အပြတ် တစ်ခုကိုသာ တွေ့လိုက်ရတော့၏။

တစ်ခဏချင်းအတွင်း ကြုံတွေ့ခဲ့ရသော စိတ်ပိုင်းဆိုင်ရာ အတက်အကျမှာ မိုးနှင့်မြေပင်။ ၎င်းသည် ကောင်းကင်မှ ငရဲသို့ ထိုးကျသွားရသည့်အလား။ သူ၏ မယုံကြည်နိုင်သော မျက်လုံးများတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ရောယှက်ကာ မီးထတောက်တော့မည့်အလား ထင်ရသည်။

ထိုအချိန်မှစ၍ ချင်းလျန် ဓားမသေမျိုးသည် နိယာမတစ်ခုကို စွဲမှတ်ယုံကြည်ခဲ့ရ၏။ ပုံမှန်မဟုတ်သော အကျိုးအမြတ်တစ်ခုတွင် ပေးဆပ်မှုတစ်ခုတော့ ရှိရမည် ဟူ၍ပင်။ ထိပ်တန်းအဆင့် မသေမျိုးသလင်းကျောက် တစ်သိန်းကို ပေးချေခဲ့ရသည်မှာ ကြွယ်ဝလှပါသည်ဆိုသော မသေမျိုးဧကရာဇ် အများစုကိုပင် အတော်လေး အထိနာစေသည့် ဆုံးရှုံးမှု ဖြစ်သည်။

ချင်းလျန် ဓားမသေမျိုးသည် ထိုအချင်းအရာကို ပြန်လည်စဥ်းစားတိုင်း ဦးနှောက်မပါသော အရူးကြီးတစ်ယောက်လို ခံစားရသည်။ အမှိုက်တစ်စအတွက် မသေမျိုးသလင်းကျောက်တစ်သိန်း သုံးစွဲခဲ့ခြင်းသည်ကား အရူးမဟုတ်လျှင် ဘာဖြစ်ရဦးမည်နည်း။

အသက်သာဆုံးနည်းလမ်းမှာ ထိုအကြောင်းကို တစ်ခွန်းမဟဘဲ ရေငုံနှုတ်ပိတ်နေခြင်းသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ၏ မဟာဓားမသေမျိုးအဖြစ် ဘုန်းတန်ခိုးကြီးသော ပုံရိပ်ကို ပျက်စီးစေမည်ကို စိုးရိမ်သောကြောင့်…

သူသည် ဤဘဝတွင်တော့ ထိုပြစ်မှုကျူးလွန်သူနှင့် ပြန်လည်တွေ့ဆုံရန် ခက်ခဲလိမ့်မည်ဟု မူလက ထင်ခဲ့သော်လည်း ဤနေရာတွင် ဗြုန်းစားကြီး ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။

“ကောင်းကင်မှာ မျက်လုံးတွေ ရှိတယ်။ ဒီ အဘိုးအိုကို အတုအယောင်တွေနဲ့လုပ်စားတဲ့ မင်းလို ကိုယ်ကျင့်တရားမဲ့တဲ့ လူယုတ်မာနဲ့ ထပ်ပြီး တွေ့ဆုံခွင့် ပေးခဲ့တာပဲ။"

ဤသို့ပြောပြီးနောက် ချင်းလျန် ဓားမသေမျိုးသည် အနားသို့ ဒေါသတကြီး အပြေးအလွှားရောက်လာကာ လက်ကိုမြှောက်ကာ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး စန်းလန်ကျွင်း၏ လည်ပင်းပေါ်သို့ လှစ်ခနဲတင်လိုက်တော့၏။ ဓားရောင်ခြည်မှာ သူ၏လည်ချောင်းမှ မီလီမီတာ အနည်းငယ်သာ ကွာဟတော့သည်။ နောက်တစ်စက္ကန့်တွင် ခေါင်းပြတ်ကျ‌တော့မည့် အခြေအနေပင်။

“အ-အကြီးအကဲ၊ ဒီကိစ္စကို စကားနဲ့ ဖြေရှင်းကြပါစို့။ အဲဒီတုန်းက ခင်ဗျားဖြစ်နေမှန်း ကျွန်တော် မသိခဲ့ပါဘူး…”

စန်းလန်ကျွင်းသည် အကြောက်လွန်နေပြီး ခန္ဓာကိုယ်ပင် တောင့်တင်း၍ မလှုပ်ရှားနိုင်ပေ။ ဤ ဒေါသူပုန်ထနေသော အဘိုးအိုထံမှ စိတ်မြန်လက်မြန် သတ်ဖြတ်ခြင်းကို ခံရမည်ကို အလွန်ကြောက်ရွံ့နေသည်။

သူ၏ လက်ရှိကျင့်ကြံဆင့်သည် မသေမျိုးဘုရင် နဝမကောင်းကင် ဖြစ်ပြီး တစ်ဖက်လူ၏ မသေမျိုးဘုရင် ပထမကောင်းကင် ကျင့်ကြံဆင့်ထက် အသာစီးရသော်လည်း စစ်မှန်သော စွမ်းရည်အရယှဥ်လျှင် စန်းလန်ကျွင်း အယောက်တစ်ရာသည်ပင် ဤသက်ကြီးရွယ်အိုကို အနိုင်မတိုက်နိုင်ပေ။

“ဒီ အဘိုးကြီးက…” ဟုန်ချန်ယဲ့၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး သူ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။အဘယ်ကြောင့်ဆိုသော် သူသည် ထို အပြာရောင် ဓားစွမ်းအင်မှ သေစေနိုင်လောက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။

ဟုန်ချန်ယဲ့သည် သူ့ကိုယ်သူ ကျင့်ကြံဆင့်တူချင်းတွေ့လျှင် မရှုံးနိမ့်ကြောင်း အမြဲ ဂုဏ်ယူခဲ့ပြီး ကျင့်ကြံဆင့်ပိုမြင့်သူများကိုပင် တက်လှမ်းစိန်ခေါ်ခြင်းသည် သူ့အတွက် သာမန်ဖြစ်ရပ်သာ။ သို့သော် ထိုအပြာရောင် ဝတ်ရုံနှင့် အဘိုးအို၏ လှုပ်ရှားမှုကို မြင်ပြီးနောက် သူသည် ရုတ်တရက် ဖိအားပမာဏကို အတော်အတန်မျှ ခံစားလိုက်ရပြီး မျက်လုံးကိုပင် လျင်လျင်ထား၍ သတိကပ်လိုက်ရသည်။

“ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒပဲ” လီဝူကျယ်၏ မျက်လုံးများ တောက်ပသွားသည်။ ထို အပြာရောင် ဓားစွမ်းအင်ပေါ်တွင် စီးဆင်းနေသော သိမ်မွေ့ညင်သာသည့် ဓားစိတ်ဆန္ဒအား ဓားသမားအချင်းချင်း မြင်တွေ့လိုက်နိုင်သည်ပင်။

ထို့အပြင် တစ်ဖက်လူ၏ ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒသည် ပိုမိုခိုင်မာတောင့်တင်းပြီး ပြည့်စုံခြင်း နယ်ပယ်သို့ပင် ရောက်ရှိနေသည်ကို သူ ခံစားမိရသည်။

မယုံနိုင်စရာပဲ။

ဓားသမားတစ်ယောက်အတွက် ထိုသို့ ပြည့်စုံခိုင်မာသော ဓားစိတ်ဆန္ဒဆိုသည်မှာ မည်မျှ တန်ဖိုးကြီးလိုက်ပါသနည်း။

လီဝူကျယ်သည် ရုတ်တရက် ရှက်ရွံ့မိသလို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒသည် လက်ရှိတွင် အနည်းငယ်မျှသာ အောင်မြင်ထားပြီး တစ်ဖက်ဓားသမား၏ ပြည့်စုံကောင်းမွန်သော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒနှင့် နှိုင်းယှဥ်ပါက ရွှံ့လုံးပျေ့ာနှင့် ပတ္တမြားခဲတမျှ ကွာခြားလေ၏။

ထိုအခိုက်အတန့်တွင် ချင်းလျန် ဓားမသေမျိုး၏ အာရုံစူးစိုက်မှုသည်ကား စန်းလန်ကျွင်းအပေါ်တွင် လုံးလုံးလျားလျား ရောက်ရှိနေသည်။ ပြစ်မှုကျူးလွန်သူ၏ တောင်းပန်တိုးလျှိုးမှုအား ရင်ဆိုင်ရင်း ချင်းလျန် ဓားမသေမျိုးသည် လှောင်ရယ်လိုက်သည်။ "မင်း ပြောချင်တာက ဒီ အဘိုးအိုကပဲ မလည်လို့ခံလိုက်ရတဲ့သဘောလား"

အပြာရောင် ဓားစွမ်းအင်သည် လည်ပင်းတစ်ဝိုက်တွင် မာန်ဖီနေပြီး စန်းလန်ကျွင်း၏ မျက်နှာကို အရောင်အသွေး ဖြူဖျော့စေကာ ကြက်သီးဖြန်းဖြန်းသည် ကျောရိုးမှ ဦးခေါင်းထိပ်သို့ တည့်တည့်တက်သွားပြီး ဦးရေပြားသည်ပင် ပေါက်ကွဲလုနီးပါး ထုံကျဥ်လာရ၏။ ထို့နောက် အရဲစွန့်ကာ ငိုချလုနီးနီး အသံတုန်တုန်ဖြင့် အသနားခံမိသည်။ “အကြီးအကဲ၊ ခင်ဗျား ကျွန်တော့်ဆီကနေ ဘာကိုလိုချင်လို့ပါလဲ"

“အဲဒါကို မေးဖို့တောင် လိုသေးလား” ချင်းလျန် ဓားမသေမျိုးသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ အသံကုန်ဟစ်အော်သည်။

“စောက်ကျိုးနည်း၊ ငါ့ငွေပြန်အမ်း!”

ဒေါသအပြည့်ပါသည့် အိုမင်းသော အသံသည် တင်းဖုန့်နန်းဆောင်တစ်ခုလုံးကိုပင် သိမ့်သိမ့်တုန်ခါစေသည်။

“အမလေး၊ ကြောက်လို့ သေတော့မယ်!” ပုရှောင်ရှီးသည် သူမ၏ နားများကို ဖုံးအုပ်ကာ ယဲ့ကျွင်းလင်၏ နောက်ဘက်သို့ အပြေးပုန်းခိုသည်။

တည်ငြိမ်အေးချမ်းသော အသွင်မှ ဒေါသထွက်နေသော အဘိုးအိုအဖြစ်သို့ ပြောင်းလဲသွားသော ချင်းလျန် ဓားမသေမျိုးကို ကြည့်ရင်း စန်းလန်ကျွင်းသည် မတရားအနိုင်ကျင့်ခံရသည့် အမူအရာဖြင့် ဆိုသည်၊ “ငွေပြန်အမ်းဖို့ဆိုလည်း အေး‌ဆေးပြောပါ့လား။ ဘာလို့ ဒီလောက် အော်နေရတာလဲ။ မူရင်းစျေးရဲ့ ဆယ်ဆကို လျော်ကြေးပေးပါ့မယ်၊ ရပြီလား။"

“ဟမ့် အသိတရားတော့ ရှိသေးတာပဲ"

မြိုးမြိုးမြက်မြက် လျော်ကြေးပမာဏကို ကြားလိုက်ရသောအခါ ချင်းလျန် ဓားမသေမျိုး၏ ဒေါသသည် အနည်းငယ် ငြိမ်သက်သွားသည်။

“မဟုတ်ရင်တော့ ဒီ အဘိုးအိုက ကောင်းကင်ကိုယ်စား မင်းလိုကပ်ဆိုးကောင်ကို အစွဲချွတ်ဖယ်ရှားပေးရတော့မယ်"

ကောင်းပုလီ၏ မျက်လုံးများ အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားပြီး စန်းလန်ကျွင်းကို ခေါင်းစခြေဆုံး တစ်ချက်ကြည့်လိုက်သည်။

“ဝိုး၊ ဒီလူ တော်တော် ချမ်းသာတာပဲ။”

ဆယ်ဆလျော်ကြေးဆိုသည်မှာ ထိပ်တန်းအဆင့် မသေမျိုးသလင်းကျောက် တစ်သန်း ဖြစ်သည်။ ၎င်းသည် မည်သည့် မသေမျိုးဘုရင်အတွက်မဆို စိတ်ကူးပင်မယဥ်နိုင်သော ကြွယ်ဝမှုမျိုးသာဖြစ်၏။ နှိုင်းယှဥ်ပြောဆိုရလျှင် မျက်နှာမွဲ မသေမျိုးဘုရင်လေးများဆိုလျှင် စုစုပေါင်း ထိပ်တန်းအဆင့် မသေမျိုးကျောက် တစ်သောင်းမျှ စုဆောင်းနိုင်လျှင်ပင် အတော်အသင့်ဟု ဆိုနိုင်ပေမည်။

မမျှော်လင့်ဘဲ စန်းလန်ကျွင်းသည် လက်တစ်ချက်ဝှေ့လိုက်ရုံဖြင့် ထိပ်တန်းအဆင့် မသေမျိုးကျောက် တစ်သန်းကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်ခဲ့သည်။ ဤကဲ့သို့သော ကြွယ်ဝချမ်းသာမှုမျိုးကား မသေမျိုးဧကရာဇ် အများအပြားကိုပင် အံ့အားသင့်စေလိမ့်မည်။

“ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါတွေအားလုံးက နှစ်တွေကြာအောင် နဖူးကချွေး ခြေမကျသည်အထိ ကြိုးစားပြီး စုဆောင်းထားတဲ့ စုဆောင်းငွေတွေပါ။”

စန်းလန်ကျွင်းသည် ရှက်ရွံ့စွာ သူ၏ သိုလှောင်အိတ်ကို ထုတ်ယူကာ စိတ်ရင်းမှန်ဖြင့် ချင်းလျန် ဓားမသေမျိုးကို ပေးအပ်ပြီး ဆိုသည်။ “အကြီးအကဲ၊ ကျေးဇူးပြု၍ လက်ခံပါ”

ချင်းလျန် ဓားမသေမျိုးသည် သိုလှောင်အိတ်ကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်ပြီး လှောင်ပြောင်သည့် လေသံဖြင့် ဆိုသည်၊ “ဒီလောကမှာ ပစ္စည်းတုရောင်းချတာက ပိုက်ဆံရအမြန်ဆုံးနည်းလမ်းဆိုတာတော့ ငါဝန်ခံပါတယ်။

“အကြီးအကဲ သက်ညှာပေးလွန်းပါတယ်” စန်းလန်ကျွင်းက ရှက်ရွံ့စွာ ဆိုသည်။

ကြီးမားသော လျော်ကြေးကို ရရှိလိုက်သောကြောင့် ချင်းလျန် ဓားမသေမျိုးသည် တစ်ဖက်လူကို စိတ်ရှုပ်ခံ၍ အဖက်မလုပ်ချိန်တော့။ သူသည် သိုလှောင်အိတ်ကို သူ့ဘာသာသူ ဖွင့်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သောအခါ သူ၏ မျက်နှာသည် ရုတ်တရက် အကြီးအကျယ်ပျက်ယွင်းလျက် စန်းလန်ကျွင်းကို နောက်တစ်ဖန် အော်ဟစ်ပြန်လေသည်။

“ဒီအချိန်အထိတောင် မင်း ဒီအဘိုးအိုကို လှည့်စားဖို့ ကြိုးစားရဲသေးတာလား!”

“သေစမ်း"

သူ ဆက်သည်းမခံနိုင်တော့ဘဲ လက်တစ်ဖက်တည်းဖြင့် အပြာရောင် ဓားစွမ်းအင်ကို တစ်ဖန် ထပ်မံစုစည်းကာ ထိတ်လန့်နေသော စန်းလန်ကျွင်းကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်…

All Chapters