စပရိုက်တိုက်ခံရ
Vol. 43 Ch. 598
သေမင်း၏ နီးကပ်လာသော အန္တရာယ်ကို ခံစားလိုက်ရသော စန်းလန်ကျွင်းသည် ချက်ချင်းသတိဝင်ကာ အထိတ်တလန့် အော်ဟစ်လာ၏။ “အ-အကြီးအကဲ၊ ဘာကြောင့် ဒီလောက်ထိ လုပ်ရတာလဲ"
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထို အပြာရောင်ဓားစွမ်းအင်သည် သူ့ထံသို့ ရိုက်ခတ်ခြင်း မပြုမီ လက်နှစ်ချောင်းကြားတွင် ပေါ့ပေါ့ပါးပါး ညှပ်ထိန်းခံလိုက်ရသည်။
“ခင်ဗျား…” ချင်းလျန် ဓားမသေမျိုးသည် အကြီးအကျယ် လန့်ဖျပ်သွားရတော့၏။ သူ၏ လမ်းကို ပိတ်ဆို့လိုက်သူမှာ ယဲ့ကျွင်းလင်မှတစ်ပါး အခြားသူမဟုတ်။
ယဲ့ကျွင်းလင်၏ လက်နှစ်ချောင်းသည် သံပြုတ်တူကဲ့သို့ အပြာရောင်ဓားရောင်ခြည်တန်းကို ခိုင်မြဲစွာ ညှပ်ထိန်းထားသည်။
ကြောက်မက်ဖွယ်ကောင်းသော အဆင့်မြင့် ဓားစိတ်ဆန္ဒသည် အားရှိသလောက်ရုန်းကန်ကာ ဆူပွက်ညည်းညူသံများပင် ထွက်လာသော်ငြား ထိုသူ၏ လက်နှစ်ချောင်းကြားမှ ထိုးဖောက်လွတ်ထွက်နိုင်ခြင်း မရှိပေ။
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ ဤအဘိုးအိုတွင် တကယ်ပင် ထူးခြားသော စွမ်းအင်တချို့ ကိန်းအောင်းနေပေ၏။ ကျင့်ကြံဆင့် ကွာခြားသော်လည်း ထိုသူ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သည် သူ၏ လက်ချောင်းများတွင် ဓာတ်လိုက်သကဲ့သို့သော ထုံကျင်ခြင်းကို အနည်းအကျဥ်းမျှ ဖြစ်ပေါ်စေခဲ့သည်။ သူတို့သာ အဆင့်တူဖြစ်ပါက ထိုစွမ်းအင်သည် သူ့လက်အရေပြားကိုပင် ပွန်းပဲ့ထိရှစေနိုင်လောက်မည်ပင်။
မည်မျှကြောက်စရာကောင်းလိုက်ပါသနည်း။
“တာအိုရောင်းရင်းယဲ့၊ ခင်ဗျား သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာလား။” ချင်းလျန် ဓားမသေမျိုးသည် နှလုံးသားထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားပြီး အိုမင်းသောမျက်နှာတွင် မျက်ခုံးများတွန့်ချိုးလျက်သားဖြင့် လေးလေးနက်နက်မေး၏။
သူခုတ်ချလိုက်သော ဓားချက်သည် ပြီးပြည့်စုံသော အဆင့်မြင့် ဓားစိတ်ဆန္ဒကို စုစည်းထားခြင်း ဖြစ်သည်။ သာမန် မသေမျိုးဧကရာဇ်တစ်ပါးပင်လျှင် ပေါ့ပေါ့ဆဆ ခုခံနိုင်မည် မဟုတ်သော်လည်း သူ၏ရှေ့မှ ဤ ဆံဖြူလူငယ်က လက်ချောင်းနှစ်ချောင်းတည်းဖြင့် ညှပ်ကိုင်ပိတ်ဆို့ထားနိုင်သည်။ နျိုပါ့ထျန်းတစ်ယောက် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရသည်မှာ အံ့သြစရာပင်မရှိတော့ချေ။
“ဘာပဲပြောပြော ရှောင်စန်းက ငါ့ဘေးကနောက်လိုက်ပဲ။ ခင်ဗျား သူ့ကို သတ်ချင်ရင် သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခု လိုအပ်တယ် မဟုတ်လား။ ဒါ့အပြင်၊ ခင်ဗျား ခုနက ဆယ်ဆလျော်ကြေးပေးဖို့ သဘောတူခဲ့တာ မဟုတ်ဘူးလား။ ဘာကြောင့် ရုတ်တရတ် စိတ်ပြောင်းသွားရတာလဲ။
ယဲ့ကျွင်းလင်က တစ်ဖန် အလေးအနက် မေးခွန်းထုတ်သည်။
“အကြီးအကဲယဲ့…” စန်းလန်ကျွင်းသည် မျက်ရည်များ ကျလုနီးပါး ထိမိသွားပြီး ရှောင်စန်းဟူသော နာမည်သည် ပထမဆုံးအကြိမ်အဖြစ် အင်မတန် ချစ်စရာကောင်းနေသည်ဟု ခံစားမိရ၏။
ချင်းလျန် ဓားမသေမျိုး၏ မျက်နှာသည် ရုတ်ချည်းမည်းမှောင်သွားပြီး အံတင်းတင်းကြိတ်ကာ ဖြေသည်။ “ဒီကောင်က လွန်လွန်းတယ်။ ဒီ အဘိုးအိုကို အဆုံးမရှိ လှည့်ဖြားနေတာ။ အဲဒီ သိုလှောင်အိတ်ထဲမှာ အဆင့်မြင့် မသေမျိုးသလင်းကျောက် တစ်လုံးတောင် မပါဘူး၊ အဆင့်မြင့် မသေမျိုးသလင်းကျောက် တစ်သန်းဆိုတာ ဝေးရော”
“ဟမ်” ယဲ့ကျွင်းလင်သည် အံ့အားသင့်စွာဖြင့် စန်းလန်ကျွင်းကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများက - လူလိပ်ကောင်လေး၊ မင်း တကယ်ပဲ ကိုယ်ကျင့်တရားမဲ့တာပဲ၊ အခြေအနေက ဒီအထိဆိုးရွားနေတာကို မင်းကထပ်ပြီးလှည့်ဖျားချင်သေးတယ်လား? ဟု ဆိုနေဟန်ရှိ၏။
စန်းလန်ကျွင်းသည်လည်း အလွန် ထိတ်လန့်သွားသည်။ “မဖြစ်နိုင်ပါဘူး၊ ကျွန်တော် ကြည့်ပါရစေဦး။”
ထို့နောက် သိုလှောင်အိတ်ကို ကောက်ယူပြီး ဂရုတစိုက် စစ်ဆေးကြည့်သောအခါ သူ့မျက်နှာသည်လည်း နားမလည်နိုင်သလို ရှုပ်ထွေးသွားခဲ့သည်။
“ဒါက…”
စန်းလန်ကျွင်း၏ အထင်တွင် သူသည် အဆင့်မြင့် မသေမျိုးသလင်းကျောက် အနည်းဆုံး နှစ်သန်းခန့်ကို စုဆောင်းထားခဲ့သော်လည်း ယခုအခါ သိုလှောင်အိတ်ထဲရှိ ရိုးရိုး မသေမျိုးသလင်းကျောက်အားလုံး ပေါင်းလိုက်လျှင် အဆင့်မြင့် မသေမျိုးသလင်းကျောက်တစ်လုံး၏ တစ်ဝက်စာမျှပင်မရှိ။
အကြမ်းဖျင်း တွက်ချက်ကြည့်လျှင် ရိုးရိုး မသေမျိုးသလင်းကျောက် ငါးရာခန့်သာ ရှိပေမည်။
ရိုးရိုး မသေမျိုးသလင်းကျောက် ငါးရာသည် သာမန် မသေမျိုးတစ်ဦးအတွက် အတော်အတန်များပြားသော ပမာဏဖြစ်သော်လည်း သူပေးရမည့် ကြွေးမြီနှင့် နှိုင်းယှဥ်လျှင် ရေတစ်စက်နှင့် သမုဒ္ဒရာ မျှ ကွာခြားနေပေသည်။ ရိုးရိုး မသေမျိုးသလင်းကျောက် တစ်ထောင်ပေါင်းမှ အဆင့်မြင့် မသေမျိုးသလင်းကျောက် တစ်လုံးနှင့် ညီမျှလေသည်။
ထို့ကြောင့် ချင်းလျန် ဓားမသေမျိုးသည် သိုလှောင်အိတ်ထဲရှိ မသေမျိုးသလင်းကျောက် အနည်းငယ်ကို မြင်သောအခါ ဒေါသထွက်ကာ စန်းလန်ကျွင်းသည် သူ့ကို တမင်သက်သက် အရှက်ခွဲနေသည်ဟု ခံစားရ၏။
ယဲ့ကျွင်းလင်၏ အမူအရာက ထူးဆန်းနေပြီး သူ့ကိုမေးလာသည်။ “ရှောင်စန်း၊ မင်း အဲဒီတုန်းက လူအများကြီးကို ငွေလိမ်ခဲ့သေးတာမဟုတ်လား။ အဲဒီ ပိုက်ဆံတွေ အခု ဘယ်ရောက်သွားပြီလဲ။"
“ဒီအဘိုးအိုကို ထပ်လိမ်ဖို့မကြိုးစားနဲ့။ မင်းမှာ စုဆောင်းငွေ ဒီလောက်ပဲ ရှိတယ်ဆိုတာကို ငါ လုံးဝ မယုံဘူး။” ချင်းလျန် ဓားမသေမျိုးက ဒေါသတကြီး ဆိုသည်။
“အိုး၊ သတိရသွားပြီ!”
စန်းလန်ကျွင်းသည် သူ့ခေါင်းသူ ရိုက်လိုက်ပြီး တောင်းပန်သည့် အမူအရာဖြင့် ဆိုသည်။ “မသေမျိုးဘုံကို တည်ထောင်ကြတုန်းက ကျွန်တော် လိုက်မသွားဖြစ်ခဲ့ပေမဲ့ ဂူအောင်းတော့မဲ့အချိန်မှာ ကျွန်တော့်ရဲ့ စုဆောင်းငွေ အများစုကို မြေးမလေးဆီ ချန်ထားဖြစ်ခဲ့တာပါ။ ဒါကြောင့် ပိုက်ဆံတွေအားလုံး သူ့ဆီမှာ ရောက်နေတာ။"
“မင်းမှာ မြေးမတစ်ယောက်တောင် ရှိသေးတာလား?” ယဲ့ကျွင်းလင် အလွန် အံ့အားသင့်သွားသည်။
စန်းလန်ကျွင်းက ခပ်မဲ့မဲ့ အပြုံးဖြင့် ဆိုသည်။ “အကြီးအကဲယဲ့၊ စကားကိုကြည့်ပြောပါ၊ မြေးရှိတာဘာဖြစ်လို့လဲ။"
“ဒါဆို မင်းရဲ့ မြေးမ ဘယ်မှာလဲ။ သူ့ကို သွားတောင်း” ချင်းလျန် ဓားမသေမျိုးက ဆိုသည်။
“ပြဿနာက ကျွန်တော့် မြေးမလေးက အဲ့ဒီတုန်းက ကျွန်တော်တို့ မျိုးနွယ်နဲ့အတူ မသေမျိုးဘုံကို လိုက်သွားခဲ့တာ။ ဒီလောက် နှစ်တွေ ကြာခဲ့ပြီ၊ သူ အခု ဘယ်မှာဘာဖြစ်နေလဲ မသိနိုင်ဘူး။ ဖြစ်နိုင်တာဆိုလို့ အိုး…” စန်းလန်ကျွင်းသည် တစ်စုံတစ်ရာကို စဥ်းစားမိပုံရပြီး ဝမ်းနည်းသောအမူအရာဖြင့် သက်ပြင်းချသည်။
ဤ အဆုံးမဲ့ရှည်လျားသော နှစ်များအလွန်တွင် အစွမ်းထက်သော မသေမျိုးဘုရင်တစ်ဦးပင်လျှင် ရှေးခေတ်မှ ယနေ့အထိ အမှန်တကယ် ရှင်သန်နိုင်ခဲ့ပါက သက်တမ်းကုန်ဆုံးလွန်မြောက်ကာ တရားထိုင်ရင်း သေဆုံးသွားမည် မလွဲချေ။
မသေမျိုးဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်ကြီးများပင်လျှင် သက်တမ်းပို ရှိနေခဲ့လျှင်တောင် ၎င်းတို့၏ နတ်ဘုရား ဝိညာဥ်သည် ဤရှည်လျားသော နှစ်များအတွင်း တဖြည်းဖြည်း ယိုယွင်းလာပြီး နောက်ဆုံးတွင် သက်မဲ့ခန္ဓာအဖြစ်သာ ကျန်ရစ်ပေမည်။
မသေမျိုးသူတော်စင် နယ်ပယ်အဆင့် အထက်ရှိ သတ္တဝါများသာလျှင် ထိုထက်ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားပြီး သူတို့၏ နတ်ဘုရား ဝိညာဥ်ကလည်း ခန္ဓာနှင့် စွမ်းအင်အား ပုံမှန်အခြေအနေမှ မယိုယွင်းအောင် ထိရောက်စွာ ထိန်းသိမ်းထားနိုင်သည်။
ထို့ကြောင့် စန်းလန်ကျွင်း ဤမျှဝမ်းနည်းနေရခြင်းပင်။ အချိန်တွေ ဒီလောက် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် သူ့ မြေးမလေးဟာလည်း သေဆုံးသွားဖို့ အလားအလာများနေသည်။
“မင်း ပြောချင်တာက ပိုက်ဆံပေးဖို့ မတတ်နိုင်တော့ဘူးပေါ့၊ ဟုတ်လား။” ချင်းလျန် ဓားမသေမျိုး၏ မျက်နှာထားကတော့ နည်းနည်းမှမလျှော့သေး။
“အကြီးအကဲ၊ ကျွန်တော့်ကို အဲ့လိုမစွပ်စွဲပါနဲ့။ ကျွန်တော့်မှာ ပိုက်ဆံရှိရင် ခင်ဗျားကို တကယ် နှစ်ဆလျော်ကြေးပေးမှာပါ၊ ဒါပေမဲ့ ကျွန်တော့်မှာလည်း မြင်တဲ့အတိုင်း ဒီလောက်ပဲ ကျန်တော့တာပါ။ အခုခဏတော့ ဒီလောက်နဲ့ကျေနပ်ပြီး ကျွန်တော် နောက်မှ အလုပ်ပြန်လုပ်ပြီး သေချာဆပ်ပါ့မယ်။"
စန်းလန်ကျွင်းသည် စိတ်ရင်းမှန်ဖြင့် ထပ်ပေါင်းပြောလာသည်။ "ကျွန်တော့်ရဲ့ စီးပွားရေးကျွမ်းကျင်မှုကိုတော့ ယုံတယ်မဟုတ်လားခင်ဗျာ"
ချင်းလျန် ဓားမသေမျိုးသည် ခဏတာမျှ ပြေစရာစကား မဲ့သွားရ၏။ ဒီ အဘိုးအိုတောင် မင်းဆီက အလှည့်စားခံခဲ့ရသေးတာပဲ။ ဘာထပ်ပြောနိုင်မှာလဲ။
“တော်တော့”
ယဲ့ကျွင်းလင်သည် စကားဝင်ဖြတ်လိုက်ပြီး စန်းလန်ကျွင်းကို ကြည့်ကာ လေးနက်စွာ ပြောလာသည်။ “ရှောင်စန်း၊ မင်း ငါ့ဘေးမှာ ရှိနေစဥ် ဒီလို ငွေလိမ်တဲ့ အလုပ်မျိုး ထပ်မလုပ်နဲ့တော့"
“အကြီးအကဲယဲ့၊ ဒါပေမဲ့ ဒီ ပိုက်ဆံက…”
“စိတ်မပူနဲ့၊ မင်းအတွက် ငါဆပ်ပေးမယ်။ မင်း ဒီအချိန်ကစပြီး မင်းကိုယ်မင်း ငါ့ဆီရောင်းလိုက်ပြီလို့ သတ်မှတ်ထားလိုက်"
စကားဝါကျ၏ ပထမတစ်ဝက်က စန်းလန်ကျွင်းကို အံ့အားသင့်စေခဲ့သော်လည်း နောက်တစ်ဝက်က သူ့ကို နေရာတွင်ပင် ကြောင်အသွားစေခဲ့သည်။ ပျော်ရမှာလာား ငိုရမှာလား?
“တာအိုရောင်းရင်း ချင်းလျန်၊ ယူလိုက်ပါ။” စကားဆိုပြီး ယဲ့ကျွင်းလင်သည် သိုလှောင်အိတ်တစ်ခုကို ဆွဲထုတ်ကာ ပိုက်ဆံကို နည်းနည်းမှ ဂရုမစိုက်သကဲ့သို့ ချင်းလျန်ဓားမသေမျိုးထံ ပစ်ပေးလိုက်သည်။
သူ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ စနစ်ထံသို့ နေ့စဥ်မှန်မှန် ဆိုင်းအင်ဝင်ခြင်း၏ ဆုလာဘ်များလည်း တိုးလာပြီး သူ့အတွက် ငွေရေးကြေးရေးကို ပူပန်စရာမလိုသော ကြွယ်ဝချမ်းသာမှုအား စုဆောင်းထားခဲ့ပြီးဖြစ်၏။ အဆင့်မြင့် မသေမျိုးသလင်းကျောက်များသည် သူ့အတွက်မူ ရှားပါးပစ္စည်း မဟုတ်ပါချေ။
မနေ့က စနစ်သည် အချိန်မှန် ဆိုင်းအင်ဝင်ချိန်၌ စူပါ မသေမျိုးသလင်းကျောက် လက်ဆောင်ပစ္စည်းတစ်ခုကိုပင် အစပျိုးခဲ့သည်။ ၎င်းကို ဖွင့်လိုက်သောအခါ အဆင့်မြင့် မသေမျိုးသလင်းကျောက် သန်းပေါင်းများစွာ ပါဝင်နေပြန်၏။ ယဲ့ကျွင်းလင်မှာတော့ စိတ်ပင်မလှုပ်ရှားနိုင်တော့။
ငါ အဲ့လောက် ငွေမမက်ပါဘူးကွာ။
ချင်းလျန် ဓားမသေမျိုးသည် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် သိုလှောင်အိတ်ကို ဖွင့်သည်။ သူ၏ နတ်ဘုရားအာရုံဖြင့် အထဲရှိ ပမာဏကို ဂရုတစိုက်စစ်ဆေးပြီးနောက် သူသည် ချက်ချင်း ကြောင်အသွားရသည်။ သိုလှောင်အိတ်အတွင်း၌ အဆင့်မြင့် မသေမျိုးသလင်းကျောက် ငါးသန်း အပြည့်အစုံ အပိုမလိုမရှိ ပါဝင်နေသည်ပင်။