အခန်း (၅၉၉)
Vol. 43 Ch. 599
“တာအိုရောင်းရင်းယဲ့၊ ဒါက၊ ဒါက အရမ်း များလွန်းတယ်…” ချင်းလျန် ဓားမသေမျိုးသည် ထစ်အထစ်အ ဆိုရုံသာတတ်နိုင်၏။ သူ့ကံကြမ္မာတစ်ခုလုံးကို ရောင်းစားလျှင်ပင် ဤမျှပမာဏ ရလောက်မည်မဟုတ်။
ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆိုသည်။ “ပိုက်ဆံက အရေးမကြီးပါဘူး။ ခင်ဗျားလို အမြင်ရှိတဲ့ စွမ်းအားရှင်တစ်ယောက်အတွက် ရသင့်ရထိုက်ပါတယ်"
“ဒါက ဘာကို ဆိုလိုတာလဲခင်ဗျာ” ချင်းလျန် ဓားမသေမျိုးက တလေးတစား မေးမြန်းသည်။
“ကြည့်လေ၊ ကျွန်တော် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို တည်ထောင်မယ်လို့ ကြေညာခဲ့ပေမဲ့ ဒီလောက်ကြာပြီးမှ ခင်ဗျားတစ်ယောက်တည်းသာ ပေါ်လာခဲ့တယ်။ ခင်ဗျား ကျွန်တော့်ကို ဒီလိုယုံကြည်ပေးဖို့ ဆန္ဒရှိတာကြောင့် ကျွန်တော်လည်း ခင်ဗျားကို ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ပါဘူး။"
“ဒီ ပိုက်ဆံကို ယူလိုက်ပါ။ ဒါကို ကျွန်တော့်ဆီက ကြိုဆိုလက်ဆောင်လို့ သတ်မှတ်လိုက်ပါ။” ယဲ့ကျွင်းလင်က လေးနက်စွာ ဆိုသည်။
“ကြိုဆိုလက်ဆောင်?” ချင်းလျန် ဓားမသေမျိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သိုလှောင်အိတ်ကို ကိုင်ထားသော လက်သည်လည်း တုန်ရီသွားသည်။ အခုမှတွေ့ရုံရှိသေး အဆင့်မြင့် မသေမျိုးသလင်းကျောက် ငါးသန်လက်ဆောင်တဲ့လား။
သူ့ကို အဖွဲ့ထဲသွင်းရန်အတွက် မသေမျိုးသူတော်စင်များ ကမ်းလှမ်းခဲ့သည့် ပမာဏများပင် ဤကြိုဆိုလက်ဆောင်ကို မမီခဲ့ကြ။ ဘယ်လောက်တောင် ရက်ရောပြီး စိတ်သဘောထားကြီးတဲ့သူပါလိမ့်။
“ခုနက ဖြစ်သွားတဲ့ ကိစ္စကတော့…” ယဲ့ကျွင်းလင်က အရိပ်အမြွက် ပြသည်။
“တာအိုရောင်းရင်းယဲ့၊ စိတ်ချပါ၊ ဒီ အဘိုးအို အဲ့ကိစ္စကို စိတ်ထဲမရှိတော့ပါဘူး။" ချင်းလျန် ဓားမသေမျိုး၏ နှလုံးသားထဲရှိ အနှစ်နှစ်အလလက မကျေနပ်မှုများ လုံးဝ ပျောက်ကွယ်သွားပြီး သူသည် ချက်ချင်း အလေးအနက် ကျေအေးပေးလိုက်သည်။
သူ အရင်က အဆင့်မြင့် မသေမျိုးသလင်းကျောက် တစ်သိန်းမျှသာ ဆုံးရှုံးခဲ့ရပြီး အခု လျော်ကြေးအဖြစ် အဆင့်မြင့် မသေမျိုးသလင်းကျောက် ငါးသန်း ရလိုက်သည်လေ။
ဘာကို မကျေနပ်ပါဘူး ပြောစရာရှိသေးလဲ။ ပိုက်ဆံက အရာအားလုံးကို ဖြေရှင်းနိုင်တယ်။
“အဟမ်း အဟမ်း"
ကိစ္စက မပြီးသေး။ ယဲ့ကျွင်းလင်သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ဆက်လက်၍ ဆိုသည်။ “တာအိုရောင်းရင်း ချင်းလျန်၊ ခင်ဗျား သိသလား။"
“ကျွန်တော့်မှာတော့ ပိုက်ဆံတွေပေါလွန်းလို့ ကျွန်တော့်ကို သစ္စာဖောက်သူတွေကိုတောင် တစ်သန်းစီ ဝေပေးလိုက်နိုင်သေးတယ်။ သစ္စာစောင့်သိသူတွေအတွက်တော့ သန်းရာနဲ့ချီပေါ့ဗျာ။"
"အားလုံးပဲ လက်ခုပ်တီး!”
ဖြောင်း ဖြောင်း ဖြောင်း~
ဟုန်ချန်ယဲ့နှင့် အခြားသူများသည် ချက်ချင်း နေရာတွင် လက်ခုပ်တီးလိုက်ကြပြီး သူတို့၏ မျက်နှာများသည် နက်နဲသော ထောက်ခံမှုဖြင့် တည်တံ့လျက်ရှိကြ၏။
“ဒါက…” ချင်းလျန် ဓားမသေမျိုးသည် အကြီးအကျယ် တုန်လှုပ်သွားသည်။ သစ္စာဖောက်တဲ့သူတွေကိုတောင် တစ်သန်းစီဝေပေးနိုင်ပြီး သစ္စာရှိတဲ့သူအတွက် သန်းရာချီတဲ့လား။
ချင်းလျန် ဓားမသေမျိုး၏ ဦးရေပြားသည် ကျဥ်တက်လာသလို ခံစားလိုက်ရပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။
အတည်ပြုလိုက်ပြီ။ ဤကဲ့သို့ ကြီးမားသော ကြွယ်ဝချမ်းသာမှုဖြင့် ဤပုဂ္ဂိုလ်သည် ရှေးခေတ်မှ ထိပ်တန်း ပုဂ္ဂိုလ်ကြီးတစ်ဦးသာ ဖြစ်ရမည်။ အလွန့် အလွန်ကို ခမ်းနားလှပါသော ငွေကြေးစွမ်းအင်၊ ကျင့်ကြံမှုစွမ်းအင်၊ အရှိန်အဝါဖြင့်။
သာမန်လူတစ်ဦးက ထိုသို့သော စကားမျိုး ထုတ်ပြောလာပါက ချင်းလျန် ဓားမသေမျိုးသည် ကြွားလုံးထုတ်သည်ဟုသာ အထင်ရှိကာ ပြန်လည်လှောင်ပြောင်မိမည်ပင်။
သို့သော် ယဲ့ကျွင်းလင်က သူ့ကို အဆင့်မြင့် မသေမျိုးသလင်းကျောက် ငါးသန်း တန်ဖိုးရှိသော ကြိုဆိုလက်ဆောင်အား ယခုလေးတင် လက်တွေ့ပေးခဲ့သည်။ ဤကဲ့သို့သော ရက်ရောမှုမျိုးကို ကြုံတွေ့ပြီးချိန်၌ ထိုစကားကို မယုံဘဲမနေနိုင်ချေ။
သူသည် ပိုက်ဆံအစွမ်းဖြင့် အတွေးအမြင် လမ်းပေါက်ပိတ်သွားသည့်အလား။ ထိုသူ ပြောသမျှ မှန်ကန်သည်ဟုသာ ခံစားရသည်။ ပြောသမျှစကားတိုင်းက အပြည့်အဝ အဓိပ္ပာယ်ရှိသည်။
ကောင်းပုလီသည် ယဲ့ကျွင်းလင်ထံမှ ထွက်လာသောစကားများကို ကြားသောအခါ အံ့အားသင့်နေပုံရသည်။
ဒီကောင်လေး စည်းရုံးရေးအသိပညာ စာအုပ်တွေဘာတွေများ ခိုးဖတ်ထားတာလား။
“အကြီးအကဲယဲ့၊ ကျွန်တော် အရင်က အရမ်းရိုင်းပျခဲ့ပါတယ်။ ခင်ဗျား ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ဤအချိန်တွင် ချင်းလျန် ဓားမသေမျိုးသည် ယဲ့ကျွင်းလင်အား ပြောဆိုဆက်ဆံပုံ အကုန်ပြောင်းလဲလိုက်ပြီးဖြစ်ကာ လေသံတွင်ပင် လေးစားရိုသေမှုများ ပါဝင်လျက်။
“ကိစ္စမရှိပါဘူး။” ယဲ့ကျွင်းလင် သက်ပြင်းချလိုက်သည်။
“မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းဟာ အားကောင်းလာဖို့တောင် အချိန်မရလိုက်ခင် ဖျက်သိမ်းရတော့မှာကိုပဲ နှမြောမိတယ်။”
တကယ်တော့ သူသည် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို သိပ်ဂရုစိုက်သည်မဟုတ်။ သူ တကယ် လိုချင်တာက စနစ်ကပေးမည့် ဆုလာဘ်ပဲ ဖြစ်သည်။
ယခုအချိန်တွင် ပြန်လည်ရှင်သန်နိုးထလာသူ တစ်ယောက်တည်းသာ ထောက်ခံဖို့ ရောက်လာပြီး တာဝန်မှခိုင်းစေသော လိုအပ်ချက်နှင့် အတော်ကွာဟနေသေးသည်ပင်။
“အကြီးအကဲယဲ့၊ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ဖျက်သိမ်းရမှာ မဟုတ်ပါဘူး။” မကြာသေးမီက ကြုံတွေ့ထားသော အင်အားအရ ချင်းလျန် ဓားမသေမျိုးသည် ယဲ့ကျွင်းလင်၏ စွမ်းဆောင်ရည်ကို အထင်ကြီးသွားပြီး ထိုသူ၏အစီအစဥ်ကို အောင်မြင်အောင် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားမှာ နည်းလမ်းရှိလို့လား?” ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
“အားလုံးပဲ မကြာခင် သတင်းကောင်းရောက်လာတော့မှာပါ” ချင်းလျန် ဓားမသေမျိုးသည် ကျောကို မတ်မတ်ဖြောင့်ထားလိုက်ကာ လေးနက်သော အမူအရာဖြင့် ဆိုသည်။
ထို့နောက် လက်သင်္ကေတတစ်ခု ဖော်ဆောင်လိုက်ရာ လေဟာနယ်အတွင် လှိုင်းတွန့်များဖြတ်ပြေးသွားပြီး တစ်နေရာသို့ ဦးတည်ထွက်ခွာသွားလေသည်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။
စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် မိုးကုတ်စက်ဝိုင်းမှ လေပြင်းတိုက်သံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
“ဟင်” ယဲ့ကျွင်းလင်သည် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်သော အရိပ်အယောင်တို့ ထင်ပေါ်လာသည်။
သိပ်သည်းသော ပုံရိပ်တစ်စုသည် မိုးကုပ်စက်ဝိုင်း အစွန်းဆီမှ ဒီရေကဲ့သို့ မြင့်တက်လာပြီး နှိုင်းယှဥ်၍မရအောင် ကျယ်ပြန့်သော စွမ်းအင်ကို စုပေါင်း၍ ထုတ်လွှတ်လာသည်။ ထိုအုပ်စုထဲတွင် အမျိုးသားနှင့် အမျိုးသမီးများ၊ အသက်ကြီးသူ ငယ်သူမရွေး အစုံအလင် ပါဝင်ပြီး ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ထားသော်လည်း အားလုံးသည် လူသားမျိုးနွယ်များသာဖြစ်ကြကာ သူတို့အားလုံး၏ ကျင့်ကြံဆင့်များမှာလည်း မသေမျိုးဘုရင်ထက် လျော့မနေခဲ့။
မသေမျိုးဘုရင်အဆင့် စွမ်းအားရှင် သုံးထောင်သည် တင်းဖုန့်နန်းဆောင်ဆီသို့ အပြေးရောက်လာခဲ့ကြ၏။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အဟုန်က ကောင်းကင်နှင့် မြေကြီးကို အရောင်ပြောင်းစေပြီး အမှောင်ထဲမှ အခြေအနေစောင့်ကြည့်နေသော ကျင့်ကြံသူများကိုလည်း ထိတ်လန့်စေကာ ကြောက်လန့်တကြား ထွက်ပြေးစေခဲ့သည်။
ဝှစ် ဝှစ် ဝှစ်
သူတို့သည် လေဟာနယ်ထက်မှ တစ်စုတစ်စည်းတည်း ဆင်းသက်လာပြီး ခန်းမကြီးထဲသို့ စင်္ကြံမှတစ်ဆင့် ဆက်တိုက် ဝင်ရောက်လာကြသည်။ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်လျက်။
သူတို့ကို ဦးဆောင်လာသော ကျန်းချင်ကျန့်သည် ချင်းလျန် ဓားမသေမျိုးကို လေးနက်စွာ ကြည့်ကာ မေးသည်။ “အကြီးအကဲ၊ သဘောတူထားတဲ့အတိုင်း ကျွန်တော်တို့ အားလုံး ရောက်လာပါပြီ။ တကယ်ရော ယုံကြည်လို့ရတာ သေချာပါရဲ့လား။"
“ဒီအဘိုးအိုရဲ့ ဂုဏ်သတင်းနဲ့ အာမခံပါတယ်၊ အကြီးအကဲယဲ့ဟာ မသေမျိုးမဟာမိတ် ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းပြည့်မီပါတယ်။ လေးစားကြည်ထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ” ချင်းလျန် ဓားမသေမျိုးက အတည်အတံ့ ကျိန်ဆိုလိုက်သည်။
“တာအိုရောင်းရင်း ချင်းလျန်၊ ခင်ဗျား ကျွန်တော့်ကို စပရိုက်တိုက်လိုက်တာပဲ” ယဲ့ကျွင်းလင်သည် အလွန် အံ့အားသင့်သွားသည်။ နောက်ဆုံးတွင် ပြန်လည်ရှင်သန်နိုးထလာသူ သုံးထောင်တိတိပင် ရောက်ရှိလာခဲ့ပြီး စနစ်၏ လိုအပ်ချက်ထက် အများကြီး ကျော်လွန်နေသည်ပင်။ ပြဿနာတစ်ခုမှာတော့ အလျင်အမြန် ဖြေရှင်းပြီးစီးသွားခဲ့လေပြီ။
ချင်းလျန် ဓားမသေမျိုးသည် တည်ကြည်သောမျက်နှာထားဖြင့် လက်သီးဆုပ် အရိုအသေပြုကာ ဆိုသည်။ “ရိုးရိုးသားသား ပြောရရင် ကျွန်တော် သူတို့နဲ့ အရင် သဘောတူထားတာ ရှိပါတယ်။ ခင်ဗျားဟာ ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ထိုက်ကြောင်း ကျွန်တော်ကိုယ်တိုင် အတည်ပြုပြီးမှသာ ဒီတစ်ဖွဲ့လုံး မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းကို ဝင်ရောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်ပါ။"
“ဟုတ်တယ်၊ ကျွန်တော်တို့အားလုံး အပြင်မှာ စောင့်နေခဲ့ကြတာ" ကျန်းချင်းကျန့်က ပြုံးကာ ဆိုသည်။
ခန်းမထဲရှိ ပြန်လည်ရှင်သန်နိုးထလာသူများသည် ယဲ့ကျွင်းလင်ကို သတိထား၍ အကဲခတ်နေကြသည်။ ကြားရုံသာ ကြားဖူးထားသော ဤ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် မျက်ဝါးထင်ထင် တွေ့ဆုံရခြင်းသည် စိတ်မလှုပ်ရှားစေဘူးဆိုလျှင် လိမ်ရာရောက်မည်။ နျိုပါ့ထျန်းကဲ့သို့ အားကောင်းသူပင်လျှင် သူ့လက်ချက်ဖြင့် တိတ်တိတ်ဆိတ်ဆိတ် အဆုံးသတ်သွားရသည် မဟုတ်လော။
“စကားတွေ အပိုမပြောတော့ပါဘူး။” ချင်းလျန် ဓားမသေမျိုး၏ အကြည့်သည် ခန်းမတစ်ခွင်သို့ ဝေ့ဝိုက်သွားပြီး ခန့်ညားထည်ဝါသော အမူအရာဖြင့် ဆိုသည်။ “တာအိုရောင်းရင်းတို့၊ မဟာမိတ် ခေါင်းဆောင်ယဲ့ကို မဆိုင်းမတွ အရိုအသေပြုလိုက်ကြစို့။"
ချက်ချင်းပင် ကျန်းချင်ကျန့်နှင့် အခြားသူများသည် ချွင်းချင်မရှိ ယုံကြည်အားကိုးစွာဖြင့် လက်သီးဆုပ်လျက် ရိုသေစွာ ဦးညွှတ်လာကြသည်။
“မဟာမိတ် ခေါင်းဆောင်ယဲ့ကို အရိုအသေပေးပါတယ်!!!”
“မဟာမိတ် ခေါင်းဆောင်ယဲ့ကို အရိုအသေပေးပါတယ်!!!”
“မဟာမိတ် ခေါင်းဆောင်ယဲ့ကို အရိုအသေပေးပါတယ်!!!”
မသေမျိုးဘုရင် သုံးထောင်၏ ညီညာသောအသံများသည် ကမ္ဘာမြေကို တုန်ခါစေပြီး မိုင်သန်းပေါင်းများစွာအထိ ပဲ့တင်ထပ်ကာ ဤ သမိုင်းဝင် အခိုက်အတန့်ကို ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တဝါအားလုံးအား ကြေညာလိုက်သကဲ့သို့ ဖြစ်သည်။