ချင်းလျန်ဓားမသေမျိုး၏ အတိတ်
Vol. 43 Ch. 601
လောလောလတ်လတ်ရထားသော ငွေအိတ်လေး လျော့ပါးမည်ကို ကြောက်ရွံ့မိပါသည့် ချင်းလျန် ဓားမသေမျိုးသည် သူ၏ ရင်နာဖွယ်အတိတ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်အားလုံးကို လျင်မြန်စွာ ဖော်ထုတ်ပြောဆိုလာတော့၏။
ချင်းလျန် ဓားမသေမျိုး၏ ခန္ဓာကိုယ်တွင် အတွင်းဒဏ်ရာရပြီး ကျင့်ကြံဆင့် ကျဆင်းသွားကာ ပြန်လည် နာလန်ထူဖို့ ခက်ခဲနေရခြင်း၏ အကြောင်းရင်းမှာ လွန်ခဲ့သော အတိတ်တစ်ချိန်က အကျိုးအမြတ်ကြီးကြီးတစ်ခုကို ရှာဖွေရန် တားမြစ်နယ်မြေဟု လူသိများခဲ့သော သောင်းချီ မသေမျိုးတောင်တန်းများထဲသို့ သူ တစ်ယောက်တည်း စွန့်စားဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် သူသည် တောင်တန်းအတွင်း၌ ထူးဆန်းသော ဂြိုလ်သားသတ္တဝါအုပ်စုနှင့် ကြုံတွေ့ခဲ့သည်။ ၎င်းတို့သည် တိုက်ခိုက်နေရင်းနှင့်ပင် အင်အားပြန်လည်ဖြည့်တင်းနိုင်သော မသေမျိုး စွမ်းအင်ခိုးယူခြင်း အထူး မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီး ချင်းလျန်ဓားမသေမျိုးအား အင်အားယုတ်လျော့အောင် ဖိနှိပ်ထားနိုင်ခဲ့ကြသည်။
နောက်ဆုံးတွင် သူသည် ပြင်းထန်သောဒဏ်ရာများစွာကို သယ်ဆောင်ကာ အလောတကြီး ထွက်ပြေးခဲ့ရလေ၏။
ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အာဟာရများကို ဆက်တိုက် ဖြိုဖျက်စားသုံးနေခြင်းကြောင့် ကျင့်ကြံဆင့်သည်လည်း မသေမျိုးဧကရာဇ် ဆဋ္ဌမကောင်းကင်မှ မသေမျိုးဘုရင် ပထမကောင်းကင်အထိသို့ ကျဆင်းသွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ပြန်လည်ပြင်ဆင်ထူထောင်ရန် ခက်ခဲ့နေခဲ့ရသည်။
ဤကာလအတွင်း ချင်းလျန် ဓားမသေမျိုးသည် ထိုအတွင်းဒဏ်ရာကို ကုသဖို့ရာ နည်းလမ်းတိုင်းကို ကြိုးစားကြည့်ခဲ့ပြီး အရင်က သူ့ကို နောက်လိုက်အဖြစ် ခေါ်ယူစုဆောင်းလိုခဲ့သော မသေမျိုးသူတော်စင်များရှေ့သို့ပင် သွားရောက် အကူအညီတောင်းခံခဲ့သည်။ သူ့ဒဏ်ရာကိုသာ အပြီးတိုင်ကုသပေးနိုင်ပါက မိမိ၏ဘဝတစ်ခုလုံးကိုအပ်နှံကာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပါမည် ဟူသော ကမ်းလှမ်းချက်ဖြင့်။
မမျှော်လင့်စွာပင် မသေမျိုးသူတော်စင် အများအပြားသည် ဤ ထူးဆန်းသော စွမ်းအားကို ခံစားမိသောအခါ တမုဟုတ်ချင်းပင် ခေါင်းခါခဲ့ကြပြီး ဘာအကူအညီမှ မပေးနိုင်ပါကြောင်းသာ ငြင်းပယ်ခဲ့ကုန်ကြ၏။
ထိုအချိန်မှစ၍ ချင်းလျန် ဓားမသေမျိုး၏ စိတ်နှင့်ခန္ဓာမှာ ယိုယွင်းပျက်စီးခြင်းသို့သာ ကျရောက်သွားခဲ့ရသည်။ စိတ်ပျက်အားငယ်မှုကိုသာ ရင်နှင့်အမျှ ခံစားရင်း မသေမျိုးဘုံသို့ပါ တက်ရောက်လိုက်ပါလိုခြင်း မရှိတော့ဘဲ သူ၏ ကျန်ရှိသော ဘဝသက်တမ်းကို ခွင်းလွင်ကမ္ဘာတွင် နေထိုင်ရင်းသာ ကုန်ဆုံးရန်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို ဂူပိတ်အိပ်မောကျစေကာ သင့်တော်မှန်ကန်သော အချိန်တစ်ခုမှ ပြန်လည်နိုးထလာခဲ့ခြင်းဖြစ်၏။
တကယ်တော့ ချင်းလျန် ဓားမသေမျိုးသည် မျှော်လင့်ချက် အလင်းရောင်တစ်ခုကိုတော့ မလျော့တမ်း ထားရှိခဲ့လေသည်သာ။ သူသည် အသစ် ပြန်လည်နိုးထလာသော ခွင်းလွင်ကမ္ဘာ၏ အကျိုးကျေးဇူးများကို ရှာဖွေအသုံးချခြင်းဖြင့် မိမိ၏အခြေအနေကို တစ်နည်းနည်းဖြင့်တော့ ကုစားနိုင်လောက်မည်ဟု တစ်ချိန်လုံး မျှော်လင့်ထားခဲ့မိသည်။
သို့သော် သူ၏ တာအိုရောင်းရင်းများ သူ့မျက်စိရှေ့တွင်ပင် ယခင်ကျင့်ကြံဆင့်များကို ပြန်လည်တက်ရောက်ရယူနိုင်ခဲ့ပါသော်ငြား သူကိုယ်တိုင်၏ ကျင့်ကြံဆင့်မှာတော့ ယခုအချိန်အထိ တုတ်တုတ်ပင်မလှုပ် ရပ်တန့်နေဆဲဖြစ်ရာ တစ်နေ့တစ်ခြား အားနည်းလာသော နှလုံးသားမှာ ပြာကျလုဆဲဆဲ ညှိုးငယ်လျက်ရှိလေပြီ။
ယဲ့ကျွင်းလင်၏ မရမက မေးမြန်းမှုအောက်တွင် ချင်းလျန် ဓားမသေမျိုးသည် တစ်ချိန်လုံး ဖုံးကွယ်သိုဝှက်ထားခဲ့သော အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်ရသည်။
“ဒါကြောင့် ချင်းလျန်အကြီးအကဲ အဲဒီတုန်းက လူမြင်ကွင်းကနေ တဖြည်းဖြည်း ခြေရာဖျောက်သွားခဲ့တာပေါ့” စန်းလန်ကျွင်းက ကရုဏာသက်စွာ ဆိုသည်။
“အကြီးအကဲက တကယ်မိုက်မဲခဲ့တာပဲ၊ အဲဒါက ဒဏ္ဍာရီလာ သောင်းချီ မသေမျိုးတောင်တန်းတွေပဲလေ။ အတွင်းက ဂြိုလ်သား သတ္တဝါတွေကလည်း သက်တမ်းရင့်စွမ်းအားရှင်တွေပဲမလို့ လုံးဝ ပေါ့ဆလို့ မရဘူး။ တားမြစ်နယ်မြေဆိုတဲ့နာမည်ကို အလကားသက်သက် ခေါ်ခဲ့ကြတာမှမဟုတ်တာ။” ခေါက်ယပ်တောင်တစ်လက် ကိုင်ထားသော ကျန်းချင်ကျန့်သည် ခေါင်းကိုအသာခါရင်း ချင်းလျန် ဓားမသေမျိုးအား ကရုဏာဒေါသောဖြင့် ဆူပူပြောဆိုသည်။
“ကျွန်တော်လည်း ပေါ့ဆခဲ့တာပါ။ မသေမျိုးတောင်တန်းက ဂြိုလ်သား သတ္တဝါတွေမှာ ဒီလို ဆိုးညစ်ပြီး ထူးဆန်းတဲ့ စွမ်းအင်တွေ ရှိနေလောက်မယ်လို့ မထင်ခဲ့မိတာ" ချင်းလျန် ဓားမသေမျိုးက ခါးသီးသော အမူအရာဖြင့် နောင်တကြီးစွာ ဆိုသည်။
မသေမျိုးတစ်ဦးအနေဖြင့် မည်သည့် ကျင့်စဥ်လှုပ်ရှားမှုကိုမဆို ခန္ဓာတွင်းရှိ မသေမျိုးစွမ်းအင်ဖြင့် အသက်သွင်း အသုံးပြုရမည်ဖြစ်သည်။ ထို ဂြိုလ်သား သတ္တဝါများသည် သူ၏ မသေမျိုး စွမ်းအင်ကို အဝေးမှ ဆွဲထုတ်ယုတ်လျော့စေခဲ့သောကြောင့် သူ့တွင် မသေမျိုးစွမ်းအင် မည်မျှများပြားနေပါစေ ဆက်တိုက်စုပ်ယူခံရခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားမည် အသေအချာပင်။ ထို့ကြောင့် သူရှုံးနိမ့်ထွက်ပြေးခဲ့ရခြင်းသာ။
“နေစမ်းပါဦး။ အကြီးအကဲ ပြောနေတဲ့ သောင်းချီး မသေမျိုးတောင်တန်းတွေဟာ ရှေးခေတ်က တားမြစ်နယ်မြေလို့ သတ်မှတ်ခံခဲ့ရတာလား။” ယဲ့ကျွင်းလင်သည် အဓိကစကားလုံးကို ဖမ်းဆုပ်လိုက်နိုင်ပြီး တအံ့တသြ မေးလာ၏။
“ဟုတ်ပါတယ်၊ ဒဏ္ဍာရီအရ မသေမျိုးသူတော်စင်အဖြစ် ချိုးဖျက်တက်ရောက်နိုင်စေမဲ့ အခွင့်အရေး ကြီးကြီးမားမားတစ်ခု သောင်းချီမသေမျိုးတောင်တန်းတွေထဲ ရှိနေတယ်လို့ ဆိုကြပါတယ်။ အစပိုင်းမှာ အားကောင်းတဲ့ ကျင့်ကြံသူအမြောက်အများ ဝင်ရောက်စူးစမ်းခဲ့ကြပေမဲ့ ဝမ်းနည်းစရာကောင်းတာက သူတို့တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြတာပါပဲ။"
“ဒါကြောင့်လည်း တားမြစ်နယ်မြေလို့ သတ်မှတ်ခေါ်တွင်ခဲ့ကြတာပါ။” ကျန်းချင်ကျန့်က ရှင်းပြသည်။
“ဆရာသခင်၊ ဒီနာမည်က အရှေ့ပိုင်းဒေသက သောင်းချီ မသေမျိုးတောင်တန်းတွေနဲ့ အရမ်း ဆင်တူနေတယ်။ တစ်နေရာတည်း မဖြစ်နိုင်ဘူးလား?” လီဝူကျယ်က လျှို့ဝှက်စကားသံတစ်ခုကို ယဲ့ကျွင်းလင်စီ ပို့လွှတ်သည်။
ယဲ့ကျွင်းလင်လည်း တိတ်ဆိတ်သွားခဲ့သည်။ အကယ်၍ ထိုထင်မြင်ချက်သာ အမှန်တကယ် ဖြစ်ပါက အရှေ့ပိုင်းဒေသသည် တစ်ချိန်ချိန်တော့ အန္တရာယ်နှင့် ကြုံတွေ့ရလိမ့်မည်။
သို့သော် ကံကောင်းထောက်မစွာ၊ သူ မထွက်ခွာမီတွင် ယွင်ရှန်းမသေမျိုးကျွန်းကို မြူခိုးတောင်ထိပ်ပေါ်တွင် နေရာချထားပေးခဲ့သည်။ သောင်းချီ မသေမျိုးတောင်တန်းများအတွင်းရှိ ဂြိုလ်သား သတ္တဝါများ လှုပ်ရှားမှုစကာ ပြဿနာရှာလာကြပါက ခြံဝင်းငယ်အတွင်းမှ သတ္တဝါများက ယာယီထိန်းချုပ်ပေးထားကြပေလိမ့်မည်။
သို့သော်လည်း နာမည်တူမရှား လူတူမရှားဆိုသလို တိုက်ဆိုင်မှုသက်သက်လည်း ဖြစ်နိုင်သည်ပင်။
တကယ်တမ်း ပြဿနာဖြစ်ခဲ့ပါလျှင် ခြံဝင်းတွင်းရှိ သတ္တဝါများက ပြင်ပလောကပြဿနာများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြပါကလည်း အခက်တွေ့နိုင်သည်။
“တာအိုရောင်းရင်း ချင်းလျန်၊ အတွင်းဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ကျွန်တော့်ရဲ့ စတုတ္ထတပည့်လေး ရှောင်ဟေးက ဆေးကုသရာမှာ အတော်ဆုံးသမားတော်ပဲ။ သူ့ကိုတစ်ချက်လောက် ကြည့်ခိုင်းလိုက်ပါဦး။" ယဲ့ကျွင်းလင်က ဆိုသည်။
ထိုစကားကို ကြားသောအခါ ချင်းလျန် ဓားမသေမျိုးသည် တွေဝေသွားပြီး တိုးတိုးရေရွတ်မိသည်။ “အရင်က မသေမျိုးသူတော်စင်တွေတောင် ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုတော့ မင်းတပည့်လည်း ဘာလုပ်နိုင်မှာမလို့လဲကွာ"
“ရှောင်ဟေး၊ တစ်ချက်လောက်ကူညီပေးလိုက်ပါဦး၊ အကြီးအကဲ သနားစရာပါကွာ။" ယဲ့ကျွင်းလင်က လှမ်းခေါ်လိုက်သည်။
“ဟုတ်ပါပြီ၊ ဆရာသခင်…” ပန်းကန်လုံးပုံ ဆံပင်ရှိသော အသားမည်းမည်း လူငယ်လေးတစ်ဦးသာ အတင်းအကျပ်ခိုင်းစေခံရဟန်ဖြင့် တွန့်ဆုတ်ဆုတ်လျှောက်လာပြီး နူးညံ့သောမျက်နှာထားတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေခဲ့သည်။
“မောင်လေး လုပ်နိုင်မှာပါ” ပုရှောင်ရှီးသည် သူမ၏ ပန်းရောင်လက်သီးလေးများကို ဝှေ့ယမ်းကာ နောက်မှ ကြွေးကြော်အားပေးသည်။
“ကျွန်..ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…” မှိုဘုရင်က ကြောက်ကြောက်နှင့် ဆိုသည်။
“အယ်” ကျန်းချင်ကျန့်နှင့် အခြားသူများသည် လူမှုဆက်ဆံရေး အတော်မကျွမ်းကျင်လှဟန်ရှိသော ထိုလူငယ်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြပြီး သူတို့၏ အမူအရာများမှာ အတော်လေး ထူးဆန်းနေကြပုံပေါ်သည်။ မသေမျိုးသူတော်စင်များပင် ကူညီရန် မတတ်နိုင်သော ဒဏ်ရာကို မသေမျိုးအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်က ကုသပေးနိုင်ပါမည်လား။ မဟာမိတ်ခေါင်းဆောင်ယဲ့တော့ သူ့တပည့်သူ အထင်ကြီးလွန်းနေပြီ မဟုတ်ဘူးလား။
“မင်္ဂလာပါ၊ အကြီးအကဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ချက်စစ်ဆေးခွင့်ပေးပါ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။” မှိုဘုရင်သည် ချင်းလျန် ဓားမသေမျိုးရှေ့သို့ ရောက်လာပြီး ဆေးမကုဖူသော သမားတော်အသစ်လေးကဲ့သို့ စိတ်လှုပ်ရှားစွာ ဆိုသည်။
အမှန်တကယ်တော့ သူကိုယ်တိုင်လည်း သိပ်မသေချာလှပါ။
တုန်တုန်ရီရီ သမားတော်လေးကိုမြင်သော် ချင်းလျန် ဓားမသေမျိုးသည် ခါးသက်သက်အပြုံးကို အားယူ၍ပြုံးကာ ဆိုသည်။ “မိတ်ဆွေလေးရယ်၊ စစ်ဆေးပေးရုံပါပဲ။ ကုသလို့ မရရင်လည်း အဆင်ပြေပါတယ်။ ကိုယ့်ကိုယ်ကို ဖိအား အရမ်းမပေးပါနဲ့”
အစကတည်းက ချင်းလျန် ဓားမသေမျိုးသည် မျှော်လင့်ချက်ကြီးကြီး မထားခဲ့ပါ။ ကုသမှုကို သဘောတူရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ တစ်ဖက်လူ၏ စေတနာကောင်းကို မပယ်ချလိုသောကြောင့်သာ ဖြစ်သည်။
မှိုဘုရင်သည် အသက်တစ်ချက်ဝဝရှူလိုက်ပြီး လက်သင်္ကေတအချို့ကို ဖွဲ့စည်းကာ တောက်ပသော အစိမ်းရောင်အလင်းတစ်ခုကို ထွက်ပေါ်စေသည်။ ထိုအလင်းတန်းတွင် ကြွယ်ဝပြီး တက်ကြွသော စွမ်းအင်များဖြင့် ပြည့်လျှံထွန်းလင်းလျက်ရှိ၏။
သူ၏ လက်ချောင်းများမှာ ကျွမ်းကျင်စွာ လှုပ်ရှားသွားပြီး စောင်းကြိုးကိုတီးခတ်ကာ ဂီတသံစဥ်များ ပေါ်ပေါက်စေသကဲ့သို့ အစိမ်းရောင်မျဥ်း ဒါဇင်ပေါင်းများစွာကို ပေါ်ထွက်လာစေသည်။ ထိုမျဥ်းကြောင်းများမှာ ချင်းလျန် ဓားမသေမျိုး၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားပြီး ကနဦး ထိုးဖောက်စစ်ဆေးခြင်းကို ပြုလုပ်နေဟန်ရ၏။
“ဟင်"
ချင်းလျန် ဓားမသေမျိုး၏ မျက်နှာညှိုးညှိုးမှာ ရုတ်ချည်း လင်းလက်သွားဟန်ရှိ၏။ ဤ ပန်းကန်လုံးပုံ ဆံပင်ရှိသော လူငယ်လေးသည် ဆေးကုသရာတွင် အမှန်တကယ် စွမ်းရည် အတော်အသင့် ပိုင်ဆိုင်ထားကြောင်း သူ ခံစားမိလိုက်သည်။ သို့သော် နှစ်ရှည်လများ စွဲကပ်နေသော နာတာရှည်ရောဂါကို ဖယ်ထုတ်ကုသဖို့ရာအတွက်တော့ အခွင့်အလမ်း နည်းပါးလှသေးသည်ပင်။
မှိုဘုရင်၏ မျက်နှာငယ်လေးမှာ ရုတ်ချည်း လေးနက်တင်းမာလာကာ ဒဏ်ရာကို အသေးစိတ်စစ်ဆေးနေဟန်ရ၏။
ရုတ်တရက် သူသည် ဒဏ်ရာ၏ ရင်းမြစ်ကို တွေ့ရှိလိုက်သည်။ အလွန် ထူးဆန်းစိမ်းသက်သော အထူးစွမ်းအားတစ်ခုသည် ထိုရင်းမြစ်နေရာတွင် ခိုင်မြဲစွာ အမြစ်တွယ်နေပြီး ခန္ဓာကိုယ်အတွင်းရှိ မသေမျိုး စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူလျက် ထိုနေရာတွင် မြဲသည်ထက်မြဲအောင် တွယ်ကပ်လျက်ရှိ၏။
ဤသည်မှာ နှစ်ပေါင်းများစွာကြာသည်အထိ မည်မျှကျင့်ကြံအားထုတ်ပါစေ၊ ချင်းလျန် ဓားမသေမျိုး၏ ကျင့်ကြံဆင့်တွင် တိုးတက်မှုလက္ခဏာ မပြရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
“အကြီးအကဲ၊ နာကျင်မှုခံစားရလည်း ကျေးဇူးပြုပြီး ခဏလောက်သည်းခံပေးပါ။ ကျွန်တော် အခု ခန္ဓာတွင်းက ပြဿနာရင်းမြစ်ကို ကြိုးစားဖယ်ရှားပေးကြည့်ပါမယ်” မှိုဘုရင်က လေးနက်စွာ ဆိုသည်။
ပြောပြီးနောက် သူသည် လက်သင်္ကေတများ ဆက်လက်ဖွဲ့စည်းသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ လှိုင်းထန်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဆံပင်များ ထောင်ကြွလာကာ မျက်လုံးများတွင် တောက်ပသော အစိမ်းရောင် လင်းရောင်ခြည်များ ပြည့်နှက်နေပြီး မြကြာပန်းပုံသဏ္ဌာန် အရိပ်အယောင်တစ်ခုက သူ၏နောက်ကျောဘက်တွင် ထွက်ပေါ်လာခဲ့၏။
“ဒါ၊ ဒါက ဘာလဲ!”
ချင်းလျန် ဓားမသေမျိုး ရုတ်တရတ် ထိတ်လန့်သွားသည်။ သူ၏ တစ်သက်တာလုံး နားလည်တတ်မြောက်ခဲ့သော ချင်းလျန် ဓားနည်းပညာမှာ ထို မြကြာပန်းမှ ဆင်းသက်လာပုံရကြောင်း သူ ဝိုးတဝါး ခံစားမိနေ၏။
နောက်တစ်စက္ကန့်တွင် ကြီးစွာသော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ စိမ့်တက်လာသည်။ ချင်းလျန် ဓားမသေမျိုးမှာ နာကျင်မှုဒဏ်ကို ကြံ့ကြံ့ခံရင်း ချွေးများရွှဲနစ်လာကာ သူ၏ မျက်နှာအိုကြီးပင် တွန့်လိမ်ရှုံ့မဲ့လာသော်လည်း နီမြန်းနေသော မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်တွင် သူသည် ထို မြကြာပန်း ပုံသဏ္ဌာန်ကိုသာ အာရုံစူးစိုက်ထားရင်း ထင်ဟပ်နေသော အဓိပ္ပာယ်နက်နဲမှုများကို ခွဲခြားလေ့လာဖို့ ကြိုးစားနေလိုက်၏။
တစ်ချိန်တည်းမှာပင် မှိုဘုရင်သည်လည်း ဒဏ်ရာကိုကုသရန် အကောင်းဆုံး ကြိုးစားနေပြီး မျက်နှာတစ်ခုလုံးပင် ချွေးဒီးဒီးကျကာ ဆေးပင်အနံ့ထောင်းထောင်းသည်လည်း လေထဲ ပျံ့လွင့်လာသည်။
အမွှေးတိုင်တစ်တိုင်စာမျှ လောင်ကျွမ်းပြီးချိန်တွင် သက်ရှည်စွမ်းအင် အတတ်ပညာ၏ အာနိသင်အောက်တွင် ချင်းလျန် ဓားမသေမျိုး၏ ခန္ဓာကိုယ်အတွင်း အမြစ်တွယ်နေသည့် ထူးဆန်းသော စွမ်းအားမှာ ပိုးအိမ်မှ ပိုးချည်ကို ဖြေသကဲ့သို့ ကျွမ်းကျင်စွာ ဖယ်ရှားသုတ်သင်ခံလိုက်ရတော့၏။
“ကုသမှု ပြီးပြီ”
မှိုဘုရင်သည် အားအင် ကုန်ခမ်းသွားဟန်ဖြင့် လဲကျလုနီးပါး ယိမ်းယိုင်နေခဲ့သည်။ ယဲ့ကျွင်းလင်က လဲကျလုဆဲဆဲ တပည့်ဖြစ်သူအား နံဘေးမှ ထူမပေးထားသည်။
“ရှောင်ဟေး၊ မင်း ကောင်းကောင်းကုသနိုင်ခဲ့တယ်" ယဲ့ကျွင်းလင်က အားပေးသောအကြည့်ဖြင့် ချီးကျူးလာသည်။
“ဆရာသခင်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်…” မှိုဘုရင်သည် ဆရာသခင်ထံမှ ရှားရှားပါးပါး အသိအမှတ်ပြုခံရသော ခံစားချက်ကြောင့် အလွန်ပျော်ရွှင်ကျေနပ်သွားရ၏။
“ဘုရားရေ၊ တကယ် ပျောက်ကင်းသွားတာပဲ!”
ကျန်းချင်ကျန့်နှင့် အခြားသူများသည် မယုံနိုင်ခြင်းများစွာဖြင့် အာမေဋိတ်ပြုမိကြသည်။ မဟာမိတ် ခေါင်းဆောင်ယဲ့၏ တပည့်သည် အမှန်တကယ်ပင် ဤမျှ ကြီးမားသော စွမ်းရည်ကို ပိုင်ဆိုင်ထားလေသလော။
မြင့်မားပြီး ဩဇာကြီးသော မသေမျိုးသူတော်စင်များပင် မဖြေရှင်းနိုင်ခဲ့သည် ပြဿနာကို မသေမျိုး အုပ်စိုးရှင် တစ်ပါးက အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ခဲ့သည်။
တစ်နည်းဆိုရလျှင် ထိုသို့ ပါရမီရှင်တပည့်မျိုးအား ပိုင်ဆိုင်ထားသော မဟာမိတ်ခေါင်းဆောင်ယဲ့သည်လည်း အလွန်နက်နဲသိုသိပ်လှ၏....