ပြဿနာကောင် နောက်တစ်ယောက်
Vol. 43 Ch. 602
“အကြီးအကဲ ချင်းလျန်၊ အခု ဘယ်လိုနေလဲ?” ခန်းမထဲမှ ကျင့်ကြံသူများက သိလိုစိတ်ပြင်းပြစွာဖြင့် မေးလာကြသည်။
ထိုအခိုက်အတန့်တွင် ချင်းလျန် ဓားမသေမျိုးသည် တရားထိုင်နေသော ရဟန်းအိုကြီးတစ်ပါးကဲ့သို့ မလှုပ်မယှက်သာ ရပ်တည်လျက်ရှိ၏။ သူ၏ စိတ်အစဥ်သည် မြကြာပန်း၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ထင်ဟပ်နေဆဲပင်။
“ဟားဟား၊ ဒါကြောင့် ဒီလို ဖြစ်တာကိုး၊ ဒါကြောင့် ဒီလို ဖြစ်တာကိုး”
ရုတ်တရက် သူသည် ဉာဏ်အလင်းပွင့်လန်းသွားသကဲ့သို့ မျက်နှာအိုအိုသည် စိတ်လှုပ်ရှားမှုဖြင့် နုပျိုလန်းဆန်းလာကာ ဝမ်းမြောက်စွာ ကခုန်လျက် အရူးအမူး ရယ်မောတော့လေသည်။ လက်ရှိ သူ့ပုံစံကိုမြင်သူ မည်သူမဆို အရူးကြီးဟုသာ ထင်ကြပေလိမ့်မည်။
“အယ်…” သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။
ယဲ့ကျွင်းလင်၏ အကြည့်များမှာလည်း ထူးဆန်းနေဟန်ရှိပြီး နံဘေးမှလူငယ်လေးကို တီးတိုးကပ်ပြောသည်။ “ရှောင်ဟေး၊ မင်း သူ့ဦးနှောက်ကို ပျက်စီးသွားအောင် လုပ်လိုက်တာလား”
မှိုဘုရင်သည် ထိတ်လန့်သွားပြီး ငိုချတော့မည့် အမူအရာဖြင့် နာကျင်စွာပြန်ပြောသည်။ “ဆရာသခင်၊ သူဘာလို့ အဲ့လိုဖြစ်သွားမှန်း ကျွန်တော်လည်း တကယ်မသိပါဘူး…”
လူတိုင်း ကြောင်ကြည့်နေမိကြစဥ် ချင်းလျန် ဓားမသေမျိုးသည် သူ၏ စိတ်ခံစားမှုများကို တဖြည်းဖြည်း ထိန်းချုပ်လိုက်ပြီး မှိုဘုရင်ကို အလွန်အမင်း ကျေးဇူးတင်မိစွာဖြင့် ကြည့်ကာ မျက်ရည်များလည်လျက် ဆိုသည်။ “မိတ်ဆွေငယ်လေး၊ ခင်ဗျားဟာ ဒီဘက်ခေတ်ရဲ့ နတ်သမားတော်ပါပဲ။ ကျွန်တော့်ရဲ့ ရောဂါဟောင်းတွေ မိတ်ဆွေလေးကြောင့် ပျောက်ကင်းသွားရုံသာမက မိတ်ဆွေလေးရဲ့ ထူးခြားတဲ့ကျင့်စဥ်ဖော်ပြမှုကြောင့် ကျွန်တော်ဟာ ချင်းလျန် ဓားကျင့်စဥ်ရဲ့ ချို့ယွင်းချက်တွေပါ မြင်နိုင်ခဲ့ပြီး ပြည့်စုံအောင် ပြုပြင်ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။"
“မိတ်ဆွေလေးဟာ ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပါပဲ။ ကျေးဇူးပြုပြီး ဦးညွှတ်မှုကို ခံယူပါ" ဤသို့ပြောရင်းဖြင့် ချင်းလျန် ဓားမသေမျိုးသည် လက်သီးဆုပ်ကာ အရိုအသေပြုလာ၏။
ယခုအခါ ချင်းလျန်ဓားမသေမျိုး၏ ကိုယ်ခန္ဓာသည် အတွင်းအပြင်အလုံးစုံ တောက်ပနေပြီး သူ၏ အသားအရေသည် သွေးရောင်လွှမ်းကာ မျက်နှာသွင်ပြင်မှာ နှစ်ပေါင်းများစွာ ပိုမို ငယ်ရွယ်သွားသကဲ့သို့ ရှိသည်။
ခန္ဓာကိုယ်မှ ရောဂါဟောင်းများ ဖယ်ရှားခံရခြင်းကြောင့် သူသည် မကြာမီ အရင်ကျင့်ကြံဆင့်ကို ပြန်လည် ထူထောင်တက်ရောက်နိုင်မည်ဖြစ်ပြီး ယခုလေးတင် စုဆောင်းထားနိုင်လိုက်သော နားလည်သဘောပေါက်မှုများကြောင့် ပို၍ပင် တိုးတက်ကောင်း တိုးတက်လာနိုင်သည်။ အရေးကြီးဆုံးမှာတော့ သူတတ်မြောက်ထားသော ချင်းလျန် ဓားနည်းပညာသည် ပို၍ပင် ပြည့်စုံသွားခဲ့ပြီး ၎င်း၏ စွမ်းအားနှင့် ထိရောက်မှုသည်လည်း အဆင့်မြင့်ကျင့်စဥ်တစ်ခုနှင့် ယှဥ်နိုင်လောက်သည်အထိ တိုးမြင့်လာခဲ့သည်။ ချင်းလျန် ဓားမသေမျိုးသည် အသစ်ပြန်လည် မွေးဖွားခဲ့ပြီး ယခင် အထွတ်အထိပ်ရောက်ခဲ့ချိန်များထက်ပင် ပိုမိုအားကောင်းလာသလို။
“အကြီးအကဲ၊ ကျွန်တော်က ဆရာသခင်ရဲ့ အမိန့်ကို ဆောင်ရွက်ရုံသက်သက်ပါ။ ခင်ဗျား ကျေးဇူးတင်ချင်ရင် သူ့ကို ကျေးဇူးတင်ပါ…” မှိုဘုရင်က ရှက်ကိုးရှက်ကန်းဖြင့် လက်ကိုဝှေ့ယမ်းငြင်းဆိုလာသည်။
ထိုစကားကို ကြားသောအခါ ချင်းလျန် ဓားမသေမျိုး၏ အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားပြီး တစ်ဖက်မှ ခန့်ညားသော ငွေဖြူရောင်ဆံပင်ပိုင်ရှင် လူငယ်ကို ကြည့်ကာ အရိုအသေပြုလျက် တလေးတစားဆိုသည်။
“မဟာမိတ် ခေါင်းဆောင်ယဲ့၊ ယခုအချိန်မှစ၍ ကျွန်တော် ချင်းလျန်ဓားမသေမျိုးသည် ခေါင်းဆောင်၏အမိန့်ကို တသွေမတိမ်း နာခံပါမည်။ ကျွန်တော့် အသက်နှင့်ဘဝကို အပ်နှင်းပါသည်။"
လက်ရှိအချိန်တွင် ချင်းလျန် ဓားမသေမျိုးသည် ယဲ့ကျွင်းလင်၏ နောက်ခံသမိုင်းကြောင်းအပေါ် သံသယ မြူမှုန်မျှပင် မရှိတော့ပါ။ မယုံနိုင်လောက်သော ကြွယ်ဝမှုကို ဘေးဖယ်ထားစေဦး၊ သူ၏ အလွန် ကျွမ်းကျင်သော တပည့်သမားတော်ကို ကြည့်ခြင်းဖြင့် ဆရာသခင်ဖြစ်သူမှာ မည်မျှအဆင့်အတန်းမြင့်ကာ အရေးပါကြောင်း သိနိုင်သည်။ တစ်ချိန်က မသေမျိုးဧကရာဇ်အဆင့်ရှိခဲ့သည့် ပုဂ္ဂိုလ်ထူးတစ်ဦးသာ ဖြစ်ရပေမည်။
ချင်းလျန် ဓားမသေမျိုး စဉ်းစားလေလေ၊ ပို၍ လေးစားမိလေလေပင်…
“အခု အကြီးအကဲရဲ့ ခန္ဓာကိုယ် ပြန်သက်သာသွားပြီဆိုတော့ ဒုတိယ မဟာမိတ်ခေါင်းဆောင် ရာထူးကို ယူဖို့ အဆင်ပြေပါပြီလား?” ယဲ့ကျွင်းလင်က ပြုံးကာ မေးသည်။
တစ်ဖက်လူသည် အတွေ့အကြုံများသော ဝါရင့်စွမ်းအားရှင်ကြီး ဖြစ်သည့်အပြင် ပြန်လည်ရှင်သန်နိုးထလာသူများ အသိုင်းအဝိုင်းတွင် ဩဇာ အတော်အသင့်ရှိလေရာ သူ့အတွက်တော့ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းသာ ဖြစ်သည်။ သူ ကိုယ်တိုင်ကတော့ အမိန့်စကားကို ဆုံးဖြတ်အတည်ပြုရုံသာ တာဝန်ယူမည်။
ချင်းလျန် ဓားမသေမျိုးက လေးနက်သော လေသံဖြင့် ဆိုသည်။ “မဟာမိတ် ခေါင်းဆောင်ယဲ့၊ ကျွန်တော် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း ထွန်းကားလာစေရန်အတွက် အစွမ်းကုန် တာဝန်ထမ်းဆောင်ပါ့မယ်!”
“ကောင်းတယ်” ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းညိတ်သည်။
“ကျွန်တော်တို့ ဒုတိယ မဟာမိတ်ခေါင်းဆောင်ကို အရိုအသေပေးပါတယ်!” ကျန်းချင်ကျန့်နှင့် အခြားသူများသည် ဝမ်းသာအားရဖြစ်စွာဖြင့် တက်ကြွလန်းဆန်းနေသော ချင်းလျန်ဓားမသေမျိုးအား အရိုအသေပြုကြသည်။
“အားလုံးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ သာမန်ပြည်သူတွေကို ကူညီကာကွယ်ပေးဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်။” ချင်းလျန် ဓားမသေမျိုးသည် ရာထူးအသစ်ကို လက်ခံရာ၌ အလွန် စိတ်လှုပ်ရှားနေပြီး သူ၏ စွမ်းဆောင်ရည်များကို ပြသရန်နှင့် မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်း၏ ဂုဏ်ကျက်သရေကို ခွင်းလွင်ကမ္ဘာ တစ်ခွင်လုံး ပျံ့နှံ့စေရန် စိတ်အားထက်သန်လျက်ရှိသည်။
ခန်းမအတွင်းရှိ လေထုသည် အင်မတန်မှ သင့်တင့်လျောက်ပတ်ကာ သဟဇာတ ဖြစ်နေစဥ် ရုတ်တရက် မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်လာ၏။ ကြည်လင်သော ကောင်းကင်တခွင်သည် ချက်ချင်း မှောင်မိုက်သွားကာ အေးစက်စက်စွမ်းအင်စက်ကွင်းတစ်ခုက မိုင်ထောင်ပေါင်းများစွာအနှံ့သို့ လွှမ်းမိုးသွားခဲ့သည်။
ထက်ရှသော သတ်ဖြတ်လိုစိတ်သည် တင်းဖုန့်နန်းဆောင်ထက်သို့ တိုက်ရိုက် ကျရောက်လာပြီး အတွင်းရှိ အပူချိန်သည်ပင် ချက်ချင်း အေးခဲမှတ်ဆီသို့ ကျဆင်းသွားသည်။ လူအများမှာ ခံစားရသော အေးစက်စက်ခြိမ်းခြောက်မှုကြောင့် ဆံပင်များပင် ထောင်ထလာရ၏။
“အတင့်ရဲလိုက်တာ၊ ဘယ်သူကဒီလောက် ရိုင်းစိုင်းနေနိုင်တာလဲ” ဟုန်ချန်ယဲ့သည် စင်္ကြံလမ်းသို့ လက်ခနဲ ရောက်သွားပြီး အပြင်ဘက်သို့ ဦးတည်အော်ဟစ်လိုက်သည်။
“ဟဲဟဲ၊ တစ်ယောက်ယောက် စိန်ခေါ်ဖို့ ရောက်လာပုံရတယ်” ယဲ့ကျွင်းလင်သည် တစ်ခုခုကို စဉ်းစားလိုက်မိပြီး သူ၏ နှုတ်ခမ်းများက အဓိပ္ပာယ်ရှိရှိ ကွေးညွှတ်သွားကြသည်။
ဒုန်း
ထူထပ်သော အနက်ရောင် မြူခိုးများသည် ဒီရေကဲ့သို့ တိုက်စားဝင်ရောက်လာပြီး ရေတွက်မရနိုင်သော ကြောက်မက်ဖွယ် အနီရောင် လျှပ်စီးကြောင်းများဖြင့် ရောနှောနေကာ အမြင်မှာတော့ လွန်စွာကြီးကျယ်ခမ်းနားလှ၏။ သို့ပေသည့် အတွင်းမှ လှိုက်ထွက်လာသော ဆိုးယုတ်သည့် ရယ်မောသံတစ်ခုက လူအများကို အရိုးထိ ကြက်သီးဖြန်းဖြန်းထစေသည်။
“ဘယ်လို လှည့်ကွက်တွေကို ထုတ်သုံးနေတာလဲ” ချင်းလျန် ဓားမသေမျိုး၏ အမူအရာသည် လေးနက်လာသည်။ အနက်ရောင် မြူခိုးအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်အရှိန်အဟုန်ကို သူ အာရုံခံလိုက်မိသည်ပင်။ သွေးဆာနေသော နတ်ဆိုးတစ်ကောင်က မမြင်နိုင်သောနေရာမှ လူကို အာသာငမ်းငမ်း စောင့်ကြည့်နေသလို ခံစားချက်။
“တာအိုရောင်းရင်းတွေ ဒီလောက်များများ လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ လူသားမျိုးနွယ် ယဲ့မျိုးရိုးက တော်တော်တော့ နာမည်ကြီးပုံပဲ”
စကားသံထွက်လာပြီး ထူထပ်သော အနက်ရောင် မြူခိုးများ ကွဲလွင့်သွားချိန်၌ အနက်ရောင် ဝတ်ရုံနှင့် ခရမ်းရင့်ရောင် ရှေးဟောင်းသရဖူကို ခေါင်းပေါ်တွင် ဆောင်းထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများမှာ မင်ကဲ့သို့ နက်မှောင်နေပြီး အပြုံးက ကြောက်မက်ဖွယ်ရာ ဆိုးညစ်ယုတ်မာသည်။