← Chapters

အခန်း (၆၀၃)

Vol. 43 Ch. 603

အခန်း (၆၀၃)

Vol. 43 Ch. 603

“သူက ဖားပြုပ်အရှင်မြတ်ပဲ” ရှေးဟောင်းစွမ်းအားရှင်အချို့က ထအော်လာကြသည်။

“လူ့အသက်ကို မြက်လောက်မှ တန်ဖိုးမထားတဲ့ သားရဲကောင်” နောက်တစ်ဦးက အံကြိတ်သံဖြင့် ရေရွတ်လာသည်။

“ကြားဖူးသလောက်တော့ ရှေးဟောင်းခေတ်တုန်းက ဒီသားရဲကောင်ဟာ လူသားမျိုးနွယ် အများအပြားကို အရူးအမူး စားသုံးခဲ့ပြီး တာအိုအဖွဲ့အစည်း အများအပြားကို ဆက်တိုက် တိုက်ခိုက်သတ်ဖြတ်ခဲ့လို့ စွမ်းအားရှင်အများစုနဲ့ အတော်လေးရန်ငြှိုးများခဲ့တယ်တဲ့"

“မှန်တယ်၊ တာအိုရောင်းရင်း အချို့က သည်းမခံနိုင်လွန်းလို့ ဒီသားရဲကို ပူးပေါင်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် တစ်ဖက်လူက အရမ်းကောက်ကျစ်ပြီး တည်နေရာကိုလည်း ခန့်မှန်းဖို့ခက်ခဲလှတယ်။ နောက်ပိုင်း လပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားခဲ့တာမလို့ ဒီလိုပြန်လည်ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"

“အားလုံးပဲ သတိထားကြပါ၊ သူ့စွမ်းအင်က တစ်ခုခုပြောင်းလဲသွားပုံပေါ်တယ်” ပြန်လည်ရှင်သန်နိုးထလာသူများက ရန်သူအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးကြပြီး သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် မရေမရာကြောက်စိတ်တို့ ပြည့်နှက်လျက်ရှိ၏။

“ဒီ သေသင့်တဲ့ သားရဲ…” ချင်းလျန် ဓားမသေမျိုးသည် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူသည် ရှေးခေတ်က မသေမျိုးဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးလည်း ဖြစ်ခဲ့သော်လည်း နာမည်ဆိုးဖြင့် ကျော်ကြားသော ဘေးဆိုးကပ်ပါးကောင်ဖြစ်ကြောင်း သူသိထား၏။

ယခုလို ပေါ်ပေါ်ထင်ထင် ထွက်လာပုံအရ အားကိုးစရာတစ်ခုခု ရှိနေပုံပင်။

ဖားပြုပ်အရှင်မြတ်က လှောင်ပြုံးဖြင့် ဆိုသည်။ “ကျုပ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းပါတယ်။ လူသားမျိုးနွယ် ယဲ့မျိုးရိုးအစား မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ မဟာမိတ် ခေါင်းဆောင်နေရာကို ယူဖို့ပါပဲ"

ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ချက်ချင်း ဆူပူအုံကြွသွားသည်။

“ဟမ့်၊ ဖားပြုပ်ကောင်ကများ မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင်နေရာကို ယူချင်ရသေးတယ်လို့” ဟုန်ချန်ယဲ့သည် လေထဲသို့ ဖျတ်ခနဲခုန်တက်ကာ သူ၏ ခရမ်းရောင် မီးတောက်တောင်ပံများကို ဖြန့်ချလျက် နှင်းခဲလိုအေးစက်သောမျက်နှာထက်တွင် သတ်ဖြတ်လိုစိတ်များ ခြုံလွှမ်းလာသည်။

ဖားပြုပ်အရှင်မြတ်သည် မကျေမနပ်ဖြစ်သွားဟန်ဖြင့် မျက်နှာညိုလျက် ဆိုသည်။ “ဖားပြုပ်ဖြစ်တော့ ဘာဖြစ်လဲ။ ခွဲခြားခွဲခြား မဆက်ဆံနဲ့။ ဒီအရှင်ရဲ့ အသွေးအသားက မင်းတို့လူသားမျိုးနွယ်တွေထက် ပိုမြင့်မြတ်တယ်"

“ဒီအရှင် မသေမျိုးတာအို မဟာမိတ်ခေါင်းဆောင် ဖြစ်လာပြီး ပင်လယ်လေးပါးနဲ့ နယ်မြေရှစ်ပါးကို အုပ်စိုးတဲ့အခါ လူသားမျိုးနွယ်တွေကို နေ့တိုင်း ဝါးမျိုစားသောက်ပစ်မယ်။ ဒီအရှင်ရဲ့ မျက်လုံးထဲမှာ မင်းတို့အားလုံးဟာ နေ့စဥ်အာဟာရဖြည့်ဖို့ အစားအစာသက်သက်ပဲ။"

ထိုစကားအဆုံးတွင် လူသားမျိုးနွယ် မသေမျိုးဘုရင်များစွာ ဒေါသထွက်လာကြပြီး မျက်လုံးများမှာ မီးပွင့်ထွက်တော့မတတ်?

ဖားပြုပ်အရှင်မြတ်၏ စကားများသည်ကား အလွန်ရိုင်းစိုင်းကြမ်းတမ်းလှပေ၏။

“ဖားပြုပ် အရိုင်းအစိုင်း၊ ငါက မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းရဲ့ ဒုတိယ မဟာမိတ်ခေါင်းဆောင်ပဲ၊ မဟာမိတ်ခေါင်းဆောင် ရာထူးမှာ အဲ့လောက်ထိုင်ချင်နေရင် ငါ့ဓားကို အရင်ကျော်ဖို့ ကြိုးစားကြည့်လိုက်"

ချင်းလျန် ဓားမသေမျိုးသည် သည်းမခံနိုင်တော့စွာဖြင့် သူ၏ ညာဘက်လက်ဖြင့် သင်္ကေတအချို့ကို ဖော်ဆောင်ကာ စွမ်းအင်တို့ကိုစုစည်း၍ လက်နှစ်ချောင်းထက်တည်လျက် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

သောင်းချီသော အစိမ်းရောင် ဓားစွမ်းအင်များ လှိုင်းထန်လျက် ပစ်ထွက်လာပြီး အစိမ်းရောင် ကြာပန်း၏ ပုံစံဖြင့် ယှက်နွယ်သွားကာ ဆူပွက်နေသော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒက အားအင်အပြည့် ထွက်ပေါ်လာတော့၏။

“စိတ်ဝင်စားစရာပဲ” ဖားပြုပ်အရှင်မြတ်သည် မျက်ခုံးပင့်လိုက်ပြီး ဤ လူသားမျိုးနွယ် မသေမျိုးဘုရင်မှ ထုတ်ပြလိုက်သော ခွန်အားကို အံ့အားသင့်သွားဟန်ရှိသည်။

ထို့နောက် သူသည် လက်ကိုမြှောက်ကာ ထိုဓားရောင်ခြည်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သောင်းချီသော အစိမ်းရောင် ဓားစွမ်းအင်များသည် ချက်ချင်းပျက်စီးပြီး ပြန့်ကျဲပျောက်ကွယ်ကုန်ကြလေသည်။

“ဟမ့်” ချင်းလျန် ဓားမသေမျိုးလည်း မျက်နှာပျက်သွားသည်။

ထို့နောက် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး နောက်ကျောပေါ်ရှိ ဓားရှည်သည် ဒေါသထွက်နေသော နဂါးပျံတစ်ကောင်ကဲ့သို့ ဟိန်းသံပေးလျက် ဓားအိမ်တွင်းမှ ကျွတ်ထွက်လာတော့၏။

ဖြူဆွတ်သောဆံပင်၊ နုပျိုသော မျက်နှာဖြင့် အစိမ်းရောင်ဝတ်ရုံဝတ် ချင်းလျန်အကြီးအကဲသည် သူ၏ လက်ထဲရှိ ဓားရှည်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ပြီးနောက် နှိုင်းယှဥ်လို့ မရသော နက်နဲသည့် ဓားကျင့်စဥ်အား ဖော်ထုတ်ပြသလာသည်။

ဓားစိတ်ဆန္ဒသည် ပင်လယ်ပြင်တမျှ အဆုံးအစမဲ့ ကျယ်ပြောကာ ပတ်ပတ်လည်တွင် အားအင်အပြည့်ဖြင့် ဆူပွက်နေသည်။ ထိုဓားသွားမှတစ်ဆင့် အစိမ်းရောင် ဓားရောင်ခြည် အမြောက်အများ ဖြတ်ကျော်ယှက်နွယ်လာပြီး မကြာမီ အစိမ်းရောင် ကြာပန်းကြီးတစ်ပွင့်အဖြစ် ရုတ်တရက် ဖွဲ့စည်းလာကာ ပွင့်ချပ်များ ဖြည်းဖြည်းချင်း ပွင့်အာလာသည်။

“ချင်းလျန် ဓားကျင့်စဥ် နဝမအဆင့်၊ ကြာပန်း အသွင်ပြောင်း!” ချင်းလျန် ဓားမသေမျိုး၏ အင်္ကျီလက်စများ လွင့်ပျံလာပြီး သူ၏ မျက်လုံးများသည် လျှပ်စီးကဲ့သို့ ဝင်းဝင်းတောက်ကာ အော်ဟစ်လိုက်တော့သည်။

အုံး

အစိမ်းရောင် ကြာပန်းသည် အစွမ်းကုန်ပွင့်အာနေသော အသွင်အဖြစ် ဆက်တိုက် အသွင်ပြောင်းသွားပြီး အဆုံးမရှိသော ဓားစွမ်းအင်နှင့် ဓားစိတ်ဆန္ဒကို စုဆောင်းလိုက်သည်။ ထို စုစည်းထားသော စွမ်းအားများသည် ဖားပြုပ်အရှင်မြတ်ဆီသို့ ဦးတည်လျက် လွှမ်းခြုံဖုံးအုပ်ဖို့ ကြိုးစားလာတော့၏။

မသေမျိုးဧကရာဇ်တစ်ပါးကိုပင် သတ်နိုင်လောက်မည့် တိုက်ကွက်လှုပ်ရှားမှု။

“ဒီ အကြီးအကဲက မယုံနိုင်လောက်အောင် အားကောင်းတာပဲ…” လီဝူကျယ်၏ စိတ်အစဥ်သည် ကြီးစွာ တုန်လှုပ်သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ပြည့်စုံသော ကောင်းကင်အဆင့် ဓားစိတ်ဆန္ဒဖြင့် ပေါင်းစပ်ထားသော အဆင့်မြင့် ဓားကျင့်စဥ်ပညာ၊ ထိုစွမ်းအားသည် ကမ္ဘာမြေကို တုန်လှုပ်ယိမ်းယိုင်စေသည်။

ဝင်တိုက်ဖို့ အသင့်ပြင်ထားသော ဟုန်ချန်ယဲ့ပင်လျှင် တစ်ဖက်လူ၏ စွမ်းဆောင်ရည်ကြောင့် ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် တိုက်ကွက်အသစ်အဆန်းအား ငေးမောကြည့်နေမိသည်။

“မင်းက ချင်းလျန် ဓားမသေမျိုးပဲ” သူ့ကို ဖုံးအုပ်ဖို့ ကြိုးစားနေသော ဖိနှိပ်အားကို ခံစားမိလိုက်သောအခါ ဖားပြုပ်အရှင်မြတ်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လွင်လာပြီး ထို့နောက် သတ်ဖြတ်လိုစိတ်က ကြွတက်လာလေတော့၏။

ထို့နောက် လှောင်ပြုံးပြုံးရင်း ဆိုသည်။ “အတိတ်တုန်းက ဒီအရှင်ဟာ မင်းနဲ့ ယှဥ်ပြိုင်ဖို့ ဘယ်တုန်းကမှ မဝံ့ရဲခဲ့ဘူး၊ ဒါပေမယ့် အခုတော့ အချိန်တွေ ပြောင်းလဲသွားခဲ့ပြီ"

ပြောရင်းဖြင့် သူသည် ပေါ့ပေါ့ပါးပါး လက်ကိုမြှောက်ကာ တင်းတင်းဆုပ်လိုက်သည်။ လေဟာနယ်တွင် အနက်ရောင် လက်သီးပုံစံတစ်ခု ပေါ်လာပြီး အဆုံးမရှိသော အနက်ရောင် လျှပ်စီးများဖြင့် ဝန်းရံထားကာ သက်ရှိသတ္တဝါ အားလုံးကို ဖျက်ဆီးမည့် စွမ်းအင်ဖြင့် အစိမ်းရောင် ကြာပန်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

အုံး!

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ လွှမ်းမိုးနိုင်စွမ်းကြီးသော စွမ်းအင်စီးဆင်းမှုသည် ပတ်ဝန်းကျင်သို့ လှိုင်းထန်စွာ သက်ရောက်သွားပြီး ဖုန်မှုန့်များပင် လွင့်စင်ထကြွကုန်ကြ၏။

ချင်းလျန် ဓားမသေမျိုးသည် လျှပ်စီးမိုးကြိုးဖြင့် ပစ်ခတ်ခံရသကဲ့သို့ ယိမ်းယိုင်သွားပြီး မျက်နှာမှာ ခရမ်းရောင်သမ်းကာ သွေးခဲတစ်ပွက်ကို အန်ထုတ်လိုက်ရင်း မယုံနိုင်ခြင်းများစွာဖြင့် တစ်ဖက်ရန်သူကို မော့ကြည့်မိသည်။

“မင်း တကယ်ပဲ…”

All Chapters