ထွက်ခွါမည့်အချိန်
Vol. 11 Ch. 164
စနစ်
[ပိုင်ရှင် အချက်အလက် ]
ပိုင်ရှင် :ပိုင်ကျီဟန်
အသက်: ၁၆
ကျင့်ကြံမှု : ဝိညာဉ်ဖွဲ့စည်းပုံ (အစောပိုင်းအဆင့်)
ဖွဲ့စည်းပုံ: အဆင့်မြင့် တာအို အရိုး
ကိုယ်ခံပညာ: အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား (ကျွမ်းကျင်အဆင့်)
သူ့၏တတိယမြောက် ခန္ဓာကိုယ်သန့်စင်မှုကို စတင်ခဲ့တာ တစ်ပတ်လောက်ရှိချေ၏
တတိယမြောက် သန့်စင်မှုကို ဖြတ်သန်းဖို့ နာကျင်မှုသည် ခုနစ်ရက် ကြာခဲ့ပေသည်။ သို့တိုင် ရိုးရိုးသားသားပြောရလျှင် အရင်ကထက် နာကျင်မှုသက်သာ၏
သူ့ခန္ဓာကိုယ်သည် အဆင့်မြင့် ပါဝင်ပစ္စည်းအားလုံးကို ကျင့်သားရနေတာ ဖြစ်နိုင်သည်။
ထို့အပြင် ထိပ်တန်းပစ္စည်း အများကြီးကို စားသုံးပြီးနောက် သူ့၏ကျင့်ကြံမှုသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်ရှိခဲ့ချေသည်။
ဝိညာဉ်ဖွဲ့စည်းမှု
၎င်းသည် ပိုင်မျိုးနွယ် အကြီးအကဲတချို့ ရောက်ရှိနေသည့် ကျင့်ကြံမှုအဆင့်ပင်
ထိုအဆင့်ကနေစပြီး အသက်များစွာရှိသလိုပင်။ ဝိညာဉ်လုံးဝ မဖျက်ဆီးခံရသရွေ့ အသက်ပြန်ရှင်အောင် လုပ်နိုင်၏
လူသားအများစုကတော့ ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ် ကျင့်ကြံသူတွေကိုတောင် မသေနိုင်သူများဟု ယူဆကြသည်။ သို့တိုင် ကျင့်ကြံမှုလောကမှာတော့ သူတို့သည် တကယ့်မသေနိုင်သူတွေအဖြစ် ဝေးကွာနေဆဲသာ။
"အိုး? မင်းက ကောင်းကင်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီပဲ”
ပစ္စည်းအားလုံးကို စားသုံးပြီးတဲ့နောက် ထာဝရဝိညာဉ်ဓားသည်လည်း ကောင်းကင်အဆင့်ကို ရောက်ရှိလာခဲ့သည်။
သူ့တွင် နောက်ထပ် အဆင့်မြှင့်တင်မှုအတွက် အသုံးပြုနိုင်သည့် ပစ္စည်းအများကြီးရှိနေသေးပေမဲ့ ဓားကတော့ စားသုံးခဲ့သောအရာတွေထဲက အချို့ကို စီမံနေဆဲဟု ထင်ရသည် ။ အခုအချိန်မှာတော့ ပိုင်ကျီဟန်သည် ၎င်းကို အများကြီး မပေးဖို့ တွေးထားသည်။
သူသည် ထိုင်ပြီး သူ့အခြေအနေကို တည်ငြိမ်အောင် အာရုံစိုက်နေခဲ့သည်။
ဝုန်း ဝုန်း
တရားထိုင်နေစဉ် သူ့အောက်ရှိ မြေပြင်သည်ရုတ်တရက် တုန်ခါလာသည်။
"ဘာတွေဖြစ်နေတာလဲ?"
ပိုင်ကျီဟန် ညည်းညူလိုက်သည်။ သူတို့တိုက်ခိုက်ခံနေရတာမဖြစ်နိုင်ပေ ၊ ၎င်းသည် မသေမျိုးဧကရာဇ်၏ ရှေးဟောင်းအပျက်အစီးပင်
သူ့ရှေ့၌ အကြွင်းအကျန် ဝိညာဉ်ပေါ်လာတာကြောင့် သူကြာကြာခန့်မှန်းစရာမလိုပေ
"ပိုင်ရှင်းယွဲ့က ငါ့ရဲ့အမွေအနှစ်ကို အမွေဆက်ခံပြီးပြီ။ ဒီနေရာက မရှိနိုင်တော့ဘူး”
အကြွင်းအကျန် ဝိညာဉ်က ကြေငြာသည်။
"ဒါပဲလား..."
သူအံ့ဩမသွားပေ။ ကောင်းကင်ဘုံရွေးချယ်ခံရသူအနေနဲ့ သူမသည် အမွေအနှစ်ရဖို့ အချိန် နည်းနည်းသာယူရမည်ဟု မျှော်လင့်ထားသည်။
(အခု သူမဘယ်လောက်အစွမ်းထက်လာမလဲ)
သူ့၏သန့်စင်ထားတဲ့ခန္ဓာကိုယ်အသစ်နဲ့ ကောင်းကင်အဆင့် လက်နက်ကို ဆန့်ကျင်ပြီး အမွေအနှစ်နဲ့ ပိုင်ရှင်းယွဲ့က တကယ်အနိုင်ရနိုင်မည်လား
သူ့အနေနဲ့ မသေမျိုး ဧကရာဇ်၏ အမွေအနှစ်ကို အထင်မသေးသည့်တိုင် သူ့၏ကိုယ်ပိုင်အစွမ်းသတ္တိကိုလည်း အတော်လေးယုံကြည်မှုရှိပေသည်။
သူရှုံးမည်ဟု မထင်ထားပေ
၎င်းက သူထင်သောအရာပင် ။ ပိုင်ရှင်းယွဲ့ မည်မျှပိုအားကောင်းလာသည်ကို မြင်ပြီးနောက်မှာတော့ ၎င်းက ပြောင်းလဲသွားနိုင်သည်။
"ဒါဆို ဒီမှာပဲ နှုတ်ဆက်တာပေါ့။ မင်းကတိကို စောင့်ထိန်းမယ်လို့ မျှော်လင့်ပါတယ်”
အကြွင်းအကျန် ဝိညာဉ်သည် သူတို့ သဘောတူညီချက်ကို သတိပေးဖို့ ရောက်လာပုံရ၏
"ဒါက ငါတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုလို့ ဘာလို့ပြောနေတာလဲ။ မင်းရဲ့ကတိကို မေ့သွားပြီလား။"
ပိုင်ကျီဟန်က ပြုံးစိစိနဲ့ ပြန်ဖြေ၏
"ဟယ်... ငါပြောခဲ့သလိုပဲ၊ ငါဒီနေရာနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်။ ကြည့်နေ”
အကြွင်းအကျန် ဝိညာဉ်၏ ပုံသဏ္ဌာန်က တုန်လှုပ်ပြီး မှုန်ဝါးစပြုနေချေပြီ
သူမသည် သူမကတိကို စွန့်လွှတ်ဖို့ပြောနေတာ မဟုတ်ပေ။ သူမတကယ်ပျောက်ကွယ်သွားမည်သာ
ဒါပေမယ့် သူမကျေနပ်နေပုံရ၏ - သူမ တာဝန်က ပြီးမြောက်သွားချေပြီ။ ပိုင်ကျီဟန်လို ထူးဆန်းသောသူတစ်ယောက်နဲ့ တွေ့ဆုံမှုသည် သူမ၏ကိုယ်ပိုင်ဆုလာဘ်ပုံစံတစ်ခုလည်း ဖြစ်နိုင်၏
"ရှူး…ဒီအခြေအနေအတွက် ငါတစ်ခုခုပြင်ဆင်ထားပြီးပြီ။"
ပြောနေတုန်း ပိုင်ကျီဟန်သည် သိုလှောင်လက်စွပ်ထဲကနေ တစ်ခုခုကို ဆွဲထုတ်လိုက်၏။
အေးစက်ပြီး ကြောက်စရာကောင်းသော အလင်းရောင်တစ်ခု တောက်ပနေ၏ သာမန် ရှေးဟောင်းပစ္စည်းတစ်ခု မဟုတ်သည့် အလင်းရောင်မျိုး။
မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း မှော်စာများနဲ့ ထွင်းထားပြီး အလယ်ဗဟိုတွင် ဝိညာဉ်မှီတွယ်ရာ ကျောက်တုံးတစ်ခု ထည့်ထား၏
သူမမြင်လိုက်ရသည့်အချိန်တွင် အကြွင်းအကျန်ဝိညာဉ်၏ မျက်နှာအမူအရာတောင် ပြောင်းလဲသွားချေ၏
"အဲဒါ..."
"ဟုတ်တယ်"ပိုင်ကျီဟန်သည် စကားမဆုံးခင် သူ့လက်ထဲက သေတ္တာကို ဖွင့်လိုက်သည်။
"ကောင်းကင်အဆင့် ဝိညာဉ်ကို ချုပ်နှောင်ထားနိုင်တဲ့ ရှေးဟောင်းပစ္စည်း။ ကမ္ဘာပေါ်မှာ အကောင်းဆုံးတော့ မဟုတ်ဘူး—ဒါပေမယ့် မင်းရဲ့ တစ်ဝက်တစ်ပျက် ပျံ့နှံ့နေတဲ့ ဝိညာဉ်ကို ထိန်းသိမ်းဖို့ လုံလောက်ပါတယ်။ ပြီးတော့... မင်းရဲ့ ခွန်အားကို ဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးနိုင်တယ်"
သူ ပြုံးလိုက်ပေ၏
၎င်းသည် စနစ်စျေးဆိုင်မှ ဝယ်လာသည့် ပစ္စည်းဖြစ်ပြီး စနစ်အမှတ် ၂၀,၀၀၀ ကုန်ကျပေသည်။
၎င်းသည် သူအခုချိန်ထိ စုဆောင်းနိုင်ခဲ့သမျှ၏ ၈၀% နီးပါးပင်။
သို့တိုင် မသေမျိုး ဧကရာဇ် ဝိညာဉ်အတွက်လား။
၎င်းသည် ပေးဆပ်ရမည့် သေးငယ်သော တန်ဖိုးတစ်ခုသာ
အကြွင်းအကျန်ဝိညာဉ်သည် သူ့ကို လုံးဝမယုံနိုင်စွာ စိုက်ကြည့်နေ၏
ကောင်းကင်အဆင့်သာ ဖြစ်ပေမဲ့ ထို ဝိညာဉ်ထိန်းသိမ်းသော ရှေးဟောင်းပစ္စည်းသည် အလွန်ရှားပါး၏ အထူးသဖြင့် ဖြည်းဖြည်းချင်းတောင် ခွန်အားကို ပြန်လည်ရရှိနိုင်သော ပစ္စည်းတစ်ခုပင်
သူမမူလကျင့်ကြံမှု၏ ၁၀% ကိုတောင် ပြန်ရဖို့ ထောင်စုနှစ်တစ်ခုကျော် ကြာနိုင်၏...
"မင်း... အစကတည်းက ဒါကို ယူခဲ့တာလား?"
ပိုင်ကျီဟန်သည် အစပိုင်းတွင် နစ်နာနေသလို ထင်ရပေမယ့် ဘာကြောင့် ထိုသဘောတူညီချက်မျိုး လုပ်ရသည်ကို သူမ နားလည်လာခဲ့သည်။
သူ့အနေနဲ့ အစကတည်းက ၎င်းကို စီစဉ်ထားပြီးသားဟု ထင်ရသည်။
"ဟုတ်ပါတယ်၊ ငါ လုပ်ခဲ့တာပဲ”
ပိုင်ကျီဟန်သည် နှာခေါင်းရှုံ့လိုက်၏။
"ဘာလို့ မင်းကို ဒီအတိုင်း ကတိပေးရမှာလဲ?"
သူက ဆက်ပြောသည် "မင်းလို အဖိုးတန်ဝိညာဉ်တစ်ခုကို ဘာမှမရှိတဲ့အထဲ ပျောက်ကွယ်သွားစေမယ်လို့ မင်းထင်နေတာလား။ အခုချိန်မှာ မင်းမှာ စွမ်းအားမရှိရင်တောင် မင်းမှာ အသိပညာရှိတယ်။ ပြီးတော့ အသိပညာဆိုတာလည်း စွမ်းအားပဲ။"
သူသည် ရှေးဟောင်းပစ္စည်းကို ကြမ်းပြင်ပေါ်ချပြီး ချီကို ထိုးသွင်းလိုက်
ချေ၏။
ဝိညာဉ်ချုပ်နှောင်ထားသော ရှေးဟောင်းပစ္စည်းသည် လင်းလက်လာပြီး စွမ်းအင်များ ထွက်ပေါ်လာသည်နှင့်အမျှ မှော်စာများကို လေထဲသို့ ပစ်လွှတ်လိုက်သည်။
အကြွင်းအကျန်ဝိညာဉ်သည် ဗီဇအရ ခုခံရန် စတင်ခဲ့သည် - သူမ၏ပုံသဏ္ဌာန်သည် တုန်လှုပ်နေသည် - သို့သော် ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက်ကို မြှင့်တင်လိုက်သည်။
"ဘာလဲ..မင်းရဲ့အလုပ်ပြီးသွားလို့ ပြန့်ကျဲပြီး သေချင်နေတာလား။ မင်းရဲ့ကတိကို မမေ့နဲ့”
"...မင်းက အရှက်မရှိတာပဲ”
"မင်းမမှားပါဘူး။"
သူမ ရပ်လိုက်သည်။
သူမ၏ ကြည်လင်သောပုံသဏ္ဌာန်သည် ဖြည်းဖြည်းချင်း တည်ငြိမ်လာ၏ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ သက်ပြင်းချလိုက်သည်။
"ဒါက ပျောက်ကွယ်သွားတာထက် ပိုကောင်းတယ်လို့ ငါထင်ပါတယ်။ ဒါပေမယ့် မင်းနားလည်ရမယ်၊ ဒီအခြေအနေမှာ ငါ မင်းကို အများကြီး မကူညီနိုင်ဘူး။ ခဏတောင် မဟုတ်ဘူး။"
"ငါ အကူအညီ မလိုဘူး" ပိုင်ကျီဟန်သည် မျက်လုံးများ တောက်ပစွာ ပြောလိုက်သည်။
"ငါပျင်းနေတဲ့အခါ စကားပြောဖို့ တစ်ယောက်ယောက်ပဲ လိုတာ။ ပြီးတော့ မသေမျိုးဧက္ကရာဇ်ဖေးလိန်က တစ်နေရာရာမှာ ဝှက်ထားတဲ့ ရတနာအားလုံးကို ငါ့ကို ပြောပြနိုင်တယ်။"
အမှန်အတိုင်းပြောရလျှင် မသေမျိုး ဧကရာဇ်တစ်ပါးတွင် ထိုထက် များပြားသောဘဏ္ဍာတွေ မရှိနိုင်စရာအကြောင်း မရှိပေ
ထိုထက်ပိုရှိရမည်။ တခြားနေရာ၌ ဝှက်ထားတာ ဖြစ်နိုင်၏ တကယ့်အမွေဆက်ခံသူအတွက် သီးသန့်ထားတာမျိုးလည်း ဖြစ်နိုင်ပေသည်။
သူမ၏ စစ်မှန်သောတန်ဖိုးသည် သူမစုဆောင်းခဲ့သည့် ထောင်စုနှစ်တွေမှ သူမ၏ အသိပညာပင်
နောက်ဆုံးတော့ သူသည် ထိုကမ္ဘာ၏ 'Google' ကို ရခဲ့ချေပြီ။
"မင်း..."
အကြွင်းအကျန်ဝိညာဉ်အနေနဲ့ သူမမှာ သွေးသာရှိလျှင် သွေးအန်လုနီးပါးပင်
နောက်ဆုံးတော့ သူမသည် ရှေးဟောင်းပစ္စည်းထဲကို ဆွဲဆောင်ခံရဖို့ ခွင့်ပြုလိုက်၏
နူးညံ့သော အလင်းတန်းတစ်ခုသည် သူမကို ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမ ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်းပစ္စည်း၏ မှော်စာများ မှိန်ဖျော့ဖျော့သွား၏ ။ ပိုင်ကျီဟန်သည် ၎င်းကိုကောက်ယူပြီး သူ့၏သိုလှောင်လက်စွပ်ထဲကို လုံခြုံစွာထည့်လိုက်ချေသည်။
"ပြီးပြီ”
သူထပြီး ပျင်းရိစွာ အပျင်းကြောဆန့်လိုက်ပေသည်။
တုန်ခါမှုများက ပိုပြင်းထန်လာ၏ နံရံတွေတုန်ခါနေ၏ သူ့ခြေထောက်အောက်ကကြမ်းပြင်သည်ပင် အက်ကွဲနေပေသည်။ ရှေးဟောင်းအပျက်အစီးများသည် သူမပြောသလိုပဲ ပြိုကျနေခဲ့ပြီ
ထွက်သွားရမည့် အချိန်ရောက်ပြီ။
(ဒါပေမယ့် ဘယ်လိုလဲ။)
သူသည် ရှေးဟောင်းပစ္စည်းသေတ္တာကို ထပ်ထုတ်ပြီး အကြွင်းအကျန်ဝိညာဉ်ကို မေးလိုက်ပေ၏
အတွင်းကနေ တိုးတိုးလေး အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"အချိန်တန်ရင် မင်းကို အပြင်ပို့ပေးလိမ့်မယ်။ ခဏစောင့်”
"ကောင်းပြီ၊ အဲဒါဆို ပိုကောင်းမယ်" ပိုင်ကျီဟန်သည် ပြိုကျနေသော မျက်နှာကြက်ကို မော့ကြည့်ပြီး တိုးတိုးလေးပြောလိုက်၏ "မဟုတ်ရင် ငါဒီနေရာမှာ အရှင်လတ်လတ် မြှုပ်နှံခံရလိမ့်မယ်။"