← Chapters

လူ့လောကရဲ့ ကြေးချွတ်သန့်စင်ဘုံ

Vol. 1 Ch. 52

လူ့လောကရဲ့ ကြေးချွတ်သန့်စင်ဘုံ

Vol. 1 Ch. 52

အနောက်ဘက် တောင်ကုန်းများသည် လှပသော မြင်ကွင်းများ ရှိသည်။ နေ့လည်ခင်း ဖြစ်သည့် အလျောက် ပူနွေးသော နေရောင်ခြည်သည် မနက်ခင်းက တောင်ကုန်းများ ပေါ်တွင် ရှိနေခဲ့သော နှင်းစက်များကို အငွေ့ပျံစေသည်။ အစိမ်းရောင် မြူခိုးများက တောင်ကုန်းများကို ရစ်ခွေကာ အထက်သို့ တက်နေပုံမှာ စိတ်ကူးယဉ် ဆန်လှသည်။

နေရောင်ထဲတွင် ရှိနေခဲ့သော်လည်း ကျန်းရီသည် နွေးထွေးမှုကို မခံစား နေရချေ။  သူ့တစ်ကိုယ်လုံးသည် အရိုးများထိပါ အေးစက် နေခဲ့သည်။

ချုံပုတ်များကို ဖြတ်ကာ ကြည့်လိုက်သောအခါ ပုဝါအနက်ဖြင့် မျက်နှာကို အုပ်ထားသော အစိမ်းရောင် ဝတ်စုံနှင့် လူအယောက် နှစ်ဆယ်ခန့်ကို တွေ့လိုက်ရသည်။ အင်အားချင်း မညီမျှ ကြသော်လည်း လက်နက်ကိုယ်စီနှင့် လူသတ်မည့် မျက်ရိပ် မျက်နှာကဲ များမှာမူ တူညီလျက်ရှိသည်။

“မာဟေးချီ မာဖေး”

ကျန်းရီသည်  အံကို တင်းနေအောင် ကြိတ်လိုက်သည်။ သူသည် ယခင်ကထက် များစွာပို၍ အမျက်ထွက် နေခဲ့သည်။ ကျန်းရုလုံနှင့် ကျန်းရုဟူတို့ ကျန်းရှောင်နူကို ပြန်ပေးဆွဲပြီး ကျန်းရီကို မျှားခေါ် လာသည်မှာ သူ့အား သတ်ရန် ဖြစ်သည်။ သို့သော် မာမိသားစုဝင်များလည်း ဤတောင်ကုန်းပေါ်တွင် ရှိနေခဲ့ကြောင်း သူမသိခဲ့ပေ။  မာဟေးချီနှင့် မာဖေးတို့သည် မျက်နှာများကို အုပ်ထားသည့် တိုင်အောင် ကျန်းရီက သူတို့၏ မျက်လုံးများကို ကောင်းကောင်း မှတ်မိနေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် သူတို့ကို မှတ်မိရန် လုံလောက်ပေသည်။

မာမိသားစုနှင့် ကျန်းမိသားစုမှာ ရန်ငြိုး ရန်စများ ရှိခဲ့သည်။ ကျန်းရုလုံက မာမိသားစုဝင် နှစ်ဦးကို မသန်စွမ်း ဖြစ်အောင် လုပ်ခဲ့သလို မာဟေးချီကလည်း ကျန်းမိသားစုဝင် အချို့ကို အလဲထိုး ခဲ့ဖူးသည်။ သို့သော် ကျန်းရီအတွက်နှင့် သူတို့နှစ်ဦး ပူးပေါင်းလိုက်ကြပြီလော။

ကျန်းရုဟူသည် သူ့ကို အုပ်စုဖွဲ့ကာ အနိုင်ကျင့်ခဲ့စဉ်က ကျန်းရုဟူ၏ခြေထောက်ကို ချိုးခဲ့သေးသည်။ ကျန်းရုလုံ၏ ခြေထောက်ကိုပါ အဆစ်ချိုး ပေးခဲ့သေးသည်။ ကျန်းမိသားစုတွင် ဤသို့ တိုက်ခိုက်မှုများသည် ပုံမှန်ဖြစ်ကာ မထူးဆန်းတော့ပေ။ သို့ရာတွင် သူ့ကို ကိုင်တွယ်ရန် အတွက်နှင့် အခြားဂိုဏ်းမှ လူများနှင့်ပင်  ပူးပေါင်းနေပြီလော။

ကျန်းရီသည် စိတ်ကိုထိန်းကာ တောအုပ် အခြေအနေကို ကြည့်ပြီး အနောက်ဆုတ် လာခဲ့သည်။ သူသည် အခြားတစ်ဖက်သို့ ပြေးလာခဲ့စဉ်တွင် ပုန်းအောင်းနေသော  မာမိသားစုဝင် တစ်ဦးကို သတိပြုမိလိုက်သည်။

“ဝှစ်”

ရန်သူမှာ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယအဆင့်သာ ရှိသူ ဖြစ်သည်။ ကံတရား၏ ဓားစိမ်းမှာ လင်းလက်လာပြီး ရန်သူ မတုန့်ပြန်လိုက် ရသေးခင်မှာပင် လည်ပင်း ပြတ်သွားခဲ့ပြီ။

လတ်ဆတ်သော သွေးများ ကျန်းရီ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ပန်းထွက် လာခဲ့သည်။ သို့ရာတွင် မျက်နှာကို မသုတ်ပဲ အစိမ်းရောင် ဝတ်စုံနှင့် ပုဝါအနက်တို့ကို လျင်မြန်စွာ ချွတ်ယူ လိုက်သည်။ သူ၏ လည်ပင်းနှင့် မျက်နှာတို့မှာ သွေးများဖြင့် စေးကပ်ကပ် ဖြစ်နေခဲ့သော်လည်း ခန္ဓာကိုယ်မှာ တောထဲသို့ လျှင်မြန်စွာ ပြေးဝင်လာခဲ့သည်။

“ကယ်ကြပါဦး... ကျွန်တော့်ကို ကယ်ကြပါ”

တောထဲသို့ မချဉ်းကပ်ခင်မှာပင် အသံကို တမင်ပြောင်းကာ သူအော်နေခဲ့သည်။ ကျန်းရီသည် မြေပေါ်တွင် လှဲချကာ ဆံပင်များမှာလည်း ကြိုးများဖြင့် ရောကာ ဖရိုဖရဲ ဖြစ်နေခဲ့သည်။ သွေးထွက်ကာ လဲကျနေသော သူ့ပုံစံမှာ မာမိသားစုမှ လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရနေပုံနှင့် တူလှပေသည်။

ကျန်းရီ၏ အသံမှာ တောထဲရှိလူများကို လှုံ့ဆော် လိုက်သကဲ့သို့ပင်... အရိပ်များစွာ ပြေးလာကြပြီး ကျန်းရီကိုမြင်လျှင် သူတို့အံအားသင့်သွားကြသည်။ မာမိသားစု၏ ဝတ်ရုံအစိမ်းနှင့် ပုဝါအနက်ကို အုပ်ထားသည့်အပြင် သွေးများပေကျံနေသောကြောင့် သူ့ကို မည်သူကမျှ သတိမပြုမိကြချေ။ ထို့နောက် အလုပ်များသော  ပျားများကဲ့သို့ ရန်သူကို လူစုခွဲ ရှာဖွေလိုက်ကြသည်။

“မာတိ... ဘယ်လိုဖြစ်တာလဲ မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ”

မာဟေးချီကို မနေ့ကမှပင် ကျန်းရီက ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဘယ်ဘက်ပုခုံးရှိ အရိုးများ ကျိုးသွားခဲ့သော်လည်း  မာမိသားစုသည် မြေကမ္ဘာ အဆင့်ဆေးများနှင့် ကူညီခဲ့သောကြောင့် သူအား ပြန်ပြည့်လာခဲ့သည်။ လှုပ်ရှားမှုအချို့ အားနည်းနေရုံမှလွဲ၍ သူ၏ အခြေအနေမှာ ပုံမှန်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကျန်းရီသည် ခေါင်းကို မော့မကြည့်ဘဲ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ဘယ်ဘက်ခြမ်းသို့ ညွှန်ပြလိုက်သည်။

“ဝှစ်... ဝှစ်... ဝှစ်”

မျက်လုံး များစွာသည် ကျန်းရီညွှန်သော်ဘက်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ချုံပုတ် အချို့ကို  သတ်ဖြတ်တော့မည့် မျက်လုံးများဖြင့် ကြည့်ကာ ပြေးဝင် သွားကြသည်။

“ဟမ်”

လူအချို့သည် ခေါင်းယမ်းပြီး ပြန်လာကြသည်ကို မာဟေးချီ မြင်လိုက်ရသည်။ သူ၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး  ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

“လူဖြန့်ပြီး သေချာရှာကြစမ်း...”

အချိန်ကောင်းပဲ…

ကျန်းရီ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ မာဟေးချီသည် သူနှင့် ဆယ့်နှစ်မီတာခန့် အဝေးတွင် ရှိနေသည်။ ကျန်းရီသည် မာဟေးချီ အလာကို စောင့်နေခဲ့သော်လည်း သူက ဆက်လျှောက်မလာဘဲ မာမိသားစုဝင် သုံးဦးကသာ အနားကပ် လာခဲ့သည်။ သူသာ ဆက်လှဲနေလျှင် သူ့ကိုမြင်သွား ကြပေတော့မည်။

မြေကြီးကို ခြေထောက်နှင့် ကန်ကာ သူသည် မာဟေးချီထံ ဓားတစ်လက်သဖွယ် ဦးတည် သွားလိုက်သည်။ ထို့နောက် သူသည် အသံကို ပြောင်းကာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်...

“သခင်လေး.... သတိထား ကျန်းရုလုံက သခင်လေးကို လှည့်စားလိုက်ပြီ”

“အာ”

ကျန်းရီ ရုတ်တရက် ခုန်လိုက်သောကြောင့် မာဟေးချီ လန့်သွားခဲ့သည်။ ထိုအသံကို ကြားသည်နှင့် အနောက်ကိုပင် မကြည့်ဘဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ ကျန်းရုလုံနှင့်သူ၏အဖွဲ့မှာ သတိပေးချက်ကို ရသော်လည်း နေရာသို့ အချိန်မီ ရောက်မလာခဲ့ချေ။

“မကောင်းတော့ဘူး ငါလှည့်စားခံလိုက် ရပြီ”

မာဟေးချီသည် ကျန်းရီ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုသော အရိပ်အယောင်များကို မြင်လိုက်ရသည်။ ကျန်းရီထံသို့ လျှောက်လာ နေကြသော မာမိသားစုဝင် သုံးယောက်သည် အော်ဟစ်လိုက် ကြသည်။

“သခင်လေးချီ... သတိထား... သူက မာတိမဟုတ်ဘူး”

“အရမ်း နောက်ကျသွားပြီ... ငါ့ရဲ့ အတွင်းအား ပေါက်ကွဲလက်ဝါးကို မြည်းကြည့်လိုက်စမ်း...”

ကျန်းရီ၏ လက်မှ အပြာရောင် အတွင်းအားများ ပေါ်ထွက်လာခဲ့သည်။ အတွင်းအားသည် သူ့လက်ပေါ်တွင် လွန်ခဲ့သည့် နေ့ကလိုပင် လည်ပတ်နေခဲ့သည်။ သို့သော် အနက်ရောင် အလင်းများတော့... ရှိမနေခဲ့ချေ။

“ကျန်းရီ”

မာဟေးချီသည် သူ့ထံကျ ရောက်လာသော လက်ဝါးကို မြင်လိုက်လျှင် ချောက်ချား သွားရသည်။ ကျန်းရီ၏ လက်ဝါးသည် သူ့ကိုယ် အောက်ပိုင်းကို ရည်ရွယ်နေသည်။ ထိုလက်ဝါးသာ ရိုက်မိပါလျှင် ဝမ်းဗိုက်ရှိ သူ့ဒန်တျန်းသည် ပျက်စီး သွားရလိမ့်မည်။

ထိုအချိန်တွင် မာဟေးချီသည် အားစိုက်ကာ မြေပြင်ပေါ်မှ ခုန်တက်လိုက်ပြီး ကျန်းရီ၏ လက်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ဒန်တျန်းသည် ထိခိုက်မှုမရှိဘဲ လက်မှသာ သွေးများ ထွက်လာခဲ့လေသည်။

“အရူး... မင်းထပ်ပြီး အလိမ်ခံလိုက် ရပြန်ပြီ”

ကျန်းရီသည် ကြိမ်းဝါးလိုက်ပြီး ဝတ်ရုံလက်အတွင်းမှ ကံတရား၏ ဓားစိမ်းကို ထုတ်ယူလိုက်သည်။ အစိမ်းရောင် အလင်းတစ်ချက်သည် မာဟေးချီ၏ ခြေထောက်ထံ ဦးတည်၍ ဖြတ်သန်း သွားခဲ့သည်။

ကြောက်မက်ဖွယ် အော်သံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ကံတရား၏ ဓားစိမ်းသည် သတ္တုများကိုပင် ဖြတ်တောက် နိုင်လေသည်။ ကျန်းရီ၏ ညာဘက်လက်ကိုသာ အာရုံစိုက်နေသော မာဟေးချီသည် သူ၏ ဘယ်ဘက်လက်မှ ချောင်းမြောင်း တိုက်ခိုက်မှုကို မည်သို့ သတိပြုမိလိုက်မည်နည်း။

ခြေထောက်တစ်ဖက်သည် လွင့်ထွက်သွားခဲ့ပြီး မာဟေးချီ၏ ကိုယ်သည် မြေပေါ်သို့ လဲကျ သွားခဲ့သည်။ သူသည် ငယ်သံပါအောင် အော်ဟစ်နေခဲ့သည်။

“သခင်လေးချီ”

“သခင်လေး”

အနီးအနားရှိ မာဂိုဏ်းသားများသည် ထိတ်လန့်စွာ အော်ဟစ် လိုက်ကြသည်။

မာဟေးချီသည် မည်သူနည်း... သူသည် မာဂိုဏ်း၏ လူငယ်မျိုးဆက်မှ ထူးချွန်သူ ဖြစ်ပြီး ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ဝင်ရောက်နိုင်ရန် အခွင့်အရေးများစွာ ရှိသူဖြစ်သည်။ သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ဝင်ရောက်ခွင့် မရလျှင်တောင် အနောက်ဘက် မြို့စောင့်တပ်သို့ ဝင်ခွင့် ရနိုင်ပေသည်။ ယခုမူ သူသည် အသုံးမဝင်သူ ဖြစ်သွားလေပြီလား... မာဂိုဏ်းသား အားလုံးသည် ထိတ်လန့်သွားကြသည်။ မာခွေသာ လက်ရှိအခြေအနေကို သိပါလျှင် အနောက်ဘက် တောင်ကုန်းသို့ ချက်ချင်းလိုက်လာကာ သူတို့ အားလုံးကို သတ်ပေတော့မည်။

“ဝှစ်”

မာဂိုဏ်းသားများသည် ဆွံ့အ နေကြသည် ဖြစ်ရာ ကျန်းရီသည် မာဂိုဏ်းသား နှစ်ယောက် အကြားသို့ မြေပေါ်မှ လှိမ့်ချကာ သွားလိုက်သည်။ ကံတရား၏ ဓားစိမ်းသည် စက်ဝိုင်းခြမ်း နှစ်ခုပုံ ရွေ့လျားသွားခဲ့ပြီး မှင်တက်နေသော မာဂိုဏ်းသား နှစ်ယောက်၏ ခြေထောက်များကို ဖယ်ရှား လိုက်လေသည်။

“အား... အား”

အော်သံနှစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး သူတို့နှစ်ယောက်သည် မာဟေးချီကဲ့သို့ပင် မြေပေါ်၌ လူးလိမ့် နေကြပေသည်။ ကျန်းရီသည် မတ်တတ်ရပ်လိုက်ပြီး အခြားမာဂိုဏ်းသား တစ်ယောက်ထံ ဝံပုလွေ တစ်ကောင်နှယ် ပြေးသွားလိုက်သည်။

“သူ့ကိုသတ်... သူ့ကိုသတ်ကြ”

နောက်ဆုံးတွင် မာဂိုဏ်းသား တစ်ယောက်သည် သတိဝင်လာကာ အော်ဟစ်ရင်း ကျန်းရီထံ  ပြေးဝင် လာခဲ့သည်။ သူတို့သာ ကျန်းရီကို ယနေ့ မသတ်နိုင်လျှင် မာခွေကို မည်သို့ ရှင်းပြရမည်နည်း သို့သော် တစ်ယောက် နှစ်ယောက်ခန့်သည် အလျင်အမြန် သဘောပေါက်သွားကာ တောင်ကုန်းပေါ်မှ ပြေးဆင်း သွားကြသည်။ ရုတ်တရက် ကျန်လူများသည် ကျန်းရီကို သဲကြီးမဲကြီး စတင်တိုက်ခိုက် လာကြသည်။

လူပေါင်းများစွာသည် သူ့ထံပြေးဝင်လာသည်ကို မြင်လျှင် ကျန်းရီသည် လှောင်ပြုံးပြုံး လိုက်သည်။ သူသည် နောက်ပြန်မဆုတ်ဘဲ ထိုလူများရှိရာဆီ တိုးဝင်သွားခဲ့လိုက်သည်။ သူသည် အနက်ရောင် အတွင်းအားကို မျက်လုံးဆီ ပို့ဆောင်လိုက်သည်။

မာဟေးချီမှ တစ်ပါး ကျန်လူများသည် အများဆုံးမှ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သာ ရှိသည်။ သူ့မျက်လုံးထဲတွင် ထိုလူများသည် သူအမဲလိုက်မည်ကို စောင့်နေကြသော သိုးအုပ်လေး တစ်ခုနှယ်....

“ဝှစ်”

ကျန်းရီသည် လူအုပ်ထံ ပြေးဝင်သွားခဲ့ပြီး ကံတရား၏ ဓားစိမ်းကို ကိုင်လျက် ပုံရိပ်ယောင် လက်သီးကို ထုတ်လွှတ်လိုက်သည်။ လေထဲတွင် အစိမ်းရောင် အရိပ်များဖြင့် ပြည့်သွားခဲ့သည်။

အော်သံများစွာတို့က ထွက်ပေါ်လာခဲ့သည်။ ကျန်းရီကြောင့် ခြေထောက်များစွာ၊ လက်များစွာတို့ ထိခိုက်သွားကြသည်။ ရှေ့ဘက်ရှိ လူများသည် ကြောက်ရွံ့သဖြင့် နောက်သို့ ဆုတ်ရန် ကြိုးစားနေကြသော်လည်း အနောက်ရှိ လူများက သွေးရူးသွေးတန်းဖြင့် ရှေ့သို့တက်လာကြကာ ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်လာကြသည်။

ကျန်းရုလုံနှင့် အဖွဲ့သည်လည်း အသံကြားကာ အလျင်အမြန် ရောက်ရှိလာကြသည်။ အခြေအနေကို မြင်လိုက်သောအခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြပြီး မျက်လုံးအိမ်များလည်း ကျဉ်းမြောင်း သွားကြသည်။ အများစုသည် ကိုယ်ကို ကိုင်းကာ အန်နေကြတော့သည်။

လူ့လောကရဲ့ ကြေးချွတ်သန့်စင်ဘုံပဲ။

အချိန်တိုလေး အတွင်း၌ သူတို့ ရောက်လာခဲ့သော်လည်း မြင်ကွင်းသည် လုံးဝကို ငရဲကျနေခဲ့ပြီ ဖြစ်သည်။ ခုနှစ်ယောက်ခန့်သည် ခြေလက်များ ပြင်းပြင်းထန်ထန် ထိခိုက်ထား၍ လူနှစ်ယောက်သည်ကား ဝမ်းဗိုက်များ ပွင့်ထွက်နေကာ အူများပင် ပြန့်ကြဲနေလေသည်။ နေရာ တစ်ခုလုံးသည် သွေးစွန်း နေခဲ့သည်။ လူများစွာ ခြေလက်များကို ပိုက်ရင်း ခြောက်ခြားစွာ အော်ဟစ် လူးလိမ့် နေကြသည်။ ကျန်းရီသည် လူအုပ်အတွင်း တောက်ပနေခဲ့ပြီး သူ၏ ကံတရားရဲ့ ဓားစိမ်းသည် သေမင်း၏ ကောက်ရိတ် တံစဉ်နှယ် အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။

“ကျန်းရီ... အဲဒါ ကျန်းရီပဲ”

ကျန်းရီသည် မျက်နှာကို ဖုံးအုပ် ထားခဲ့သော်လည်း ကျန်းရုဟူက မှတ်မိပေသည်။ သူ၏ ဆံပင်များနှင့် အဝတ်အစားများသည် ရှုပ်ပွနေကာ သူ့တစ်ကိုယ်လုံးသည် သွေးများဖြင့် ပေကျံ နေခဲ့သည်။ သို့သော် ကျန်းရီ၏ အေးစက်စက် မျက်လုံးများကိုမူ ကျန်းရုဟူ တစ်သက်မေ့သွားမည် မဟုတ်ပေ။

“အစ်ကိုလုံ... ကျွန်တော်တို့ ဘာလုပ်သင့်လဲ ... အား...”

ကျန်းစုန့်၏ ကိုယ်သည် တဆတ်ဆတ် တုန်ယင်နေကာ လုံးဝချောက်ချား နေခဲ့သည်။ သူသည် တောင်ပေါ်မှ အမြန်ပြေးဆင်း သွားချင်ပါသော်လည်း ခြေထောက်များက ပျော့ခွေနေကာ လမ်းတောင် မလျှောက်နိုင်တော့ပေ။ သူ အစာအိမ်မှလည်း ဆိုးဆိုးဝါးဝါး နာကျင်လာကာ ထိုးအန်တော့သည်။

ကျန်းရုလုံ၏ အမူအရာသည်လည်း မကောင်းတော့ပေ။ မာဟေးချီနှင့် မာဂိုဏ်းသားများသည် မသန်မစွမ်းများ ဖြစ်အောင် အလုပ်ခံရလိုက်ရကာ မျက်စိရှေ့တွင်ပင် ရှိနေသေးသည်။ ထိုသို့လုပ်သူကား ကျန်းရီ ဖြစ်သော်လည်း မာဂိုဏ်းချုပ်က မည်သို့တွေးမည်နည်း ကျန်းဂိုဏ်းသည် မာဟေးချီကို ထောင်ချောက် ဆင်သည်ဟု ယူဆပေလိမ့်မည်။ ကျန်းဂိုဏ်းနှင့် မာဂိုဏ်းအကြားတွင် စစ်ပွဲတစ်ခု ဖြစ်ပွားပေတော့မည်။

သူသည် နောက်ဆုံးတွင်တော့ စိတ်ကူးတစ်ခု ရလာခဲ့လေသည်။ သူသည် ဘေးရှိ ကျန်းရုဟူကို ကြည့်ကာ အော်ဟစ်လိုက်သည်...

“မင်းဘာကို စောင့်နေတာလဲ... ကောင်မလေးကို ဒီကို ခေါ်လာခဲ့... ကျန်းရီကို အရှင်မဖမ်းနိုင်ရင် ငါတို့ ဒုက္ခ ရောက်လိမ့်မယ်”

“အာ... ဟေးချီ... ဘယ်သူက သခင်လေးဟေးချီကို ထိခိုက်အောင် လုပ်တာလဲ... ကျွန်တော် မာယင်းက သူ့ကို တစ်စစီ လုပ်ပေးမယ်”

အော်သံ တစ်ခုသည် တောင်တစ်ခုလုံး အနှံ့မှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရုလုံ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားခဲ့သည်။ သူသည် ထိတ်လန့်တကြား အော်ပြောလိုက်သည်...

“မကောင်းတော့ဘူး... မာဂိုဏ်းက အကူရောက်လာပြီ... ပြီးတော့ သူက ခရမ်းရောင် နန်းတော်ရှင် အဆင့်ပဲ... ဂိုဏ်းကို ချက်ချင်း အကြောင်းကြားပြီး စစ်ကူတောင်းလိုက်... မဟုတ်ရင် ငါတို့ အားလုံးကို သူသတ်လိမ့်မယ်”

***

(စကားချပ်-ကြေးချွတ် သန့်စင်ဘုံ ဆိုတာကလေ ခရစ်ယာန် အယူအဆမှာ ဆိုးသွမ်းလွန်းလို့ မချေချွတ်နိုင်တဲ့ သတ္တဝါကို ထည့်ပိတ်ထားတဲ့ ကမ္ဘာတစ်ခု ပုံစံမျိုးပေါ့...  Supernatural ကြည့်ဖူးတဲ့ သူတွေ သိလောက်ပါတယ်)

All Chapters