သေမှာ မကြောက်သော သူ
Vol. 52 Ch. 615
စုရီတစ်ယောက် နေအိမ်သို့ ပြန်ရောက်သောအခါ မိုးလင်းနေပြီဖြစ်၏။ အာရုဏ်ဦး အလင်းရောင်များသည် နိုင်ဟဲ တောင်ထွတ်ကိုးလုံးကို ခမ်းနားစွာ လွှမ်းခြုံနေသည်။
“ ဆရာစု ပြန်လာပြီ။ ”
မျက်မမြင် အဘိုးအိုက သူ့ကို နှုတ်ဆက်တော့၏။ စုရီမှ ခေါင်းညိတ်ပြပြီး၊
“ စွေ့ကျင်းယန် ရောက်ရင် ငါတို့ ထွက်သွားမယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
မျက်မမြင် အဘိုးအိုက သဘောတူသည်။ မနေ့ညက စုရီတစ်ယောက် အသွင်ကူပြောင်းမှု ရရှိခဲ့ပုံပေပင်။ သို့တိုင် အလိုက်သိစွာဖြင့် မေးမြန်းခြင်းမပြုဘဲ နေခဲ့သည်။
စုရီမှ ရေချိုးပြီးနောက် သပ်ရပ်သော ၀တ်လုံကို ပြောင်းလဲလိုက်၏။ ရှည်လျားသော အနက်ရောင်ဆံပင်ကို သစ်သားဆံညှပ်ဖြင့် ချည်နှောင်လျက် လန်းဆန်းနေသည်။
စွေ့ကျင်းယန် ရောက်လာချိန်တွင် အားလုံးပြင်ဆင်ပြီးဖြစ်၏။ ရင်သပ် ရှုမောဖွယ် အလှသည် နံနက်ခင်းနှင့်အတူ ဆင်းသက် လာချေပြီ။
“ တာအိုစု မနေ့ညက ငါ့အဖေဆီကို စာတစ်စောင်ရေးပြီး သတင်းပို့ထားလိုက်တယ် ဒါကြောင့် တည်နေရာရွေ့ပြောင်းအစီရင်နဲ့ ငါတို့ ဝမ်ချွမ်ဒိုမိန်းနယ်စပ်ကို တိုက်ရိုက် ကျော်ဖြတ်နိုင်ပါပြီ။ ”
သူမအသံသည် ချိုသာပြီး ကြည်လင်ပြတ်သားသည်။ သို့သော် စုရီမှ ခေါင်းယမ်းကာ၊
“ ငါတို့ အလျင်လိုနေတာမဟုတ်ဘူး ... ဘာလို့တည်နေရာရွေ့ပြောင်း အစီရင်တွေကို သုံးရမှာလဲ။ ”
“ ဟမ့် ... တာအိုစု ... ဒီနည်းလမ်းက တတိယအကြီးအကဲကို အခွင့်အရေးပေးတာနဲ့ အတူတူပဲ မဟုတ်လား။ ”
စွေ့ကျင်းယန်မှ စုရီကို မယုံကြည်နိုင်စွာ ပြန်ကြည့်လိုက်သည်။
“ မှန်တယ် ... ။ ”
စုရီမှ ခေါင်းညိတ်၏။ ထိုမှသာ စုရီသည် အမှန်ပင် အဖမ်းခံရမည်ကို မကြောက်ကြောင်း နားလည်လိုက်သည်။
ယင်းအစား သူ့ကို လိုက်ဖမ်းစေရန်ပင် မျှော်လင့်နေ၏။ ဤသည်မှာ ရူးသွပ်လွန်းချေပြီ။ ဧကရာဇ်တစ်ပါး အမဲလိုက်ခြင်းကို ခံလိုသော ဝိညာဉ်တာအိုနယ်ပယ်တွင် တစ်စုံတစ်ယောက် ရှိနေသည်လော။ မယုံနိုင်စရာပေပင်။
စုရီအတွက်မူ စွေ့မျိုးနွယ်သို့ သွားရာလမ်းတွင် ယခင်ဘဝကထားရစ်ခဲ့သော တစ်စုံတစ်ရာပြန်ယူရန် စီစဉ်ထား၏။
ထို့ကြောင့် ဂိုဏ်းရှိ တည်နေရာရွေ့ပြောင်း အစီရင်ကို မသုံးခြင်းပေပင်။ သို့သော် ထိုအရာ အပေါ် ရှင်းပြရန် ပျင်းလွန်းနေ၏။
“ သွားရအောင် ... ။ ”
စုရီက မဏ္ဍပ်ထဲမှ ထွက်သွားသည်။ မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်ခမျာ ချက်ချင်း ပြေးလိုက်သွားတော့၏။
လမ်းတစ်လျှောက်တွင် စွေ့ကျင်းယန်မှ လူသူကင်းရှင်းသော အရပ်များထံဦးတည်ကာ တောင်ဘက်သို့ ဦးတည်သွားကြသည်။
ဤအတောအတွင်း မဟာအကြီးအကဲကူကျန့်ရွှမ်နှင့် လူအချို့သည် မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးနေ၏။
“ တည်နေရာ ရွေ့ပြောင်းအစီရင်ကို မသုံးခဲ့ကြဘူးလား ... ဒီကောင်လေး တကယ် သေမှာမကြောက်ဘူးလား ...
... အရှေ့က အယောင်ပြပြီး ... နောက်ကွယ်ကလူက တိုက်ခိုက်ချင်တာလား ဒီလိုသာ တည်နေရာ ရွေ့ပြောင်းအစီရင်ကို အသုံးမပြုရင် ... ဝမ်ချွမ်ဒိုမိန်းကနေထွက်ဖို့ အချိန်ယူရလိမ့်မယ်။ ”
“ မဟာအကြီးအကဲ ... ဘာလို့ ဒီလောက်စဉ်းစားနေတာလဲ ဝမ်ချွမ်ဒိုမိန်းက ငါတို့မန်ပိုနန်းတော်ရဲ့ နယ်မြေပါ ...
... အဓိက အင်အားစုတွေကလည်း ငါတို့ မန်ပိုနန်းတော်ရဲ့ ဦးဆောင်မှုကို နာခံပါတယ် ဒီလောက်အထိ စိုးရိမ်နေစရာ မလိုပါဘူး။ ”
တတိယအကြီးအကဲ ယွမ်လင်းနင်မှ ပြောကြားလိုက်၏။ ထို့နောက် သူမအကြည့်များ အေးစက်လာပြီး၊
“ အကြီးအကဲသာ အမိန့်ပေးရင် ... အဲဒီအင်အားစုတွေဟာ ငါတို့ရဲ့ မျက်လုံးနဲ့ နားတွေပါပဲ၊ ဒီနည်းနဲ့ စုရီပေါ်လာတိုင်း ငါတို့က ပထမဆုံး သိရပါလိမ့်မယ်။ ”
စုရီအမည်ကို ပြောလိုက်သောအခါ ယွမ်လင်းနင်း၏ နှလုံးသားသည် အမုန်းတရား များနှင့် ပြည့်နှက်နေခဲ့သည်။ အရှက်ကို ဆေးကြောဖို့လို၏။
“ မင်းရဲ့ဒေါသကို ခဏသိမ်းထားပါ ... မနေ့က သိုင်းဦးလေးလုရဲ့ အမူအရာက ပုံမှန် မဟုတ်တာ သိသာပါတယ် ...
... သူက စုရီကို ကူညီနေပုံရပေမယ့် တကယ်တော့ လောင်စာကိုထည့်နေတယ်လို့ ငါခံစားရတယ်။ ”
ထိုသို့ပြောနေစဉ် ကူကျန့်ရွှမ်တစ်ယောက် ရုတ်ချည်းအတွေးပေါ်လာကာ၊
“ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ ... ပဉ္စမအကြီးအကဲကို မင်းနဲ့အတူ ခေါ်သွား။ ”
-ဟု အကြံပေးလိုက်သည်။
“ ဘာလို့ ပဉ္စမအကြီးအကဲလဲ။ ”
“ ဘာလို့လဲဆို ... သူက သိုင်းဦးလေးရဲ့ နောက်ဆုံးတပည့်ဖြစ်ပြီး သိုင်းဦးလေးနဲ့လည်း အရင်းနှီးဆုံး ဆက်ဆံရေးရှိတယ် ...
... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သိုင်းဦးလေးလုက သူ့အမွေကို ဒီကောင်လေးဆီ ပေးအပ်ဖို့ ဆုံးဖြတ်ထားတယ် ကြားတယ် ...
... ဒါကြောင့် သူ့ကိုခေါ်သွားပါ ပဉ္စမအကြီးအကဲ တစ်ခုခုဖြစ်ရင် သိုင်းဦးလေး ထိုင်နေနိုင်ဦးမလား ငါကြည့်မယ်။ ”
ယွမ်လင်းနင်က အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လျက် မတ်တပ် ထရပ်လိုက်ကာ၊
“ ဒါဆို ငါပဉ္စမအကြီးအကဲကို သွားရှာလိုက်မယ်။ ”
-ဟု ပြောကြားလိုက်၏။
ပဉ္စမမြောက် အကြီးအကဲအမည်မှာ လုချောင်ချင်းဖြစ်ပြီး ဝိညာဉ်ပေါင်းစည်းခြင်း အဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိထားသည်။
ယွမ်လင်းနင်သည် သူ့ထံသို့ ချဉ်းကပ်သွားသောအခါ လုချောင်ချင်းသည် လက်ဖက်ရည် သောက်နေ၏။
“ ချောင်ချင်း ... မဟာအကြီးအကဲက မင်းအတွက် မစ်ရှင်တစ်ခုပေးလိုက်တယ်။ ”
ယွမ်လင်းနင်က တုန့်ဆိုင်းခြင်းမရှိဘဲ တိုက်ရိုက် ပြောလိုက်၏။ နှစ်ယောက်လုံးသည် အကြီးအကဲများ ဖြစ်ကြသော်လည်း သူမသည် ဧကရာဇ်တစ်ပါးပေပင်။
“ တတိယအကြီးအကဲ ငါ့ဆရာကို သတင်းပို့ပါရစေ။ ”
“ ငါတို့မှာ အချိန်မရှိဘူး မင်းချက်ချင်းသွားရမယ်။ ”
ဤတစ်ကြိမ်၌ လုချောင်ချင်းသည် တုန့်ပြန်ခြင်းမပြုတော့ဘဲ၊
“ ဒါဆို ခဏစောင့်ပါ ... အခုပဲလိုက်ခဲ့မယ်။ ”
-ဟု ပြောကြားလိုက်လေသည်။
***
အချိန်များ တရွေ့ရွေ့ကုန်လွန်လာ၏။ ပန်းပင်သစ်ပင်များကို ရေလောင်းနေခဲ့သော လုချောင်မင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရကာ မျက်မှောင်ကြုတ်သွားသည်။
လုချောင်ချင်း တစ်ယောက် ရောက်ချိန်တန်ချေပြီ။ ထိုတပည့်မှာ မနက်တိုင်း သူ့ထံလာရောက်ဂါရဝပြု၏။
ယနေ့တွင် နာရီဝက်ခန့် နောက်ကျနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဂူအပြင်မှ အသံတစ်သံ ပဲ့တင်ထပ်လာ၏။
“ သိုင်းဦးလေးလု ... ဂျူနီယာညီလေးလုကိုယ်စား ငါမင်းကို ဂါရဝပြုဖို့ ရောက်လာပါပြီ။ ”
လုချောင်မင်မှ မျက်ဝန်းများ မှေးစင်းသွားကာ ဂူထဲမှလှမ်းထွက်လိုက်သော အခါတွင် ကူကျန့်ရွှမ်သည် ခေါင်းငုံ့ရပ်ကာ ဦးညွှတ်နေသည်ကို မြင်လိုက်ရ၏။
“ မင်းဘာကို ဆိုလိုတာလဲ။ ”
လုချောင်မင်မှ မျက်မှောင်ကြုတ် မေးလိုက်သည်။
“ သိုင်းဦးလေး ရိုးရိုးသားသားပြောရရင် ညီလေးလုကို ဒီနေ့အရေးတကြီး မစ်ရှင်တစ်ခု ပေးခဲ့ပါတယ် ... သူက သိုင်းဦးလေးကို နေ့တိုင်း ဂါရဝပြုတယ်ဆိုတာ ငါကောင်းကောင်း သိတာမို့ သူ့အစား လာခဲ့တာပါ။ ”
လုချောင်မင် တစ်ယောက် တစ်ခုခုမှားနေမှန်း နားလည်လိုက်သည်။
“ နိုင်ဟဲတောင်ကနေ ထွက်သွားတာလား ... သူနဲ့ဘယ်သူပါသွားတာလဲ ဘာတာဝန်တွေလဲ။ ”
“ စိတ်မပူပါနဲ့ သိုင်းဦးလေးလု ဝမ်ချွမ်ဒိုမိန်းမှာ မန်ပိုနန်းတော်ကို ဘယ်သူမှ မထိဝံ့ပါဘူး ... နောက်ပြီး ညီလေးလုနဲ့အတူ တတိယအကြီးအကဲ ပါသွားပါတယ်။ ”
“ ယွမ်လင်းနင်လား ... ကူကျန့်ရွှမ် ... မင်းစုရီကို ကိုင်တွယ်ဖို့ ကြိုးစားနေတာလား။ ”
လုချောင်မင်မှ မျက်ခုံးပင့်ကာမေးသည်။
“ စုရီကို ကိုင်တွယ်ဖို့ မဟုတ်ပါဘူး ... မိုးပြာမျိုးစေ့ကို ပြန်ယူဖို့ပါပဲ ဒီလိုကံကြမ္မာက သူ့လိုဝိညာဉ်တာအိုနယ်ပယ် လူတစ်ယောက်ရဲ့ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေပါတယ်။ ”
“ ကူကျန့်ရွှမ် မင်းငါ့အပေါ် ကြံစည်ဝံ့သလား။ ”
တစ်ဖူအဖြေကြောင့် လုချောင်မင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ရွှမ်ယုအဆင့် ဧကရာဇ်ရောင်ဝါသည် လေဟာနယ်ကို တုန်ခါစေ၏။ သို့သော် ကူကျန့်ရွှမ်မှ တုန်လှုပ်ခြင်းမရှိချေ။
“ သိုင်းဦးလေး ... မင်းက ငါ့ကို အထင်လွဲနေတာပဲ နန်းတော်သခင်နဲ့ အဆင့်(၁) မြစ်သံတမန် မထွက်ခွာခင်မှာ ဂိုဏ်းရဲ့ကိစ္စကို ငါ့ဆီလွှဲအပ်ခဲ့တယ် ဒါဆို တတိယနဲ့ ပဉ္စမအကြီးအကဲကို မစ်ရှင်ပို့တာ လုံးဝမမှားပါဘူး။ ”
ကူကျန့်ရွှမ်၏ မကြောက်မရွံ့သော အမူအရာကို မြင်လိုက်ရချိန်တွင် လုချောင်မင် တစ်ယောက် ဒေါသထွက်လာပြီး၊
“ စုရီ ဘယ်လောက် အန္တရာယ်ကြီးလဲ မင်းသိလား။ ”
-ဟု အေးစက်စွာ မေးလိုက်သည်။
“ မင်းရဲ့ အကြံအစည်ကြောင့် ယွမ်လင်းနင်နဲ့ချောင်ချင်းတို့ သေဆုံးသွားရင် အကျိုးဆက်ကို မင်းခံနိုင်လား။ ”
လုချောင်မင် မေးခွန်းသည် ကူကျန့်ရွှမ်၏ မျက်လုံးများကို ရုတ်တရက် မှေးကျဉ်းလျက် မျက်မှောင်ကြုတ်သွားစေတော့၏။
***