← Chapters

ဧကရာဇ်နှင့် တိုက်ခိုက်ခြင်း။

Vol. 52 Ch. 617

ဧကရာဇ်နှင့် တိုက်ခိုက်ခြင်း။

Vol. 52 Ch. 617

စုရီ၏ ယခင်စကားများသည် စော်ကားရုံမျှသာဆိုသော် ယခုစကားသည် သူ့ဂုဏ်သိက္ခာကို နင်းချေလိုက်သလိုပေပင်။

ဒေါသကို မထိန်းနိုင်တော့ဘဲ ဓားဖြင့် ခုတ်ချပစ်၏။ ဤဓားမှာပြင်းထန်သောကြောင့် လေဟာနယ်ကို တုန်ခါလာစေသည်။

လုချောင်ချင်း၏ အုတ်မြစ်သည် ခရမ်းရောင်လမြေခွေးမျိုးနွယ် ဖူကြွယ်နှင့် တူညီသောအဆင့်တွင်ရှိ၏။

ထို့ကြောင့် စုရီသည်တစ်ချက်မျှမကြည့်ဘဲ လက်သီးဖြင့် ထိုးချလိုက်သည်။ ကောင်းကင်ရှိ တိမ်တိုက်များမှာ ရုတ်ချည်းငြိမ်းသွားပြီး ပျောက်ကွယ်သွား၏။

“ ဝုန်း ... ။ ”

“ ကလန် ... ။ ”

လုချောင်ချင်းဓားသည် မုန်တိုင်းကြား ကောက်ရိုးတစ်မျှင်ကဲ့သို့ အထိတ်းအကွပ်မဲ့စွာ လွင့်ထွက်သွားပြီး တုန်တုန်ယင်ယင် ငိုကြွေးနေတော့သည်။

အကျိုးဆက်အနေဖြင့် လုချောင်ချင်း သည်လည်း ကျိုးပြတ်သွားသော စွန်တစ်ကောင် ကဲ့သို့ နောက်ပြန်လွင့်စဉ်ကာ မြေပြင်ပေါ် နစ်ဝင်သွား၏။

ဆံပင်များပွထလျက် မျက်နှာတွင် ဖုန်မှုန့်များပေကျံကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာသည်။

လက်သီးတစ်ချက်ဖြင့် ဝိညာဉ်တာအိုနယ်ပယ်၏ ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားသော ကျွမ်းကျင်သူတစ်ဦးကို နှိမ်နင်းခြင်းမည်ချေ၏။   

မျက်မမြင်အဘိုးကြီးတစ်ယောက် တိတ်တဆိတ် တုန်လှုပ်သွားသည်။ မနေ့ညက မေ့လျော့ခြင်းလှိုဏ်ဂူသွားပြီးနောက် ဆရာစု၏ အုတ်မြစ်သည် အသွင်ကူးပြောင်းလာချေပြီ။

စွေ့ကျင်းယန်မှ မျက်လုံးများ ပြူးကျယ်သွားကာ သူမသည်လည်း ထိတ်လန့် သွားလေသည်။

လုချောင်ချင်းသည် မန်ပိုနန်းတော်၏ ပဉ္စမအဆင့်အကြီးအကဲတစ်ဦးဖြစ်ပြီး နှစ်ပေါင်း တစ်ထောင်အတွင်း ဧကရာဇ်နယ်မြေသို့ အောင်မြင်ရန် အလားအလာအရှိဆုံး ပုဂ္ဂိုလ်ပေပင်။

ယနေ့ခေတ် မရဏကမ္ဘာတွင် ထိပ်တန်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။ သို့သော် စုရီရှေ့၌ ယင်ကောင်ကဲ့သို့ အားနည်းနေ၏။

“ ဒီကောင်လေး ... မာနကြီးပြီး ရောင့်တက်နေတာ မဆန်းပါဘူး သူ့အုတ်မြစ်က တကယ့်ကိုအံ့ဩစရာပဲ ... ငါဝိညာဉ်တာအို နယ်ပယ်မှာ ရှိနေစဉ်တုန်းကထက် သူ ... အားမနည်းဘူး။ ”

ယွမ်လင်းနင် မျက်လုံးများမှေးစင်းလျက် မှတ်ချက် ပေးလိုက်လေသည်။ ဟိုးအဝေးရှိ လုချောင်ချင်းမှာ မြေပြင်တွင် တွားသွားလျက် ထရပ်ရန် ကြိုးစားနေ၏။

သို့သော် မည်သူမျှ သူ့ထံလှည့်မကြည့်ချေ။ ဤအရာသည် ဒေါသများဖြင့် တုန်တုန်ယင်ယင် ဖြစ်လာစေသည်။ လျစ်လျူရှုခံရခြင်းသည် ကြီးစွာသော အရှက်တရားဖြစ်၏။

“ မင်းအလှည့် ... ။ ”

ထိုစဉ်က စုရီသည် ယွမ်လင်းနင်ကို တစ်ချက်ကြည့်လိုက်သည်။ ယွမ်လင်းနင်၏ အမူအရာမှာ ငြိမ်သက်သွားပြီး အကြည့်များ အေးစက်လာ၏။

လုချောင်ချင်း ရှုံးနိမ့်မှုသည် ဤလူငယ်အပေါ် သူမ၏ အသိတရားမျိုးဖြင့် အကဲဖြတ်နိုင်စွမ်း မရှိတော့ကြောင်း သဘောပေါက်စေခဲ့သည်။

ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ် ရောင်ဝါများ ထွက်ပေါ်လာ၏။

အဝေးမှကြည့်နေသော မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်ပင်လျှင် သူတို့၏ကျောရိုးများ အေးခဲလာချေပြီ။

တာအိုသည် ကောင်းကင်ဖြစ်ပြီး ဧကရာဇ်သည် နတ်ဘုရားနှင့်တူသည်။ ဧကရာဇ် နယ်ပယ်အောက်တွင် အရာအားလုံးသည် ပုရွက်ဆိတ်များပေပင်။

သမိုင်းတစ်လျှောက်တွင် ဝိညာဉ်တာအို နယ်ပယ် ပါရမီရှင်များသည် ဧကရာဇ်များကို စိန်ခေါ်ခဲ့သော်လည်း အားလုံး ချေမွခံရ၏။

ယခုတွင်လည်း စုရီသည် ယွမ်လင်းနင်ကဲ့သို့သော ဧကရာဇ်တစ်ပါးကို စိန်ခေါ်နေပြန်သည်။ သင်ခန်းစာ သင်ပေးမည် ဟုပင် ကတိပြုထား၏။   

“ မင်းခွန်အားကို ထိန်းမထားရင် ပိုကောင်းမယ် မဟုတ်ရင် ငါမင်းကို ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးနိုင်မှာမဟုတ်ဘူး။ ”

စုရီက ကောင်းကင်မိစ္ဆာဓားကို ထုတ်ယူလျက် ပြောကြားလိုက်လေသည်။ ဓားကိုင်လိုက်သည်နှင့် အလင်းမြူမှုန်များ သူ့ပတ်ဝန်းကျင်၌ ဝေ့ဝဲလာ၏။

မျက်ဝန်းများအတွင်း ပြင်းထန်သော တိုက်ပွဲဝင်ဆန္ဒများ တောက်လောင်ကုန်သည်။ မနေ့ညက စတုတ္ထမြောက် စမ်းသပ်မြေတွင် တိုက်ပွဲဝင်ဝိညာဉ်(၉)ပါးကို အနိုင်ယူခဲ့သည်။

သို့သော် ၎င်းတို့သည် စစ်မှန်သော ဧကရာဇ်များ မဟုတ်ချေ။ ယွမ်လင်းနင်ကဲ့သို့ ဧကရာဇ်တစ်ပါးဖြင့် တိုက်ခွင့်ရသည်မှာ စိတ်ဝင်စားစရာပေပင်။

“ သွား ... ။ ”

ယွမ်လင်းနင်က အချိန်မဖြုန်းတော့ဘဲ လေထဲ ထိုးညွှန်ပြလိုက်သည်။ လေထုအလယ် အဖြူရောင် ဓားအလင်းတန်းတစ်လက် ရုတ်ချည်းပေါ်လာသည်။

“ ခရစ် ... ။ ”

ဓားအလင်းသွားရာ လမ်းတစ်လျှောက် လေဟာနယ်သည် ရုတ်တရက် အေးခဲသွားပြီး တောင်နှင့်မြစ်များတွင် နှင်းခဲအလွှာများ ဖုံးလွှမ်းလာတော့သည်။

ဤသည်မှာ သုံးပေခန့်ရှည်လျားသော ရေခဲမီးတောက် ဓားအလင်းဖြစ်သည်။ ထိုဓား၏ အအေးဓာတ်သည် အကန့်အသတ်မဲ့၏။

ရေခဲမီးတောက်ဓား မရောက်မီ၌ပင် လေဟာနယ် အေးခဲလျက် စုရီ၏ဆံပင်ရှည်များ၊ ၀တ်ရုံများနှင့် အရေပြားများတွင် နှင်းခဲများ ဖုံးလွှမ်းလာတော့သည်။ များမကြာခင် ရေခဲရုပ်တုကြီးဖြစ်သွား၏။

ဤသည်မှာ မန်ပိုနန်းတော်၏ အမြင့်မြတ်ဆုံးသောအမွေများအနက်မှ တစ်ပါး ဖြစ်သည့် ကောင်းကင်ရေခဲမီးတောက်သုတ္တန် ဖြစ်သည်။

တစ်ချက်လှုပ်ရုံဖြင့် သက်ရှိအားလုံးကို အေးခဲသွားမည်။ တောင်နှင့် မြစ်များသည်ပင် ထိုအေးခဲမှုမှ မလွတ်မြောက်နိုင်ချေ။

ဉာဏ်အလင်းရရှိပြီး ဧကရာဇ်ဖြစ်လာ ချိန်၌ပင် သူမကို ရေခဲမီးတောက်ဧကရာဇ်ဟု ခေါ်တွင်သည်အထိ အစွမ်းထက်သည်။

တစ်ချက်တည်းဖြင့် တောင်များနှင့် မြစ်များကို ထိန်းချုပ်သည့် နတ်ဘုရားကဲ့သို့ အကန့်အသတ်မဲ့ စွမ်းအားရရှိစေသည်။

“ ဖျစ် ... ဖျစ် ... ။ ”

“ ဝုန်း ... ။ ”

ထိုစဉ် စုရီ၏ခန္ဓာကိုယ်အပေါ် ဖုံးအုပ်ထားသည့် ရေခဲအလွှာသည် ရုတ်တရက် အက်ကွဲလျက် ဓားအလင်းပျံထွက်လာ၏။

“ ရွှပ် ... ။ ”

ဓားအလင်းသည် ကောင်းကင်ပေါ် ပျံတက်သွားပြီးနောက် ရေခဲမီးတောက်ဓားကို ပိတ်ဆို့တော့သည်။

“ ဘန်း ... ။ ”

သုံးပေရှည်သော ရေခဲမီးတောက် ဓားအလင်းသည် ချက်ချင်းနှစ်ခြမ်းကွဲသွား၏။ ကောင်းကင်မိစ္ဆာဓားမှ ထုတ်လွှတ်လိုက်သည့် ဓားစွမ်းအင်သည် ပင်လယ်မှတက်လာသော နဂါးတစ်ကောင်နှင့်တူနေသည်။

တောင်နှင့် မြစ်များပေါ်တွင် ဖုံးလွှမ်းလာနေသော ရေခဲများသည် အက်ကွဲမှု အသံဗလံများပြသလျက် ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

ထိုမြင်ကွင်းသည် စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးအိုကို ထိတ်လန့်သွားစေသည်။ ဧကရာဇ်မင်းတစ်ပါးထံမှ တိုက်ခိုက်မှုကို တစ်ချက်တည်းဖြင့် အလွယ်တကူ ချေမှုန်းသွား၏။

ယွမ်လင်းနင်ပင်လျှင် မျက်ခုံးပင့်သွားသည်။ ဤဓားသည် ခွန်အားအပြည့်မဟုတ်သော်လည်း ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတိုင်း၏ ခံနိုင်ရည်ထက် ကျော်လွန်နေ၏။

သို့တိုင် တစ်ဖက်လူသည် ရှောင်တိမ်းခြင်းမရှိဘဲ ဖြိုခွင်းလွတ်မြောက် သွားခဲ့သည်။ မယုံနိုင်စရာပေပင်။

“ ဝုန်း ... ။ ”

တောင်များ၊ သစ်ပင်များ၊ မြစ်များပေါ်ရှိ ရေခဲလွှာများ တဝုန်းဝုန်း ပြိုကျကုန်တော့သည်။ ထိုစဉ် စုရီက ကောင်းကင်ပေါ် ခုန်တက်ကာ ယွမ်လင်းနင်ထံ ခုတ်ပိုင်းလာ၏။

၀တ်ရုံစများလွင့်ပျံလျက် ပြင်းထန်ပြီး မာနကြီးသော ရောင်ဝါများ ပြန့်ကြားသွားသည်။ သူသည် ဝိညာဉ်အသွင်ပြောင်းခြင်းတွင်သာ ရှိသော်လည်း တန်ခိုးသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေခဲ့၏။

ဓားတစ်လက်သည် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ လေဟာနယ်ကမောက်ကမ ဖြစ်စေသည်။

အကန့်အသတ်မဲ့ ထက်ရှလွန်းသော ဓားအလင်းသည် နံနက်နေရောင်ခြည်ကဲ့သို့ တောင်နှင့်မြစ်များကို အလင်းပေး၏။

“ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားလဲ။ ”

ယွမ်လင်းနင်၏ မျက်ဝန်များ မှေးကျဉ်းသွားကာ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွား၏။

ဤဓားအဆင့်သည် ဝိညာဉ်တာအိုနယ်ပယ်ဖြင့် တုနှိုင်းမယှဉ်နိုင်ဘဲ၊ သူမကဲ့သို့ ဧကရာဇ်ပင်လျှင် အရေပြားများ နာကျင်ကိုက်ခဲလာစေသည်။

“ တားဆီး ... ။ ”

ထို့ကြောင့် ရေခဲမီးတောက် တံဆိပ်များ ချက်ချင်းဖန်တီးကာ လမ်းကိုပိတ်ဆို့လိုက်ရ၏။ ဆယ်ပေခန့်ကြီးများသော ရေခဲကြာပန်းကြီး သူမရှေ့ထွက်ပေါ်လာကာ ဓားအလင်းကို ဟန့်တားပေးလေသည်။

ဤသည်မှာ မေ့လျော့ခြင်းမြစ်၏ စိတ်ဝိညာဉ်ပိတ်လှောင်ခြင်း နည်းစနစ်ဖြစ်၏။ မန်ပိုနန်းတော်၏ ကြီးကျယ်သော အမွေအနှစ် ကိုးပါးအနက်မှတစ်ပါးဖြစ်သည်။

ဝိညာဉ်ကို ကြောက်ရွံ့ထိတ်လန့်စေပြီး တုနှိုင်းမယှဉ်နိုင်သော လူသတ်စွမ်းအားများဖြင့် ဖုံးလွှမ်းပစ်ပေမည်။

ဤစွမ်းအားကြောင့် စိတ်ဝိညာဉ်ခမျာ ပြင်းစွာတုန်လှုပ်ပျက်စီးရ၏။ အဆိုးဆုံးမှာ ဝိညာဉ်ကွဲအက်လျက် ရုပ်သေးရုပ် ဖြစ်လာစေသည်။

“ ရွှပ် ... ။ ”

သို့သော် ထိုဓားအလင်းသည် တားဆီးမရသော ရေစီးကြောင်းကြီးအလား ရေခဲမီးတောက်ကြာပန်းကြီးအပေါ် ဖြတ်သန်းလာသည်။

“ ဘောင်း ... ဘောင်း ... ။ ”

ရေခဲမီးတောက် ကြာပန်းကြီးရှိ ပွင့်ချပ်များအားလုံး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲလျက် အဖျက်စွမ်းအားများ ပြန့်ကားကုန်တော့၏။

မျက်မမြင်အဘိုးကြီးနှင့် စွေကျင်းယန်သည် ထိုနေရာတွင် ကြောင်တက်တက်ဖြင့် ရပ်နေကာ သူတို့၏နှလုံးသားများသည် ပြောမပြနိုင်အောင် တုန်လှုပ်သွားသည်။

စုရီသည် မည်မျှပင် ထူးထူးခြားခြား ဖြစ်နေပါစေ ထိုစဉ်က ဝိညာဉ်တာအိုနယ်ပယ် ပြိုင်ဘက်များကိုသာ ချေမှုန်းခြင်းဖြစ်၏။

ယခုမူ သူ့ပြိုင်ဘက်သည် ဧကရာဇ်တစ်ပါးဖြစ်သည်။ သို့တိုင် သူ့ဓားကို ဟန့်တားရန် လျှို့ဝှက်နည်းစနစ်များစွာ အသုံးပြုနေရတော့၏။

***

All Chapters