← Chapters

အပြစ်ဒဏ် ... ။

Vol. 52 Ch. 620

အပြစ်ဒဏ် ... ။

Vol. 52 Ch. 620

တစ်နာရီကုန်လွန်ပြီးနောက် အကြီးအကဲခန်းမတွင် မဟာအကြီးအကဲ ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ စုဝေးလာကြသည်။

နန်းတော်သခင်ဟောင်း မိုဝူဟန်သည် ယနေ့ကျင့်ကြံရာမှ ရုတ်တရက် ထွက်လာကာ သူတို့အားလုံးကို ဆင့်ခေါ်ခြင်းဖြစ်၏။ မိုဝူဟန်က လူတိုင်းကို ဝေ့ကြည့်ကာ၊

“ ဘယ်သူ စုရီအကြောင်းသိလဲ။ ”

-ဟု တိုက်ရိုက်မေးသည်။

လူတိုင်း နဝမအကြီးအကဲထံ လှည့်ကြည့်ကုန်သည်။ နဝမအကြီးအကဲမှ ခေါင်းငုံ့လျက် စုရီအကြောင်း သူသိသမျှ အကုန်အစင် ပြန်ပြောပြလိုက်၏။

သို့သော် စွေ့ကျင်းယန်နှင့် ကျောက်စိမ်းဆွဲသီးကိစ္စကို လျှို့ဝှက်ထားရန် သူ ရွေးချယ်ခဲ့သည်။

ကျောက်စိမ်းဆွဲသီးတွင် မန်ပိုနန်းတော် အတွက် အရေးမကြီးလှသည့် ကိစ္စရပ်များသာ ပါဝင်လေသည်။

သူ့စကားဆုံးသည်နှင့် မိုဝူဟန်မှ မျက်မှောင်ကြုတ်ကာ ထူးထူးခြားခြား တစ်စုံ တစ်ရာကို မတွေ့ခဲ့ရသဖြင့်၊

“ မင်းနဲ့အတူ ပြန်လာတဲ့ ... ဆရာနဲ့ တပည့်က ဘယ်သူလဲ။ ”

-ဟု မေးလိုက်သည်။

နဝမအကြီးအကဲမှ ခေါင်းယမ်းလျက်၊

“ ဘိုးဘေး ... ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆင့်(၃)မြစ်သံတမန်သာ သိပါလိမ့်မယ်။ ”

-ဟု ပြန်ဖြေသည်။

“ အခု လုချောင်မင် ဘယ်မှာလဲ။ ”

မိုဝူဟန်မှ လူအုပ်အတွင်း ဝေ့ကြည့်ကာ ထပ်မေးသည်။ အကြီးအကဲခန်းမ အတွင်းရှိ လူတိုင်းအကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထိုအချိန်တွင် မဟာအကြီးအကဲ ကူကျန့်ရွှမ်သည် အမှန်တရားကို ဖုံးကွယ်ထား နိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက် လာပြီး မိုးပြာမျိုးစေ့ ရယူရန် တောင်းဆို ခဲ့ပုံများကို ပြန်ပြောပြလိုက်ရသည်။

“ အဓိပ္ပါယ်မဲ့လိုက်တာ ... ။ ”

ယွမ်လင်းနင်၊ ပဉ္စမအကြီးအကဲနှင့် လုချောင်မင်တို့ စုရီနောက် လိုက်သွားကြောင်း သိလိုက်ရသောအခါ မိုဝူဟန်၏ မျက်နှာ မည်းမှောင်သွားလေသည်။

သူ့အသံသည် အေးစက်နေပြီး ခန်းမတစ်ခုလုံးကိုလှုပ်ခါလျက် လူတိုင်းအပေါ် တုန်လှုပ်ချောက်ချားသွားစေ၏။

အထူးသဖြင့် ကူကျန့်ရွှမ်ဖြစ်သည်။ အလွန်ထိတ်လန့်သွားသဖြင့် အေးစက်သော ချွေးများစီးကျလာကာ၊

“ ဘိုးဘေး ... ငါတို့က မိုးပြာမျိုးစေ့ကို အတင်းအကျပ် သိမ်းယူဖို့ မကြိုးစားပါဘူး ဒါပေမယ့် ... ။ ”

“ မင်းပြောဝံ့သေးလား .. သိက္ခာရှိတဲ့ ဧကရာဇ်အင်အားစုဂိုဏ်းရဲ့ မဟာအကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလို စက်ဆုပ်ဖွယ် လုပ်ရပ်မျိုး လုပ်ဝံ့သလား ...

... ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ ကူကျန့်ရွှမ် မင်း အရှက်မဲ့လွန်းတယ်။ ”

ဤမဖွယ်မရာ စကားများသည် ကူကျန့်ရွှမ်ကို ခေါင်းမမော့နိုင်လောက်အောင် ကြောက်ရွံ့သွားစေ၏။

မိုဝူဟန်ကဲ့သို့သော လူသည် စုရီအတွက် ဤမျှဒေါသ ထွက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

“ ဘိုးဘေး အဆင့်(၃)မြစ်သံတမန် ပြန်ရောက်လာပါပြီ။ ”

ခန်းမအပြင်ဘက်မှ လူတစ်ယောက်က ကြေညာ၏။ သူ့စကားပြီးသည်နှင့် လုချောင်မင် တစ်ယောက် ခန်းမထဲရောက်လာသည်။

ပလ္လင်တွင် အေးစက်စွာထိုင်နေသည့် မိုဝူဟန်နှင့် ထိတ်လန့်တုန်လှုပ်နေသော လူများ အမူအရာကို မြင်လိုက်ရသောအခါ အံ့သြသွား၏။

“ သိုင်းဦးလေး ... မင်းငါ့ကိုရှာနေတာလား။ ”

လုချောင်မင်မှ နှုတ်ဆက်ရန် ရှေ့တိုးလာသည်။

“ ယွမ်လင်းနင်နဲ့ မင်းတပည့် ပြန်လာပြီလား။ ”

မိုဝူဟန်က အေးစက်စက် မေး၏။ လုချောင်မင်ခမျာ တစ်စုံတစ်ခု လွဲချော်နေမှန်း သိရှိလိုက်သည်။

“ သူတို့ မကြာခင် ရောက်ပါလိမ့်မယ်။ ”

“ စုရီရော ဘယ်မှာလဲ။ ”

မိုဝူဟန်က ထပ်မေးသည်။

“ ကျင်းယန်နဲ့အတူ စွေ့မျိုးနွယ်ဆီ ထွက်သွားပါပြီ။ ”

“ မိုးပြာမျိုးစေ့ရလာပြီလား။ ”

“ မရပါဘူး ... ငါရောက်သွားချိန်မှာ ... ။ ”

ယွမ်လင်းနင်တစ်ယောက် ရှုံးနိမ့်သော တိုက်ပွဲကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ စကားဆုံးသည်နှင့်တစ်ခန်းလုံး အံ့သြသွား၏။ မိုဝူဟန်သည်သာ မထူးခြားဟန် တိတ်ဆိတ် နေတော့သည်။

စတုတ္ထအဆင့် စမ်းသပ်မြေရှိ နဝမမြောက်တိုက်ပွဲဝင်ဝိညာဉ်သည် တတိယ အကြီးအကဲယွမ်လင်းနင်ထက် သာလွန်၏။ ထို့ကြောင့် ရလာဒ်သည် မထူးခြားချေ။

“ မင်း ... ဘာလို့ မလုပ်တာလဲ။ ”

မိုဝူဟန်မှ လုချောင်မင်ကို တစ်ချက်ကြည့်ကာမေးသည်။ အကြည့်ခံရသည့် လုချောင်မင်ခမျာ တုန်လှုပ်သွား၏။

“ ရိုးရိုးသားသား ပြောရရင် ... မိုးပြာမျိုးစေ့ကိုလုယူဖို့ ကိစ္စအပေါ် ငါသဘော မတူခဲ့ပါဘူး နောက်ပြီး တာအိုစုက ငယ်ပေမယ့် ထူးထူးခြားခြားပါ။ ”

( မြေခွေးအိုကြီး။ )

ဤစကားများသည် ကူကျန့်ရွှမ်မျက်နှာကို အေးခဲသွားစေသည်။

“ အဲဒီဆရာနဲ့တပည့်က ဘယ်သူတွေလဲ။ ”

“ သိုင်းဦးလေး ... ၊ တာအိုအစ်ကိုက ထူးခြားတဲ့သူတစ်ယောက်ပါ အရင်တုန်းက ငါ့အပေါ် ကျေးဇူးအများကြီးတင်ခဲ့ပါတယ် ...

... သူ မထွက်ခွာခင်မှာ သူ့အထောက်အထားကို မဖော်ပြရဖူးလို့ ကတိတောင်းခဲ့ပါတယ် တာအိုအစ်ကိုက ငါတို့ မန်ပိုနန်းတော်ကို ဒုက္ခမရောက်စေရဘူးလို့ အာမခံနိုင်ပါတယ်။ ”

သူ့ အဖြေကြောင့် မိုဝူဟန်က မျက်မှောင်ကြုတ်ကာ အဆုံးတွင် ဆက်မမေး တော့ချေ။ ထိုအချိန်တွင် ယွမ်လင်းနင် ပြန်ရောက်လာသည်။

သူမ၏ လှပသောမျက်နှာသည် ဖြူဖျော့နီရဲနေသည်။ ခန်းမထဲသို့ ဝင်ပြီးနောက် ခေါင်းငုံ့ကာ၊

“ မင်္ဂလာပါ ဘိုးဘေး။ ”

-ဟု နှုတ်ဆက်တော့၏။

လူတိုင်းက သူမကိုကြည့်ကာ ရှုပ်ထွေးသွားသည်။ ဝိညာဉ်တာအိုနယ်ပယ်ရှိ လူငယ်တစ်ဦးထံ အမှန်ပင် ရှုံးနိမ့်ခဲ့၏။

ဤကိစ္စသတင်းသာ ထွက်သော် ကမ္ဘာကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်လျက် ယွမ်လင်းနင်အတွက် နာမည်ဂုဏ်သတင်း ကျဆင်းသွားပေမည်။

ယွမ်လင်းနင်၏ တုန်လှုပ် ခြောက်ခြားနေသော အမူအရာကိုမြင်ချိန်၌ မိုဝူဟန်မှ သက်ပြင်းချလိုက်ပြီး၊

“ မင်းရဲ့အရှုံးက တရားတယ် ... ဒီအတွက် စိတ်ထဲထားနေစရာ မလိုဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

လူတိုင်း အံ့ဩသွားသည်။ သူတို့ဘိုးဘေးသည် စုရီ၏နောက်ခံအပေါ် သိထားပြီးဖြစ်ပုံရ၏။

“ ခွင့်လွှတ်ပါ ဘိုးဘေး ... ဒီစုရီက ထူးခြားတဲ့နောက်ခံရှိလား။ ”

ကူကျန့်ရွှမ်မှ မေးသည်။ လူတိုင်း ဤမေးခွန်းကို သိချင်နေ၏။ ဘိုးဘေးသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် စုရီအရေးကို ကိုင်တွယ်နေသည်မှာ ထူးထူးခြားခြားပေပင်။

မိုဝူဟန်မှ မဖြေချေ။ ယင်းအစား ကူကျန့်ရွှမ်ထံ ကြည့်လိုက်ပြီး၊

“ ဒီနေ့ကစပြီး မင်းရဲ့အမှားတွေကို ပြန်ဆင်ခြင်ဖို့ ... ရေနက်လှိုဏ်ဂူရဲ့ကိုးထပ်ဆီ သွားပါ ... နှစ်တစ်ရာအတွင်း အပြင်ကို ခြေတစ်လှမ်းတောင် မချနဲ့။ ”

-ဟု အမိန့်ချသည်။

ခန်းမအတွင်းရှိ လေထုသည် ရုတ်ချဉ်း တိတ်ဆိတ်သွားပြီး အားလုံး၏ အမူအရာများ ပြောင်းလဲသွား၏။

ရေနက်လှိုဏ်ဂူ ကိုးထပ်ဟူသည် ဧကရာဇ်များအတွက် အပြစ်ဒဏ်ပေးရာ တားမြစ်အလွှာဖြစ်သည်။

သန်မာလွန်းသော ဧကရာဇ်ပင်လျှင် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို နေ့ရောညပါ ခံစားရပေမည်။

စိတ်ဝိညာဉ် မသန်မာသော် သေချင်သည်အထိ စိတ်ပျက်အားငယ်လာ ပေမည်။ ထိုသို့သောပြစ်ဒဏ်သည် ကြီးလေးသည့်ကိစ္စဖြစ်ချေ၏။

ကူကျန့်ရွှမ်မှ မိုးကြိုးပစ်ခံလိုက်ရသလို လက်များ၊ ခြေများ အေးစက်ပြီး နှုတ်ခမ်းများ တုန်ခါကုန်သည်။

“ ဘိုးဘေးအမိန့်ကို နာခံပါ့မယ်။ ”

မိုဝူဟန်က သူ့ကို လျစ်လျူရှုလျက် လုချောင်မင်ထံ ပြန်ကြည့်၏။

“ မြစ်သံတမန် တစ်ယောက်အနေနဲ့ ... စုရီရဲ့ထူးခြားမှုကို သိနေတာတောင် ဒီလိုမျိုး အဖြစ်အပျက်အပေါ် ပြတ်ပြတ်သားသား ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ် ...

... မင်းရဲ့အမှားက မပြင်းထန်ပေမယ့် အပြစ်ပေးခံရမှာပဲ ... အခုချိန်ကစပြီး မင်းဟာ မြစ်သံတမန်အဖြစ် ထမ်းဆောင်နေစရာ မလိုတော့ဘူး ... မင်းရဲ့လှိုဏ်ဂူထဲမှာ အမှားတွေကို ပြန်တွေးနေပါ ... ။ ”

“ သိုင်းဦးလေး၊ မင်းရဲ့သွန်သင်ချက်တွေ မှန်ပါတယ် ငါ... အပြစ်ဒဏ်ကို ကျေကျေနပ်နပ် လက်ခံပါတယ်။ ”

လုချောင်မင်ခမျာ ခေါင်းငုံ့သွားလေသည်။ ခန်းမအတွင်း လေထုသည် ပိုတင်းကြပ်လာ၏။ အဆုံး၌ မိုဝူဟန်အကြည့်သည် ယွမ်လင်းနင်ထံ ကျရောက်သွားတော့သည်။

“ ယွမ်လင်းနင် ... နှလုံးသန့်စင်ခြင်း ချောက်ကမ်းပါးကိုသွားပြီး နက်နဲနယ်ပယ်ရဲ့ နိယာမကိုဆင်ခြင်းပါ ... နားမလည်နိုင်ခင် လုံးဝထွက်မလာနဲ့။ ”

“ နားလည်ပါပြီ ဘိုးဘေး။ ”

ယွမ်လင်းနင်က ခေါင်းညိတ် သဘောတူသည်။ ထိုအချိန်တွင် မိုဝူဟန်သည် ခန်းဆောင်တခွင်ဝေ့ကြည့်ကာ သူ့အမူအရာ လေးနက်သွား၏။

“ ဒီနေ့ဖြစ်ပျက်ခဲ့တာကို ဘဘ်သူမှ စကားမပြောနဲ့ အထူးသဖြင့် စုရီအကြောင်း မဖြန့်ပါနဲ့ ... မဟုတ်ရင် အဲဒီလူကို ပထမဆုံး အပြစ်ပေးမဲ့လူက ငါဖြစ်လိမ့်မယ်။ ”

စကားလုံးတိုင်းသည် ခန်းမအတွင်း မိုးခြိမ်းသံကဲ့သို့ တဟုန်ထိုး မြည်ဟည်းသည်။ လူတိုင်း တုန်လှုပ်ချောက်ချားကုန်ပြီး အမိန့်ကို လက်ခံလိုက်ကြ၏။ ထိုနောက် မိုဝူဟန်က ချက်ချင်း ပျံသန်းပျောက်ကွယ်သွားသည်။

မိုဝူဟန် ထွက်သွားသည့်တိုင် ခန်းဆောင်အတွင်း တိတ်ဆိတ်နေဆဲဖြစ်၏။ ဘိုးဘေးထံမှ ပြင်းထန်သောအပြစ်ဒဏ်များ ချမှတ်စေလိုသည့် ထိုစုရီသည် ရိုးရှင်မည်မဟုတ်ချေ။

သေချာသည်မှာ စုရီ၏နောက်ခံသည် ဘိုးဘေးကိုပင် အလွန်ကြောက်လန့်စေကြောင်း သေချာနေ၏။

တစ်ချိန်တည်းမှာပင် မိုဝူဟန်သည် လှိုဏ်ဂူတစ်ခုထဲတွင် ပြန်ပေါ်လာ၏။ ခဏမျှ ငြိမ်သက်နေပြီးနောက် ရွှေရောင်ကမ္ပည်းပြားကို ထုတ်ယူကာ နတ်အာရုံဖြင့် စာသားအချို့ ရေးထွင်းလိုက်သည်။

“ အစ်ကို၊ ဒီနေ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်တစ်ယောက် ငါတို့ဆီရောက်လာတယ် သူ့ဘေးမှာ ခေါင်းတလားထမ်း တစ္ဆေမျိုးနွယ်က လိုက်ပါလာပြီး ...

... ကျင်းယန်ကိုယ်တိုင် စွေ့မျိုးနွယ်ဆီ ခေါ်သွားတယ် ... အမှောင်တွင်းနက်သားရဲက သူ့ကို မနှောက်ယှက်ဖို့ ... မန်ပိုနန်းတော်ကို လေးလေးနက်နက် သတိပေးလာတယ် ...

... ထူးဆန်းတာက ... အဲဒီလူက ဆယ်ကျော်သက်အရွယ်ပဲရှိပြီး ကျင့်ကြံမှုအရ ဝိညာဉ်တာအိုနယ်ပယ်မှာပဲရှိတယ် ဒါပေမယ့် ယွမ်လင်းနင်းလို ဧကရာဇ်ကိုတောင် အနိုင်ယူသွားတယ် ...

... ပြီးတော့ ဘိုးဘေးကျန့်လင်ကျန်းရဲ့ ဝိညာဉ်တာအိုနယ်ပယ် စံချိန်ကိုချိုးဖြတ်ခဲ့တယ် အဲဒီကောင်လေးရဲ့ မျိုးရိုးအမည်က ... စု ... ။ ”

ထိုနေရာအရောက်တွင် မိုဝူဟန်မှ စာရေးသားခြင်းကို ရပ်တန့်လိုက်၏။ ရွှေရောင် တံဆိပ်ပြားကိုကိုင်ထားသော သူ့လက်ဖျားများ တုန်ခါလာတော့သည်။

***

All Chapters