ညနတ်ဆိုးမြို့ ... ။
Vol. 52 Ch. 621
မိုဝူဟန်တစ်ယောက် အချိန်အကြာကြီး တိတ်ဆိတ်နေတော့၏။ အဆုံးတွင် သူ့စိတ်ကို တည်ငြိမ်အောင်ထားကာ၊
“ ဒီကောင်လေးဟာ ... သူပဲလားဆိုတာ ငါအတည်မပြုနိုင်ခဲ့ဘူး ... ဒါပေမယ့် နည်းနည်း ထူးဆန်းနေတယ်လို့တော့ ထင်တယ် ...
... စီနီယာအစ်ကို၊ ဒါကြောင့် မင်းဒီစာကိုရနိုင်ရင် ကျေးဇူးပြုပြီး ဂိုဏ်းကို ချက်ချင်းပြန်လာပေးပါ ... မင်းရဲ့ဂျူနီယာ မိုဝူဟန်။ ”
စာသားဆုံးသည်နှင့် လျှို့ဝှက် နည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး အသက်သွင်း လိုက်တော့၏။
ရွှေတံဆိပ်သည် အလင်းများ ဖြာကျလျက်ဖြင့် ချက်ချင်းလေဟာနယ်အတွင်း ပျောက်ကွယ်သွားခဲ့၏။
ထို့နောက်တွင် အသက်ပြင်းပြင်းရှူကာ တစ်ယောက်တည်းထိုင်ပြီး တိတ်ဆိတ်သွား ချေပြီ။ မျိုးရိုးအမည် စု ... ။
***
မရဏကမ္ဘာကို ဒိုမိန်းခြောက်ခုနှင့် နယ်မြေ(၁၃)ခုခွဲခြားထား၏။ ဝမ်ချွမ်ဒိုမိန်းမှာ ကျယ်ပြောလှပြီး မိုးပြာတိုက်ကြီးကိုပင် ဧရိယာချင်းယှဉ်နိုင်မည်။
မန်ပိုနန်းတော်သည် ထိုဒေသ၏ အုပ်စိုးရှင်ဖြစ်သော်လည်း အခြားအစွမ်းထက် အင်အားစုများလည်းရှိသေးသည်။
သုံးရက်ကုန်လွန်ပြီးနောက် စွေ့ကျင်းယန်သည် အဝေးသို့ညွှန်ပြလိုက်ပြီး ရှင်းလင်းသောအသံဖြင့် မိတ်ဆက်ပေး၏။
“ အစ်ကိုစု၊ အဲဒါ မရဏတောင်တန်းပဲ ... မိုင်ပေါင်းရှစ်ထောင်ရှည်တယ် ဝမ်ချွမ်ဒေသရဲ့ တားမြစ်နယ်မြေပါ ...
... ဒါပေမယ့် ငါတို့ အဲဒီတောင်တန်းကို သွားစရာမလိုဘူး မိုင်ကိုးထောင်လောက်ဝေးတဲ့ နေရာကနေ ဝမ်ချွမ်မြစ်ကို ဖြတ်ကျော်လိုက်ရုံနဲ့ တောင်ပိုင်းနယ်နိမိတ်ကို ရောက်ပြီ ... ။ ”
ဧကရာဇ်ကို အနိုင်ယူပြီးနောက် စွေ့ကျင်းယန်အမူအရာသည် စုရီအပေါ် များစွာ သိမ်မွေ့သွားသည်။
“ ငါတို့ ညနတ်ဆိုးမြို့ကို အရင်သွားရအောင်။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ပြောသည်။
“ ညနတ်ဆိုးမြို့လား ... ။ ”
စွေ့ကျင်းယန်တစ်ယောက် မျက်ခုံးများ အနည်းငယ် တွန့်ခေါက်လျက်၊
“ ဒါက ... နတ်ဆိုးတွေနဲ့ တစ္ဆေတွေစုဝေးနေတဲ့ အန္တရာယ်မြို့တော်ပဲ အလွန်အညစ်အကြေးများတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထိုမြို့သည် ကမ္ဘာအနှံ့ပြန့်ကျဲနေသော နတ်ဆိုးများ၊ မိစ္ဆာများ၊ မကောင်းဆိုးရွားများ အတွက် ခိုလှုံရာမြို့တော်ပေပင်။
မရဏတောင်တန်းနှင့် မဝေးလှသော မြို့တော်လည်းဖြစ်သည်။ မြို့၏အုပ်စိုးရှင်မှာ ဝေမိသားစုဖြစ်ပြီး စဉ်းမျဉ်းအရ မြို့တော်သို့ ဝင်ရောက်လိုသူတိုင်း တန်ဖိုးအရှိဆုံး ရတနာများ လွှဲပြောင်းပေးရသည်။
ဝေမျိုးနွယ်သည် အလွန်ရှေးကျသော မျိုးနွယ်စုဖြစ်ပြီး မရဏတောင်တန်းအတွင်း၌ ရာစုနှစ်များစွာ ရှင်သန်နေထိုင်ခဲ့ကြ၏။
ဝမ်ချွမ်ဒေသရှိ အင်အားစုများသည် ဝေမျိုးနွယ်ကို စော်ကားဝံ့ခြင်းမရှိချေ။ မန်ပို နန်းတော်သည်ပင် ချွင်းချက်မရှိနိုင်။
ရလဒ်အနေဖြင့် ဝေမျိုးနွယ်စုမှ ထိန်းချုပ်ထားသည့် ဤညနတ်ဆိုးမြို့သည် နတ်ဆိုးနှင့် မကောင်းဆိုးရွားမိစ္ဆာများအတွက် မြင့်မြတ်သော ခိုလှုံရာမြို့ ဖြစ်လာခဲ့သည်။
“ ဒီမြို့ဟာ အညစ်အကြေးတွေ အရမ်းများပေမယ့် သူ မရှိရင် ကမ္ဘာတစ်ခုလုံး အညစ်အကြေးတွေနဲ့ ပြည့်သွားလိမ့်မယ်။ ”
စုရီမှ မှတ်ချက်ပေးသည်။ စွေ့ကျင်းယန်တစ်ယောက် မျက်ခုံးပင့်လိုက် တော့၏။ ဂိုဏ်းရှိ အကြီးအကဲများထံမှလည်း အလားတူ ပြောဆိုမှုမျိုး ကြားခဲ့ဖူးသည်။
ညနတ်ဆိုးမြို့သည် အပြစ်တရား၏ နာမည်ဆိုးနှင့် ကျော်ကြားသော မြို့ဖြစ်သည်မှာ ထင်ရှား၏။
ထို့ကြောင့် ၎င်းအပေါ် အဘယ်ကြောင့် အမြစ်ပြတ်ချေမှုန်း မပစ်ရသနည်းဟု ငယ်စဉ်က မေးခွန်းထုတ်ဖူးသည်။
သူ့မေးခွန်းကို မန်ပိုနန်းတော်သခင်မှ သက်ပြင်းချကာ၊
“ ဒီမြို့ပျက်စီးသွားရင် နတ်ဆိုးတွေက ကမ္ဘာကြီးအနှံ့ ကျင်လည်ပြီး လူကောင်းတွေကို ပိုဒုက္ခပေးလာလိမ့်မယ်။ ”
-ဟု ပြန်ဖြေခဲ့၏။
ထိုအချိန်တွင် နတ်ဆိုးများအားလုံးကို သတ်ပစ်ခြင်းသည် ပို၍ မကောင်းသည်လောဟု ထပ်မံမေးမြန်းလိုက်၏။
နောက်ပိုင်းတွင် သူမ၏ ကျင့်ကြံမှု မြင့်မားလာကာ အမြင်များ ကျယ်ပြန့်လျက် ထိုမေးခွန်းအဖြေကို နားလည်လာသည်။
ဤကမ္ဘာကြီး၌ နတ်ဆိုးများသည် အဆုံးမရှိချေ။ အလင်းရှိသရွေ့ အမှောင်ရှိမည်။ အကောင်းနှင့်အဆိုး ဒွန်တွဲနေထိုင်၏။
မိုးချုပ်လာသည်နှင့်အမျှ ညနတ်ဆိုးမြို့တော်သည် မီးရောင်များနှင့် စည်ကားအသက်ဝင်နေသည် ။
သမိုင်းတစ်လျှောက်တွင် ဤနေရာသည် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများနှင့် ရာဇ၀တ်ကောင်များ နေထိုင်ရာမြို့ပေပင်။
သို့သော် အနီးရှိ ကုန်သည်များနှင့် စွန့်စားသွားလာသူ အများအပြားကိုလည်း ဆွဲဆောင်နေခဲ့သည်။
ထို့ကြောင့် ညနတ်ဆိုးမြို့၏ မှောင်ခိုဈေးကွက်သည် ဝမ်ချွမ်ဒိုမိန်းအတွင်း နာမည်ကြီးလှ၏။
အတိတ်တွင် သူနှင့် သစ်ရွက်လေးသည် မြွေတစ္ဆေမျိုးရိုး သစ္စာဖောက်တစ်ဦးကို လိုက်လံ ရှာဖွေလျက် ဤမြို့သို့ ရောက်ခဲ့ဖူးသည်။
မရဏတောင်တန်းအတွင်းတွင် သူ့ပိုင်ရတနာတစ်ပါးကိုပင် ချန်ထားပေးခဲ့ဖူး၏။ ထို့ကြောင့် ရယူရန် ဝင်လာခြင်းပေပင်။
“ အရမ်းနောက်ကျနေပြီ၊ ဘာလို့ လူတော်တော်များများက ညနတ်ဆိုးမြို့ကို သွားနေကြတာလဲ။ ”
စွေ့ကျင်းယန်မှ ရုတ်တရက် ပြောကြား လိုက်သည်။ နေရာပေါင်းစုံမှ အလင်းတန်းများ မြို့တော်ဆီသို့ ဦးတည်နေသည်ကို မည်သူမဆို မြင်နိုင်၏။
“ ရောက်ရင်သိမှာပါ ... ။ ”
စုရီက ပြန့်ကျဲနေသော အတွေးများကို စုစည်းပြီး မြို့ထဲသို့ ဦးတည်လိုက်လေသည်။ မြို့တံခါးရောက်သောအခါ ရုတ်တရက်ရပ်ကာ အဝေးရှိ ကောင်းကင်ထံ ပြန်ကြည့်၏။
များမကြာခင် ထိုအရပ်၌ မြူးမြူးကြွကြွ တူရိယာသံများ ထွက်ပေါ်လာပြီး သွေးနီရောင် ၀တ်စုံနှင့် လူအများ ထွက်ပေါ်လာသည်။
မောင်းထုသူ ရှစ်ဦး၊ အခြားတူရိယာများ တီးမှုတ်သူ ရှစ်ဦးနှင့် သွေးနီရောင်ဝတ်စုံဝတ် အမျိုးသမီးလေးဦးသည် ထိုင်ခုံတစ်လုံးကို ကိုင်ဆောင်လျက် လိုက်ပါလာ၏။
သူမတို့လေးဦး၏ အနားတဝိုက်တွင် ထီးဆောင်းနေသကဲ့သို့ သွေးမြူအလင်းများ ရစ်သိုင်းနေသည်။
ယင်းသည် တစ္ဆေသတို့သမီး ရောက်ရှိ လာခြင်းကဲ့သို့ အုံ့မှိုင်းသော အငွေ့အသက်များ ပေးစွမ်းလာတော့၏။
“ ဒါ ကောင်းကင်ခွဲတစ္ဆေပဲ။ ”
တစ်စုံတစ်ယောက်က တုန်လှုပ်သွားသည်။ အနီးနားရှိလူအုပ်ကြီးသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာ၏။
“ ရွံ့စရာ အဖိုးကြီးပဲ။ ”
စွေကျင်းယန်မှ ရွံရှာဖွယ်အကြည့်ဖြင့် မှတ်ချက်ပေးသည်။ စုရီက စိတ်ဝင်စားလာ၏။
“ သူက အရမ်းတန်ခိုးကြီးလား။ ”
“ မဟုတ်ဘူး အရမ်းကောက်ကျစ်ပြီး ကြမ်းကြုတ်တယ် အလောင်းတွေကို သန့်စင်ပြီး တစ္ဆေတွေကို ထိန်းချုပ်တယ် ...
... လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ငယ်ရွယ်တဲ့အမျိုးသမီး ကျင့်ကြံသူတွေကို မရေမတွက်နိုင်အောင် ဖျက်ဆီးတယ် ...
... အရမ်း မုန်းစရာကောင်းတယ် သူ့ကိုသွေးမြစ်ဂိုဏ်းက အပြစ်သွေးမြစ်ထဲမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းခွင့်ပေးခဲ့လို့ ...
... ဒီနေ့အထိ ရှင်သန်ခွင့်ရနေခဲ့တာ မဟုတ်ရင် ငါ့မင်ပိုနန်းတော်က သူ့ကိုသတ်ဖို့ ပထမဆုံးဖြစ်နေလိမ့်မယ်။ ”
ဤနတ်ဆိုးသည် ဝိညာဉ်ပြောင်းလဲခြင်း နယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်ရှိသွားပြီဖြစ်၏။ ယနေ့ကမ္ဘာကြီးတွင် ထိုအဆင့်သည် ဧကရာဇ် နယ်ပယ်အောက်၌ တန်ခိုးအကြီးဆုံးပေပင်။
“ ဧကရာဇ်အဆင့်ကိုတောင် မအောင်မြင်သေးဘဲ ကြမ်းကြုတ်လွန်းလှတဲ့ မကောင်းမှုတွေကျူးလွန်ပြီး ... ဒီနေ့အထိ အသက်ရှင်နိုင်တာလား။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။ သူတို့စကားပြောနေစဉ် ထိုသူများသည် မြို့ရိုးကို ကောင်းကင်မှ ဖြတ်ကျော်ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့၏။
“ မကြာသေးမီက မျက်လုံးတစ်ထောင်မိစ္ဆာ မျက်နှာဖြူမိစ္ဆာ အပါအဝင် မကောင်းဆိုးဝါးတွေ မြို့တော်ကို လာနေကြတယ် ... တစ်ခုခု ဖြစ်သွားတာများလား ... ။ ”
အမျိုးသား တစ်ယောက်မှ မြို့တော်အတွင်း ငေးကြည့်ကာ ရေရွတ်လိုက်၏။
“ မင်းမသိဘူးလား ... ဒီည မြို့သခင်စံအိမ်မှာပွဲရှိတယ် သူတို့တက်ရောက်ဖို့ ရောက်လာကြတာပဲ။ ”
“ ဟမ့် ... ဘာပွဲလဲ။ ”
“ မရဏတောင်ရဲ့ တားမြစ်နေရာမှာ မကြာသေ’မီက အလင်းကိုးပါး ကောင်းကင်ပေါ် ထိုးတက်လာတယ် ... ဒီအခွင့်အရေးကို ရှာဖွေဖို့ ကြံစည်နေကြတယ်။ ”
“ ဟုတ်တယ် ဒါက မယုံနိုင်စရာ ဖြစ်ရပ်ဆန်းတွေနဲ့အတူ ပေါ်ပေါက်လာတယ်လို့ ငါလည်းကြားတယ် ... ထူးထူးခြားခြား တာအို ခေါင်းလောင်းသံကလည်း (၃)ရက်နဲ့ သုံးညကြာအောင် မြည်ခဲ့တယ်။”
“ ဒါကြောင့် မြို့သခင်ဝေက ဒီညမှာပွဲတစ်ပွဲလုပ်ပြီး ဆန်းကြယ်မှုတွေကို လေ့လာဖို့ ပြင်ဆင်နေတာပါ။ ”
လူအုပ်ကြီးထံမှ အသံပေါင်းစုံ ကြားနေရချေပြီ။ စုရီတစ်ယောက် မျက်ခုံးများ အနည်းငယ် ပင့်လိုက်မိ၏။
( အလင်းကိုးပါး ကောင်းကင်ပေါ် ပျံတက်လာတာလား တားမြစ်နယ်မြေပေါ်က တံဆိပ်ကျိုးသွားတာများလား။)
စုရီခမျာ တစ်ယောက်တည်း အတွေးနက်နေ၏။ မျက်မမြင်အဘိုးအိုက ရုတ်တရက်ပြုံးကာ၊
“ ကံကောင်းခြင်းတွေကို အတူတူ ဆုပ်ကိုင်ဖို့တဲ့လား ... ဝေမျိုးရိုးက ကြီးမားတဲ့ ကစားပွဲတစ်ခု ပြုလုပ်နေပြီ။ ”
-ဟု မှတ်ချက်ပေးသည်။
“ ဘာလို့ ဒီလိုထင်ရတာလဲ။ ”
စွေ့ကျင်းယန်မှ အံ့ဩစွာမေး၏။
“ မိန်းကလေးကျင်းယန်၊ မင်းအိမ်မှာ ခမ်းနားတဲ့ ကံကြမ္မာတစ်ခုကို ရှာတွေ့ခဲ့ရင် တခြားသူတွေကို မျှဝေပေးမှာလား။ ”
“ မပေးဘူး ... ။ ”
မရဏတောင်သည် ဝမ်ချွမ်ဒေသရှိ တားမြစ်နယ်မြေများ အနက်မှ တစ်ခုဖြစ်သည်။ ဝေမျိုးနွယ်သည် မရဏတောင်အတွင်း တိမ်လွှာချိုင့်ဝှမ်း၌ အမြစ်တွယ်နေ၏။
ထို့ကြောင့် မရဏတောင်တန်းအကြောင်း သူမတို့သာလျှင် အသိဆုံးဖြစ်သည်။ ယခုမူ ကံကြမ္မာအတွက် နတ်ဆိုးများကို ဖိတ်ခေါ်နေသည်မှာ အမှန်ပင် ထူးဆန်းနေ၏။
“ မှောင်ခိုဈေးကို အရင်သွားရအောင်။”
စုရီက မြို့တံခါးသို့ ဝင်လိုက်သည်နှင့် မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်တို့မှာ ချက်ချင်း လိုက်ပါသွားကြသည်။
ညနတ်ဆိုးမြို့သည် စည်ကားနေပြီး လမ်းများနှင့်အိမ်များတွင် မီးရောင်များဝင်းလက် တောက်လောင်နေကာ စည်ကားနေသော လူအုပ်ကြီးနှင့် ပြည့်နေ၏။
သို့သော် ၎င်းတို့သည် အရူးလွယ်အိတ်တစ်လုံးကဲ့သို့ ရောနှောနေ ချေပြီ။
နတ်ဆိုးကျင့်ကြံသူများ၊ တစ္ဆေများ၊ လူသားများ အစရှိသည့် မျိုးနွယ်စုအသီးသီး၏ အစွမ်းထက်သော ပုဂ္ဂိုလ်များရှိ၏။
တစ်ချိန်က ဤမြို့သည် ညစ်ညမ်းသော နေရာဖြစ်သည်။ ၎င်းသည် စည်းစိမ်ချမ်းသာနှင့် ကြွယ်ဝမှုကို အပေါ်ယံအလွှာအဖြစ်ဖုံးအုပ်လျက် သွေးနှင့်အမှောင်များ စွန်းထင်းနေ၏။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရပ်တွင် အတွေ့အကြုံ မရှိသည့် မည်သူမဆို တစ်ညတည်းဖြင့် ပျောက်ကွယ်သွားနိုင်မည်။
“ ဆရာ၊ ဒါ ညနတ်ဆိုးမြို့ကိုလာတာ မင်းတို့အတွက် ပထမဆုံးလား။ ”
ရုတ်တရက် တာအိုဘုန်းကြီးတစ်ပါး သူတို့ထံချဉ်းကပ်ပြီးပြုံးလျက် စကားစမြည် ပြောရန် ကြိုးစားလာတော့သည်။
***