← Chapters

တံဆိပ်ချိုးဖြတ်ခံရခြင်း ... ။

Vol. 52 Ch. 624

တံဆိပ်ချိုးဖြတ်ခံရခြင်း ... ။

Vol. 52 Ch. 624

“ မြို့သခင်၊ ငါတို့ဘယ်လောက် ကြာကြာစောင့်ရမှာလဲ။ ”

ကျောက်စိမ်းရေသခင်မှ သည်းမခံနိုင်တော့ချေ။ ဝေယွင်မှ အမူအရာ ပြောင်းသွားပြီး၊

“ ပြောဖို့ခက်တယ် ... ။ ”

-ဟု တုန့်ပြန်သည်။

လူတိုင်း စိတ်ပျက်လက်ပျက်ဖြင့် စုရီထံလှည့်ကြည့်လိုက်ကြ၏။ အခွင့်အရေးကို မမြင်နိုင်ခင်မှာပင် လုယူခံလိုက်ရသလို ခံစားလိုက်ကြရသည်။

“ ဒီကလေး ကံကောင်းလွန်းတယ် ... ။”

ကောင်းကင်ရေကန် စပါးအုံးမြွေမှ ညည်းတွားလိုက်သည်။ သူ့ဘေးရှိ ဓားမိစ္ဆာက၊

“ ဟမ့် ... ဒါက ငါတို့အတွက် ကံကောင်းစေတာဆိုရင်ရော။ ”

-ဟု ရေရွတ်လိုက်သည်။

ထိုစကားကြောင့် လူတိုင်း အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ သူတို့သည် နှစ်များစွာ အတွင်း မရေမတွက်နိုင်သော အသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ဖူးသည်။

မကောင်းဆိုးဝါးလမ်းတွင် ဝါရင့်ပုဂ္ဂိုလ်များဖြစ်၏။ ထို့ကြောင့် ထိုစကား အဓိပ္ပါယ်ကို မည်သူမဆိုသိသည်။

တစ်စုံတစ်ယောက်၏ ကံကောင်းခြင်းဟူသည် သူတို့အမြင်တွင် သူတို့ ကံကောင်းခြင်း ဖြစ်လေသည်။ ထိုအတွေးက သူတို့အားလုံးကို စိတ်သက်သာရာ ရစေတော့၏။

“ မြို့တော်သခင် ... ငါတို့ မစောင့်နိုင်တော့ဘူး၊ မိုးလင်းဖို့ သုံးနာရီပဲ လိုတော့တယ် သွေးလပျောက်သွားတာနဲ့ ဒီတောင်ဟာ အန္တရာယ်များလာမယ်။ ”

တစ်စုံတစ်ယောက်သည် မျက်မှောင်ကြုတ်လျက် ကောင်းကင်ပေါ် မော့ကြည့်ကာ စိုးရိမ်တကြီးပြော၏။

“ လာ ... အဲဒီကောင်လေးဆီ အတူတူသွားကြည့်ရအောင် ယန်မီးတောက် ငါးကြင်းကိုမအပ်ရင် သူ့ကိုသတ်ပစ်မယ်။ ”

အဆုံး၌ လက်တစ်ဖက်တည်းရှိသော နတ်ဆိုးသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ စတင်လိုက်တော့၏။

ထိုမြင်ကွင်းကြောင့် တခြားသူများ သည်လည်း လိုက်ပါသွားလေသည်။ ဝေယွင်က စိတ်ပျက်လက်ပျက်ဖြင့် နှင်းဖြူပိုက်ကွန်ကို ရုတ်သိမ်းပြီး လိုက်သွားတော့၏။

“ ဒီည ... ယန်မီးတောက်ငါးကြင်းတွေက တကယ်မိုက်မဲတာပဲ။ ”

တစ်ဖက်တွင် စုရီနှင့်အဖွဲ့သည် လူအုပ်ကြီးလာနေသည်ကို မြင်လိုက်ရသဖြင့် စွေ့ကျင်းယန်မှ မျက်မှောင်ကြုတ်သွား၏။

“ အစ်ကိုစု၊ ဒီနတ်ဆိုးတွေက ကြာကြာ မထိန်းနိုင်တော့ဘူး ပြောင်ပြောင်တင်းတင်း လုယက်ဖို့ စီစဉ်နေပုံရတယ်။ ”

“ ဟားဟားဟား ... သေချင်ရင်လာပါစေ။ ”

မျက်မမြင် အဘိုးအိုက လှောင်ပြောင် ရယ်မောလိုက်သည်။ သို့သော် စုရီမှ ပြုံးပြီး၊

“ ဘာလို့ သတ်ရမှာလဲ ... အခွင့်အရေးတွေကို အတူတူ ဆုပ်ကိုင်ဖို့ ခေါ်သွားနိုင်ပါတယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

စွေ့ကျင်းယန်နှင့် မျက်မမြင် အဘိုးအိုခမျာ အံ့အားသင့်သွားကာ ၎င်းတို့၏နားများကိုပင် မယုံနိုင်လောက်အောင်ဖြစ်ကုန်၏။

စုရီတစ်ယောက် မည်သည့်အချိန်မှစပြီး ဤမျှကြင်နာရက်ရောနေသနည်း။ ထိုအချိန်၌ လူပေါင်း(၂၀)ကျော်သည် သူတို့ထံသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။

သူတို့တစ်ဦးစီသည် လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်ပြီး ရောင်ဝါမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

ရွှေဆံညှပ်၊ ဓားမိစ္ဆာနှင့် အခြားသူများ အမြင်တွင် စုရီနှင့်အဖွဲ့သည် အလွယ်တကူ ဖြုတ်ချနိုင်သည်။ သို့သော် သူတို့ စကား မပြောခင် စုရီက၊

“ မင်းတို့အားလုံး ... ယန်မီးတောက် ငါးကြင်းအတွက် ဒီကိုလာခဲ့တာလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဟုတ်တယ် ... မင်းအတွက် ဘာအကောင်းဆုံးလဲသိရင် လိုက်လျောတာ ပညာရှိတဲ့ ‌ရွေးချယ်မှုပဲ။ ”

“ ကောင်းပြီ ... ငါလည်း အများကြီး မလိုပါဘူး မင်းတို့ကိုမျှဝေပေးတာ ပြဿနာ မဟုတ်ဘူး ... ။ ”

“ ထက်မြက်တယ် ... ။ ”

ကောင်းကင်ဘုံရေကန် စပါးအုံးမြွေမှ အနည်းငယ်ပြုံးကာ လေးစားဟန် လှောင်ပြောင် ချီးကျူးလိုက်သည်။

ရွှေဆံညှပ်နှင့် အခြားသူများသည် အမူအရာများ ပျော့ပျောင်းသွားသော်လည်း အထင်အမြင်သေးသည့်သဘောကို ကွယ်ဝှက်မထားတော့ချေ။

ဤလူငယ်သည် ထူးထူးခြားခြား နောက်ခံရှိသော နဂါးတစ်ကောင်ဖြစ်ရမည်ဟု ထင်ခဲ့သော်လည်း ငကြောက်တစ်ယောက်သာ ဖြစ်နေသည်။

“ ကျေးဇူးတင်ပါတယ် ... ။ ”

နတ်ဆိုးဝေမျိုးနွယ်မှ ဝေယွင်က တည်ငြိမ်သောအမူအရာဖြင့် ပြောကြားလိုက် လေသည်။

“ ဝှစ် ... ။ ”

စုရီက စကားမဆိုတော့ဘဲ ယန်မီးတောက်ငါးကြင်းကိုးကောင် တိတိကို ပစ်ပေးလိုက်၏။

“ ယူလိုက်ပါ ... ငါးကြင်း ဆယ့်နှစ်ကောင်ဖမ်းမိထားတယ် မင်းတို့ ကိုးကောင်ယူ ... ။ ”

“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။”

ဝေယွင်မှ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ နတ်ဆိုးအုပ်စုသည်လည်း ကျေနပ်သွားတော့၏။

“ ကောင်လေး ... မင်း ငါတို့နဲ့ မပူးပေါင်းဘူးလား ငါတို့ကံကြမ္မာကို ဆုပ်ကိုင် နိုင်ခဲ့ရင် မင်းကို ဝေမျှနိုင်ပါတယ်။ ”

နတ်ဆိုးတစ်ပါးမှ ရုတ်တရက် အကြံပြုသည်။ အချို့သည် ထိုစကားအပေါ် မျက်မှောင်ကြုတ်ကာ မကျေနပ်ကြောင်း ပြသလာကြ၏။

“ ငါလည်း ဒါပဲတွေးနေတာ။ ”

စုရီမှ ခေါင်းညိတ်သည်။

“ မြို့သခင် ... မင်းဘယ်လိုထင်လဲ။ ”

မျက်နှာဖြူမိစ္ဆာက ဝေယွင်ကို လှည့်ကြည့်ပြီးမေးလေသည်။ ဝေယွင်မှ ခေါင်းညိတ်ပြ၏။

ထို့ကြောင့်မည်သူမျှ ငြင်းဆန်ခြင်း မပြုတော့ဘဲ စုရီနှင့်အဖွဲ့ကို လိုက်ပါခွင့်ပြု လိုက်ကြသည်။

“ မျက်နှာဖြူ အဘိုးကြီး၊ မင်းဘာတွေစီစဉ်နေတာလဲ ဒီသုံးယောက်မှာ ထူးဆန်းတဲ့ဇစ်မြစ်ရှိပြီး သံသယဖြစ်ဖွယ် ရှိတယ်ဆိုတာ မင်းမသိဘူးလား။ ”

လမ်းတွင် လူအချို့က မျက်နှာဖြူမိစ္ဆာအဖိုးအိုကို မေးမြန်းလိုက်သည်။

“ ဟမ့် ... သူတို့ရဲ့ဇစ်မြစ်က တကယ်ကို မေးခွန်းထုတ်စရာဆိုပေမယ့် ဒီကောင်မလေးမှာ အဖိုးတန်ရတနာတွေ ရှိနေတယ် ငါ့ဗီဇအသိက ဒါကိုသတိပေးနေတယ် ...

... ငါနဲ့ မျက်လုံးတစ်ထောင်မိစ္ဆာက ဆွေးနွေးပြီးသွားပြီ အခွင့်အရေးကို ရယူပြီးရင် သူတို့ကိုသတ်မယ် ပြီးရင်ရရှိမဲ့ရတနာတွေကို အချင်းချင်း ခွဲဝေကြမယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။ ကျောက်စိမ်းရေသခင်မှ သဘောပေါက်သွားပြီး၊

“ ဒါဆို ... ငါ့ကိုလည်း ရေတွက်ပါ ... ရတနာတွေကို ငါမလိုချင်ဘူး အဲဒီကောင်မလေး ငါ့ပေးပါ အဟေးဟေး။ ”

ထိုကောင်မလေး၏ အလှသည် အမှန်ပင် ထူးထူးခြားခြားဖြစ်၏။ နူးညံ့ ဆူဖြိုးလွန်းသော သိုးသငယ်နှင့်တူပေသည်။

“ ဟားဟားဟား ... မင်းပြောနေတာ အရမ်းနောက်ကျသွားပြီ ... ကောင်းကင် ရေကန် စပါးအုံးမြွေက အဲဒီမိန်းကလေးကို သူ့ရဲ့ စားကောင်း သောက်ဖွယ်အဖြစ် မှတ်ယူထားတာကြာပြီ။ ”

ကျောက်စိမ်းရေသခင်တစ်ယောက် မျက်နှာရှုံမဲ့သွားသည်။ ထို့နောက် ဝေယွင်ထံ ကြည့်လိုက်ကာ၊

“ စကားမစပ် ဝေယွင်ကို ငါတို့သတိထားရမယ် ဒါကရတနာတစ်ခုပဲ ဝေမိသားစုက ငါတို့ကိုအခွင့်အရေး မပေးချင်မှာ ကြောက်မိတယ်။ ”

-ဟု သတိပေး၏။ မျက်နှာဖြူ မိစ္ဆာက၊

“ စိတ်မပူနဲ့ ... ငါ တခြားသူတွေကို ဆက်သွယ်ပြီးပြီ ရတနာကိုသိမ်းပိုက်တဲ့အချိန် ဝေယွင်သာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ပြလာရင် သူ့ကို ချက်ချင်းဖမ်းမယ်။ ”

“ ဟမ့် ... ဒါဆိုမင်းတို့အားလုံး မဟာမိတ်ဖွဲ့ပြီးပြီပေါ့ ... ။ ”

“ တာအိုအစ်ကို ငါ့ကိုအပြစ်မတင်နဲ့၊ ငါတို့ ဒါကိုမင်းဆီကနေ တမင်တကာ ဖုံးကွယ်နေတာ မဟုတ်ဘူး ငါတို့ထဲက တစ်ယောက်ယောက်က ဝေယွင်နဲ့ ပူးပေါင်းနေတယ်။ ”

“ ဟုတ်လား ... ။ ”

ကျောက်စိမ်းရေသခင်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ‘ဘယ်သူလဲ’ဟု မေးမြန်းလိုက်၏။ မျက်နှာဖြူ မိစ္ဆာက ပြုံးပြီး၊

“ ပြောရခက်တယ် လူတိုင်းလည်း ဖြစ်နိုင်တယ် ငါတို့သတိထားဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ ”

-ဟု ပြန်ဖြေ၏။

“ ငါ နားလည်ပြီ ... ။ ”

ကျောက်စိမ်းရေသခင်မှ ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် စွေ့ကျင်းယန်သည်လည်း စုရီကို အသံတိတ် ဆက်သွယ်နေသည်။

“ အစ်ကိုစု၊ မင်းမှာ ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ... တစ်စုံတစ်ယောက်ကို အန္တရာယ်ပြုဖို့ စီစဉ်နေတယ်လို့ ... ငါဘာလို့ ခံစားနေရတာလဲ။ ”

“ ဟမ့် ... ကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေဆိုတာ ဘာကိုဆိုလိုတာလဲ ငါက သူတို့ကို အဲဒီတားမြစ်နယ်မြေထဲ ဝင်ရောက်ခွင့်လေးပေးတာပါ ...

... အသက်ရှင်အောင် လုပ်နိုင်မလား မလုပ်နိုင်ဖူးလားဆိုတာတော့ သူတို့ကံပေါ်မှာပဲ မူတည်တယ်။ ”

“ ဒါဆို သေချာပါတယ်။ ”

စွေ့ကျင်းယန်မှ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အပြုံးတစ်ပွင့် ပြသလာ တော့သည်။

“ ဒါပေမယ့် ငါ့အမြင်အရတော့ ဒီနတ်ဆိုးတွေကကောက်ကျစ်ပြီး သစ္စာမဲ့တယ် သူတို့ကို ထောင်ချောက်ဆင်သတ်ပစ်ဖို့ ခက်ခဲလိမ့်မယ် အစ်ကိုစု။ ”

“ မင်းမှားတယ် သူတို့ကို ငါ ထောင်ချောက်ဆင်ပြီး သတ်နေစရာမလိုပါဘူး ဆန္ဒရှိရင် တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ...

... ငါ့မှာ အခြားရည်ရွယ်ချက် တစ်ခုအတွက်ကြောင့် သူတို့ရဲ့အသက်တွေကို နှမြောပေးထားတာပါ။ ”

“ ဘာရည်ရွယ်ချက်လဲ။ ”

စုရီမှ ပြန်မဖြေတော့ချေ။ စွေကျင်းယန်တစ်ယောက် မေးစေ့ကိုပွတ်လျက် အဖြေမရနိုင်မှန်း သိသွားပြီး၊

“ မေ့လိုက်ပါ၊ ငါစောင့်ကြည့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။ စုရီမှပြုံး၏။

နာရီဝက်ခန့် ကုန်လွန်ပြီးနောက် တောင်ကြားတစ်နေရာ၌ လွင့်မျောနေသော သွေးမြူကြီးကို မြင်လိုက်ရသည်။

၎င်းအောက်တွင် ကြီးမားသော ကြေးကြာပန်းခုံးပေါင်း သုံးဆယ့်ခြောက်ခုံရှိ လေသည်။

ကြာပန်းခြေခုံ တစ်လုံးစီသည် အချင်းဆယ်ပေရှိပြီး ပွင့်ချပ်ကိုးချပ်စီပါရှိကာ တာအိုရူရ်များ ရေးထိုးထား၏။

ကြာပန်းခုံတစ်ခုစီ၏ အလယ်ဗဟိုတွင် ပေပေါင်းများစွာ ကျယ်သော လိုဏ်ဂူတစ်ခုရှိပြီး ထူထဲသော သွေးအမှုန်အမွှားများဖြင့် ဖုံးလွှမ်းနေသည်။

ထိုအချိန်တွင် ဝေယွင်မှ ရပ်တန့်လိုက်ပြီး၊

“ အားလုံးပဲ ငါတို့တားမြစ်နေရာကို ရောက်ပြီ။ ”

-ဟု သတိပေးသည်။ နတ်ဆိုးတစ်ပါးက သွေးမြူကြီးထံ မော့ကြည့်ကာ၊

“ ဒါက ရှေးခေတ်တားမြစ်ဝင်္ကပါပဲ ... လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်ပေါ်လာခဲ့တဲ့ ထူးခြားဖြစ်စဉ်တွေက ... ဒီကနေ ထွက်လာပုံရတယ်။ ”

-ဟု ရေရွတ်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကောင်းကင်တွင် ကိုးရောင်ရှိသော အလင်းများ တောက်ပနေခဲ့ဖူးသည်။

လျှို့ဝှက်ဆန်းကြယ်သော ခေါင်းလောင်းသံကြီးသည်လည်း သုံးရက်နှင့် သုံးညအထိ ပဲ့တင်ထပ်ခဲ့၏။

ထိုအရာအားလုံးသည် သူတို့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော ကြေးကြာပန်းခြေခုံး သုံးဆယ့်ခြောက်ခုနှင့် ဆက်စပ်နေပေမည်။

ဤမြင်ကွင်းကိုကြည့်ပြီး စုရီတစ်ယောက် အနည်းငယ် မျက်ဝန်းများ မှေးစင်းသွားသည်။ မျှော်လင့်ထားသည့်အတိုင်း တံဆိပ်မှာ ချိုးဖျက်ခံလိုက်ရပြီဖြစ်၏။

ယင်းသည် တစ်စုံတစ်ယောက်သည်သာ ဤနေရာကို ချိုးဖြတ်ဝင်ရောက်ခဲ့မည် ဆိုသော် သူချန်ထားခဲ့သော ရတနာသည် ထိုနေရာတွင် ရှိနိုင်တော့မည် မဟုတ်ချေ။

***

All Chapters