အလုပ်သွားလုပ်လိုစိတ် ပေါ်လာခြင်း
Vol. 17 Ch. 363
လင်းရှောင်ယွဲ့ ပြုံးလိုက်၏။
"ကောင်းပါပြီ။ သခင်လေးလျန် မဖိတ်ခေါ်ဘူးဆိုရင်တောင် နွေရာသီအချိန်ရောက်ရင် ကျွန်မလည်း မိသားစုကိုခေါ်ပြီး သခင်လေးတို့ခြံမှာ အပူလာရှောင်မလို့ စဉ်းစားထားတာပါပဲ"
နွေရာသီသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့မည်။ မနှစ်ကမူ ထိုသို့သော အခြေအနေမျိုး မရှိခဲ့ပေ။ နေပူကျဲကျဲအောက်တွင် အိမ်ဆောက်ရသည့်အပြင် ကောက်ညှင်းအေးမုန့်လုပ်သည့်ကိစ္စနှင့်လည်း အလုပ်များနေခဲ့ရသည်။
ယခုနှစ်တွင် ငွေလည်းရှာနိုင်ခဲ့ပြီဖြစ်ပြီး အလုပ်လုပ်ရန် လူလည်း ရှိနေပြီဖြစ်သည်။
အမြင့်ဆုံးအပူချိန်ရောက်သည့်အခါတွင် မိသားစုတစ်စုလုံးကို လျန်မိသားစု၏ လက်ဖက်ခြံသို့ အနားယူရန် ခေါ်ဆောင်သွားနိုင်ပေသည်။
ထိုအတွေး ပေါ်လာပြီးနောက် လင်းရှောင်ယွဲ့၏နှလုံးသားသည် ရုတ်တရက် လှုပ်ရှားသွားပြန်သည်။
သူမမိသားစုကို နန်အန်းခရိုင်သို့ အပူရှောင်ရန် ပင်ပန်းခံကာ ခေါ်သွားမည့်အစား သူမကိုယ်တိုင် အလားတူ အပန်းဖြေစခန်းတစ်ခု တည်ဆောက်လိုက်လျှင် ပိုမကောင်းဘူးလား။
ချင်းရှီမြို့၏အနားတွင်ပင် ဆောက်လုပ်မည်။ မကြာမကြာ သွားရောက်နေထိုင်နိုင်ပြီး ပို၍လည်း အဆင်ပြေပေမည်။
ထို့နောက် လင်းရှောင်ယွဲ့သည် သူမ၏ ခြံ ၁၂ ခြံကို သတိရသွားသည်။
ပြီးနောက် ထိုအတွေးကို လျင်မြန်စွာ ဖျောက်ဖျက်လိုက်၏။
ဤခြံ ၁၂ ခြံသည် ချီဝူတပ်သားများကို နေရာချထားပေးရန်ဖြစ်ပြီး အပန်းဖြေစခန်းလုပ်ရန် မသင့်တော်ပေ။
ဒီလုပ်ငန်းလုပ်လိုပါက ခြံတစ်ခြံ ထပ်မံဝယ်ယူမှသာ ရပေမည်။ ထို့အပြင် ဤခြံသည် ချင်းရှီမြို့နှင့်လည်း နီးရပေဦးမည်။ ဤသို့တွေးမိသော် လင်းရှောင်ယွဲ့၏ စိတ်ဆန္ဒတို့သည် လျော့ပါးသွားသည်။
ထားလိုက်တော့။ လောစရာမလိုပါဘူး။
အိမ်တော်ထိန်းဖန်းအား ဦးစွာ အကဲခတ်ခိုင်းထားနိုင်၏။ သင့်တော်သည့်နေရာရှိမှ စီစဉ်လျှင်လည်း နောက်မကျပေ။
"ဟားဟား၊ အဲ့ဒီအချိန်ရောက်ရင် လျန်မျိုးရိုးက ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုပါ့မယ်" လျန်ယွီက ရယ်မောရင်း ပြန်ဖြေသည်။
သူတို့နှစ်ဦးသည် ခဏမျှ ယဉ်ကျေးဖော်ရွေသောစကားများ ပြောဆိုကြပြီးနောက် လျန်ယွီက နှုတ်ဆက်ထွက်ခွာသွားလေသည်။
လျန်ယွီကို ပို့ဆောင်ပြီးနောက် လင်းရှောင်ယွဲ့သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
ပြီးလျှင် ခြံဝန်းငယ်လေးထဲသို့ ပြန်လာကာ ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း စာအုပ်တစ်အုပ်ကို မျက်နှာပေါ်တင်ကာ နေဆက်လှုံနေလိုက်သည်။
ဤသို့ မအေးလွန်း မပူလွန်းဘဲ နေရောင်ခြည် နူးညံ့သော ရာသီဥတုမျိုးသည် ရှားပါးလှပေရာ အချိန်ကို အရယူ၍ ခံစားနေရမည်...
သက်သောင့်သက်သာရှိနေတာကြောင့် လင်းရှောင်ယွဲ့သည် သူမ ဘယ်အချိန်က အိပ်ပျော်သွားသည်ကို မသိလိုက်ပေ။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူမ၏ကိုယ်ကို လာထိသည်ကို ခံစားမိမှ နိုးလာခဲ့သည်။
"နိုးပြီလား"
ထိုသူမှာ လီရှောင်ပင် ဖြစ်နေသည်။
လင်းရှောင်ယွဲ့သည် မျက်လုံးများကို အကြိမ်အနည်းငယ် မှိတ်လိုက်ဖွင့်လိုက် လုပ်ရင်း အိပ်ချင်စိတ်ကို မောင်းထုတ်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ" ဟု အိပ်ချင်မူးတူး လေသံဖြင့် မေးလိုက်၏။
တစ်ချိန်တည်းမှာပင် အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အချိန်ကို မခန့်မှန်းနိုင်ခဲ့ပေ။
"ယို့အချိန် (ညနေ ၅ နာရီမှ ၇ နာရီ) နီးနေပြီ။ ဒီနေ့ ဆိပ်ကမ်းမှာ ဘာကိစ္စမှ မရှိလို့ ကိုယ်မင်းကို စောစော လာကြိုတာ
ဘယ်သူက သိမှာလဲ၊ တစ်ယောက်ယောက်က ဝက်ကလေးတစ်ကောင်လို အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်လေ" လီရှောင်က တိုးညှင်းစွာ ရယ်မောရင်း သူ၏ ကြမ်းတမ်းသော လက်ချောင်းဖြင့် လင်းရှောင်ယွဲ့၏ နှာထိပ်ဖျားကို ပွတ်ဆွဲလိုက်သည်။
လင်းရှောင်ယွဲ့သည် ရှက်သွေးဖြာသွားပြီး သူမ၏လက်လေးဖြင့် လီရှောင်၏လက်ကြီးကို ပုတ်ထုတ်လိုက်သည်။
"အာ့၊ နာတယ်" ဟု ပါးစပ်မှလည်း အော်လိုက်သေးသည်။
လီရှောင်သည် ဆက်မစရဲတော့ဘဲ အခြေအနေကိုကြည့်ရန် အမြန်တိုးကပ်သွားသည်။
သို့သော် သူ့ဇနီလေးက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး သူ့နှာခေါင်းကို လက်လှမ်း၍ တိုက်ခိုက်လာလေသည်။
လီရှောင်သည် အမှတ်မထင် လှုပ်ရှားမိမလို ဖြစ်သွားသော်လည်း ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ့ဇနီးလေးအား အောင်မြင်စွာ လက်စားချေခွင့် ပြုလိုက်သည်။
လင်းရှောင်ယွဲ့သည် အောင်နိုင်သွားသဖြင့် မျက်နှာထက်တွင် အပြုံးတို့ဖြင့် ပြည့်နှက်နေသည်။ ပြီးမှ ကျေနပ်စွာဖြင့် ကုလားထိုင်ပေါ်မှ ထလိုက်သည်။
"သွားစို့၊ အိမ်ပြန်မယ်"
ပြီးနောက် လီရှောင်နှင့်လက်ချင်းတွဲကာ လျိုအိမ်တော်၏ တံခါးမကြီးဆီသို့ လျှောက်သွားကြသည်။
......
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး အလုပ်များသော နေ့ရက်တို့သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်း ၅လပိုင်းသို့ ရောက်ရှိလာပြီး ရာသီဥတုက စတင်ပူပြင်းလာသည်။
ဆယ့်ငါးရက်ကျော် ဆက်တိုက် အလုအယက် ခူးဆွတ်ပြီးနောက် ခြံထဲမှ ငရုတ်သီးများကို ခူးဆွတ်နိုင်သည့် အကြိမ်အရေအတွက်မှာ များများစားစား မကျန်တော့ပေ။
ဤအချိန်တွင် နွေဦးမုန်ညင်းဖြူများလည်း နောက်ဆုံးတွင် ထွက်ရှိလာပြီ ဖြစ်သည်။
ထို့ကြောင့် ခြံအသီးသီးတွင် ချီဝူတပ်သားများသည် ငရုတ်သီးများကို ဆက်လက် ခူးဆွတ်ခြင်း၊ ပြုပြင်ခြင်းတို့အပြင် မုန်ညင်းဖြူ စိုက်ပျိုးထားသော ခြံအချို့တွင်လည်း မုန်ညင်းဖြူများကို စတင်ရိတ်သိမ်းနေကြသည်။
တစ်ချိန်တည်းမှာပင် ခြံများပေါ်မှ ငရုတ်သီးအလုပ်ရုံများသည်လည်း လုပ်ငန်းသစ်တစ်ခုကို ကြိုဆိုလိုက်ရသည်... ထိုသည်မှာ ကင်မ်ချီ ပြုလုပ်ခြင်း ဖြစ်သည်။
ချီဝူတပ်သားများသည် တစ်ဦးချင်းစီတိုင်း အလုပ်လုပ်ရန် စိတ်အားထက်သန်နေကြပြီး အချို့ခြံများမှာ လယ်မြေထဲမှ မုန်ညင်းဖြူ ထွက်ရှိနှုန်းကို အမီလိုက်နိုင်ရန် ညဘက်ပါ အလုပ်လုပ်ကြသည်။
ခြံများတွင်သာမက သာ့ရှီရွာမှ ငရုတ်သီးအလုပ်ရုံတွင်လည်း ယခုတစ်ကြိမ် အလုပ်သမားများကို ခေါ်ယူနေသည်။ ကင်မ်ချီ ပြုလုပ်သည့် အလုပ်သမားတွေချည်းပင် လူငါးဆယ်ကျော် ခန့်အပ်ခဲ့သည်။ ကုန်ပစ္စည်း သယ်ယူပို့ဆောင်သူများ၊ မုန်ညင်းဖြူ ဝယ်ယူသူများနှင့် ပေါင်းလိုက်လျှင် ယခုတစ်ကြိမ် အသစ်ခေါ်ယူလိုက်သော လူဦးရေသည် ရှစ်ဆယ်နီးပါး ရှိသွားသည်။
ထို့အပြင် ယခင်က ငရုတ်သီးအလုပ်ရုံတွင် တဖြည်းဖြည်း တိုးလာသော လူအင်အားနှင့် ပေါင်းလိုက်လျှင် ယခု ငရုတ်သီးအလုပ်ရုံ၏ စုစုပေါင်း အလုပ်သမားဦးရေသည် တစ်ရာ့ငါးဆယ်ကျော်အထိ ရှိနေပြီ ဖြစ်သည်။
ယခု သာ့ရှီရွာတွင် အိမ်တိုင်းလိုလို လျိုမိသားစု၏အလုပ်ရုံသို့ အလုပ်လာလုပ်သူများ ရှိနေသည်။
လင်းမိသားစု မျိုးဆက်ခွဲများမှ အကြီးဆုံးလင်း၊ လင်းလောင်အာ့ နှင့် လင်းလောင်စစ် တို့ပင် ထိုသို့သော အတွေးများ ဝင်လာကြသည်။
သို့သော်လည်း မကြာသေးမီက လင်းရှောင်ယွဲ့သည် လင်းမိသားစု အိမ်မကြီးပေါ်သို့ တက်ကာ ငွေလာတောင်းသည့် ကိစ္စ ဖြစ်ပွားခဲ့သောကြောင့် ဤမိသားစုခွဲများသည် လျိုမိသားစု အလုပ်ရုံသို့ မသွားရဲကြပေ။
ဒီလိုအချိန်မှာ လင်းရှောင်ယွဲ့ကို ထပ်မံ စိတ်အနှောင့်အယှက် ဖြစ်စေမိပါက သူတို့၏ လယ်မြေထဲမှ မုန်ညင်းဖြူများကို လျိုမိသားစု အလုပ်ရုံသို့ ရောင်းချခြင်းအပေါ် သက်ရောက်မှု ရှိသွားမည်ကို စိုးရိမ်နေကြသည်။
သို့သော် လျိုမိသားစု အလုပ်ရုံတွင် အလုပ်လုပ်လျှင် ရရှိသော လုပ်ခလစာမှာ မက်လောက်စရာကောင်းလှသည်။
ရွာသူရွာသားများ နေ့စဉ် ငွေသွားရှာနေကြသည်ကို မျက်စိရှေ့တွင် မြင်တွေ့နေရလျှင် စိတ်ထဲတွင် မည်သို့ မလှုပ်ရှားဘဲ နေနိုင်ပါ့မလဲ။
အထူးသဖြင့် သူတို့၏ လယ်မြေများတွင် မုန်ညင်းဖြူ စတင်စိုက်ပျိုးပြီးနောက် အိမ်တွင် အမှန်တကယ် အားလပ်ချိန် ရှိနေသည်။
မည်သို့ပင်ဖြစ်စေ အားနေသည်မှာ အားနေသည်ပင်။ လျိုမိသားစု အလုပ်ရုံသည် အိမ်နှင့်လည်း နီးကပ်ပြီး လုပ်ခလည်း ကောင်းစွာ ရရှိရာ အလုပ်သွားလုပ်ချင်ကြသည်မှာ သေချာပေသည်။
ဤအချိန်တွင် လင်းမိသားစု စတုတ္ထအိမ်...
လင်းလောင်စစ်နှင့် သူ့ဇနီးသည်တို့သည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ မုန်ညင်းဖြူ တောင်းကြီး နှစ်တောင်းနှင့် တောင်းငယ် နှစ်တောင်းကို သယ်ဆောင်လာကြသည်။ သူတို့သည် အိမ်ခေါင်မိုးအောက်တွင် အနားယူနေကြသည်။
လင်းလောင်စစ်၏ ဇနီးသည် အိမ်ထဲသို့ ဝင်သွားပြီး ရေအိုးစည်ထဲမှ ရေတစ်ခွက်ကို ခပ်ကာ သူမကိုယ်တိုင် အရင် တစ်ငုံမော့သောက်လိုက်သည်။ ပြီးနောက် အပြင်ထွက်လာပြီး ရေခွက်ကို လင်းလောင်စစ်ထံသို့ ကမ်းပေးလိုက်သည်။
လင်းလောင်စစ်သည် ချွေးသုတ်လိုက်ပြီး ရေတစ်ဝက်ကျော်ကို ဂလုဂလုမြည်အောင် သောက်ချလိုက်သည်။ ပြီးနောက် ရေခွက်ကို အကြီးဆုံး ကလေးထံသို့ ပေးလိုက်သည်။
ကလေးသည် ရေခွက်ကို ရသည်နှင့် သူလည်း အားရပါးရ သောက်လိုက်သည်။
နေပူဒဏ်ကြောင့် အနည်းငယ် နီမြန်းနေသော လင်းလောင်စစ်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ပြီးနောက် သူ့ဇနီးကို လှမ်းကြည့်လိုက်သည်။
"ခဏနေရင် မင်းတို့ သွားစရာမလိုတော့ဘူး။ ကျန်တဲ့ မုန်ညင်းဖြူ နည်းနည်းကို ငါ တောင်းနဲ့ တစ်ခေါက်သွားထမ်းလိုက်ရင် ရပြီ"
လျိုမိသားစု အလုပ်ရုံက မုန်ညင်းဖြူ စတင်ဝယ်ယူချိန်မှစ၍ ယခု သာ့ရှီရွာရှိ အိမ်တိုင်း၏ ဘဝများ ပိုမိုကောင်းမွန်လာခဲ့သည်။
ယခုနှစ် မုန်ညင်းဖြူ အထွက်နှုန်းမှာ ကောင်းမွန်လှ၏။ မုန်ညင်းဖြူ အများစုသည် နှစ်ပေါင်၊ သုံးပေါင် အလေးချိန်ရှိကြပြီး အချို့ ကြီးမားထွားကျိုင်းသော အပင်များမှာ လေးပေါင် ကျော်အထိပင် ရှိသည်။
တစ်ပေါင်လျှင် ကြေးနီပြားတစ်ပြား ဖြစ်ရာ တွက်ချက်ကြည့်လျှင် မုန်ညင်းဖြူ တစ်လုံးလျှင် နှစ်ပြား၊ သုံးပြား ဝင်ငွေ ရှိနိုင်သည်။
ဤသည်မှာ ယခင်နှစ်များတွင် ဆိုလျှင် တွေးပင် မတွေးဝံ့သော ကိစ္စဖြစ်သည်။
လင်းလောင်စစ်သည် တွေးတောရင်း ယခုနှစ် လယ်မြေထဲမှ တခြားသီးနှံများ ရိတ်သိမ်းပြီးလျှင် သူ၏ လယ်မြေအားလုံးကို မုန်ညင်းဖြူများအဖြစ် ပြောင်းလဲ စိုက်ပျိုးရမည်ဟု ခံစားလိုက်ရသည်။
ယခုနှစ် မုန်ညင်းဖြူ၏ အခြေအနေအရ မုန်ညင်းဖြူ စိုက်ပျိုးခြင်းသည် သီးနှံစိုက်ပျိုးခြင်းထက်ပင် ပို၍ တွက်ခြေကိုက်နေသည်။
မုန်ညင်းဖြူ ရောင်းချ၍ ကြေးနီပြားများ ရရှိနိုင်ပြီး ကြေးနီပြားများ ရှိလျှင် မြို့ပေါ်တက်၍ ဆန်ဝယ်နိုင်သည်။ ဤသို့ ဝင်လိုက်ထွက်လိုက်ဖြင့် လက်ထဲတွင် ကျန်ရှိသော ငွေသည် ပို၍ပင် များပြားလာပေမည်။
"အင်း" လင်းလောင်စစ်၏ ဇနီးက ပြုံးရင်း ပြန်ဖြေသည်။ ထို့နောက် မျက်နှာထက်တွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လင်းလောင်စစ်သည် ထိုအမူအရာကို မြင်သော် သူ့ဇနီးကို နားမလည်သလို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
လင်းလောင်စစ်၏ဇနီးသည် တုံ့ဆိုင်းမှုတစ်ခု ဖြတ်ပြေးသွားသည်။
"ကိစ္စတစ်ခုရှိတယ်၊ ကျွန်မတို့တွေ တိုင်ပင်ရအောင်"
ဆုံးဖြတ်ချက် ချလိုက်သည့်အလား လင်းလောင်စစ်၏ဇနီးသည် ရုတ်တရက် ရှေ့သို့ တိုးလာပြီး လင်းလောင်စစ်၏ဘေးတွင် ကပ်၍ ထိုင်ချလိုက်သည်။
လင်းလောင်စစ်သည် ထိုအမူအရာကိုမြင်သော် မျက်နှာထား အနည်းငယ် တင်းမာသွားသည်။
"ပြောလေ"
"အင်း... ကျွန်မ စဉ်းစားနေတာက ကျွန်မတို့လယ်ထဲမှာ မုန်ညင်းဖြူ သိပ်မကျန်တော့ဘူးလေ... ပြီးတော့ ကျွန်မတို့အိမ်မှာ လယ်မြေလည်း သိပ်မများဘူး။ ပုံမှန်ဆို ရှင် ကလေးနှစ်ယောက်ကိုစောင့်ရှောက်နိုင်ပါတယ်"
လင်းလောင်စစ်၏ မျက်နှာရိပ် ပြောင်းသွားပြီး ရုတ်တရက် စိတ်ထဲတွင် ထိတ်လန့်သွားသည်။
"မင်း... ဘာပြောချင်တာလဲ"
လင်းလောင်စစ်၏ ဇနီးသည် ခဏမျှ ကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရကာ ရယ်မောမိသွားသည်။
"အို... ရှင် ဘယ်တွေတွေးနေတာလဲ။ ကျွန်မ ရှင့်ကို တိုင်ပင်ချင်တာက သခင်မလေးလင်းရဲ့ အလုပ်ရုံမှာ အလုပ်သွားလုပ်ခွင့်ပြုဖို့ပါ"
ဤသို့ပြောရင်း လင်းလောင်စစ်၏ပခုံးကို ချွဲနွဲ့သည့်အလား တွန်းလိုက်သေးသည်။
လင်းလောင်စစ်သည် သက်ပြင်းချလိုက်မိသော်လည်း ပြီးနောက် မျက်မှောင်ကြုတ်သွားပြန်သည်။
ခင်ပွန်းဖြစ်သူ မပြောမီတွင် လင်းလောင်စစ်၏ဇနီးက ဆက်ပြောလေသည်။
"လယ်ထဲမှာတော့ ရှင် နည်းနည်း ပင်ပန်းခံလိုက်ပေါ့။ ကလေးနှစ်ယောက်နဲ့ ကြည့်ရှုလိုက်ရင် ပြဿနာမရှိပါဘူး ကျွန်မ လျိုမိသားစု အလုပ်ရုံမှာ အလုပ်သွားလုပ်ရင် တစ်နေ့ကို အနည်းဆုံး ကြေးပြား ၅၀တော့ ရနိုင်တယ်"
"ပြီးတော့ အခု အလုပ်ရုံဘက်က အလုပ်များတော့ အချိန်ပို ခဏခဏ ဆင်းရတယ်။ အချိန်ပို လုပ်ခက ပိုတွက်ပေးတယ်၊ အချိန်တစ်ပိုင်း (နှစ်နာရီ) ကို အနည်းဆုံး ကြေးပြား ၂၀တောင် ရတယ်" ဤနေရာသို့ ရောက်သောအခါ လင်းလောင်စစ်ဇနီး၏မျက်လုံးများပင် အရောင်တောက်လာသည်။
"ရှင်ပဲစဉ်းစားကြည့်၊ ကျွန်မတို့လို တောသူတောင်သားတွေက ဒီလောက်ကောင်းတဲ့ အလုပ်ကို ဘယ်မှာ သွားရှာလို့ ရမှာလဲ။ လုပ်ခလည်း ကောင်း၊ အိမ်နဲ့လည်း နီးတယ်"
လင်းလောင်စစ် ပါးစပ်ဟရန် ပြင်သည်ကို မြင်သော် လင်းလောင်စစ်၏ဇနီးက ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မတို့အိမ်ရဲ့ အခြေအနေက ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး။ အရင်တုန်းက ရှင် ငွေစ ၅၀ ယူလာတုန်းက ကျွန်မတို့အိမ်မှာ စုဆောင်းထားတာလေးရှိသေးတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ အခု ငွေတွေ ပြန်ပေးလိုက်ရပြီလေ"
လင်းလောင်စစ်၏ မျက်နှာသည် စိုးရိမ်သွားသည်။
လင်းလောင်စစ်၏ဇနီးကမူ သူ့ပခုံးကို နှစ်သိမ့်စွာ ပုတ်လိုက်ပြီး "ဒီကိစ္စကို ကျွန်မ ရှင့်ကို အပြစ်တင်နေတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သခင်မလေးလင်းက အိမ်မကြီးပေါ်တက်ပြီး ငွေလာတောင်းလို့ အဲ့ဒီပြဿနာ ဖြစ်သွားတာ။ ငွေတွေ မရှိတော့ပေမဲ့ ကျွန်မစိတ်ထဲမှာ ပိုပြီး အေးချမ်းသွားသလိုပဲ။
ကျောက်စိမ်းဆွဲပြား ကိစ္စမှာ ရှင် သိပ်ပြီး ပါဝင်ပတ်သက်ခဲ့တာ မဟုတ်ပေမဲ့ တိတိကျကျ ပြောရရင် အမေ့ရဲ့ ကြံရာပါလို့ ပြောလို့ရတယ်။ အရင်တုန်းက ရှင် ငွေတွေ ယူလာလို့ ကျွန်မ ဝမ်းသာပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်း စိုးရိမ်နေခဲ့ရတယ်။
ရှင်က အိမ်ထောင်ဦးစီး၊ ကျွန်မတို့အိမ်က ရှင့်ကိုပဲ အားကိုးနေရတာ။ ရှင်သာ တစ်ခုခု ဖြစ်သွားရင် ကျွန်မတို့သားအမိ သုံးယောက် ဘယ်လို ဆက်အသက်ရှင်မလဲ" ဤသို့ပြောရင်း လင်းလောင်စစ်၏ ဇနီးသည် မျက်ရည်များပင် ဝဲလာသည်။
လင်းလောင်စစ်၏ နှလုံးသား တစ်ချက် တုန်လှုပ်သွားပြီး သူ့ဇနီးကို အမြန် ပွေ့ဖက်လိုက်သည်။
ဤခဏတွင် သူ့နှလုံးသားသည် လှိုက်လှဲမှုတို့ဖြင့် အပြည့်အဝ ပြည့်နှက်နေသည်။ သူ့ဇနီးသည် သူ့ကို အမှန်တကယ်ပင် နှလုံးသားထဲတွင် ထည့်ထားခဲ့သည်။
လင်းလောင်စစ်၏ဇနီးသည် မျက်ရည်သုတ်လိုက်ပြီး လင်းလောင်စစ်ကို တွန်းထုတ်လိုက်သည်။
"ကျွန်မက ရှင် ငွေအများကြီး ရှာနိုင်ဖို့ မျှော်လင့်မနေပါဘူး။ ကျွန်မတို့တွေ တည်တည်ငြိမ်ငြိမ်၊ ရိုးရိုးသားသား နေထိုင်သွားရင် ရပါပြီ။ ရှသ်တို့ လင်းမိသားစုကို လိုက်လာတာ ဒီလောက်ကြာပြီ။ ကျွန်မလည်း သဘောပေါက်လာပါပြီ။ အဖေနဲ့ အမေက သိပ်ကို ဘက်လိုက်တယ်။ ကျွန်မတို့ စတုတ္ထအိမ်ကို လုံးဝ အရေးမလုပ်ဘူး။ ကျွန်မတို့ အခု ဂရုမစိုက်တာ မှန်တယ်။ မဟုတ်ရင် အဆုံးအစမရှိ ဖြစ်နေပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။
အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ဘက်မှာလည်း အကြီးဆုံးယောင်းမနဲ့ ဒုတိယယောင်းမက အကျင့်သိပ်မကောင်းဘူး။ သူတို့ နှစ်အိမ်က ကျွန်မတို့ထက် လူပိုများတယ်။ အလုပ်လုပ်နိုင်တဲ့ လူငယ်အင်အား ပိုများတယ်။ ကျွန်မတို့က သူတို့ဆီက အခွင့်အရေး ယူမှာကို ကြောက်နေကြတာ။ ကျွန်မတို့လည်း မျက်နှာပြောင်တိုက်ပြီး လူမုန်းခံ သွားမလုပ်ဘူး"
လင်းလောင်စစ်သည် သူ့ဇနီး၏ သုံးသပ်ချက်ကို နားထောင်ရင်း အလွန်အမင်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ ဇနီးကို လက်ထပ်ယူစဉ်က ဇနီးကို ကောင်းမွန်သော အရာများ မပေးနိုင်ခဲ့ပေ။ ထို့နောက်တွင်လည်း သူမကို ကောင်းမွန်သော ဘဝတစ်ခု မပေးနိုင်ခဲ့သည့်အပြင် သူကြောင့် ဤသို့သော မိသားစု ပတ်ဝန်းကျင်ကို သည်းခံစေခဲ့သည်။
"ဒါပေမဲ့ သခင်မလေးလင်းကတော့..."
ဤသို့ပြောရင်း လင်းလောင်စစ်၏ ဇနီးသည် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်မ ထင်တာတော့ သူက တော်တော် ကောင်းပါတယ်။ အမေတို့ ပြောနေတာနဲ့ လုံးဝ မတူဘူး"
လင်းလောင်စစ် ကြောင်သွားသည်။
လင်းလောင်စစ်၏ဇနီးက သူမ၏ခင်င်ပွန်းကို ကြည့်လိုက်သည်။
"ရှင် စဉ်းစားကြည့်လေ၊ အခု သခင်မလေးလင်းက ဘယ်လို အဆင့်အတန်းလဲ။ ကြားရတာ 'ကျင့်ခွိုက်' ကိုတောင် နန်အန်းခရိုင်အထိ ဖွင့်ထားပြီတဲ့။ ပြီးတော့ ရူယီစားသောက်ဆိုင်နဲ့ ကျိုးကုန်သွယ်ရေးလုပ်ငန်းတို့နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတာ။ အရင် ကျောက်စိမ်းဆွဲပြား ကိစ္စတုန်းကသာ သူက အမေနဲ့ ရှင့်ကို တကယ် အရေးယူခဲ့မယ်ဆိုရင် အကျိုးဆက်က ဒီလောက် လွယ်လွယ်ကူကူ ဖြစ်မယ်လို့ ရှင်ထင်နေလား"
လင်းလောင်စစ်၏ ဇနီးက သူမခင်ပွန်းကို မျက်စောင်းထိုး ကြည့်လိုက်သည်။
"ကိစ္စကို တကယ် လိုက်စစ်ဆေးမယ်ဆိုရင် အမေ့ကို ထားလိုက်ဦး။ ရှင်တောင်မှ ထောင်ထဲ ရောက်သွားနိုင်တာကို ရှောင်လို့ ရမှာ မဟုတ်ဘူး"
လင်းလောင်စစ်၏ကိုယ်သည် တွန့်သွားပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဒါပေမဲ့ သူက အရေးမယူခဲ့ဘူး။ အမေ့ကိုတောင် ငွေအကုန် ပြန်မလျော်ခိုင်းဘူး။ ကျန်နေတဲ့ ငွေစ ၁၀၀ကိုပဲ ယူသွားခဲ့တာ။ ပြီးတော့ အရင်က လျိုမိသားစုနဲ့ လင်းမိသားစု ပြဿနာ အဲ့လောက်တောင် ဖြစ်ခဲ့တာ။ သခင်မလေးလင်းက တို့လင်းမိသားစုရဲ့ မုန်ညင်းဖြူကို လက်မခံဘူးလို့လည်း မပြောခဲ့ဘူး"
လင်းလောင်စစ်သည် ဤစကားကို ကြားသော် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။
ဟုတ်ပေသည်။ သခင်မလေးလင်း၏ လက်စားချေတတ်သော စရိုက်သဘာဝအရ အမှန်တကယ် စိတ်ပိုင်းဖြတ်လိုက်ပါက သူတို့ လင်းမိသားစု၏ မုန်ညင်းဖြူကို လက်မခံဘဲ နေနိုင်ပေသည်။
ယခု သာ့ရှီရွာသာမက အနီးပတ်ဝန်းကျင်မှ ရွာအချို့သည်လည်း လျိုမိသားစု အလုပ်ရုံအတွက် မုန်ညင်းဖြူ စိုက်ပျိုးနေကြသည်။
သူတို့ လင်းမိသားစု စိုက်ပျိုးထားသော ဤမုန်ညင်းဖြူများသည် လျိုမိသားစု အလုပ်ရုံအတွက် ဘာမျှ မပြောပလောက်ပေ။
သူမသာ ဆန္ဒရှိပါက သူတို့ လင်းမိသားစု၏ ဤစီးပွားရေးလမ်းကြောင်းကို အပြီးတိုင် ဖြတ်တောက်ပစ်နိုင်သည်။
ထို့ထက်မက ယခု ရွာသူရွာသားအားလုံး လျိုမိသားစုကို မှီခိုနေရသည့် အခြေအနေတွင် သူမသာ လင်းမိသားစုကို အခက်တွေ့စေမည်ဟု စကားတစ်ခွန်း ဆိုလိုက်ပါက လင်းမိသားစုသည် သာ့ရှီရွာတွင် ဆက်လက် နေထိုင်နိုင်တော့မည် မဟုတ်ပေ။
ဤကိစ္စများကို တွေးမိသော် လင်းလောင်စစ်၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားသည်။
သူ တွေးခဲ့တာတွေက မှားနေတာလား။ သခင်မလေးလင်းက လင်းမိသားစုအပေါ် တကယ်ပဲ ညှာတာပေးခဲ့တာလား။
လင်းလောင်စစ်၏ ဇနီးသည် သူမခင်ပွန်း၏ အမူအရာကို မြင်သော် သူ နားဝင်သွားပြီမှန်း သိလိုက်ပြီး မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
သူမက ဆက်ပြီး "ဒါကြောင့် ကျွန်မ လျိုမိသားစု အလုပ်ရုံမှာ အလုပ်သွားလျှောက်ကြည့်ချင်တယ်" ဟု ပြောလိုက်သည်။
"ကျွန်မက လင်းမိသားစုဝင်ဆိုပေမဲ့ လျိုမိသားစုက လင်းမိသားစုကနေ မခွဲထွက်ခင်တုန်းက ကျွန်မ ဒီကို ရောက်မလာသေးဘူး။ ပြောရရင် ကျွန်မနဲ့ လျိုမိသားစုကြားမှာ အငြိုးအတေး မရှိပါဘူး။ ကျွန်မ ထင်တာတော့ သခင်မလေးလင်းက ကျွန်မကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး..."
လင်းလောင်စစ်သည် သူ့ဇနီးကို စိုးရိမ်စွာ လှမ်းကြည့်လိုက်သည်။
သူ့ဇနီးသည် သုံးသပ်ချက်ကို ကြားပြီးနောက် စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ သို့သော် သူ၏ ဇနီးသည် သွားပါက အရှက်ခွဲခံရခြင်း သို့မဟုတ် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေမိသည်။
လင်းလောင်စစ်၏ ဇနီးက သူမခင်ပွန်းကို နှစ်သိမ့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"စိတ်ချပါ၊ သခင်မလေးလင်းက အဲ့လို လူစားမျိုး မဟုတ်ပါဘူး..." ဟု ပြောရင်း သူမခင်ပွန်း၏ လက်ကို ဆွဲကိုင်လိုက်သည်။
လင်းလောင်စစ်သည် ခေါင်းငုံ့ကာ သူ့လက်ကို ဆွဲထားသော ဇနီးဖြစ်သူကို ကြည့်ရင်း စိတ်ထဲတွင် ရုတ်တရက် ဝမ်းနည်းလာသည်။ သူက ဇနီးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်ဟု ခံစားလိုက်ရသည်။
လင်းလောင်စစ်၏ဇနီးက ဆက်ပြီးပြောလေသည်။ "လျိုမိသားစု အလုပ်ရုံထဲ ဝင်လို့ရသွားရင် အဲ့ဒီအခါကျ လယ်ထဲက မုန်ညင်းဖြူ အထွက်နှုန်းရယ်၊ ကျွန်မရဲ့ လုပ်ခလစာရယ် ပေါင်းလိုက်ရင် ကျွန်မတို့အိမ်ရဲ့ ဘဝက အနှေးနဲ့အမြန် ကောင်းမွန်လာမှာပါ"
ဤသို့ပြောရင်း လင်းလောင်စစ်၏ ဇနီးက သူမ၏ ကလေးနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"ရှင့်ဆီ မလိုက်လာခင်ကတည်းက ကျွန်မ ကတိပေးခဲ့ဖူးတယ်။ ရှင့်အတွက် ကလေးတစ်ယောက် မွေးပေးမယ်လို့။ ကျွန်မတို့လက်ထဲမှာ စုမိဆောင်းမိလေး နည်းနည်း ရှိထားမှ အဲ့ဒီအခါကျ ကလေးမွေးလာရင်တောင် မျှော်လင့်ချက် ရှိမှာ မဟုတ်လား"
လင်းလောင်စစ်တစ်ယောက် ဒီစကားကို ဘယ်လိုများဆန်နိုင်ပါတော့မလဲ။
သူသည် အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်များပင် စို့တက်လာသည်။
ဒါဟာသူ့ဇနီးသည်ပင်။ အစပိုင်းတွင် အဖေနှင့် အမေက လက်ထပ်ယူရန် ကန့်ကွက်ခဲ့သော်လည်း သူက အခိုင်အမာ တောင်းဆိုခဲ့သော ဇနီးသည် ဖြစ်သည်။ အခိုင်အမာ ရပ်တည်ခဲ့သောကြောင့်သာ သူသည် ယခုကဲ့သို့ ပျော်ရွှင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူမ၏ခင်ပွန်း သဘောတူသည်ကို မြင်သော် လင်းလောင်စစ်၏ ဇနီးမျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆို ကျွန်မ အရင်ဆုံး မုန်ညင်းဖြူ တစ်တောင်းလောက်ကို လျိုမိသားစု အလုပ်ရုံကို သွားပို့လိုက်ဦးမယ်။ ရောင်းပြီးသွားရင် အခြေအနေကို တစ်ခါတည်း မေးကြည့်လိုက်မယ်" ဟု ချက်ချင်း ပြောလိုက်သည်။
"အင်း"
မျက်နှာထက်တွင် တုံ့ဆိုင်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် လင်းလောင်စစ်က "မင်း... အတင်းကြီး ကြိုးစားစရာ မလိုပါဘူး။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်ပါ။ နောက်ပိုင်း ငါ လယ်မြေကို ကြည့်ရင်းနဲ့ မြို့ပေါ်မှာ အလုပ်ကြမ်းတွေ သွားလုပ်ရင်လည်း ဖြစ်ပါတယ်"
"အင်း။ ကျွန်မ သိပါတယ်"
လင်းလောင်စစ်နှင့် ခဏမျှ စကားပြောပြီးနောက် လင်မယားနှစ်ယောက်အတူတူ အိမ်မှ ထွက်လာခဲ့ကြသည်။
လင်းလောင်စစ်သည် တောင်းများကို ထမ်း၍ လယ်ထဲသို့ သွားပြီး လင်းလောင်စစ်၏ ဇနီးမှာမူ မုန်ညင်းဖြူ အပြည့်ပါသော ကျောပိုးတောင်းတစ်လုံးကို ပိုး၍ လျိုမိသားစု အလုပ်ရုံဆီသို့ သွားလေသည်။
အချိန်သည် နေဝင်ချိန် နီးကပ်နေပြီ ဖြစ်သည်။ လင်းလောင်စစ်၏ ဇနီးသည် ချွေးသုတ်ရင်း လျိုမိသားစု အလုပ်ရုံဆီသို့ အမြန်သွားနေသည်။ စိတ်ထဲတွင်မူ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုတို့ ရောထွေးနေသည်။
နောက်ဆုံးတွင် မကြာမီပင် အလုပ်ရုံထဲမှ မုန်ညင်းဖြူ လက်ခံသည့် နေရာသို့ ရောက်ရှိသွားသည်။
ဤအချိန်တွင် သူမအပြင် မုန်ညင်းဖြူ လာပို့သော အခြားရွာသား အနည်းငယ်လည်း တန်းစီနေကြသည်။
ဘေးတွင် အလေးချိန် ချိန်တွယ်ရန်နှင့် ငွေရှင်းရန် တာဝန်ယူထားသော သီးသန့်လူ ရှိနေသည်။
လင်းလောင်စစ်၏ ဇနီးသည် ကြာကြာ မစောင့်လိုက်ရဘဲ သူမ၏ အလှည့်သို့ ရောက်လာသည်။
***