လင်းလောင်စစ်၏ဇနီး အလုပ်ရုံထဲသို့ ဝင်ခြင်း
Vol. 17 Ch. 365
"ပြီးတော့လေ၊ အလုပ်ရုံမှာ အလုပ်လုပ်ရင် မာလာတုတ်ထိုးဝယ်တာ လျှော့ဈေးရသေးတယ်။ နောက်ပိုင်း ကျွန်မတို့အိမ် အခြေအနေ ကောင်းလာရင် အကြိမ်များများ စားလည်း ကိစ္စမရှိဘူး"
ကလေးနှစ်ယောက်သည် ဤစကားကို ကြားသော် မျက်လုံးများ အရောင်တောက်လာကြ၏။ အာ့နျိုမှာမူ "အိုး... အိုး... အိုး..." ဟုပင် ဝမ်းမြောက်စွာ အော်ဟစ်လိုက်လေသည်။
ခြံဝန်းငယ်လေးထဲတွင် ရယ်မောသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာစေသည်။
"ကောင်းတယ်၊ မင်းက တကယ်... တကယ် ငါ့ရဲ့ ကျေးဇူးရှင်ပဲ" လင်းလောင်စစ်သည် ရုတ်တရက် သူ့ဇနီးသည်၏ လက်ကို ဆွဲကိုင်လိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်များပင် ဝဲလာသည်။
လင်းလောင်စစ်၏ဇနီးမှာ လန့်သွားသည်။
"ဘာစကားတွေ ပြောနေတာလဲ။ ရှင်ကမှ ကျွန်မတို့သားအမိ သုံးယောက်ရဲ့ ကျေးဇူးရှင်ပါ"
ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ရှင်သာ မရှိရင်၊ ကျွန်မတို့သားအမိ သုံးယောက်က ဆောင်းတွင်းကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး" ဤသို့ပြောရင်း လင်းလောင်စစ်၏ ဇနီးသည် မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝေ့သီလာသည်။
အစပိုင်းတွင် သူမ လင်းလောင်စစ်ကို လက်ထပ်ရန် သဘောတူခဲ့ခြင်းမှာ သူက သူမအား ကလေးနှစ်ယောက်ကို တစ်ပါတည်း ခေါ်ဆောင်လာခြင်းအပေါ် ကန့်ကွက်ခြင်း မရှိသောကြောင့် ဖြစ်၏။ သူမ၏ အသက်မှာ မငယ်တော့ပေ။ လင်းလောင်စစ်ထက်ပင် သုံးနှစ် ပိုကြီးသေးသည်။ သူမကို လိုချင်သော ယောက်ျားများ မရှိသည် မဟုတ်သော်လည်း ကလေးနှစ်ယောက်ကိုပါ ခေါ်ဆောင်လာရန် သဘောတူသူ တစ်ယောက်မျှ မရှိခဲ့ပေ။
ထိုစဉ်က အမှန်ပင် ဘဝက ဆက်လက် ရပ်တည်ရန် ခက်ခဲလွန်း၍သာ မဟုတ်ပါက သူမသည် သာ့ရှီရွာသို့ လာရန်ပင် စဉ်းစားမိမည် မဟုတ်ပေ။
ယခု ပြန်တွေးကြည့်လျှင် သူမသည် ထိုစဉ်က သူမ၏ ရွေးချယ်မှုအတွက် အမှန်တကယ် ကံကောင်းသည်ဟု ခံစားမိ၏။ ကလေးနှစ်ယောက်အတွက် ဖခင်ကောင်းတစ်ယောက် ရှာတွေ့ခဲ့သည့်အပြင် မိမိကိုယ်တိုင်အတွက်လည်း အေးအတူပူအမျှ သိတတ်နားလည်သော ယောက်ျားကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့သည်။
"ဒါတွေ မပြောတော့ပါဘူး။ မင်းတို့ သားအမိ သုံးယောက်ကို စောင့်ရှောက်ရမှာ ငါ့တာဝန်ပဲ။ နောက်ဆို ငါတို့မိသားစု လေးယောက် ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းကြမယ်" လင်းလောင်စစ်က လေးနက်စွာ ပြောလိုက်သည်။
စိတ်နှလုံးသည် ဤမျှလောက် တည်ငြိမ်အေးချမ်းသွားသည်ဟု ဘယ်သောအခါကမျှ မခံစားခဲ့ရဖူးပေ။
"အင်း"
....
တစ်ချိန်တည်းမှာပင် လျိုအိမ်တော်၌ လင်းရှောင်ယွဲ့သည် ကျိုးရှီထံမှ လင်းလောင်စစ်၏ ဇနီးသည် အကြောင်းကို ကြားသိပြီး ဖြစ်သည်။
"ခန့်လိုက်ပြီဆိုလည်း ခန့်လိုက်ပေါ့။ အလုပ်ကိုသာ သေသေချာချာ လုပ်မယ်။ ဘာပြဿနာမှ မရှာဘူးဆိုရင် သာမန်အလုပ်သမားတစ်ယောက်လိုပဲ ဆက်ဆံလိုက်ရင် ရပြီ" လင်းရှောင်ယွဲ့က ပြုံးရင်း ဆိုသည်။
သူမသည် လင်းလောင်စစ်၏ဇနီး ပြီးခဲ့တစ်ခေါက်က ရှေ့တိုးနောက်ဆုတ် သိတတ်ပြီး အခြေအနေကို နားလည်သည့် အပြုအမူအပေါ် အမှန်တကယ် ကျေနပ်မိ၏။ လင်းမိသားစုတွင် ဤသို့ နားလည်မှုရှိသူ ရှားပါးလှသည်။
လင်းလောင်စစ်မှာလည်း လီရှောင်၏ သင်ခန်းစာပေးခြင်း ခံရပြီး တောင်ထဲသို့ ပစ်ချကာ ခြောက်လှန့်ခံရပြီးနောက် များစွာ ပြောင်းလဲသွားခဲ့သည်။
လင်းမိသားစု၏ အခြားအိမ်ထောင်စုခွဲများနှင့် နှိုင်းယှဉ်ပါက စတုတ္ထအိမ်အပေါ်တွင် သူမသည် ထိုမျှ စိတ်ပျက်ရွံရှာခြင်း မရှိပေ။
"မင်းဘက်က ကန့်ကွက်တာ မရှိရင် ရပါပြီ။ ငါ ကြည့်ရတာ အဲ့ဒီအမျိုးသမီးက တော်တော် ရိုးသားပုံပဲ။ အလုပ်ကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်မယ့်လူ ဖြစ်လောက်တယ်" ကျိုးရှီက ပြန်ဖြေသည်။
လင်းရှောင်ယွဲ့သည် ကျိုးရှီကို တစ်ချက် ကြည့်လိုက်သည်။
"အစ်မက သူ့အပေါ် အထင်အမြင် တော်တော်ကောင်းနေတာပဲ။"
"ဟုတ်တယ်" ကျိုးရှီက ပြုံးရင်း ဝန်ခံသည်။ "တကယ်ကို မဆိုးဘူး။ အလုပ်ရုံကို စီမံခန့်ခွဲလာတာ ဒီလောက်ကြာပြီ။ လူပေါင်းစုံနဲ့ တွေ့ဖူးတယ်။ အခုဆို ငါက ဒီလို ရိုးသားဖြူစင်ပြီး တည်ငြိမ်ရိုးသားတဲ့ လူမျိုးကိုပဲ သဘောကျတော့တယ်"
လင်းရှောင်ယွဲ့သည် ရယ်မောမိသွားသည်။
"ရပါတယ်၊ မမကျိုး သဘောကျရင် ပြီးတာပါပဲ..."
ဤသို့ဖြင့် လင်းလောင်စစ်၏ ဇနီးသည် လျိုမိသားစု အလုပ်ရုံသို့ ချောမွေ့စွာ ဝင်ရောက်သွားပြီး ဒုတိယနေ့တွင် အလုပ် စတင်ဆင်းလေသည်။
လျိုမိသားစု အလုပ်ရုံတွင် အလုပ်လုပ်သူ အများစုမှာ သာ့ရှီရွာမှ လူများ ဖြစ်သောကြောင့် လင်းလောင်စစ်၏ ဇနီး ပေါ်လာခြင်းသည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ခံလိုက်ရသည်။ သူမသည် ကျိုးရှီ၏ခန့်အပ်မှုဖြင့် အလုပ်ရုံထဲသို့ ဝင်လာခဲ့မှန်း သိလိုက်ရသောအခါ လူတိုင်းက သူမကို အခက်တွေ့အောင် မလုပ်ဝံ့ကြပေ။
သို့သော် လူအများအပြားက သူမ အလုပ်ရုံထဲသို့ ဝင်ရောက်နိုင်ခြင်းအပေါ် အလွန် စိတ်ဝင်စားနေကြသည်။
သူမနှင့်အတူ ဟင်းသီးဟင်းရွက် ဆေးကြောသော အလုပ်သမားများက သူမအား အကြောင်းရင်းကို စပ်စုကြလေသည်။
လင်းလောင်စစ်၏ ဇနီးသည်လည်း ဖုံးကွယ်မထားဘဲ အခြေအနေကို အမှန်အတိုင်း လူအများကို ပြောပြလိုက်သည်။ ထို့အပြင် သခင်မလေးလင်းအပေါ် လေးစားမှုနှင့် သူမသည် လင်းမိသားစုဝင် ဖြစ်သည်ကို ထည့်မတွက်သည့်အတွက် ကျေးဇူးတင်ကြောင်းကိုပါ ထုတ်ဖော် ပြောကြားခဲ့သည်။
လူအများ ကြားပြီးသော် လင်းလောင်စစ်၏ ဇနီးအပေါ် အထင်အမြင် ကောင်းမွန်သွားသည်။ ဒီအမျိုးသမီးသည် စိတ်နေစိတ်ထား ကောင်းမွန်ပြီး အလုပ်လုပ်ရာတွင် တည်ငြိမ် ကြိုးစားကာ လင်းမိသားစုမှ အခြားသူများနှင့် မတူညီပေ။
ကျိုးရှီဘက်တွင်လည်း လင်းလောင်စစ်ဇနီးသည်၏ အပြုအမူ အခြေအနေကို လျင်မြန်စွာ ရရှိခဲ့သည်။ လင်းလောင်စစ်၏ဇနီးသည် ကောင်းမွန်စွာ ပြုမူနေပြီး လင်းရှောင်ယွဲ့နှင့် မိမိအပေါ် အလွန် ကျေးဇူးတင်နေသည်ကို ကြားသိရသော် ကျိုးရှီသည် စိတ်ထဲတွင် ကျေနပ်သွားသည်။
ဤသို့ဖြင့် လင်းလောင်စစ်၏ ဇနီးသည် လျိုမိသားစု အလုပ်ရုံတွင် ချောမွေ့စွာ ဆက်လက် ရှိနေနိုင်ခဲ့သည်။
ထိုညတွင် သူမသည် ငွေကောင်းကောင်းသုံး၍ မာလာတုတ်ထိုး အများအပြားကို ဝယ်ယူသွားပြီး မိသားစုတစ်စုလုံး စည်စည်ကားကားဖြင့် အစားကောင်း တစ်နပ် စားသုံးခဲ့ကြသည်။
လင်းမိသားစု စတုတ္ထအိမ်သည် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။
.......
မကြာမီပင် လင်းလောင်စစ်၏ ဇနီးသည် လျိုမိသားစု အလုပ်ရုံသို့ အလုပ်သွားလုပ်သည့် သတင်းသည် လင်းမိသားစုမှ အခြားသူများ၏ နားထဲသို့ ရောက်ရှိသွားသည်။
တစ်နေ့တွင် အကြီးဆုံးလင်း၏ ဇနီး ကျန့်ရှီနှင့် လင်းလောင်အာ့၏ ဇနီး တန့်ရှီတို့သည် သားနှစ်ယောက်စီ အသီးသီး ခေါ်ဆောင်ကာ လင်းလောင်စစ်၏ အိမ်သို့ အတူတကွ ရောက်ရှိလာကြသည်။
ဤအချိန်သည် ထမင်းစားချိန် ဖြစ်ပြီး လင်းလောင်စစ်၏ မိသားစုသည် ထမင်းစားနေကြသည်။
ထိုအထဲတွင် လင်းလောင်စစ်၏ ဇနီးသည်မှာ အမြန်ဆုံး စားသုံးနေ၏။ အဘယ်ကြောင့်ဆိုသော် ထမင်းစားပြီးလျှင် သူမသည် လျိုမိသားစု အလုပ်ရုံသို့ အချိန်ပို သွားဆင်းရဦးမည် ဖြစ်သည်။
ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ငါ သွားကြည့်လိုက်မယ်" လင်းလောင်စစ်သည် သူ၏ ဇနီးနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ခွန်း ပြောလိုက်သည်။
သူသည် ထရပ်လိုက်ပြီး တံခါးဝသို့ သွား၍ တံခါးဖွင့်လိုက်သည်။
တံခါးဝတွင် ရပ်နေသူများမှာ သူ့ မရီးနှစ်ယောက်နှင့် တူ လေးယောက် ဖြစ်နေပြီး မရီးနှစ်ယောက်၏ လက်ထဲတွင် ပစ္စည်းများ ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသော် လင်းလောင်စစ်သည် အနည်းငယ် အံ့အားသင့်သွားသည်။
သူ စကားမေးရန် အချိန်မရသေးမီတွင် ကျန့်ရှီသည် အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြီး ဖြစ်သည်။
"အိုး၊ မင်းတို့ ညစာ စားနေတုန်းကိုး။ ငါ့အိမ်မှာ ဒီနေ့ ဟင်းပို ချက်ထားလို့ မင်းတို့ကို တစ်ပန်းကန် လာပို့တာ" ဤသို့ပြောရင်း ကျန့်ရှီသည် လင်းလောင်စစ်ကို ပတ်ရှောင်ကာ အိမ်ထဲသို့ တိုက်ရိုက် ဝင်သွားသည်။
"ငါလည်း မင်းတို့အတွက် ဟင်းနည်းနည်း ယူလာခဲ့တယ်။ အခု ဟင်းစားခင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ အများကြီး ထွက်နေတာ။ ငါတို့အိမ်လည်း စားမကုန်လို့" တန့်ရှီက လိုက်ပြောရင်း အလျင်အမြန် နောက်မှ လိုက်ပါသွားသည်။
လင်းလောင်စစ်သည် သတိပြန်ဝင်လာချိန်တွင် သူ့ တူ လေးယောက်သည်လည်း အိမ်ထဲသို့ လိုက်ဝင်သွားကြသည်ကို တွေ့လိုက်ရသည်။
ဤအချိန်တွင် သူ တားဆီးလိုလျှင်လည်း နောက်ကျသွားပြီ ဖြစ်သည်။ စိတ်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း ခေါင်းမာစွာဖြင့် အိမ်ထဲသို့ ဧည့်သည်များကို ဧည့်ခံရန် ဝင်လာခဲ့ရသည်။
လင်းလောင်စစ်၏ ဇနီးသည် သူမခင်ပွန်းကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် ခက်ခဲသွားသည်။
အကြီးဆုံးယောင်းမနှင့် ဒုတိယယောင်းမတို့သည် သူတို့ စတုတ္ထအိမ်အပေါ် အမြဲတစေ ကပ်စေးနဲခဲ့ကြသည်။ ယခုတစ်ကြိမ် အိမ်တိုင်ရာရောက် ပစ္စည်းများ လာပို့သည်ဆိုလျှင် ယခုတစ်ကြိမ် လာရောက်ခြင်း၏ ရည်ရွယ်ချက်မှာ မရိုးရှင်းနိုင်ပေ။
"ယောင်းမကြီး၊ ယောင်းမလတ်၊ လာရင် လာတယ်ပေါ့။ ပစ္စည်းတွေ ယူလာသေးတယ်။ ရှင်တို့ စားပြီးကြပြီလား။ ထိုင်ပါဦး၊ ရှိတာလေးနဲ့ အတူတူ စားကြတာပေါ့" လင်းလောင်စစ်၏ ဇနီးက ပြုံးရွှင်သော မျက်နှာဖြင့် နှစ်ယောက်သားကို ပြောလိုက်သည်။
ဤသို့ပြောရင်း ထရပ်၍ ဧည့်ခံမည့် အမူအရာ ပြုလုပ်လိုက်သေးသည်။
"မလိုပါဘူး ညီမလေး၊ မင်း ထိုင်နေပါ။ ငါတို့တွေ စားပြီးကြပြီ" ကျန့်ရှီက အလျင်အမြန် ဆိုသည်။
ပြီးနောက် လက်ထဲမှ အသားပါသော ဟင်းပန်းကန်တစ်လုံးကို စားပွဲပေါ်သို့ တင်လိုက်သည်။
"ငါတို့အိမ်က မုန်ညင်းဖြူတွေ ရိတ်လို့ ကုန်တော့မယ်။ ငွေနည်းနည်းပါးပါးတော့ ရှာနိုင်ခဲ့တယ်။ ဒီနေ့ အိမ်မှာ အသားနည်းနည်း လှီးလိုက်တယ်လေ။ မင်းတို့ အိမ်မှာ ရှိနေမယ် ထင်လို့ မင်းတို့အတွက် နည်းနည်း လာပို့တာ" ကျန့်ရှီသည် ဤသို့ပြောရင်း သာ့နျို၏ ခေါင်းကို လက်လှမ်း၍ ပွတ်သပ်လိုက်သည်။
"သာ့နျိုနဲ့ အာ့နျိုက ကြီးထွားနေတဲ့ အရွယ်ပဲ။ အစားအသောက်ကို အရမ်း ချို့တဲ့အောင် ထားလို့ မဖြစ်ဘူး" ဟု ချစ်ခင်ကြင်နာစွာ ပြောလိုက်သည်။
သာ့နျို၏ ကိုယ်သည် အမှတ်မထင် တွန့်သွားသော်လည်း ကျန့်ရှီ၏ လက်ကို ဖယ်ရှားရန် မဝံ့ရဲခဲ့ပေ။
သို့သော် ကလေးငယ်၏ မျက်နှာထက်မှ အမူအရာသည် ရှက်ရွံ့ခြင်း မဟုတ်ဘဲ ကြောက်ရွံ့ခြင်း ဖြစ်နေသည်။
အဒေါ်ကြီးနှင့် အဒေါ်လတ်တို့သည် ယခင်က သူနှင့် ညီလေးအပေါ် မကောင်းခဲ့ကြပေ။
သူတို့ကို လက်ဖြင့် မရွယ်ခဲ့သော်လည်း တွေ့တိုင်း ကြည့်လိုက်သော မျက်လုံးများမှာ ရွံရှာမုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသည်။
ထို့ထက်မက ယခင်က အဒေါ်ကြီးသည် သူ့အစ်ကိုဝမ်းကွဲ (ကျန့်ရှီ၏သား) နှင့် စကားပြောရင်း သူနှင့် ညီလေးကို 'ဝန်ထုတ်ဝန်ပိုး' ဟု ဆဲဆိုသည်ကို သူ ကြားခဲ့ဖူးသည်။ ထို့အပြင် သူ့အဖေ (လင်းလောင်စစ်) ကို 'ငတုံး' ဟု ဆိုကာ သူ့အမေအား သူတို့ကို ခေါ်ဆောင်၍ လက်ထပ်ခွင့် ပြုခဲ့သည်ဟုပင် ဆိုခဲ့သေးသည်။
လင်းလောင်စစ်၏ ဇနီးသည် သူမသားကြီး၏ အခြေအနေကို သတိပြုမိလိုက်ရာ စိတ်ထဲတွင် အနည်းငယ် နာကျင်သွားသည်။
သူမသည် ရှေ့သို့ တိုးလာပြီး ကျန့်ရှီ၏လက်ကို ဆွဲကိုင်ကာ ဘေးသို့ ခေါ်ဆောင်သွားပြီး သူမအား အတူတကွ ထမင်းစားရန် အတင်း ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်သည်။
ကျန့်ရှီသည် ငြင်းဆန်လိုက်သော်လည်း သာ့နျို၏အနားမှ ထွက်ခွာသွားသည်။
သာ့နျိုသည် ချက်ချင်း သက်ပြင်းချလိုက်သည်။
တန့်ရှီသည်လည်း ရှေ့သို့ တိုးလာပြီး သူမ၏ ကလေးနှစ်ယောက်ကို ဂရုစိုက်မည့် အမူအရာ ပြုသည်ကို မြင်သော် လင်းလောင်စစ်၏ ဇနီးသည် တန့်ရှီကိုလည်း အလျင်အမြန် ထိုင်စေသည်။
တန့်ရှီသည်လည်း ငြင်းဆန်လိုက်ပေမယ့် နောက်ဆုံးတွင် ကျန့်ရှီနှင့်အတူ မလှမ်းမကမ်းတွင် သွားထိုင်လိုက်သည်။
လင်းလောင်စစ်၏ ဇနီးသည်နှင့် ခဏမျှ ယဉ်ကျေးဖော်ရွေစွာ စကားဆိုပြီးနောက် တန့်ရှီက "ညီမလေးတို့ အရင် ထမင်းစားလိုက်ကြဦး။ စားပြီးမှ ငါတို့တွေ စကားဆက်ပြောကြတာပေါ့"
ဤသို့ပြောပြီး ကျန့်ရှီကို လှမ်းကြည့်လိုက်သည်။ ကျန့်ရှီသည်လည်း လင်းလောင်စစ်၏ ဇနီးကို ခေါင်းညိတ်ပြသည်။
လင်းလောင်စစ်၏ ဇနီးသည် မျက်နှာ အနည်းငယ် တောင့်တင်းသွားပြီးနောက် အားနာဟန်ဖြင့် ပြုံးလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲ။ ယောင်းမကြီးနဲ့ ယောင်းမလတ်တို့ တိုက်ရိုက်ပဲ ပြောကြပါတော့။ ကျွန်မ... ထမင်းစားပြီးရင် အပြင်သွားရဦးမှာမို့လို့"
ကျန့်ရှီနှင့် တန့်ရှီတို့ ကြောင်သွားကြသည်။
"ဒီလောက် ညဉ့်နက်နေတာတောင် အပြင်ထွက်ရဦးမှာလား။ ဘယ်သွားမလို့လဲ" ကျန့်ရှီက စိုးရိမ်တကြီး မေးလိုက်သည်။
ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လင်းလောင်စစ်၏ ဇနီးကို ကြည့်သော မျက်ဝန်းထဲတွင် အားကျမှု အရိပ်အယောင်များ ပါဝင်လာသည်။
"အာ... ဘယ်သွားစရာ ရှိရမှာလဲ။ လင်းလောင်စစ်ရဲ့ မိန်းမက အခု လျိုမိသားစု အလုပ်ရုံမှာ အလုပ်လုပ်နေတာလေ။ ဒီတစ်လော အလုပ်ရုံမှာ အလုပ်တွေ များတယ်လို့ ကြားတယ်။ အလုပ် ကောင်းကောင်း လုပ်နိုင်တဲ့ တချို့လူတွေဆို ညဘက် အချိန်ပိုတောင် ဆင်းရသေးတယ်" တန့်ရှီက ဤသို့ပြောရင်း ကျန့်ရှီကို ပုတ်လိုက်သည်။
စကားပြောနေစဉ်တွင် လင်းလောင်စစ်၏ ဇနီးကို အားကျသော မျက်လုံးများဖြင့် ကြည့်ရန်လည်း မမေ့ပေ။
လင်းလောင်စစ်၏ ဇနီးသည် မျက်နှာသည် အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားပြီး ပြန်မဖြေခဲ့ပေ။ သူမသည် စားပွဲဆီသို့ လှည့်ပြန်သွားပြီး ထမင်း ဆက်စားရန် ပြင်လိုက်သည်။
ယောင်းမကြီးနှင့် ယောင်းမလတ်တို့ သူတို့ စတုတ္ထအိမ်သို့ လာရောက်ခြင်းမှာ မည်သည့်ကိစ္စအတွက် ဖြစ်သည်ကို သူမ ခန့်မှန်းမိသွားဟန် တူသည်။
ကျန့်ရှီနှင့် တန့်ရှီတို့သည် လင်းလောင်စစ်၏ ဇနီးက ပြန်မဖြေသည်ကို မြင်သော် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပြီးနောက် တန့်ရှီက စကားထပ်မံ စလိုက်သည်။
"အားယာ(လင်းရှောင်ယွဲ့)က တကယ် အရည်အချင်း ရှိတာပဲ။ အိမ်တော် ဆောက်နိုင်ရုံတင် မကဘူး။ စားသောက်ဆိုင် ဖွင့်နိုင်တယ်။ အခု ဒီလောက်ကြီးတဲ့ အလုပ်ရုံကိုတောင် လုပ်နိုင်သေးတယ်"
ကျန့်ရှီသည် တန့်ရှီကို တစ်ချက် ကြည့်လိုက်ပြီး အလျင်အမြန် စကားစလိုက်သည်။
"ဟုတ်ပါ့၊ အရင်တုန်းက အဖေနဲ့ အမေက အငယ်ဆုံးနဲ့ လန်ဟွာကိုပဲ အရေးပေးပြီး သူတို့က အတော်ဆုံးလို့ ထင်ခဲ့ကြတာ။ ဘယ်သူက သိမှာလဲ...
ငါတို့လင်းမိသားစုမှာ အအောင်မြင်ဆုံး လူက အားယာ ဖြစ်နေလိမ့်မယ်လို့" ဤစကားကို ပြောချိန်တွင် ကျန့်ရှီသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
အမှန်ပင် စိတ်မကောင်း ဖြစ်မိသည်။
အဖေနှင့် အမေ သာမက ထိုစဉ်က သူတို့ အိမ်ထောင်စုခွဲ အားလုံး၏ အတွေးများသည် အမှန်တကယ်တွင် အတူတူပင် ဖြစ်သည်။
နောက်ဆုံးတွင် အငယ်ဆုံးက ဒုက္ခိတ ဖြစ်သွားပြီး လန်ဟွာက သေဆုံးသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထို လင်းမိသားစု၏ အထင်ကြီးမခံရဆုံး အရူးမလေးက ဤမျှလောက် အောင်မြင်မှုကြီး ရရှိသွားလိမ့်မည်ဟုလည်း ဘယ်သူကထင်ထားမှာလဲ။
ယနေ့ ဤသို့သော အခြေအနေ ဖြစ်လာမည်မှန်းသာ ကြိုသိခဲ့လျှင် သူတို့လည်း...
လင်းလောင်စစ်၏ ဇနီးသည် ထမင်းစားရင်း မျက်မှောင်များ ကြုတ်သွားသည်။
'အားယာ' ဟုတ်လား။ သခင်မလေးလင်းက လင်းမိသားစုကနေ ခွဲထွက်သွားတာတောင် ဒီလို ခေါ်နေတုန်းလား'
"အရင်တုန်းကလေ၊ ပြောရမယ်ဆိုရင် တကယ်တော့ ငါတို့လင်းမိသားစုက သူတို့ တတိယအိမ်ထောင်စုကို အနိုင်ကျင့်ခဲ့တာပါ" ရုတ်တရက် ကျန့်ရှီက စိတ်မကောင်းစွာ ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ဒီတုန်းက... ဟင်း.. ဒီကိစ္စက ပြောရရင် အငယ်ဆုံးနဲ့ လန်ဟွာရဲ့ အမှားပဲ။ အဲ့ဒီတုန်းကသာ သူတို့... " ဤနေရာသို့ ရောက်သော် ကျန့်ရှီ၏ မျက်နှာထက်တွင် ဒေါသတကြီး မုန်းတီးမှု အရိပ်အယောင်များ ပါဝင်လာသည်။
"ဟုတ်တယ်၊ အငယ်ဆုံးနဲ့ လန်ဟွာ အဲ့ဒီ စိတ်ပုပ် စိတ်ယုတ်မာ နှစ်ယောက်၊ တစ်ကိုယ်ကောင်းဆန်ပြီး လင်းမိသားစုကို ဒုက္ခပေးခဲ့တာ။ အခုတော့ ဝဋ်လည်တာပဲ၊ တစ်ယောက်က ဒုက္ခိတ ဖြစ်သွားပြီး တစ်ယောက်က သေသွားပြီ"
တန့်ရှီသည် ကျန့်ရှီကို တစ်ချက် ကြည့်လိုက်သည်။
"ထားလိုက်ပါတော့၊ သူတို့လည်း ဝဋ်လည်သင့်သလောက် လည်သွားပါပြီ။ အတိတ်က ကိစ္စ... ဟင်း.. ထပ်မပြောတော့တာပဲ ကောင်းပါတယ်။ ငါတို့တွေက ရှေ့ကို ကြည့်ရမယ်"
ဤသို့ပြောရင်း တန့်ရှီသည် လင်းလောင်စစ်၏ ဇနီးကို ထပ်မံ ကြည့်လိုက်သည်။
"အခု အငယ်ဆုံးနဲ့ လန်ဟွာလည်း ဝဋ်လည်ကုန်ကြပြီ။ ဘယ်လောက်ကြီးတဲ့ အငြိုးအတေး ဖြစ်ဖြစ် ပြေပျောက်သင့်ပြီပေါ့။ အားလုံးက လင်းမိသားစုဝင်တွေပဲ။ ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးက အတူတူပဲ"
"လင်းလောင်စစ်ရဲ့ ဇနီးရယ်၊ အမှန်အတိုင်း ပြောရရင် ဒီတစ်ခေါက် ငါနဲ့ မင်းရဲ့ ယောင်းမကြီး လာတာက မင်းကို အကူအညီ လာတောင်းတာ"
တစ်ခဏချင်းတွင် လူအားလုံး၏ အကြည့်တို့သည် လင်းလောင်စစ်၏ ဇနီးသည်ထံသို့ ရောက်ရှိသွားသည်။
လင်းလောင်စစ်၏ ဇနီးသည် တောင့်တင်းသွားသည်။ ပြီးနောက် အလွန် ဆန္ဒမရှိစွာဖြင့် လှည့်ကြည့်ကာ တန့်ရှီကို ကြည့်လိုက်သည်။
"ကျွန်မ... ကျွန်မက အပြင်က ဝင်လာတဲ့ ချွေးမတစ်ယောက်ပါ။ ယောင်းမတို့ကို ဘာအကူအညီ ပေးနိုင်မှာမို့လို့လဲ" ဟု အလွန် ခက်ခဲစွာ ပြုံးရင်း ဆိုသည်။
'ထင်တဲ့အတိုင်း သခင်မလေးလင်းရဲ့ကိစ္စကြောင့် ရောက်လာကြတာပဲ...'
ကျန့်ရှီနှင့် တန့်ရှီတို့သည် လင်းလောင်စစ်ဇနီး၏ တုံ့ပြန်မှုကို မြင်သော် မျက်နှာထက်တွင် ခဏမျှ မကျေနပ်မှု ဖြတ်ပြေးသွားပြီးနောက် မကျေနပ်သော စိတ်ခံစားချက်များကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ကြသည်။
"မင်း လုပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကလေ၊ အခု မင်းတစ်ယောက်ပဲ ကူညီနိုင်တော့မယ် ထင်တယ်" တန့်ရှီက ဆိုသည်။
လင်းလောင်စစ်၏ ဇနီးသည် မျက်နှာ တောင့်တင်းသွားသည်ကို မြင်သော် တန့်ရှီက သူမ၏ လေသံကို အနည်းငယ် ပျော့ပြောင်းလိုက်သည်။
"ငါတို့လင်းမိသားစုနဲ့ အားယာက အခု ဘယ်လို ဆက်ဆံရေးလဲဆိုတာ မင်းလည်း သိပါတယ်။ အားယာက အငယ်ဆုံးနဲ့ လန်ဟွာကို အငြိုးထားတယ်။ါ တို့အဖေနဲ့ အမေကိုလည်း အငြိုးထားတယ်။ တစ်ဆက်တည်း ငါတို့အိမ်ထောင်စုခွဲတွေကိုလည်း အငြိုးထားနေတာ။
ငါတို့တွေက အားယာနဲ့ ကြားက အငြိုးအတေးတွေကို ဖြေရှင်းချင်ရင်တောင် အခွင့်အရေး မရှိဘူး။
အခု လျိုမိသားစု အလုပ်ရုံကို မုန်ညင်းဖြူ သွားရောင်းတာကလွဲလို့ ပုံမှန်ဆို ငါတို့တွေက လျိုအိမ်တော်နား နည်းနည်း ကပ်သွားတာနဲ့ လျိုအိမ်တော်က လူတွေက မောင်းထုတ်တာ ခံရတယ်" ဤသို့ပြောရင်း တန့်ရှီ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဤအချိန်တွင် လင်းလောင်စစ်၏ ဇနီးသည် စိတ်ထဲတွင် တွေးနေသည်မှာမူ 'ရှင်တို့ ဒါ ခံရတာ ထိုက်တန်တာပဲ မဟုတ်လား' ဟူ၍ ဖြစ်သည်။
သခင်မလေးလင်း ယခင်က လင်းမိသားစုတွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည်မှာ လင်းလောင်ဝူနှင့် လင်းလန်ဟွာတို့၏ အကြောင်းကြောင့်သာ မဟုတ်ပေ။
သူမ၏ ဤယောင်းမ နှစ်ယောက်သည်လည်း လျိုရှီနှင့် ထိုစဉ်က အရူးမလေး ဖြစ်နေသေးသော သခင်မလေးလင်းကို နှိပ်စက်ခဲ့ကြသည်မှာ မနည်းလှပေ။
သူတို့က လင်းမိသားစုကို အပြတ်အသတ် ရှင်းမပစ်သည်မှာ အမှန်တကယ် သနားညှာတာမှု ရှိနေပြီ ဖြစ်သည်။
ယခုတော့ ကောင်းလေရော။ သူတစ်ပါး အောင်မြင်သွားသည်ကို မြင်မှ တွယ်ကပ်ချင်ကြသည်။ ကိစ္စတွေက ဒီလောက်ရိုးရှင်းနိုင်ပါ့မလားဆိုတာကို မစဉ်းစားတတ်ကြဘူးလား။
"ဒါပေမဲ့ အခု မတူတော့ဘူး" ရုတ်တရက် တန့်ရှီက ပြုံးရင်း လင်းလောင်စစ်၏ ဇနီးကို ကြည့်လိုက်သည်။
"အားယာက မင်းကို လက်ခံလိုက်ပြီ၊ မင်းကို အလုပ်ရုံထဲ အလုပ်လုပ်ခိုင်းသေးတယ်။မင်းသာ ါတို့အတွက် စကား နည်းနည်း ကူပြောပေးမယ်ဆိုရင် အားယာက ငါတို့ကိုလည်း သေချာပေါက် လက်ခံမှာပဲ" ဤသို့ပြောရင်း တန့်ရှီ၏မျက်လုံးထဲတွင် အရောင်များ တောက်ပလာသည်။
"ဟုတ်တယ်၊ လင်းလောင်စစ်ရဲ့ ဇနီး။ အားယာသာ ငါတို့ကို ခွင့်လွှတ်နိုင်မယ်ဆိုရင် နောက်ပိုင်း ငါတို့လင်းမိသားစုရဲ့ ဘဝတွေ ကောင်းမွန်လာမှာ" ကျန့်ရှီက စကားဖြည့်စွက်သည်။
"မိသားစုတစ်စုတည်းပဲ၊ တကယ်ကို ဒီလို ဆက်ပြီး တင်းမာနေစရာ မလိုပါဘူး။ ရွာထဲက လူတွေ အထင်သေးရုံတင် မကဘူး တို့မိသားစုဝင်အချင်းချင်း ပြန်တွေးလိုက်တိုင်း ရင်ဘတ်ထဲက နာတယ်"
လင်းလောင်စစ်၏ ဇနီးသည် နားထောင်ရင်း ပို၍ စိတ်အနှောင့်အယှက် ဖြစ်လာသည်။
သည်းမခံနိုင်တော့ဟု ခံစားမိပြီး ငြင်းဆန်ရန် ပါးစပ်ဟရန် ပြင်လိုက်စဉ် သူမ၏ ခင်ပွန်း စကားပြောသည်ကို ကြားလိုက်ရသည်။
"ဘာ အားယာလဲ။ သခင်မလေးလင်းလို့ ခေါ်ရမယ်" လင်းလောင်စစ်က ဒေါသတကြီး ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"သခင်မလေးလင်းက လင်းမိသားစုနဲ့ အဆက်ဖြတ်ထားတာ ကြာလှပြီ၊ အားယာ၊ အားယာနဲ့ ခေါ်နေကြတာ၊ ခင်ဗျားတို့ မရှက်ဘူးလား"
ဤစကားသည် အလွန်အမင်း အားနာမှု မရှိရာ ကျန့်ရှီနှင့် တန့်ရှီတို့၏မျက်နှာထက်တွင် ဒေါသရိပ်များ လွှမ်းသွားသည်။
"လင်းလောင်စစ်၊ မင်း ဘယ်လို စကားပြောလိုက်တာလဲ" ကျန့်ရှီက လင်းလောင်စစ်၏ နှာခေါင်းကို လက်ညှိုးထိုးရင်း မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော် ဘယ်လို စကားပြောလို့လဲ။ ကျွန်တော် အမှန်အတိုင်း ပြောတာ" လင်းလောင်စစ်သည် အနည်းငယ်မျှ မကြောက်ရွံ့သည့်အပြင် အသံကျယ်ကြီးဖြင့် ပြန်ဖြေလိုက်သည်။
"အိမ်ခွဲပြီးကတည်းက ခင်ဗျားတို့ ကျွန်တော့်အိမ်ကို တစ်ခါမှ လာတာ မတွေ့ဖူးဘူး။ ဒီနေ့ ဘယ်လို ရောက်လာကြတာလဲ။ ပစ္စည်းတွေတောင် ယူလာသေးတယ်။ ဘာအဓိပ္ပါယ်လဲဆိုတာ ကျွန်တော် မသိဘူးလို့ ထင်နေတာလား။
ကျွန်တော့်မိန်းမ လျိုမိသားစု အလုပ်ရုံထဲ ဝင်သွားတာကို တွေ့ပြီး ခင်ဗျားတို့ မျက်စိကျိန်းနေကြတာ မဟုတ်လား"
"ပြန်လည်း မစဉ်းစားကြဘူး။ ငါ့မိန်းမ ဝင်လို့ရတာ ဒါက သူက လင်းမိသားစု အိမ်ခွဲပြီးမှ လက်ထပ်ဝင်လာတာ။ လျိုမိသားစုကို ပြဿနာ သွားမရှာဖူးဘူး။ အရင်တုန်းက လျိုမိသားစုဝင်တွေကို ပိုပြီးတော့ နှိပ်စက်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို ဖြစ်နေတာတောင်မှ လင်းမိသားစုကြောင့် အငြိုးပါသွားလို့၊ သူက အလုပ်ရုံရဲ့ အလုပ်ခေါ်တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေပေမဲ့ အလုပ်သွားမလျှောက်ရဲဘဲ အချိန်ဆွဲနေခဲ့ရတာ"
"ကျွန်တော်အတွက် မဟုတ်ရင် ကျွန်တော်ရဲ့ ဒီကလေးနှစ်ယောက်အတွက် မဟုတ်ရင် သူ အခုထိ သွားမှာ မဟုတ်ဘူး။ ဒါက ကျွန်တော်မိန်းမ စိတ်ထားကောင်းလို့ အလုပ်လုပ်တာ တည်ငြိမ် ကြိုးစားလို့ သခင်မလေးလင်းကလည်း သဘောထားကြီးပြီး အရေးမလုပ်ခဲ့လို့ သူ အလုပ်ရုံထဲ ဝင်ခွင့်ရခဲ့တာ"
"ခင်ဗျားတို့ သွားချင်တယ် ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြဦး။ ခင်ဗျားတို့နဲ့ ထိုက်တန်လို့လား" ဤစကားကို ပြောချိန်တွင် လင်းလောင်စစ်၏ မျက်နှာထက်တွင် ရွံရှာမှုတို့ဖြင့် အပြည့် ဖြစ်နေသည်။
"လင်းလောင်စစ်၊ မင်း... မင်း ငါတို့ကို ဒီလို စကားပြောရဲတယ် ဟုတ်လား" ကျန့်ရှီသည် ဒေါသကြောင့် တုန်ယင်လာပြီး သူမ၏ သားနှစ်ယောက်ကသာ တားမထားပါက လင်းလောင်စစ်ကို ဆွဲဖြဲပစ်ရန် တိုးဝင်သွားမတတ် ဖြစ်နေသည်။
တန့်ရှီသည်လည်း မျက်နှာဖုံး ကွာကျသွားသဖြင့် ရှက်စိတ်မှ ဒေါသ ဖြစ်လာသည်။
"ကောင်းပြီလေ၊ လင်းလောင်စစ်၊ မင်း တော်တော် တော်လာတယ်ပေါ့ ဟုတ်လား။ မင်းမိန်းမကို လျိုမိသားစု အလုပ်ရုံထဲ ဝင်ခွင့်ရဖို့အတွက် လျိုမိသားစုရဲ့ ခိုင်းဖတ် သွားလုပ်နေပြီပေါ့"
***