← Chapters

လင်းလောင်စစ် အရိုက်ခံရခြင်း

Vol. 17 Ch. 368

လင်းလောင်စစ် အရိုက်ခံရခြင်း

Vol. 17 Ch. 368

"မင်း မင်းရဲ့မိန်းမကို ပြောကြည့်လိုက်ပါဦး။ လူနှစ်ယောက်လောက် ထပ်ထည့်ပေးနိုင်ရင် ငါတို့လင်းမိသားစုရဲ့ နောက်ပိုင်းနေ့ရက်တွေ ကောင်းမွန်လာမှာ မဟုတ်ဘူးလား" အကြီးဆုံးလင်းက ဝင်ပြောလိုက်သည်။

လင်းလောင်စစ်သည် မျက်မှောင် တင်းတင်း ကြုတ်လိုက်၏။

"ခင်ဗျားတို့ တွေးတာတွေ များလွန်းနေပြီ။ ကျွန်တော်က အလုပ်ကြမ်းလုပ်တဲ့သူ၊ ကံကောင်းမှ အလုပ်ရှိတာ။ ပြီးတော့ လုပ်ခလစာကလည်း မမြင့်ဘူး။ ကျွန်တော့်မိန်းမကတော့ သူက သာမန် ဟင်းရွက်ဆေးတဲ့ အလုပ်သမားတစ်ယောက်ပဲ။ လူထည့်ပေးနိုင်တဲ့ အရည်အချင်း မရှိဘူး" ဟု မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

သူတို့သည် ဘယ်လိုများမျက်နှာပြောင်တိုက်တတ်လို့ သူတို့လင်မယားနှစ်ယောက်က ကူညီနိုင်မည် သို့မဟုတ် ကူညီလိုမည်ဟု ထင်နေကြသည်မသိ။

အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့သည် မျက်နှာထားများ တင်းမာသွားကြသည်။ သို့သော် လျင်မြန်စွာပင် အကြီးဆုံးလင်း၏ မျက်နှာထက်တွင် မျက်နှာချိုသွေးသော အပြုံးတစ်ခု ပေါ်လာပြန်သည်။

"ညီလေး၊ ငါ သိပါတယ်။ အရင်တုန်းက မင်းရဲ့ ယောင်းမ အိမ်ပေါ်တက်လာပြီး မင်းတို့နဲ့ နည်းနည်း မကျေမလည် ဖြစ်သွားခဲ့တယ်။ ဒီကိစ္စ၊ ငါ သူ့ကို ဆူထားပြီးပြီ။ သူလည်း မှားမှန်း သိသွားပါပြီ။

တကယ်လို့ မင်းတို့ စိတ်မပြေဘူးဆိုရင် ငါ... ငါ သူ့ကို အိမ်တိုင်ရာရောက် မင်းတို့ လင်မယားနှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခိုင်းရင်တောင် ဖြစ်တယ်" အကြီးဆုံးလင်းက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

လင်းလောင်စစ်သည် ဤစကားကို ကြားသော် အကြီးဆုံးလင်းကို ကြည့်သည့် မျက်နှာထားသည် ထိုအခါမှ အနည်းငယ် ပြန်လည် ကောင်းမွန်လာ၏။

"တောင်းပန်စရာတော့ မလိုပါဘူး။ ဒီကိစ္စ၊ ကျွန်တော်တို့ တကယ် ကူညီလို့ မရပါဘူး"

ပြီးနောက် လူနှစ်ယောက်ကို ရှောင်ကွင်း၍ ပြန်ရန် ပြင်လိုက်သည်။ ငွေပိုရှာနိုင်ရန်အတွက် သူသည် ယခု တစ်ရက်ခြား နေ့လယ်တိုင်း အလုပ်ရုံသို့ အလုပ်ကြမ်း သွားလုပ်ရ၏။ ယနေ့ နေ့လယ်သည် သွားရမည့် အလှည့် ဖြစ်သည်။ ထို့ကြောင့် ညနေစာ ချက်ရန် အိမ်သို့ စောစီးစွာ ပြန်ရပေမည်။ ပြီးလျှင် သူ့ဇနီး ပြန်လာ၍ စားပြီးသည်ကို စောင့်ကာ ဇနီးသည်နှင့်အတူ အလုပ်ရုံသို့ သွားရမည်။

အကြီးဆုံးလင်းသည် ထိုအခြေအနေကို မြင်သော် မျက်နှာထားသည် နောက်တစ်ကြိမ် တင်းမာသွားပြန်သည်။ လင်းလောင်အာ့မှာမူ ဦးစွာ စိတ်မထိန်းနိုင်ဘဲ လင်းလောင်စစ်ကို လှမ်းဆွဲလိုက်လေသည်။

"လောင်စစ်၊ ငါနဲ့ အစ်ကိုကြီးက ဒီလောက် နှိမ့်နှိမ့်ချချ တောင်းပန်နေတာကို မင်းက ဒီလို သဘောထားမျိုးလား" ထို ဒေါသထွက်နေသော အမူအရာမှာ လင်းလောင်စစ်က သူ့ထံမှ ငွေကြွေးတင်နေသည့်အလားပင်။

လင်းလောင်စစ်သည် လင်းလောင်အာ့ကို လှမ်းကြည့်လိုက်ပြီး လင်းလောင်အာ့၏ မျက်လုံးထဲမှ ဒေါသကို မြင်သော် သူ့မျက်လုံးထဲတွင်လည်း မုန်းတီးမှု အရိပ်အယောင်များ လိုက်ပါ ပေါ်ပေါက်လာသည်။ ပြီးနောက် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လင်းလောင်အာ့ကို ဆွဲဖယ်လိုက်သည်။

"ဘာသဘောထားရမှာလဲ။ ခင်ဗျားတို့အပေါ်တော့ ကျွန်တော်က ဒီသဘောထားပဲ။ အရင်တုန်းက ခင်ဗျားတို့ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်က ကျွန်တော်တို့ စတုတ္ထအိမ်ကို အနိုင်ကျင့်တုန်းကတော့ ခင်ဗျားတို့က ကျွန်တော် လင်းလောင်စစ်ရဲ့ အစ်ကိုကြီးတွေပါလို့ ပြောတာ မတွေ့မိဘူး။ အခုတော့ အကူအညီ တောင်းစရာ ရှိလာမှ အစ်ကိုကြီး ပုံစံတွေ လာလုပ်နေတယ်" လင်းလောင်စစ်က သရော်လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။

အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့သည် ထိုစကားကိုကြားလိုက်ရချိန်တွင် မသိစိတ်အရ ခေါင်းငုံ့သွားကြသည်။

"ကျွန်တော် အခု ခင်ဗျားတို့ကို ပြောထားလိုက်မယ်။ ခင်ဗျားတို့ နှစ်အိမ်ရဲ့ ကိစ္စကို တို့လင်မယားနှစ်ယောက် ကူညီပေးလို့ မရဘူး"

လင်းလောင်စစ်သည် စိတ်ထဲတွင် ဒေါသထွက်လာပြီး မထိန်းနိုင်ဘဲ စကားတစ်ခွန်း ထပ်မံ ဖြည့်စွက်လိုက်သည်။

"ကူညီနိုင်တယ် ဆိုရင်တောင်မှ သဘောမတူဘူး"

ဤစကား ထွက်လာသည်နှင့် အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့ နှစ်ဦးစလုံးသည် ဒေါသတကြီးဖြင့် လင်းလောင်စစ်ကို စိုက်ကြည့်ကြသည်။

"လင်းလောင်စစ်၊ မင်းက လူကြီးသူမကို မလေးစားတဲ့ကောင်ပဲ။ နောင်ဆို နေ့ရက်တွေ အများကြီး ရှိသေးတယ်။ မင်းတို့ စတုတ္ထအိမ်က နောင်ဆို တခြားလူကို အကူအညီ တောင်းမှာ မဟုတ်ဘူးလား" လင်းလောင်အာ့က လင်းလောင်စစ်၏ နှာခေါင်းကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။

မည်သည့်အချိန်က စ၍ လင်းမိသားစု၏ အပျော့ညံ့ဆုံး လင်းလောင်စစ်သည် သူတို့ကို ငြင်းဆန်ရဲသည့်အပြင် သူတို့နှင့်ပင် ဆန့်ကျင်ဘက် ပြုလုပ်ရဲသွားသည်မသိ။

လင်းလောင်စစ်မှာမူ မထီမဲ့မြင် ပြုံးလိုက်သည်။

"တောင်းပန်ရမယ် ဆိုရင်တောင်မှ ခင်ဗျားတို့ဆီမှာတော့ အကူအညီလာတောင်းမှာ မဟုတ်ဘူး"

"မင်း..." လင်းလောင်အာ့သည် ဒေါသထွက်လွန်း၍ အသည်းပင် နာသွားမတတ် ဖြစ်သွားသည်။

အကြီးဆုံးလင်းသည် ထိုအခြေအနေကို မြင်သော် မျက်စိရှေ့မှ ဤအခြေအနေအရ အတင်းအကျပ် လုပ်၍ မရနိုင်တော့မှန်း သိလိုက်သည်။ မျက်နှာရိပ် အနည်းငယ် ပြောင်းသွားပြီး ဗျူဟာ ပြောင်းလိုက်၏။

"ဟင်း.. ငါတို့က မိသားစုတစ်စုတည်းပါကွာ။ လောင်အာ့၊ မင်းလည်း နည်းနည်း လျှော့ပြောလိုက်ပါတော့" အကြီးဆုံးလင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

လင်းလောင်အာ့သည် အကြီးဆုံးလင်းကို လှမ်းကြည့်လိုက်ရာ မူလက အနည်းငယ် ဒေါသထွက်နေ၏။ သို့သော် အကြီးဆုံးလင်းက မိမိအား မျက်ရိပ်ပြသည်ကို မြင်သော် စိတ်ထဲတွင် သဘောပေါက်သွားပြီး ဒေါသတကြီးဖြင့် ခေါင်းလှည့်သွားသည်။

ထိုအခါမှ အကြီးဆုံးလင်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး လင်းလောင်စစ်ကို ပြန်လည် ကြည့်လိုက်သည်။

"လောင်စစ်၊ မင်းလည်း လောင်အာ့ကို စိတ်မဆိုးပါနဲ့တော့။ ငါတို့သုံးယောက်က ညီအစ်ကို အရင်းတွေလေကွာ။ မင်း ငယ်ငယ်တုန်းကဆို ငါနဲ့ မင်းရဲ့ အစ်ကိုလတ်ကတောင် မင်းကြီးပြင်းလာတာကို စောင့်ရှောက်ခဲ့ရတာ"

လင်းလောင်စစ်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ ဟုတ်သည်၊ သူသည် အမှန်တကယ်ပင် သူတို့၏ ကြည့်ရှုမှုဖြင့် ကြီးပြင်းလာခဲ့သည်။ သို့သော် သူတို့က သူ့ကို ဘယ်လိုများစောင့်ရှောက်ခဲ့တာလဲ။ သူ့ကို အရုပ်သဖွယ် စနောက်ခဲ့ကြပြီး အမှားလုပ်မိတိုင်း သူ့ကို အပြစ်ပုံချခဲ့ကြသည်။ ထို့ထက်မက သူသာ ကံမကောင်းခဲ့ပါက သူတို့၏ စနောက်မှုများကြောင့် အသက်ပင် ပျောက်သွားနိုင်ခဲ့သည်။

"တော်လောက်ပြီ၊ နောက်ဆို တို့ အိမ်ထောင်စုခွဲတွေ ကြားထဲမှာ ထပ်ပြီး အဆက်အသွယ် လုပ်စရာ မလိုတော့ဘူး။ နောက်ပြီးတော့၊ နောင်ဆို ကျွန်တော်တို့ စတုတ္ထအိမ်က လင်းမိသားစု အိမ်မကြီးကနေ ထွက်ခွာသွားတော့မယ်" လင်းလောင်စစ်က ဒေါသ အနည်းငယ် ပါဝင်သော လေသံဖြင့် ပြောလိုက်သည်။

ဟုတ်သည်၊ ထွက်ခွာမည်။ သူသည် ယခု လင်းမိသားစု အိမ်မကြီးတွင် တစ်ရက်မျှပင် မနေချင်တော့ပေ။

အကြီးဆုံးလင်းနှင့် လင်းလောင်အာ့တို့သည် တုန်လှုပ်သွားကြ၏။ တုံ့ပြန်ရန် အချိန် မရသေးမီတွင် လင်းလောင်စစ်သည် သူတို့ကို ရှောင်ကွင်း၍ လျင်မြန်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေပြီ။

သတိပြန်ဝင်လာသော အခါတွင် လင်းလောင်အာ့သည် ချက်ချင်း ဆဲဆိုလေတော့သည်။ လင်းလောင်စစ်အား အသိတရား ခွေးစားသွားသူ၊ အစ်ကိုကြီးများကို မလေးစားသူ၊ မိုးကြိုးပစ်ခံရမည် စသဖြင့် ဆဲဆိုနေ၏။

အကြီးဆုံးလင်းသည် ဆဲဆိုခြင်း မပြုသော်လည်း လင်းလောင်အာ့ကို တားဆီးခြင်း မပြုခဲ့ပေ။ တစ်ချိန်တည်းမှာပင် လင်းလောင်စစ်၏ကျောပြင်ကို ကြည့်သော အကြည့်တွင် အေးစက်သော အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။

လင်းလောင်စစ်သည် လင်းလောင်အာ့၏ ဆဲဆိုသံများကို ခွေးဟောင်သံဟုသာ သဘောထားပြီး အိမ်သို့ လျင်မြန်စွာ လျှောက်သွားသည်။ ဇနီးက ပြောထားတယ်၊ ခွေးရူးတွေနဲ့ ပြိုင်ပြီးအငြင်းမပွားရဘူးတဲ့။

အိမ်ပြန်ရောက်သော် လင်းလောင်စစ်သည် ခြံဝန်းထဲတွင် ဟင်းသီးဟင်းရွက် အပေါ်ခွံချွတ်ရာ၌ ကူညီပေးနေသော သူ့ကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။ စိတ်ထဲတွင် နူးညံ့သွားပြီး စိတ်ခံစားချက်သည် ချက်ချင်း ကောင်းမွန်သွား၏။

တစ်စုံတစ်ခုကို တွေးမိသဖြင့် ကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။

"သာ့နျို၊ နောက်ဆို အဖေနဲ့ အမေ အိမ်မှာ မရှိရင် မင်း ညီလေးကို ခေါ်ပြီး အိမ်ထဲမှာပဲ ဆော့နေ။ အပြင်မထွက်နဲ့" လင်းလောင်စစ်က သားကြီးကို ကြည့်ရင်း မှာကြားလိုက်သည်။

ယခု သူသည် အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်တို့ကို လုံးဝ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီ ဖြစ်သည်။ ထိုအိမ်ထောင်စု နှစ်စုမှ လူများသည် လူကောင်းများ မဟုတ်ကြပေ။ မတော်တဆ နောက်ကွယ်တွင် သူတို့အိမ်မှ ကလေးနှစ်ယောက်ကို အနိုင်ကျင့်ကြလျှင်... ထိုအချိန်ကျမှ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက သူနှင့် သူ့ဇနီးတို့ နောင်တရ၍ မမီတော့ပေ။

ဟုတ်သည်၊ လင်းမိသားစုတွင် ကြီးပြင်းလာသူ ဖြစ်သည့်အလျောက် သူသည် လင်းမိသားစုဝင်များ၏ နည်းလမ်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးသည်။ ယခင်က လျိုမိသားစုဝင်များ ခံစားခဲ့ရသမျှ အားလုံးကို သူသည် သူ့ကလေးနှစ်ယောက်အား မြည်းစမ်းစေလိုခြင်း မရှိပေ။

"သိပါပြီ အဖေ" သာ့နျိုက လိမ်မာစွာ ပြန်ဖြေသည်။

သူ ညီလေးကို ကောင်းကောင်း ကြည့်ရှုထားပေမည်။ တကယ်တော့ အဖေ မပြောလျှင်လည်း သူတို့သည် အပြင်မထွက်ချင်ကြပေ။ အဒေါ်ကြီးနှင့် အဒေါ်လတ်တို့သည် သူနှင့် ညီလေးကို အမြဲတစေ ရန်လိုကြပြီး သူတို့ကို 'အပေါက်ဆိုးကောင်'၊ 'ဝန်ထုတ်ဝန်ပိုး' ဟု ဆဲဆိုကြသည်။ အစ်ကိုဝမ်းကွဲ၊ အစ်မဝမ်းကွဲ အချို့သည်လည်း တစ်ခါတစ်ရံ သူတို့ကို ဆဲဆိုကြ၏။ သူတို့ အပြင်ထွက်လျှင် ထိုမိသားစု နှစ်စု၏ အိမ်ရှေ့မှ ဖြတ်သွားရရာ ဖြတ်သွားတိုင်း စိတ်ထဲတွင် အလွန် ကြောက်ရွံ့ကြသည်။

"အင်း။ ဟင်းသီးဟင်းရွက်တွေ မလုပ်နဲ့တော့။ မင်း ညီလေးကို ခေါ်ပြီး ခဏလောက် ဆော့နေလိုက်။ အဖေ ထမင်းသွားချက်လိုက်ဦးမယ်" လင်းလောင်စစ်သည် သားကြီး၏ခေါင်းကို ပွတ်သပ်လိုက်ပြီး စိတ်ထဲတွင် သားဖြစ်သူ၏ လိမ်မာ သိတတ်မှုကို ကျေနပ်နေမိသည်။

သူ့ကလေးနှစ်ယောက်သည် ရွာထဲမှ အခြား ကလေးများနှင့် မတူညီပေ။ အခြား ကလေးများမှာ ဤအသက်အရွယ်တွင် ဆော့ကစားရန်၊ ပျော်ပါးရန်သာ သိပြီး ဆိုးသွမ်း ညစ်ပတ်ကြသည်။ သူ့ကလေးနှစ်ယောက်မှာမူ အလွန် လိမ်မာ သိတတ်ကြ၏။ ဘယ်သောအခါမျှ ဟိုဟိုဒီဒီ မပြေးလွှားဘဲ လူကြီးများကိုပင် ကူညီ အလုပ်လုပ်ပေးကြသည်။ ဤအကြောင်းကြောင့်ပင် သူသည် ပို၍ပင် တန်ဖိုးထား ချစ်ခင်မိသည်။

"သား အဖေ့ကို မီးမွှေး ကူပေးမယ်" သာ့နျိုက ချက်ချင်း ပြောလိုက်သည်။ မျက်နှာလေးထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"သားလည်း မီးမွှေးမယ်" အာ့နျိုက လိုက်ပြောသည်။

"ဟားဟား၊ ကောင်းပြီ" လင်းလောင်စစ်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။

ပြီးနောက် ကလေးနှစ်ယောက်ကို ခေါ်ဆောင်၍ အိမ်ထဲသို့ ဝင်သွားသည်။

.....

နေ့လယ်တွင် လင်းလောင်စစ်၏ဇနီး အလုပ်ဆင်း၍ အိမ်ပြန်လာခဲ့သည်။ ရလဒ်အနေဖြင့် လင်းမိသားစု အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်တို့၏ တံခါးဝသို့ ရောက်သည်နှင့် ကျန့်ရှီနှင့် တန့်ရှီတို့၏ ကျိန်ဆဲသံများကို ထပ်မံ ကြားလိုက်ရပြန်သည်။ ကျိန်ဆဲသည့် အကြောင်းအရာမှာ သဘာဝအတိုင်းပင် သူတို့ စတုတ္ထအိမ်အကြောင်း ဖြစ်ပြီး သူမနှင့် သူမ၏ ကလေးနှစ်ယောက်ကို ဆဲဆိုရုံသာမက ဤတစ်ကြိမ်တွင် လင်းလောင်စစ်ကိုပါ ထည့်သွင်း ဆဲဆိုနေလေသည်။

လင်းလောင်စစ်၏ဇနီးသည် ဒေါသထွက်သွားသော်လည်း သည်းခံလိုက်ပြီး အိမ်သို့ လျင်မြန်စွာ လျှောက်သွားသည်။ သို့သော် ဒုတိယအိမ်၏ တံခါးဝကို ဖြတ်သန်းစဉ် တန့်ရှီသည် ရုတ်တရက် ပေါ်ထွက်လာပြီး ရေတစ်ဇလုံကို သူမထံသို့ ပက်လိုက်လေသည်။

ကံကောင်းစွာဖြင့် အချိန်မီ ရှောင်တိမ်းလိုက်နိုင်သဖြင့် လင်းလောင်စစ်၏ ဇနီးသည် ရေမစိုသွားခဲ့ပေ။

"အိုက်ယိုး၊ ကြည့်စမ်းပါဦး။ လူလာတာတောင် မမြင်လိုက်မိဘူး" တန့်ရှီသည် ထိုအခြေအနေကို မြင်သော် မျက်နှာထက်တွင် နှမြောတသသော အမူအရာဖြင့် ပြောလိုက်သည်။

လင်းလောင်စစ်၏ ဇနီးသည် တန့်ရှီကို စိုက်ကြည့်လိုက်၏။ ယခင်က သွယ်ဝိုက်သော နည်းလမ်းများဖြင့် စကားလုံး အနည်းငယ် သရော်လှောင်ပြောင်ရုံသာ ရှိခဲ့သည်။ ယခုမူ သူမကို လက်ပါလာသည်အထိ ဖြစ်လာသည်။ သူမကို ရွှံ့ရုပ်ဟု ထင်နေသလား။

"ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ငါက တမင်တကာ လုပ်တာမှ မဟုတ်တာ။ ဘယ်သူက နင့်ကို ဖြတ်သွားတုန်းက အသံမပေးဘဲ နေခိုင်းလို့လဲ။ ခြေသံဖွဖွနဲ့ သူခိုး လုပ်မလို့လား" တန့်ရှီက စူးရှစွာ ပြောလိုက်သည်။

"ဘယ်သူ့ကို သူခိုးလို့ ဆဲနေတာလဲ။"

ဤအချိန်တွင် လင်းလောင်စစ်သည် ခြံဝန်းထဲမှ ပြေးထွက်လာသည်။ ပြီးနောက် ကျားရိုင်းတစ်ကောင်ကဲ့သို့ ပြေးဝင်လာ၏။ ရှေ့သို့ တိုးသွားပြီး တန့်ရှီ၏ပါးကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

အားမှာ မနည်းလှရာ တန့်ရှီကို ချက်ချင်းပင်မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

တန့်ရှီသည် အရိုက်ခံရ၍ ကြောင်ငေးသွား၏။ နာကျင်မှုကြောင့် သူမသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး ချက်ချင်း အော်ဟစ် ငိုယိုလေတော့သည်။

လင်းမိသားစု ဒုတိယအိမ်မှ လူများသည် အစကတည်းက ခြံဝန်းထဲတွင် ရှိနေကြရာ ဤမြင်ကွင်း ဖြစ်ပွားသည်ကို တွေ့မြင်လိုက်ကြသည်။ လင်းလောင်အာ့နှင့် သူ၏ သားနှစ်ယောက်သည် အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီးနောက် ခြံဝန်းတံခါးဝဆီသို့ ချက်ချင်းနီးပါး ပြေးထွက်လာကြသည်။

လင်းလောင်စစ်၏ ဇနီးသည် မျက်နှာပျက်သွားပြီး ရှေ့သို့ တိုး၍ လင်းလောင်စစ်ကို ဆွဲကာ လူကို ခေါ်ဆောင်၍ ထွက်သွားရန် ကြိုးစားသည်။

လင်းလောင်စစ်သည် ဤအချိန်တွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း တန့်ရှီက သူ့ကို ငိုယိုရင်း ဆဲဆိုနေဆဲ ဖြစ်သည်ကို မြင်သော် စိတ်ထဲမှ ထိတ်လန့်မှုသည် ဒေါသကြောင့် ဖိနှိပ်ခြင်း ခံလိုက်ရသည်။

"မင်း အရင် ပြန်တော့၊ ငါ မသွားဘူး" လင်းလောင်စစ်က တိုက်ရိုက် ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် အကြည့်သည် ခြံဝန်းထဲသို့ လှမ်းကြည့်လိုက်ပြီး လက်နက်အဖြစ် အသုံးပြုနိုင်မည့် ပစ္စည်းတစ်ခုခုကို မျက်လုံးက လိုက်လံ ရှာဖွေနေသည်။ ယနေ့ ဒုတိယအိမ်မှ လူများက သူ့ကို လက်ပါမည်ဆိုလျှင် သူသည် သူတို့နှင့် အသေအလဲ ချမည်။ ဤမျှ အချိန်ကြာကြီး သည်းခံလာခဲ့ပြီးနောက် သူ လင်းလောင်စစ်သည် ယနေ့ ထပ်မံ သည်းခံနေဦးမည်ဆိုလျှင် မြေးလေးပဲလုပ်လိုက်တော့မယ်။

လင်းလောင်စစ်၏ ဇနီးသည် မျက်နှာ ထိတ်လန့်သွားပြီး သူမခင်ပွန်း၏ သေမည့်တိုင် နောက်မဆုတ်သော အမူအရာကို မြင်သော် ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြေးထွက်သွားသည်။ သူမသည် အိမ်သို့ ပြန်သွားခြင်း မဟုတ်ဘဲ အပြင်ဘက်သို့ ပြေးထွက်သွားခြင်း ဖြစ်သည်။ သူမ၏ ယောက်ျားသည် တစ်ယောက်တည်း ဖြစ်ရာ ဒုတိယအိမ်မှ လူများကို အနိုင်တိုက်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ လူကိုလည်း သူမက ခေါ်ဆောင်၍ မသွားနိုင်ရာ ရွာသူကြီးကို အသက်ကယ်ရန် သွားရှာရုံသာ ရှိတော့သည်။

လင်းလောင်စစ်သည် သူ့ဇနီးသည် ပြေးထွက်သွားသည်ကို မြင်သော် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ခြံဝန်းထဲသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး ထမ်းပိုးတံ တစ်ချောင်းကို ဆွဲယူလိုက်သည်။

ဤအချိန်တွင် လင်းလောင်အာ့သည် လင်းသာ့ရှန်းနှင့် လင်းရှောင်ရှန်းတို့ကို ခေါ်ဆောင်၍ လင်းလောင်စစ်ကို ဝန်းရံထားလိုက်ပြီ ဖြစ်သည်။

တန့်ရှီသည် မျက်နှာကို အုပ်ကိုင်ရင်း လျှောက်လာပြီး အလွန် ဆိုးရွားစွာ ငိုယိုနေသည်။

"မင်းတို့ ကြောင်ကြည့်နေကြတာ ဘာလုပ်နေကြတာလဲ။ ရိုက်ကြလေ။ ဒီ အစ်ကိုနဲ့ မရီးကို မလေးစားတဲ့ကောင်။ အသက်ရှင်နေတာကလည်း ဆန်ကုန်မြေလေးပဲ။ သူ့ကို ရိုက်သတ်လိုက်" တန့်ရှီက လင်းလောင်စစ်ကို လက်ညှိုးထိုးရင်း စူးရှစွာ ပြောလိုက်သည်။

လင်းလောင်အာ့သည် လင်းလောင်စစ်၏လက်ထဲမှ ထမ်းပိုးတံနှင့် မျက်နှာအပြည့် သတ်ဖြတ်လိုသော အငွေ့အသက်တို့ကို မြင်သော် အနည်းငယ် ကြောက်ရွံ့နေသေးသည်။ လင်းသာ့ရှန်းနှင့် လင်းရှောင်ရှန်းတို့မှာမူ မကြောက်ရွံ့ကြဘဲ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နှစ်ဦးသားသည် လင်းလောင်စစ်ထံသို့ ပြေးဝင်သွားကြသည်။

လင်းလောင်စစ် မျက်နှာပျက်သွားပြီး အရာအားလုံးကို ဂရုမစိုက်တော့ဘဲ တူတော်မောင် နှစ်ယောက်ထံသို့ ထမ်းပိုးတံ နှစ်ချက် ဝှေ့ယမ်းလိုက်ရာ သုံးဦးသား လျင်မြန်စွာ လုံးထွေး သတ်ပုတ်ကြလေတော့သည်။

လင်းလောင်အာ့သည်လည်း ထမ်းပိုးတံကို သွားယူရန် အချိန်ရသွားခဲ့သည်။ ပြီးနောက် လင်းလောင်စစ်သည် လျင်မြန်စွာ အားနည်းသော အခြေအနေသို့ ရောက်ရှိသွားပြီး ခေါင်းကို အုပ်ကိုင်ကာ အရိုက်ခံနေရလေသည်။

လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းတို့ကို မည်မျှ အချိန်ကြာအောင် ခံလိုက်ရသည်မသိ။ လင်းလောင်စစ်သည် အသက်ငွေ့ငွေ့သာ ကျန်တော့သည်ကို မြင်မှ လင်းသာ့ရှန်းသည် အခြေအနေ အနည်းငယ် မမှန်ကန်တော့သည်ကို သတိပြုမိသွားပြီး သူ့ ညီနှင့် ဖခင်ကို အလျင်အမြန် ရပ်တန့်စေလိုက်သည်။

လင်းလောင်စစ်၏မျက်နှာသည် ဤအချိန်တွင် ရောင်ကိုင်း ဖူးယောင်နေပြီး နေရာအများအပြားတွင် သွေးများပင် ထွက်နေကာ လူတစ်ကိုယ်လုံး ကြည့်ရသည်မှာ အဝင်လေထက် အထွက်လေက ပိုများနေသကဲ့သို့ ဖြစ်နေသည်။

လင်းလောင်စစ်၏ ဤအခြေအနေကို မြင်မှ လင်းလောင်အာ့သည် ဒေါသမှ လန့်နိုးလာပြီး နောက်ဆက်တွဲကို ကြောက်ရွံ့လာသည်ဟု ခံစားမိသည်။

"ဦးလေး ၄ က အရင် လက်စပါတာ၊ ကျွန်တော်တို့တွေနဲ့ မဆိုင်ဘူး" လင်းရှောင်ရှန်းက ကြောက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။

လင်းသာ့ရှန်းနှင့် လင်းလောင်အာ့တို့သည် တစ်ချိန်တည်းတွင် လင်းရှောင်ရှန်းကို လှမ်းကြည့်လိုက်ကြသည်။

"ဟုတ်တယ်၊ ဘယ်သူက သူ့ကို မင်းတို့အမေကို အရင် လက်ပါခိုင်းလို့လဲ" လင်းလောင်အာ့က မလုံမလဲ ဖြစ်သော အမူအရာ ပြလိုက်သော်လည်း လိုက်၍ တစ်ခွန်း ပြောလိုက်သည်။

"သူ့ကို ဂရုမစိုက်နဲ့တော့၊ ငါတို့တွေ အထဲဝင်ပြီး ထမင်းစားမယ်" တန့်ရှီသည် လျှောက်လာပြီး မြေပြင်ပေါ်မှ လင်းလောင်စစ်ကို မျက်စောင်းထိုး ကြည့်လိုက်ကာ သူမမိသားစုဝင်များကို ပြောလိုက်သည်။

'ဘာတွေ ဟန်ဆောင်နေမှန်း မသိဘူး၊ နည်းနည်းပါးပါး အရိုက်ခံရတာ၊ ဘာကိစ္စ ဖြစ်နိုင်မှာမို့လို့လဲ'

လင်းသာ့ရှန်းသည် သူ့ဖခင်နှင့် ညီကို စိုးရိမ်စွာ လှမ်းကြည့်လိုက်ရာ နှစ်ဦးသား၏ မျက်နှာထားများလည်း သိပ်မကောင်းလှသည်ကို တွေ့လိုက်ရသည်။

"မင်းအမေ ပြောတဲ့အတိုင်း နားထောင်။ ထမင်းသွားစားကြ" လင်းလောင်အာ့၏ မျက်နှာထက်တွင် စိတ်မရှည်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။

သားအဖ သုံးယောက်သည် စိတ်ထဲတွင် စိုးရွံ့နေကြသော်လည်း အားလုံး ထွက်ခွာသွားကြသည်။ လင်းမိသားစု ဒုတိယအိမ်၏ ခြံဝန်းထဲတွင် လျင်မြန်စွာ တိတ်ဆိတ်မှု ပြန်လည် ရရှိသွားသည်။

လင်းလောင်စစ်သည် မြေပြင်ပေါ်တွင် အချိန်အကြာကြီး လှဲလျောင်းနေပြီး သူ့ခြေလက်များ အားအင်မရှိသဖြင့် လုံးဝ မထနိုင်တော့ဟု ခံစားလိုက်ရသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ကိုယ်ပေါ်တွင် အားအင် အနည်းငယ် ပြန်လည် ရရှိလာသည်ဟု ခံစားမိမှ ကိုယ်ကို ထောက်၍ မြေပြင်ပေါ်မှ တွားသွား ထရန် ပြင်ဆင်လိုက်သည်။

ဤအချိန်တွင် ခြံဝန်းတံခါးဝ၌ ခေါင်းတစ်လုံး ချောင်းမြောင်း ဝင်လာသည်ကို သူ သတိပြုမိလိုက်သည်။ ထိုသူမှာ သူ၏ တူကြီး၊ အကြီးဆုံးအိမ်မှ လင်းသာ့ကျွမ်း ပင် ဖြစ်သည်။ ပြီးနောက် လင်းလောင်စစ်သည် လင်းအာ့ကျွမ်းနှင့် အကြီးဆုံးလင်းတို့ ပေါ်ထွက်လာသည်ကို ထပ်မံ တွေ့လိုက်ရသည်။

သူ၏ ဆိုးရွားသော အခြေအနေကို မြင်သော် သုံးဦးသား၏ မျက်နှာထားများတွင် သနားညှာတာမှု အရိပ်အယောင်များ ပါဝင်နေသည်။

"ကြောင်ကြည့်နေပြီး ဘာလုပ်နေကြတာလဲ။ မင်းတို့ ဦးလေး ၄ကို အရင် တွဲခေါ်သွားကြလေ" အကြီးဆုံးလင်းက လျင်မြန်စွာ စကားပြောလိုက်သည်။

သို့သော် အသံကို အနည်းငယ် နှိမ့်ထားရာ လင်းမိသားစု ဒုတိယအိမ်မှ လူများ ကြားသွားမည်ကို ကြောက်ရွံ့နေသည့်အလားပင်။

လင်းသာ့ကျွမ်းနှင့် လင်းအာ့ကျွမ်းတို့သည် အလျင်အမြန် ပြန်ထူးလိုက်ပြီးနောက် ပြေးသွား၍ လင်းလောင်စစ်ကို တွဲထူလိုက်ကြသည်။ လင်းလောင်စစ်သည်လည်း ငြင်းဆန်ခြင်း မပြုဘဲ တူနှစ်ယောက်က သူ့ကိုတွဲထူ၍ အပြင်သို့ ခေါ်ဆောင်သွားသည်ကို ခံလိုက်သည်။

ခြံဝန်းတံခါးဝမှ ထွက်လိုက်သည်နှင့် အပြင်ဘက်မှ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သော် လင်းလောင်စစ်၏ မူလ မှိုင်းညို့နေသော မျက်လုံးထဲတွင် ချက်ချင်း မျှော်လင့်ချက် အနည်းငယ် တောက်လောင်လာသည်။

သူ့ဇနီး ပြန်လာခဲ့ပြီ။ ရွာသူကြီးနှင့် လီမိသားစုဝင် အချို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။

လင်းလောင်စစ်ကို တွဲထားသော လင်းသာ့ကျွမ်းနှင့် လင်းအာ့ကျွမ်းတို့၏ ကိုယ်သည် တုန်ယင်သွားပြီး လင်းလောင်စစ်ကို မထိန်းနိုင်ဘဲ လွတ်ကျသွားမတတ် ဖြစ်သွားသည်။ သူတို့၏ ဖခင်ထံမှ သတိပေးသော အကြည့်ကို ရရှိပြီးမှ တည်ငြိမ်သွားပြီး လင်းလောင်စစ်ကို တည်ငြိမ်အောင် တွဲထားလိုက်သည်။

သူတို့ ဘာကို ကြောက်စရာ ရှိလို့လဲ။ လူရိုက်သည်မှာ ဒုတိယဦးလေး၏မိသားစုဖြစ်ပြီး သူတို့သည် ယခု ဦးလေး ၄ကို ကူညီနေခြင်း ဖြစ်သည်။ ဤသို့ တွေးမိသော် လင်းသာ့ကျွမ်းနှင့် လင်းအာ့ကျွမ်းတို့၏ မျက်နှာထားသည် ချက်ချင်း တည်ငြိမ်သွားသည်။

"ယောက်ျား၊ ဟင့်... ဟင့်... ယောက်ျား" လင်းလောင်စစ်၏ ဇနီးသည် လင်းလောင်စစ်ကို မြင်သော် လျင်မြန်စွာ ပြေးဝင်လာသည်။ လင်းအာ့ကျွမ်း၏နေရာကို အစားထိုး ဝင်ယူလိုက်ပြီး လင်းလောင်စစ်ကို တွဲထားလိုက်သည်။

"ဒါ ဘယ်လို ဖြစ်တာလဲ။ ဟင့်... ဟင့်... ရှင် ဘယ်လိုလုပ် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလာတာလဲ။ ဟင့်... ဟင့်..." လင်းလောင်စစ်၏ ဇနီးက သူမ၏ယောက်ျားကို ကြည့်ရင်း သူမ၏ ယောက်ျား တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေသည်ကို မြင်သော် လက်ဖြင့်ပင် မထိရဲဘဲ မျက်ရည်များသာ အဆက်မပြတ် သုတ်နေသည်။

ဘေးမှ လင်းသာ့ကျွမ်းနှင့် လင်းအာ့ကျွမ်းတို့သည် ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ အဖေ၊ အမေနှင့် ဒုတိယဦးလေး၊ ဒုတိယအဒေါ်တို့အားလုံးက သူတို့၏ ဤ ဦးလေး ၄၏ ဇနီးသည် ဦးလေး ၄ထံသို့ လက်ထပ်လာခြင်းမှာ စိတ်ကောင်း စေတနာကောင်း မရှိဟု ဆိုကြသည်။ ဦးလေး ၄က ထိုဇနီးကို လက်ထပ်ခဲ့ခြင်းမှာလည်း ဦးနှောက် မကောင်းဘဲ ခေါင်းမွှတ်နေ၍ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် မျက်စိရှေ့မှ ဤအခြေအနေအရ ဦးလေး ၄၏ ဇနီးသည်၏ နာကျင် ကြေကွဲမှုသည် ဟန်ဆောင်နေခြင်း မဟုတ်သည့်အလားပင်။

"ဘာ..ဘာလို့ ငိုနေတာလဲ။ ငါ ဘာမှ မဖြစ်ဘူး" လင်းလောင်စစ်က ပါးစပ်ဟ၍ ပြောလိုက်သည်။

"စကားတွေ ဆက်မပြောနဲ့တော့၊ ကျွန်မတို့ အရင် အိမ်ပြန်ကြမယ်" လင်းလောင်စစ်၏ ဇနီးက မျက်ရည်တစ်ချက် သုတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

သို့သော် လင်းလောင်စစ်က တစ်ချက် ဆွဲလိုက်သဖြင့် တားဆီးခြင်း ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လင်းမိသားစု ဒုတိယအိမ်မှ လူများလည်း ထွက်လာကြသည်။ လူတစ်စုက သူတို့ ခြံဝန်းတံခါးဝတွင် ဝိုင်းရံနေသည်ကို မြင်သော် လူအနည်းငယ်၏ မျက်နှာထားများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။

"ရွာ... ရွာသူကြီး၊ ဒီကိစ္စ၊ ခင်ဗျား... ခင်ဗျား ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးပါဦး..." လင်းလောင်စစ်က မျက်ရည်များ ဝိုင်းလျက် ရွာသူကြီးကို လှမ်းကြည့်လိုက်ရာ အလွန် သနားစဖွယ် ကောင်းနေ၏။

သူ့အစ်ကိုအရင်း၊ ပြီးတော့ တူနှစ်ယောက်၊ သူတို့သည် သူ့အပေါ် ဤမျှ ခြေလွန်လက်လွန်ပြုမူကြသည်။ ယနေ့ ဒုတိယအိမ်က သူ့ကို ရှင်းလင်းချက် တစ်ခု မပေးပါက ဤကိစ္စ ပြီးဆုံးမည် မဟုတ်ပေ။

"လင်းလောင်စစ်။ လူယုတ်မာက အရင် တရားစွဲတယ် ဆိုတာ ဒါမျိုးပေါ့" တန့်ရှီက ဒေါသတကြီး ပြေးဝင်လာသည်။

အနားသို့ ရောက်လာပြီးနောက် လင်းလောင်စစ်၏ ရိုက်ခြင်းခံရ၍ နီမြန်းနေသော သူမ၏ မျက်နှာတစ်ခြမ်းကို အနည်းငယ် မော့လိုက်သည်။

"အားလုံးပဲ ကြည့်ကြပါဦး။ ကျွန်မရဲ့ ဒီမျက်နှာက လင်းလောင်စစ် ရိုက်ထားတာ"

***

All Chapters