← Chapters

အိမ်ရောင်းခြင်း

Vol. 17 Ch. 371

အိမ်ရောင်းခြင်း

Vol. 17 Ch. 371

"ဟုတ်ကဲ့၊ သခင်မကျိုး ပြောတာ မှန်ပါတယ်"

လင်းလောင်စစ်၏ဇနီးက အလျင်အမြန် ပြန်ဖြေလိုက်၏။

ပြီးနောက် ငွေကို ယူကာ စာချုပ်တစ်စောင် လက်မှတ်ရေးထိုးပြီးမှ အိမ်သို့ ပြန်လာခဲ့၏။

အပြန်လမ်းတွင် လင်းလောင်စစ်၏ ဇနီးသည် မိမိကိုယ်မိမိ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ မြေကြီးပေါ် ခြေချရပ်နေသော်လည်း အမှန်တကယ် မဟုတ်သကဲ့သို့ ခံစားနေရ၏။

အိမ်သို့ အလျင်စလို ရောက်ရှိလာပြီး တံခါးခေါက်ကာ ဝင်ရောက်လာခဲ့သည်။

လင်းလောင်စစ်သည် သူ့ဇနီးသည် ပြန်လာသည်ကို မြင်တွေ့ရပြီး လက်ထဲတွင် အနည်းငယ် လေးလံပုံရသော အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွား၏။ အခြေအနေကို မေးမြန်းရန် ပြင်ဆင်လိုက်စဉ်ပင်။

သို့သော် သူ၏ ဇနီးက သာ့နျိုအား အာ့နျိုကို ခေါ်ဆောင်၍ အပြင်ထွက်ခိုင်းလိုက်ပြီးနောက် တံခါးကို သွားပိတ်လိုက်သည်ကို တွေ့လိုက်ရ၏။

"ဘာ... ဘာဖြစ်တာလဲ"

ဇနီးသည်မှာ မိမိနှင့် ပြောစရာ ကိစ္စ ရှိနေမှန်း သဘောပေါက်လိုက်သဖြင့် လင်းလောင်စစ်က အနည်းငယ် တင်းမာစွာ မေးလိုက်သည်။

အလုပ်သွားရန် ကောင်းမွန်စွာ ထွက်ခွာသွားပြီး မကြာသေးမီပင် ဘယ်လိုကြောင့် ဒီလိုအမူအရာမျိုးနဲ့ ပြန်ရောက်လာရတာလဲ။

လင်းလောင်စစ်၏ ဇနီးသည် ကုတင်ရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီးနောက် လင်းလောင်စစ်အား လျှို့ဝှက်စွာ ပြုံးပြလိုက်၏။ ပြီးမှ လက်ထဲမှ အထုပ်ကို ကုတင်ပေါ်သို့ တင်လိုက်ပြီး ဖြေလိုက်သည်။ အတွင်းဘက်မှ ငွေတုံးများကို ထုတ်ယူကာ လင်းလောင်စစ်အား ကြည့်ရှုစေ၏။

ငွေတုံးများကို မြင်သော် လင်းလောင်စစ်၏ မျက်လုံးများ ပြူးကျယ်သွားမတတ် ဖြစ်သွား၏။ ခြောက်တုံး၊ ငွေ၁၀စတန် ငွေတုံး ခြောက်တုံးပင် ရှိနေသည်တကား။ ဤသည်မှာ ငွေစ ၆၀ ဖြစ်ပေသည်။ သူ့ဇနီးဘယ်ကရလာတာလဲ။

"မိန်း... မိန်းမ..."

လင်းလောင်စစ် စကားပြောသည်မှာပင် ထစ်ငေါ့သွား၏။

လင်းလောင်စစ်၏ ဇနီးသည်မှာမူ မျက်နှာထက်တွင် ပြုံးလိုက်ပြီး၊ "ကျွန်မ ပြောတာ နားထောင်ဦး"

ပြီးနောက် လင်းလောင်စစ်၏ ဇနီးသည် ကျိုးရှီက သူမအား ငွေချေးငှားသည့် ကိစ္စကို လင်းလောင်စစ်အား ပြောပြလိုက်၏။

"သခင်မကျိုးက ကျွန်မကို ငွေချေးပေးရုံတင် မကဘူး။ ကျွန်မကို နှစ်ရက်တောင် ခွင့်ပေးလိုက်သေးတယ်။ ကျွန်မကို ရှင့်ကို နည်းနည်း သက်သာအောင် ကြည့်ရှုစောင့်ရှောက်ပြီးမှ အလုပ်ပြန်ဆင်းဖို့ ပြောတယ်။ နောက်ပြီးတော့ ကျွန်မကို အိမ်က ကိစ္စတွေကို တစ်ခါတည်း စီစဉ်လိုက်ဖို့လည်း ပြောတယ်။ ကျွန်မ စဉ်းစားနေတာက ဒီနှစ်ရက်အတွင်း ဒီအိမ်ကို ရှင်းပစ်လိုက်ရင် မကောင်းဘူးလား။ ပြီးရင် ကျွန်မတို့တွေ အိမ်ဆောက်မယ့် ပိုက်ဆံ လုံလောက်သွားပြီ။ ကျွန်မ အိမ်ဆောက်တဲ့ ကိစ္စကို စီစဉ်ဖို့ လူထပ်ရှာလိုက်မယ်။ စောစော အလုပ်စနိုင်ရင် ကျွန်မတို့တွေလည်း ဒီကနေ စောစော ပြောင်းထွက်လို့ ရတာပေါ့"

ဤသို့ပြောရင်း လင်းလောင်စစ်၏ ဇနီးသည် မျက်နှာထက်တွင် မျှော်လင့်တကြီး ဖြစ်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

လင်းလောင်စစ်မှာမူ မျက်မှောင်ကြုတ်လိုက်၏။

"အိမ်ရောင်းတဲ့ ကိစ္စက ဖြစ်နိုင်ပါတယ်။ ဝမ်မိသားစုဆီ ပြောင်းသွားဖို့ ကိစ္စကတော့..."

လင်းလောင်စစ်၏ မျက်နှာထက်တွင် တုံ့ဆိုင်းမှု အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်သည်။ "ငါ စဉ်းစားကြည့်ပြီးပြီ၊ နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်။ အစ်အစ်ကိုကြီးဝမ်တို့က ဧည့်ဝတ်ကျေပွန်ပြီး တို့အပေါ် အရမ်း ဂရုစိုက်ကြတယ်။ ဒါက ကောင်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ ငါက အခု ဒဏ်ရာရနေတုန်း။ တခြားလူ အိမ်မှာ သွားပြီး ဒဏ်ရာ ကုသနေတာက ဘယ်လိုပဲဖြစ်ဖြစ် မသင့်တော်ဘူး"

လင်းလောင်စစ်၏ ဇနီးသည် ထိုစကားကိုကြားသော် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သော်လည်း ခေါင်းညိတ်လိုက်၏။ သူမသည် ဤလင်းမိသားစု အိမ်မကြီးတွင် တစ်ခဏမျှပင် ဆက်လက် နေထိုင်လိုခြင်း မရှိတော့ပေ။ သို့သော် သူမယောက်ျား ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်။ အစ်အစ်ကိုကြီးဝမ်နှင့် အစ်မကြီးဝမ်တို့သည် သူတို့အပေါ် ကောင်းမွန်ကြပြီး သူတို့ကို လက်ခံရန် ဆန္ဒရှိကြ၏။ သို့သော် သူတို့ မိသားစုတစ်စုလုံး သူတစ်ပါးထံသို့ သွားရောက် အနှောင့်အယှက်ပေးခြင်း၊ ထို့အပြင် အချိန်ကြာမြင့်စွာ နေထိုင်ပါက မတော်တဆ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် ဆက်ဆံရေးကိုပင် ထိခိုက်သွားနိုင်ပေသည်။

"ဒီလို လုပ်ကြမလား၊ ငါတို့တွေ အိမ်ရောင်းတဲ့ အချိန်မှာ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ကို ကြိုပြောထားလိုက်မယ်။ ငါတို့ အိမ်အသစ် ဆောက်ပြီးတဲ့ အချိန်ကျမှ ငါတို့ ဒီကနေ ပြောင်းကြမယ်"

"ကောင်းပြီလေ။ ရှင့်သဘောအတိုင်းပဲ"

လင်းလောင်စစ်၏ ဇနီးက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

အိမ်ဆောက်ခြင်းသည် တစ်လ၊ နှစ်လခန့် ကိစ္စသာ ဖြစ်ရာ ခဏ သည်းခံလိုက်လျှင် ပြီးဆုံးသွားပေမည်။

လင်းလောင်စစ်သည် မျက်နှာထက်တွင် ပြုံးလိုက်၏။

"ပြီးတော့ အိမ်ဆောက်တဲ့ ကိစ္စပေါ့။ အိမ်ဆောက်တာက ကိစ္စသေးလေး မဟုတ်ဘူး။ လူအင်အား မနည်းဘူး လိုအပ်တယ်။ အိမ်ဆောက်တဲ့ အချိန်မှာ လူမကြည့်ဘဲနဲ့လည်း မဖြစ်ဘူး။ ငါ့ရဲ့ ဒီဒဏ်ရာ..."

ဤသို့ပြောရင်း လင်းလောင်စစ်သည် မိမိကိုယ်ပေါ်မှ ဒဏ်ရာများကို ခေါင်းငုံ့ ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် မုန်းတီးမှု အရိပ်အယောင်များ ပေါ်လာ၏။

အိမ်က ဤမျှ လျင်မြန်စွာ ငွေချေးရနိုင်မည်မှန်းသာ ကြိုသိခဲ့လျှင် သူသည် ဘာအတွက်ကြောင့် ဒုတိယအိမ်မှ လူများနှင့် သွားရောက် ရန်ဖြစ်ခဲ့ပါ့မလဲ။ သူသာ ယခု ဘာမှ မဖြစ်ပါက အိမ်ဆောက်သည့် ကိစ္စကို ချက်ချင်း လက်ခံ စီစဉ်နိုင်လောက်ပြီ ဖြစ်သည်။ သို့သော် မျက်စိရှေ့မှ ဤအခြေအနေအရ စိတ်လောနေရုံမှလွဲ၍ ဘာကိစ္စမျှ မလုပ်နိုင်ပေ။

"ကိစ္စမရှိပါဘူး။ ရှင် အိမ်မှာ ဒဏ်ရာကိုပဲ ကောင်းကောင်း ကုနေလိုက်။ မြေဝယ်တဲ့ ကိစ္စနဲ့ အိမ်ဆောက်တဲ့ ကိစ္စက အစ်အစ်ကိုကြီးဝမ်ဘက်မှာ လမ်းကြောင်း ရှိတယ်။ ကျွန်မ ဒီနှစ်ရက်အတွင်း ဝမ်မိသားစုဆီ သွားလည်လိုက်မယ်။ သူတို့ကို ကူညီဖို့ တောင်းဆိုပြီး ဒီကိစ္စကို အကောင်အထည် ဖော်ခိုင်းလိုက်မယ်" လင်းလောင်စစ်၏ ဇနီးက ပြုံးရင်း ပြောလိုက်သည်။

"အရင်တုန်းက အစ်မကြီးဝမ်က ကျွန်မကို ပြောဖူးတယ်။ 'ရှန်ယန်ရွာ' မှာ လူတချို့က အိမ်ဆောက်အဖွဲ့ အသစ်တစ်ခု ဖွဲ့ထားတယ်တဲ့။ လူ သိပ်မများဘူး၊ အပို အကူအညီလည်း မခေါ်ဘူး။ ဒါပေမဲ့ အလုပ်လုပ်တာ ကောင်းတယ်။ တိုးတက်မှုက နည်းနည်း နှေးနိုင်တယ်။ ဒါပေမဲ့ ပိုင်ရှင်က အခြေခံအားဖြင့် စိတ်ပူစရာ မလိုဘူး။ ပိုင်ရှင်က ပစ္စည်းဝယ်တာလောက်ပဲ တာဝန်ယူရုံပဲတဲ့။ တစ်နေ့ သုံးနပ်တောင် ကျွေးမွေးစရာ မလိုဘူး။ သူတို့ဘာသာသူတို့ ထမင်းချက်ဖို့ သီးသန့်လူ ငှားထားတယ်တဲ့။

ဒီလိုဆိုရင် ပိုတောင် လွယ်သေးတယ်။ အဲ့ဒီအချိန်ကျရင် ရှင် နည်းနည်းပါးပါး ကြည့်ပေးလိုက်ရုံပဲ။ ကျွန်မလည်း အလုပ်ရုံကို အလုပ်သွားဆင်းလို့ ရတယ်"

လင်းလောင်စစ်သည် အနည်းငယ် အံ့အားသင့်သွား၏။ ခဏမျှ စဉ်းစားပြီးနောက် အနည်းငယ် မယုံကြည် ဖြစ်သွားသည်။ အိမ်ဆောက်အဖွဲ့၏ အခြေအနေ အနည်းငယ်ကို ထပ်မံ မေးမြန်းကြည့်ရာ သူ့ဇနီးက အားလုံး ဖြေဆိုနိုင်သည်ကို မြင်မှ အနည်းငယ် စိတ်အေးသွား၏။

"တကယ်သာ ဒီလိုဆိုရင် အိမ်မှာ တကယ်ပဲ လူနှစ်ယောက် မလိုအပ်တော့ဘူး"

ပြီးနောက် လင်းလောင်စစ်သည် မိမိကိုယ်ပေါ်မှ ဒဏ်ရာများကို ထပ်မံ ငုံ့ကြည့်လိုက်၏။

"ငါ့ရဲ့ ဒီဒဏ်ရာတွေက အရေပြားဒဏ်ရာတွေချည်းပဲ။ ကြည့်ရတာပဲ ကြောက်စရာ ကောင်းတာ။ နားနားနေနေ နှစ်ရက်၊ သုံးရက်လောက် နေလိုက်ရင် မြေပေါ် ဆင်းပြီး လမ်းလျှောက်တာ ပြဿနာ မရှိလောက်ဘူး။ ဒီလိုဆိုရင်တော့ ပစ္စည်းဝယ်တာကို နှောင့်နှေးစေမှာ မဟုတ်ဘူး"

ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း ကိစ္စများမှာမူ မဖြစ်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် ပစ္စည်း သယ်ယူရန် လူ ငှားရမ်းနိုင်သည်။ သို့မဟုတ် ပစ္စည်းရောင်းသူဘက်မှ ပို့ဆောင်ပေးခိုင်းနိုင်၏။ ပိုက်ဆံ အနည်းငယ် သုံးလိုက်လျှင် အားလုံး ပြီးမြောက်နိုင်ပေသည်။

"အင်း"

လင်းလောင်စစ်၏ ဇနီးက ပြုံးရင်း ခေါင်းညိတ်လိုက်၏။

"ရှင့်ကို ဘာအားမှ စိုက်ထုတ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒီအိမ်ဆောက်အဖွဲ့က အတွေ့အကြုံ အရမ်း ရှိတယ်။ သူတို့ ကြွေးကြော်ထားတာက ပိုင်ရှင်ကို စိတ်အပူအပင် နည်းစေရမယ်တဲ့"

လင်းလောင်စစ်သည် ဤသည်ကို ကြားသော် စိတ်ထဲတွင် ပို၍ တည်ငြိမ်သွား၏။

"ကောင်းပြီ။ ဒါဆို ဒီအတိုင်း လုပ်ကြတာပေါ့"

လင်းလောင်စစ်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး လေးနက်စွာ ပြောလိုက်သည်။

လင်းလောင်စစ်၏ ဇနီးသည် မျက်နှာ ဝင်းပသွားပြီး၊ "ဒါဆို ကျွန်မ ခဏနေရင် အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ဆီ အိမ်ရောင်းတဲ့ ကိစ္စ သွားပြောလိုက်မယ်"

လင်းလောင်စစ်၏ မျက်နှာရိပ် အနည်းငယ် ပြောင်းသွား၏။

"မင်း ချက်ချင်း မသွားနဲ့ဦး။ ဒီလို လုပ်၊ နေ့လယ်ကျရင် ဟင်းကောင်းကောင်းလေး ချက်၊ ဦးလေးလီ အိမ်ကို နည်းနည်း သွားပို့လိုက်။ သူ့ကို နေ့လယ်ကျရင် တစ်ခေါက် လာခဲ့ဖို့၊ မင်းနဲ့ အတူတူ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ကို သွားတွေ့ဖို့ ပြောလိုက်။ ကိစ္စတွေ သဘောတူညီမှု ရသွားရင် အနောက်ဆုံး မနက်ဖြန်ကျရင် သူတို့ကို ပိုက်ဆံ ပေးချေခိုင်း။ ပြီးရင် ငါတို့နဲ့ အိမ်ဂရန် လွှဲပြောင်းလုပ်ခိုင်း"

လင်းလောင်စစ်၏ ဇနီးက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ"

ယောက်ျားဖြစ်သူ၏ စဉ်းစားတွေးခေါ်မှုသည် သူမထက် ပို၍ ပြည့်စုံ၏။ သူမသာ တံခါးဝအထိ သွားရောက်ပါက အနိုင်ကျင့်ခံရနိုင်ပေသည်။ ရွာသူကြီး အတူတကွ ရှိနေပါက သူမ စိတ်ထဲတွင်လည်း ပို၍ တည်ငြိမ်ပေမည်။

လင်းလောင်စစ်၏ ဇနီးသည် လင်းလောင်စစ်နှင့် ခဏမျှ ထပ်မံ တိုင်ပင်ပြီးနောက်မှ တံခါးဖွင့်၍ ထွက်သွား၏။ ပြီးနောက် စောစောစီးစီးပင် နေ့လယ်စာ ပြင်ဆင်လေတော့သည်။

ထမင်းစားချိန် နီးကပ်လာသော အခါတွင် လင်းလောင်စစ်၏ ဇနီးသည် အမှန်တကယ်ပင် စားစရာထည့်သော သေတ္တာတစ်လုံးကို ဆွဲကိုင်၍ ရွာသူကြီး၏ အိမ်သို့ သွားလေသည်။

ရွာသူကြီးနှင့်တွေ့သော် လင်းလောင်စစ်၏ ဇနီးသည် မိမိ တောင်းဆိုလိုသည့် ကိစ္စကို ပြောပြလိုက်ပြီး မိမိအိမ်မှ မြေဝယ်၍ အိမ်ဆောက်မည့် ကိစ္စကိုပါ ပြောပြလိုက်သည်။ တစ်ဆက်တည်းတွင် သခင်မကျိုးက သူတို့အိမ်အပေါ် ထားရှိသော ကျေးဇူးတရား၊ သူမအား ငွေချေးငှားသည့် ကိစ္စကိုပါ ထည့်သွင်း ပြောကြားလိုက်၏။

ရွာသူကြီးသည် ဤနေရာသို့ ကြားသော် အမူအရာ အနည်းငယ် လှုပ်ရှားသွား၏။ ပြီးနောက် ကူညီရန် ပွင့်ပွင့်လင်းလင်း သဘောတူလိုက်၏။

"ကောင်းပြီ၊ ငါ ဒီဘက်မှာ နေ့လယ်စာ စားပြီးရင် မင်းအိမ်ကို လာခဲ့မယ်။ အဲ့ဒီအချိန်ကျရင် မင်း တောင်းဆိုချက်တွေနဲ့ အခြေအနေတွေကို ငါ့ကို ထပ်ပြောပြ။ အကြီးဆုံးအိမ်နဲ့ ဒုတိယအိမ်ကို ဘယ်လို သွားဆွေးနွေးမလဲ ကြည့်ရတာပေါ့။ ငါ ရှိနေမှတော့ မင်းတို့ စတုတ္ထအိမ်ကို အရှုံးခံရမှာ မဟုတ်ဘူး"

လင်းမိသားစု၏ ရှုပ်ထွေးသော ကိစ္စများကို မူလက သူ ဝင်မစွက်ဖက်လိုတော့ပေ။ သို့သော် လင်းလောင်စစ်၏ဇနီးက သခင်မကျိုး၏လက်ထဲမှ ငွေ ချေးငှားနိုင်ခဲ့သည် ဆိုလျှင် အခြေအနေသည် အနည်းငယ် ကွာခြားသွားပြီ ဖြစ်သည်။ သူတို့အိမ်သည် လျိုမိသားစုနှင့် ဆက်ဆံရေး အမြဲတစေ ကောင်းမွန်ခဲ့ပြီး ယခု လျိုမိသားစု အလုပ်ရုံမှာမူ သာ့ရှီရွာ၏ အရေးကြီးဆုံး အလုပ်ရုံ ဖြစ်နေသည်။ သူက ရွာသူကြီး တစ်ယောက်အနေနဲ့ လျိုမိသားစုကို မျက်နှာသာ ပေးရပေမည်။

"ကျေးဇူးတင်ပါတယ် ဦးလေးလီ။ ကျေးဇူးတင်ပါတယ်"

လင်းလောင်စစ်၏ ဇနီးက အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်သည်။ အမူအရာမှာ စိတ်လှုပ်ရှားပြီး ရိုးသားလှသဖြင့် မြင်ရသည်မှာ ရွာသူကြီး၏ စိတ်ခံစားချက်သည် မည်သို့ကြောင့်မှန်း မသိဘဲ အနည်းငယ် ကောင်းမွန်သွား၏။

"တော်ပါပြီ၊ ပြန်တော့၊ မင်းတို့ လင်းလောင်စစ်ကို ကောင်းကောင်း ဂရုစိုက်လိုက်ဦး။ မင်းတို့အိမ် တကယ် အိမ်ဆောက်မယ်ဆိုရင် သူ့ကို အားကိုးရဦးမှာ"

ဟု ရွာသူကြီးက ရယ်မောရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့။ ကျွန်မ အခုပဲ ပြန်တော့မယ်။ ဦးလေးလီကို ကျေးဇူးတင်ပါတယ်"

လင်းလောင်စစ်၏ ဇနီးက နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုပြီးနောက်မှ ထွက်ခွာသွား၏။

.......

အိမ်ပြန်ရောက်သော် လင်းလောင်စစ်၏ မိသားစုသည် နေ့လယ်စာ စားပြီးခါစတွင် ရွာသူကြီးသည် အမှန်ပင် ရောက်ရှိလာခဲ့သည်။ ပြီးနောက် ရွာသူကြီးက လင်မယားနှစ်ယောက်၏ တောင်းဆိုချက် အစရှိသည်တို့ကို နားထောင်လိုက်၏။ ပြီးမှ လင်းလောင်စစ်၏ဇနီးအား သာ့နျိုကို ခေါ်ဆောင်၍ လင်းမိသားစု အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှ လူများကို လာရောက်ရန် ဖိတ်ခေါ်စေလိုက်သည်။

အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှ လူများသည် စတုတ္ထအိမ်က အိမ်ရောင်းသည့် ကိစ္စကို ဆွေးနွေးလိုသည်ဟု ကြားသိရသော် နှစ်အိမ်စလုံးမှ လူများ အားလုံး ရောက်ရှိလာကြသည်။ မကြာမီပင် လင်းမိသားစု စတုတ္ထအိမ်၏ ခြံဝန်းငယ်လေးထဲတွင် လူအများအပြား ရပ်နေကြ၏။

လူစုံသည်နှင့် ရွာသူကြီးက အချိန်များစွာ မဆွဲတော့ဘဲ လင်းလောင်စစ် လင်မယားနှစ်ယောက်ကို ကိုယ်စားပြု၍ အခြေအနေနှင့် အချက်အလက်များကို ပြောကြားလိုက်၏။

စတုတ္ထအိမ်က အနောက်ဆုံး မနက်ဖြန်တွင် ငွေ ရရှိလိုပြီး အိမ်ဂရန် လွှဲပြောင်းလိုကြောင်း သိရှိရသော် အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်တို့ အနည်းငယ် အံ့အားသင့်သွားကြသည်။ စတုတ္ထအိမ်က ချက်ချင်း အိမ်အသစ် ဆောက်လုပ်မည်ကို ထပ်မံ ကြားသိရသော် လူအများ ပို၍ပင် တုန်လှုပ်သွားကြ၏။

ကျန့်ရှီသည် မထိန်းနိုင်ဘဲ ဦးစွာ စတင် စကားပြောလိုက်သည်။

"ငါ ပြောမယ် မတ်လေး၊ အိမ်ဆောက်တာက လွယ်တဲ့ အလုပ် မဟုတ်ဘူး။ အိမ်သေးသေးလေး တစ်လုံး ဆောက်မယ် ဆိုရင်တောင်မှ လိုအပ်တဲ့ ငွေက နည်းတဲ့ အရေအတွက် မဟုတ်ဘူး။ အရင်တုန်းက အိမ်ခွဲထွက်တုန်းက တို့ အိမ်ထောင်စုခွဲ အားလုံးရဲ့ အခြေအနေက အတူတူလောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တို့ အကြီးဆုံးအိမ် လက်ထဲမှာတော့ အိမ်ဆောက်မယ့် ငွေ မထုတ်နိုင်ဘူး။ မင်းနဲ့ ယောင်းမက ဘယ်ကနေ ချမ်းသာလာကြတာလဲ"

ကျန့်ရှီက မကောင်းသော အကြံဖြင့် လင်းလောင်စစ်နှင့် လင်းလောင်စစ်၏ ဇနီးကို လှမ်းကြည့်လိုက်၏။

လူများသည် ဤစကားကို ကြားသော် အမှန်တကယ်ပင် လင်းလောင်စစ် လင်မယားနှစ်ယောက်ကို လှမ်းကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီတိုင်း၏ အကြည့်ထဲတွင် သံသယ အရိပ်အယောင်များ ပါဝင်နေ၏။ သူတို့ မမေ့ကြသေးပေ။ လင်းလောင်စစ်တွင် ပြစ်မှုကျူးလွန်ဖူးသော မှတ်တမ်းဟောင်း ရှိနေ၏။ အရင် ကျောက်စိမ်းဆွဲပြား ကိစ္စသည် အကောင်းဆုံး ဥပမာ ဖြစ်၏။

မဖြစ်နိုင်ဘူး မဟုတ်လား၊ ထို ငွေစ ၅၀သည် အားလုံး မဟုတ်သေးဘူးလား။ အဘိုးကြီး အဘွားကြီး နှစ်ယောက်က စတုတ္ထအိမ်ကို အပို ထောက်ပံ့ငွေများ ပေးထားသေးတာလား။

လင်းလောင်စစ်သည် ဤသို့သော အကြည့်များ၏ စူးစိုက်ခြင်းကို ခံနေရရာ စိတ်ထဲတွင် ဒေါသများ တမဟုတ်ချင်း ထွက်လာ၏။ သူ စကားပြောရန် ပြင်လိုက်စဉ် သူ့ဇနီးက စတင် ဆိုသည်ကို တွေ့လိုက်ရ၏။

"ယောင်းမကြီး ဒီစကားကို ပြောတာ ဘာအဓိပ္ပာယ်လဲ။ ကျွန်မနဲ့ ယောက်ျားမှာ ငွေမရှိဘူးဆိုရင် ငွေချေးလို့ မရဘူးလား"

ကျန့်ရှီ၏ မျက်နှာရိပ် အနည်းငယ် လှုပ်ရှားသွားပြီး လင်းလောင်စစ်၏ ဇနီးကို လှမ်းကြည့်လိုက်၏။

"အိမ်ဆောက်တဲ့ ငွေက နည်းတဲ့ အရေအတွက် မဟုတ်ဘူး၊ ဘယ်သူက နင့်ကို ချေးမှာလဲ"

မယုံကြည်သော အမူအရာဖြင့် မေးလိုက်၏။

လင်းလောင်စစ်၏ ဇနီးသည် မျက်နှာထက်တွင် ရွံရှာမှု အရိပ်အယောင် ဖြတ်ပြေးသွား၏။

"ဟွန်း၊ ရှင်တို့ လင်းမိသားစုဝင်တွေကို ရှာရင်တော့ တကယ် မရနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မက အလုပ်ရုံမှာ အလုပ်ဆင်းနေတာလေ..."

ကျန့်ရှီ မျက်နှာပျက်သွား၏။ ကျန်ရှိသော လင်းမိသားစုဝင်များ၏ မျက်နှာထားများလည်း အလွန် ဆိုးရွားသွားကြ၏။

လင်းလောင်စစ်မှာမူ သူ့ဇနီးကို တစ်ချက် ကြည့်လိုက်ပြီး စကားမဆိုခဲ့ပေ။ သူ့ဇနီး ပြောသည်မှာ မှန်၏၊ သူတို့ စတုတ္ထအိမ် အမှန်တကယ် ငွေချေးလိုပါက အပြင်လူကသာ ချေးငှားနိုင်ဖွယ် ရှိ၏။ သူတို့ လင်းမိသားစုဝင်များအပေါ်တွင်မူ တစ်ပြားတစ်ချပ်မျှပင် ချေးငှားရန် မျှော်လင့်မနေလေနှင့်။

လင်းလောင်စစ်၏ဇနီး မျက်နှာထက်တွင် ကျေနပ်သော အမူအရာ ပေါ်လာ၏။

"ဒုတိယအိမ်က ကျွန်မ ယောက်ျားအပေါ် လက်ပါခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရဦးမယ်။ မဟုတ်ရင် သခင်မကျိုးကလည်း တို့ကို သနားလို့ အိမ်ဆောက်ဖို့ ငွေချေးပေးမှာ မဟုတ်ဘူး"

ဤစကား ထွက်လာသည်နှင့် အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်တို့ အံ့အားသင့်သွားကြ၏။ စတုတ္ထအိမ် အိမ်အသစ် ဆောက်မည့် ငွေသည် သခင်မကျိုးက ချေးငှားခဲ့သည်လား။ တုန်လှုပ်သွားပြီးနောက် ဒေါသထွက်လာကြ၏။

ဤလင်မယားနှစ်ယောက်က လျိုမိသားစုဘက်နှင့် ဆက်ဆံရေး မနီးစပ်ဟုပြောခဲ့သည် မဟုတ်လား။ ဆက်ဆံရေး မနီးစပ်ဘဲ သခင်မကျိုးက ငွေချေးငှားရန် ဆန္ဒရှိမှာလား။ စတုတ္ထအိမ်မှ ဤလင်မယားနှစ်ယောက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တစ်ကိုယ်ကောင်းဆန်လှပေသည်။

သို့သော်လည်း စိတ်ထဲတွင် ဤသို့သော အတွေးများ ရှိနေသော်လည်း အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှ လူများသည် ထိန်းချုပ်ထားလိုက်ကြ၏။ ငွေသည် လင်းမိသားစု အဘိုးကြီး အဘွားကြီး နှစ်ယောက်က ပေးခဲ့ခြင်း မဟုတ်မှတော့ သူတို့သည် လင်းမိသားစု စတုတ္ထအိမ်ကို တောင်းဆိုရန် အကြောင်းပြချက် မရှိပေ။

ထို့အပြင် သခင်မကျိုးက လင်းလောင်စစ် လင်မယားနှစ်ယောက်ကို ငွေချေးပေးခဲ့သည်။ ဤအထဲတွင် ကိုယ်စားပြုသော အဓိပ္ပာယ်မှာ များပြားလှ၏။ အကယ်၍ သူတို့သည် စတုတ္ထအိမ်ကို ဆက်လက် အခက်တွေ့အောင် လုပ်နေပါက ဤလင်မယားနှစ်ယောက်က သခင်မကျိုးထံသို့ သွားရောက် ပြောကြားလျှင် ဘယ်လိုလုပ်ကြမလဲ။ လျိုမိသားစုမှ လူများကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်းသည် သူတို့အတွက် ကောင်းသော ကိစ္စတစ်ခု မဟုတ်ပေ။

"ဟားဟား၊ သခင်မကျိုးက ချေးတာဆိုတော့ ငါတို့တွေနဲ့ မဆိုင်တော့ပါဘူးလေ"

တန့်ရှီက ရယ်မောရင်း စကားတစ်ခွန်း ဝင်ဖြတ်လိုက်၏။

"မတ်လေး၊ မင်းပဲ ပြောပါဦး၊ မင်းမိန်းမက လူတိုင်းကို ခေါ်လာတာ။ မင်းတို့ စတုတ္ထအိမ်ရဲ့ ဒီအိမ်ကို ဘယ်လို ရောင်းချင်တာလဲ"

ဤစကား ထွက်လာသည်နှင့် လူတိုင်း လင်းလောင်စစ်ကို လှမ်းကြည့်လိုက်ကြ၏။ လင်းလောင်စစ်မှာမူ ရွာသူကြီးကို လှမ်းကြည့်လိုက်၏။

ရွာသူကြီး၏ အကြည့်သည် လူတိုင်း၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွား၏။ ပြီးနောက် အခြေအနေကို ပြောကြားလိုက်၏။

"လင်းမိသားစု စတုတ္ထအိမ်က ဒီအိမ်ကို အမြန်ဆုံး ရောင်းထုတ်ချင်တယ်"

စကားပြောပြီးနောက် ရွာသူကြီးက ပြောလိုက်သည်။

"မင်းတို့ နှစ်အိမ် အခု တိုင်ပင်လို့ ရပြီ။ ပြီးရင် ဈေးနှုန်း တင်ပြ"

အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှ လူများသည် ချက်ချင်း အစုနှစ်စု ကွဲသွားပြီးနောက် ဆူဆူညံညံ ဆွေးနွေးကြလေတော့သည်။

"ရွာသူကြီး၊ စတုတ္ထအိမ်က မနက်ဖြန် ငွေလိုချင်တယ်။ ပြီးရင် ကျွန်မတို့နဲ့ အိမ်ဂရန် လွှဲပြောင်းမယ်။ ဒါပေမဲ့ အိမ်အသစ် ဆောက်ပြီးတဲ့ အချိန်ကျမှ ပြောင်းထွက်မယ် ဆိုတော့။ ဒီအိမ်ငှားခကတော့ တွက်ရမှာပေါ့"

စကားပြောသူမှာ ကျန့်ရှီ ဖြစ်၏။

ဤစကား ထွက်လာသည်နှင့် အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှာ လူအများ၏ ထောက်ခံမှုကို ရရှိလိုက်၏။ ဟုတ်ပေသည်၊ ငွေပေးချေပြီး ဂရန် လွှဲပြောင်းပြီးပြီ ဖြစ်သည်။ ဘာအတွက်ကြောင့် စတုတ္ထအိမ်မှ လူများကို သူတို့၏အိမ်တွင် ဆက်လက် နေခွင့်ပေးရမှာလဲ။

ရွာသူကြီးသည် ဤစကားကို ကြားသော် မျက်နှာ အနည်းငယ် မည်းမှောင်သွား၏။ လင်းမိသားစု အကြီးဆုံးအိမ်နှင့် ဒုတိယအိမ်မှ လူများ ရောက်ရှိလာကတည်းက ဤလူများသည် စတုတ္ထအိမ်မှ လူများကို ကောင်းမွန်စွာ နေထိုင်ခွင့် ပေးရန် စဉ်းစားခဲ့ခြင်း မရှိပေ။ အစပိုင်းတွင် အိမ်ဆောက်မည့် ငွေ၏ရင်းမြစ်ကို သံသယ ဝင်ကြပြီးနောက် ယခုတစ်ဖန် ဤ ဘာမဟုတ်သော အိမ်ငှားခကို လာရောက် တွက်ချက်နေကြပြန်သည်။

ဒါက မိသားစုတစ်စုတည်း ဟုတ်သေးရဲ့လား။ အပြင်လူကိုပင် ဤမျှ ကပ်စေးနဲအောင် ပြုလုပ်ရန် ခက်ခဲပေမည်။

ဟုတ်သည်၊ "ကပ်စေးနဲခြင်း"။

ဤစကားလုံး နှစ်လုံးဖြင့် ဤအိမ်ထောင်စု နှစ်စုမှ လူများကို ဖော်ပြခြင်းသည် အမှန်တကယ် အသင့်တော်ဆုံး ဖြစ်၏။

"ဟုတ်တယ်၊ ဒီခြံဝန်းက နေရာ မသေးဘူး၊ တစ်လကို ငှားရမ်းခက ဘယ်လိုပဲဖြစ်ဖြစ် ကြေးပြား ၄-၅ရာလောက်တော့ ကျသင့်မှာပေါ့"

တန့်ရှီက စကားဖြည့်စွက်၏။

ကြားရသည်မှာ လင်းလောင်စစ် လင်မယားနှစ်ယောက်မှာမူ မျက်နှာများ မည်းမှောင်သွားကြ၏။

ရွာသူကြီး စကားမပြောရသေးမီတွင် လင်းလောင်စစ်၏ ဇနီးက ဦးစွာ စကားပြောလိုက်သည်။

"ငှားရမ်းခ ပေးလို့ ရတယ်။ ဒါပေမဲ့ နောက်ဆုံး ရောင်းမယ့် အိမ်ဈေးက ရှင်တို့ အပြိုင်ဈေးဆွဲတဲ့ အပေါ်မှာ ငှားရမ်းခရဲ့ တစ်ဆ ပေါင်းထည့်ရမယ်"

ဤစကားကို ဆိုပြီးနောက် လင်းလောင်စစ်၏ ဇနီး မျက်နှာထက်တွင် ကျေနပ်သွားသော အမူအရာ ပေါ်လာ၏။

ကျန့်ရှီနှင့် တန့်ရှီတို့က မိမိအား ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်သော်လည်း လင်းလောင်စစ်၏ ဇနီးသည်မှာမူ အနည်းငယ်မျှ မကြောက်ရွံ့ပေ။

"ဒါပေါ့၊ ယောင်းမကြီးနဲ့ ယောင်းမလတ်တို့က ကျွန်မတို့ စတုတ္ထအိမ်ရဲ့ အိမ်ကို မဝယ်လို့လည်း ရတယ်။ အများဆုံးတော့..."

လင်းလောင်စစ်၏ ဇနီးက စိတ်ပိုင်းဖြတ်လိုက်၏။

"ကျွန်မ မျက်နှာပြောင်တိုက်ပြီး သခင်မကျိုးဆီ နောက်တစ်ခေါက် သွားလိုက်မယ်။ သူ့ကို ငွေထပ်ချေးဖို့ တောင်းဆိုလိုက်မယ်"

လင်းလောင်စစ်ဇနီး၏ ယုံကြည်မှု အပြည့်ရှိသောအမူအရာကို ကြည့်ရင်း ကျန့်ရှီနှင့် တန့်ရှီတို့မှာမူ ကြောက်ရွံ့သွားကြ၏။ ဤ လင်းလောင်စစ်၏ ဇနီးက တကယ်ကိုသတ္တိကောင်းတာပဲ။ သခင်မကျိုးထံသို့ ငွေ သွားချေးရန်ပင် စဉ်းစားနေသေးသည်။ ထို့အပြင် ဤအမူအရာကို ကြည့်ရသည်မှာ မိမိကိုယ်မိမိ အမှန်တကယ် ချေးလို့ရရှိနိုင်မည်ဟု ယုံကြည်မှု အပြည့် ရှိနေပုံရ၏။

"ဒီလောက် စိတ်လှုပ်ရှားနေတာ ဘာလုပ်မလို့လဲ။ ငါ... ငါတို့ကလည်း ဒီအတိုင်း ပြောကြည့်တာပါ...။ မင်းတို့ အိမ်အသစ် ဆောက်ပြီးရင် ပြောင်းထွက်သွားမှာပဲ။ အခု ဒီအိမ်က အလွတ်ထားထားလည်း အလွတ်ထားထားတာပဲ။ မင်းတို့အိမ်ကို ရောင်းပြီး ငွေနည်းနည်း ယူလိုက်တာက ပိုမကောင်းဘူးလား"

ကျန့်ရှီက ပြောလိုက်သည်။

တန့်ရှီသည် ဤစကားကို ကြားသော် ချက်ချင်း ကျန့်ရှီကို လှမ်းကြည့်လိုက်ပြီးနောက် လင်းလောင်စစ်၏ ဇနီးကို လှမ်းကြည့်လိုက်၏။

"ဟုတ်တယ်။ အလွတ်ထားထားလည်း အလွတ်ထားထားတာပဲ။ လူမနေရင် အိမ်က ပိုပြီး ပျက်စီးလွယ်တယ်။ ငါတို့ ဒုတိယအိမ်ကို ရောင်းလိုက် ဒါမှမဟုတ် ငါတို့ကို ကြည့်ရှုစောင့်ရှောက်ခိုင်းထားရင်လည်း ဖြစ်တာပဲ"

ကျန့်ရှီသည် ဤစကားကို ကြားသော် ချက်ချင်း တန့်ရှီကို လှမ်းကြည့်လိုက်၏။ စတုတ္ထအိမ်အတွက် အိမ်ကို ကြည့်ရှုစောင့်ရှောက်ပေးမယ် ဟုတ်လား။ ဒီမိန်းမရဲ့ပါးစပ်က ဒီလိုစကားမျိုးပြောထွက်ရဲတယ်ပေါ့။ သို့သော် စတုတ္ထအိမ်က အမှန်တကယ် သဘောတူမည် ဆိုပါက သူတို့ အကြီးဆုံးအိမ်သည်လည်း စတုတ္ထအိမ်အတွက် ကြည့်ရှုစောင့်ရှောက်ပေးနိုင်ပေသည်။

ကျန့်ရှီ၏ မျက်လုံးများ လှုပ်ရှားနေသော အမူအရာကို မြင်သော် လင်းလောင်စစ်၏ ဇနီးသည် မျက်လုံးထဲတွင် ရွံရှာမှု အရိပ်အယောင် ဖြတ်ပြေးသွား၏။

"အပိုစကားတွေ နည်းနည်း လျှော့ပြော။ အိမ်ရဲ့ အနိမ့်ဆုံး ဈေးက ငွေစ ၃၀ ၊ ရှင်တို့ နှစ်အိမ် လိုချင်ရင် ဈေးပေး။ နောက်ပြီးတော့၊ နောက်ဆုံး ရောင်းချမယ့် ဈေးမှာ အပို ငွေ၁စ ပေါင်းထည့်ရမယ်"

***

All Chapters