← Chapters

သူ၏အစေခံများ တိုးမြှင့်ခြင်း

Vol. 39 Ch. 544

သူ၏အစေခံများ တိုးမြှင့်ခြင်း

Vol. 39 Ch. 544

အန်လင်းမှာ ထိုလေပေါ်မျောနေသော အဖြူရောင်အပိုင်းက မည်သည်ဖြစ်သည်ကို မသိသော်လည်း သွင်ပြင်တစ်ခုတည်းအရ ထိုသည်က သာမန်မဟုတ်သော တစ်စုံတစ်ခုဖြစ်သည်ကို သိပေ၏။

သူက ထိုအပိုင်းကို ပိုပြီးဂရုတစိုက် စူးစမ်းရန်အတွက် ထချင်သော်လည်း တစ်ချို့သော အနက်ရောင် အပင်ကိုင်းများ၏ချည်နှောင်ခြင်း ခံထားရပြီး လုံးဝလှုပ်ရှား၍ မရသည်ကို တွေ့လိုက်ရလေ၏။

"စောက်ကျိုးနည်း...။ ဒီဟာက ဘာကြီးလဲဟ။ မည်သည့်ခွန်အားမှ စုစည်း၍ မရပါပေ..."

အန်လင်းက လွတ်မြောက်ရန် ရုန်းကန်လိုက်သော်လည်း မည်သည့်ခွန်အားမှ မဆင့်ခေါ်နိုင်သလို သူ၏စွမ်းအင်ကို မလည်ပတ်နိုင်ပါပေ...။

အနက်ရောင်အပင်ကိုင်းများက သူ့တစ်ကိုယ်လုံးကို အပြင်ဘက်သို့ ထိုးထွက်နေပြီး အဖြူရောင်အပိုင်းအောက်ရှိ အနက်ရောင် ကျောက်တုံးပုံစံတစ်ခုနှင့် ပေါင်းစပ်သွားသည့် ထူထည်းလှသော ဦးမင်တစ်ခုနှင့် ချည်နှောင်ထားလေ၏။

သွားပြီ။ ဒီဟာက သေချာပေါက်ကို မိစ္ဆာအခမ်းအနားတစ်ခုပဲဆိုတာ သေချာတယ်...။

အန်လင်းမှာ သူ့ကိုယ်သူ ယဇ်ကောင်တစ်ကောင်အနေဖြင့် သူ့သွေးများအားလုံး အထုတ်ခံရကာ သေဆုံး ရှုံ့တွနေသော အလောင်း​​ကောင်တစ်ခုဖြစ် လျော့ချခြင်းခံရသည်ကို တွေးကြည့်လိုက်လေ၏။

သူက လှည့်ပတ်ကြည့်လိုက်ရာ ကတ်စီဒီ၊ မာလင်နှင့် ရွှယ်ကျန်းထျန်တို့မှာလဲ သစ်ကိုင်းနက်များဖြင့် ချည်နှောင်ခြင်း ခံထားရသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ မျက်လုံးများမှိတ်ကာ အေးချမ်းစွာ ပြုံးနေကြ၍ သူတို့ကိုယ်ပိုင် ဆန်းကြယ်လှသော ပုံရိပ်ယောင်နယ်မြေအတွင်း၌ ပိတ်မိနေကြသည်ကို ညွှန်ပြနေလေ၏။

သူတို့အပြင် အန်လင်းက တခြားလူသုံးဦးကိုလည်း တွေ့လိုက်ရသည်။

သူတို့ထဲမှ တစ်ဦးက ရွှေရောင်ဆံပင်နှင့် ချောမောသော အမျိုးသားတစ်ဦးဖြစ်ကာ အဖြူရောင်တောင်ပံတစ်စုံက သူ့နောက်ကျောမှ ထွက်နေပြီး သူ့လည်ပင်းတွင် ရွှေရောင်ကွင်းတစ်ခု ရှိနေ၏။ အနီရောင်ဝတ်ရုံဖြင့် ခန္ဓာကိုယ် တောင့်ဖြောင့်သော အမျိုးသားတစ်ဦးလည်းရှိပြီး သူ၏ ရွှေရောင်ဆံပင်မှာ ကတုံးဆံပင်ပေါက်ကေ ညှပ်ထားလေ၏။ ထိုတောင့်တင်းသော အမျိုးသားတွင်လည်း ကြက်သွေးရောင် လက်တစ်စုံရှိ၏။ နောက်ဆုံးအနေနှင့် ခန္ဓာကိုယ်အောက်ပိုင်းက အပြာရောင် ငါးအမြှီးနှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးလည်း ရှိ၏။ သူမသည် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမက မျက်လုံးတင်းတင်းပိတ်ထားသည်ကိုပင် အလွန်ဆွဲဆောင်မှုရှိသည့်ပုံပေါ်နေ၏။

သူတို့၏ကိုယ်လုံး ကိုယ်ပေါက်များကိုကြည့်ခြင်းဖြင့် အန်လင်းက ရွှေရောင်ဆံပင်တိုနှင့် အမျိုးသားက ဝါ​ယောအလင်းမျိုးနွယ်မှ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ပြီး ရေသူမနှင့်တူသော အမျိုးသမီးက အနောက်ပင်လယ်၏ စိတ်ဝိညာဉ် ငါးမျိုးနွယ်မှ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်သည်ကို ပြောနိုင်၏။

ကတုံးဆံပင်ပေါက်ကေနှင့် အမျိုးသားမှာမူ... ဟီးဟီးဟီး... သူက အန်လင်း၏ လက်ပါးစေအသစ် ဖြစ်လာတော့မည်ဖြစ်သည်။

သူတို့အားလုံးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြ၍ ဤနေရာတွင် သတိရှိနေသူမှာ အန်လင်းတစ်ဦးတည်းသာဖြစ်၏။

"ထင်ထားတဲ့ အတိုင်းပဲ၊ ငါက အကောင်းဆုံးပဲ..."

အန်လင်းက မကျော်လွှားနိုင်သော အထီးကျန်မှုကို ခံစားမိ၍ သက်ပြင်းချလိုက်လေ၏။

သူက အကောင်းဆုံးဖြစ်နေသော်လည်း ဤအပင်ကိုင်းများမှ လွတ်မြောက်မည် မဟုတ်သောကြောင့် အရေးမပါလှပေ။

ထိုသဘောကောင်းသော အဖိုးအိုနှစ်ဦးက ဤနေရာ၏ အစွမ်းအထက်ဆုံး BOSSများဖြစ်လိမ့်မည်ဟု အန်လင်းမတွေးခဲ့မိပါချေ။ သူတို့က အန္တရာယ်မရှိသော အဖိုးအိုကြီးများပုံပေါက်သော်လည်း ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်အများအပြားကို ဖမ်းဆီးနိုင်ပေ၏...။

သူတို့က ဘာတွေ ကြံနေကြတာလဲ။

အန်လင်းက ထိုသည်ကို အမှန်တကယ်တော့ ဂရုမစိုက်ပါချေ။ သူ၏ ပထမဦးစားပေးမှာ ဤနေရာက ထွက်သွားရန်ဖြစ်သည်။

"ဟေး...။ထျန်လေး... ထစမ်း....။"

အန်လင်းက မအော်ရဲ၍ အသံတိုးတိုးနှင့်သာ ခေါ်နိုင်၏။

"ခဲ့လေး...၊ ခဲ့လေး... ထစမ်း...။"

"ကတ်စီဒီ...၊ မာလင်... အိပ်မနေနဲ့။ ထကြစမ်းဟ...။"

အိပ်ပျော်နေသောသူတစ်ဦးက အလွယ်တစ်ကူ နိုးလာနိုင်သော်လည်း ပုံရိပ်ယောင် နယ်မြေထဲတွင် ပိတ်မိနေသော တစ်စုံတစ်ဦးမှာ နိုးထရန်မလွယ်ပါပေ။

အန်လင်းက အကြိမ်အနည်းငယ် ကြိုးစားလိုက်ပြီး ဤနည်းလမ်းကို လက်လျော့ကာ နည်းလမ်းအသစ် အသုံးပြုလိုက်ရ၏။

"ကတ်စီဒီ...၊ မာလင်...။ ငါက နင်တို့ကို မြင့်မြတ်သွေး ကီလိုဂရမ်တစ်ဝက်စီပေးဖို့ စီစဉ်တာ...။" အန်လင်းက အသံကျယ်ကျယ်ဖြင့် ကြေငြာလိုက်လေ၏။

ဘုန်း...။

သူတို့နှစ်ဦးမှာ အန်လင်း၏ စကားလုံးများကြောင့် ပြင်းပြင်းထန်ထန် တုန်ခါလာကြသည်။

ပုံရိပ်ယောင်နယ်မြေတစ်ခုအတွင်း၌ ပိတ်မိနေသော သူတစ်ဦးမှာ သူတို့၏ သတိစိတ်ကို အပြည့်အဝ မထိန်းချုပ်နိုင်သော်လည်း ခံစားအာရုံများအားလုံး ကုန်ဆုံးနေသည်ဟု မဆိုလိုပါပေ။ လုံလောက်သော လှုံ့ဆော်မှုတစ်ခုကို ထောက်ပံ့ပေးပါက သူတို့က သူတို့၏ပုံရိပ်ယောင်နယ်မြေများဆီမှ နိုးထလာနိုင်သည့် အခွင့်အရေးတစ်ခုရှိသည်။

အသေအချာပင် သူတို့နှစ်ဦးစလုံးက နိုးထလာမည့်လက္ခဏာများ ပြလာလေ၏။

"ထကြစမ်း။ နင်တို့ကို ငါ အချိန် သုံးစက္ကန့်ပေးမယ်။ အချိန်ကျော်သွားတာနဲ့ နင်တို့က မြင့်မြတ်သွေး ကီလိုဂရမ်တစ်ဝက်ဆီနဲ့ လွဲသွားမှာနော်" အန်လင်းက သူ၏ အံ့အားသင့်ကုသထုံးကို ဆက်လုပ်နေလေ၏။

ကတ်စီဒီ၏ မျက်ခုံးများက တွန့်​​ကွေးလားပြီး သူမ၏နှုတ်ခမ်းများက တုန်ယင်လာလေ၏။ "မဖြစ်ဘူး... သခင်... ငါ နင့်ကို စားပစ်မယ်။"

မာလင်က သူ၏နှုတ်ခမ်းများကို လျက်လိုက်လေ၏။ "မပြေးနဲ့ သခင်... ငါ... ငါ... နင့်ကို အရင်ဆုံး သွေးစုပ်ခွင့်ပေး...။"

အန်လင်းက သူတို့ အိပ်မက်ယောင်နေသည်များကို ကြားသောအခါ နှုတ်ခမ်းများ ရှုံ့မဲ့သွားလေ၏။ ဒီဟာက ဘယ်လို အစေခံတွေလဲဟ။

"ဟားဟားဟား... အန်လင်း... ငါက နောက်ဆုံးတော့ နင့်ကို သတ်လိုက်ပြီပေါ့..." ရွှယ်ကျန်းထျန်က ရုတ်တရက်ကြီး ပြုံးဖြီးကာ ရယ်မောလာလေ၏။

အန်လင်းမှာ လုံးဝပင် ကြောင်အသွားလေ၏။

ရွှယ်ကျန်းထျန်က ဘာလို့ သူ့ကို သတ်ချင်နေရတာတုန်း။

အဲဒါက တကယ်ပဲ သူ့ရဲ့စိတ်ဝိညာဉ် သားရဲလား။

ကတ်စီဒီနှင့် မာလင်တို့က မူးဝေနေသော မျက်နှာများဖြင့် တဖြည်းဖြည်း မျက်လုံးများ ပွင့်လာကြသည်။

ကတ်စီဒီက အရင်ဆုံး အသိစိတ်ဝင်လာပြီး ကြောက်ရွံ့နေသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။ "ငါပြန်လာပြီ။ ကြောက်စရာကောင်းလိုက်တာ။ ငါက အဲဒါက ပုံရိပ်ယောင်နယ်မြေတစ်ခု ဖြစ်နေတယ်ဆိုတာ စိတ်ထဲက သိနေပေမဲ့ ပိုပိုပြီး နစ်ဝင်သွားတာကို မရပ်နိုင်ဘူး။ ငါကြားတဲ့ အသံကြောင့်သာ မဟုတ်ရင် ငါနိုးလာမှာ မဟုတ်ဘူး..."

"ငါရောပဲ..." မာလင်က ခေါင်းငြိမ့်ပြလိုက်လေ၏။

ထို့နောက် ကတ်စီဒီက အန်လင်းကို ကြည့်လိုက်သည် "သခင်၊ နင်က ငါတို့ကို မြင့်မြတ်သွေး ကီလိုဂရမ်တစ်ဝက်ဆီ ပေးလိုက်မယ်လို့ ပြောတာ ကြားလိုက်သလားလို့..."

"ငါရောပဲ..." မာလင်က ထပ်မံ ခေါင်းငြိမ့်လိုက်ကာ အန်လင်းဆီသို့ လောင်ကျွမ်းနေသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

အန်လင်းက အေးစက်စွာ ရယ်လိုက်သည် "အဲဒါက ပုံရိပ်ယောင်နယ်မြေထဲက အသံပါ။ ငါက ဘာမှမပြောပါဘူး။"

ကတ်စီဒီက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်လေ၏။ "ပုံရိပ်ယောင်နယ်မြေထဲက အသံ...။ ပုံရိပ်ယောင်နယ်မြေက ရူးသွားတာလား။ ငါ့ကို နိုးလာအောင် ဘာလို့ အဲ့လိုအရာမျိုး ပြောရတာလဲ။"

"ပုံရိပ်ယောင်နယ်မြေက တကယ်ရူးနေတာ နေမယ်။ အဲ့ထဲမှာ ငါ့ကို ထွက်သွားအောင် သွေးဆောင်တဲ့ လူတွေလဲ ရှိနေတာ..." အန်လင်က နှုတ်ခမ်းတင်းတင်းစေ့ကာ တုံ့ပြန်လိုက်လေ၏။

ထိုသည်က အလိမ်အညာမဟုတ်သည်မှာ အတိအကျပင်။ မည်သို့ဆိုဆို၊ သူ့၏ ပုံရိပ်ယောင်နယ်မြေအတွင်းမှ စုရှောင်လန်က ထိုသည်က သူနှင့်မသက်ဆိုင်သော ကမ္ဘာတစ်ခုဖြစ်သည်ကို သတိပေးခဲ့ဖြစ်၍ တကယ့်ကမ္ဘာဆီသို့ ပြန်ရန် တိုက်တွန်းခဲ့သူဖြစ်ပေ၏။

သူက နယ်မြေများကို ပုံရိပ်ယောင်များအဖြစ် ညွှန်းဆိုသော်လည်း နယ်မြေအတွင်း၌ သူကြုံတွေ့ခဲ့ရသော ခံစားချက်မှာ သူ့ကို သံသယဝင်အောင် ပြုလုပ်နေလေ၏။ ထိုသည်က အမှန်တကယ်တော့ သူနှင့် အပြိုင်တည်ရှိနေသော တခြားအမှန်တရားဖြစ်နိုင်​​ပေ၏...။

ကတ်စီဒီနှင့် မာလင်တို့က အမှန်တကယ်တော့ အန်လင်းက သူပြောခဲ့သည်ကို မဝန်ခံသောအခါ ဘာမှ မလုပ်နိုင်ပါချေ။ မည်သို့ဆိုဆို သူတို့က သက်ဆိုင်ရာ ပုံရိပ်ယောင် နယ်မြေများထဲတွင် ပိတ်မိနေစဉ် သူတို့၏ စိတ်များက ရောထွေးနေသည်ဖြစ်၍ သူတို့ကြားသမျှကို အတည်မမှတ်ယူနိုင်ပါပေ။ ထို့အပြင် သူတို့က ပုံရိပ်ယောင်နယ်မြေများကို ချိုးဖောက်နိုင်သည်မှာ ထိုအသံ၏ ကျေးဇူးကြောင့်သာဖြစ်၏။

ထိုအခိုက်အတန့်မှာပင် ရွှယ်ကျန်းထျန်သည်လည်း သူ၏ကြီးမားလုံးဝန်းသော မျက်လုံးများကို စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖွင့်လိုက်လေ၏။ "ကောင်းကင်ဘုံရဲ့ ကျေးဇူးကြောင့်၊ နောက်ဆုံးတော့ ငါလုပ်နိုင်သွားပြီကွ...။"

"ဘာလုပ်ခဲ့တာတုန်း..." အန်လင်းက မဲမှောင်နေသော မျက်နှာဖြင့် မေးလိုက်သည်။

ရွှယ်ကျန်းထျန်က သူ့ဘာသာသာ နိုးထလာခြင်း ဖြစ်လေ၏။

ထို့ကြောင့် သူက သူ၏ ပုံရိပ်ယောင်နယ်မြေထဲမှ ကိုယ်ပိုင်ခွန်အားဖြင့် နိုးထလာခဲ့သည်မှာ ရှင်းလင်းပေ၏။

ရွှယ်ကျန်းထျန်မှာ အန်လင်းကို မြင်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားပြီး သူ့မျက်နှာထက်တွင် အနေခက်သော အပြုံးတစ်ခု ပေါ်လာလေ၏။ သူက သူ၏ အရည်ရွှမ်းနေသော မျက်လုံးကြီးများကို တဖျတ်ဖျတ်ခတ်လိုက်ကာ ချစ်စဖွယ် ဟန်ဆောင်လိုက်လေ၏ "ဟီးဟီး... ဘာမှ မဟုတ်ပါဘူး သခင်။ ငါက... နောက်ဆုံးတော့ ပုံရိပ်ယောင်နယ်မြေကို ချိုးဖျက်လာနိုင်ပြီလို့ ပြောတာပါ...။"

"အဲဒါဆိုရင် မင်းက ငါ့ကို သတ်တော့မယ်လို့ပြောတာကို ကြားလိုက်တာကရော ဘယ်လိုဖြစ်သွားလဲ။ ဒီလောက်တောင် တက်ကြွနေတာကို ကြည့်ရတာ အောင်မြင်သွားတာ ဖြစ်ရမယ်" အန်လင်းက အပြုံးတုတစ်ခု ပြုံးလိုက်လေ၏။

ရွှယ်ကျန်းထျန်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်သွားကာ အလန့်တကြား အော်ဟစ်လိုက်လေ၏။ "အဲဒါက အမှန်မဟုတ်ပါဘူး။ အဲဒါသာ အမှန်ဆိုရင် ဇွန်လမှာ နှင်းတွေ ကျလာလိမ့်မယ်။ ပုံရိပ်ယောင် နယ်မြေထဲက သခင်က ငါ့ရဲ့ သခင်အစစ်မဟုတ်ဘူးဆိုတာ ငါသိတယ်လေ။ အဲဒါကြောင့် သူ့ရဲ့ အယောင်ဆောင်ခြင်း ပြစ်မှုအတွက် လိမ်လည်သူကို သတ်လိုက်တာ...။"

အန်လင်းက မျက်လုံးလန်လိုက်လေ၏။ သူက ရွှယ်ကျန်းထျန်၏ အလိမ်အညာကို လုံးဝ မယုံသည်မှာ သိသာလှသည်။

သူက ဒီက လွတ်သွားပါက သူ့ကို သင်ခန်းစာတစ်ခုသင်ပေးရန် သေချာစေလိုက်၏။

"အခု ငါတို့အားလုံးက ဒီမှာ ချည်ထားခံရတယ်။ အဲ့တော့ လွတ်ဖို့အတွက် နည်းလမ်းတစ်ခု စဉ်းစားရအောင်...။" အန်လင်းက သူ၏လက်ပါးစေများအားလုံးနိုးလာပြီဖြစ်၍ စေခိုင်းလိုက်လေ၏။

ကတ်စီဒီနှင့် မာလင်က သူပြောသည်ကို မတုံ့ပြန်ပါပေ။ ထိုအစား သူတို့က သူတို့ရှေ့မ အဖြူရောင်အပိုင်းကို မျက်နှာသေဖြင့် ငေးကြည့်နေ​ကြလေ၏။

"မင်းတို့လည်း အဲ့ဒီအရာကြီးက ထူးဆန်းတယ်လို့ထင်တယ်မလား။ ငါလည်း အဲ့လိုထင်နေတာ။" အန်လင်းက သူသည် အမြင်အာရုံကောင်းသည်ဟု ခံစားလိုက်ရ၏။

"အဲဒါက ဒီအတိုင်း ထူးဆန်းနေတာပဲ မဟုတ်ဘူး..." မာလင်က ရေရွတ်လိုက်လေသည်။

"အဲဒါက နယ်မြေအူတိုင် အပိုင်းအစတစ်ပဲ..." ကတ်စီဒီက သူမကိုယ်တိုင်ပင် မသိလိုက်ပဲ တံတွေးမျိုချကာ ထိုအပိုင်းအစဆီသို့ ခုန်အုပ်ချင်ပုံရနေလေ၏။

အန်လင်းက လုံးဝပင် ကြောင်အနေသည်။

စောက်ကျိုးနည်း...။ အဲဒါက နယ်မြေအူတိုင်ရဲ့ အပိုင်းအစတစ်ခုတဲ့လား...။

---------------

All Chapters