← Chapters

သခင်လေးနဲ့ အတူ သေမည်

Vol. 1 Ch. 53

သခင်လေးနဲ့ အတူ သေမည်

Vol. 1 Ch. 53

ကျန်းရီသည် ကျန်းရုလုံ၏ အော်သံကို ကြားလိုက်သည်နှင့် ကျန်းရုလုံကို လှည့်ကြည့် လိုက်လေသည်။ သူ့မျက်လုံးများသည် တစ်ဖက်သွား ဓားနှယ် စူးရှနေခဲ့သည်။ သူသည် ကျန်လူများထံ မသွားတော့ဘဲ ကျန်းရုလုံထံ မြားတစ်စင်းနှယ် ပြေးဝင်သွားခဲ့သည်။

မာဂိုဏ်းသည် အကူရောက်လာခဲ့ပြီး ထိုသူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် ဖြစ်သည်။ ယနေ့တွင် မာဟေးချီနှင့် မာဂိုဏ်းသားအများစုသည် မသန်မစွမ်း ဖြစ်သွားကြပြီ ဖြစ်ကာ မာဂိုဏ်းမှ ထိုလူက သူ့ကို ဘယ်လိုလုပ် အလွန်ပေးပါ့မလဲ... ကျန်းရီသည် အဖြေကို မသိသော်လည်း သူသည် သေချာပေါက် ခရမ်းရောင် နန်းတော်ရှင်အဆင့်၏ ပြိုင်ဘက် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူမသေခင်တွင် ကိစ္စတစ်ချို့ကို ရှင်းလင်းခဲ့ ရပေမည်။

ကျန်းရီသည် မာဟေးချီအနီးမှ ဖြတ်လာခဲ့စဉ်တွင် သူ၏ ဓားသည် တစ်ဖန် အစိမ်းရောင် လင်းလက်သွားခဲ့ ပြန်သည်။ ဓားသည် မာဟေးချီ၏ ကျန်ခြေထောက် တစ်ဖက်ကို ဖြတ်တောက် သွားခဲ့ပြီး သူ၏ ဒန်တျန်း နေရာကိုလည်း ထိုးစိုက် သွားခဲ့သည်။

သူသည် မာဟေးချီကို မသတ်သော်လည်း အသုံးမဝင်သောသူ ဖြစ်သွားအောင် လုပ်လိုက်သည်။ ဤသည်က သေခြင်းထက်ပင် ပို၍ ဆိုးရွားပေသည်။ အကြီးအကဲချုပ် ကျန်းယွင်ဟိုင်သည် သူ့ကို ငယ်စဉ်က သင်ကြားပေးခဲ့ဖူးသည်... လူတစ်ယောက်က ပြဿနာ မရှာသင့်ဘူး... ဒါပေမဲ့ တစ်ယောက်ယောက်က ကိုယ့်ကို ရန်စလာခဲ့ရင် မသနားသင့်ဘူး ဟူ၍...

“ကျန်းရီ... မင်းသေရမယ်.. အစ်ကို မာယင်းက ဒီကိုရောက်နေပြီ... မင်းသေချာပေါက် သေရမှာပဲ”

နာကြည်းမှုများဖြင့် ပြည့်နေသော အသံတစ်သံသည် ကျန်းရုလုံထံ ပြေးသွားရန် ပြင်နေသော ကျန်းရီ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူသည် တစ်ချက် ဝေ့ကြည့်လိုက်ပြီး မာဖေး ဖြစ်နေကြောင်း သိလိုက်ချိန်တွင် မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်သည်။ သူသည် မာဖေးထံ နဂါးတစ်ကောင်နှယ် ပြေးဝင်သွားခဲ့သည်။

ကျန်းရီသည် သတ်ဖြတ်ချင် စိတ်များသာ ကြီးစိုးနေလေရာ ဘေးဘက်တွင် ပုန်းနေသော မာဖေးကို မမြင်ခဲ့ပေ။ သို့သော် မာဖေးသည် တုံးအ လွန်းပေသည်။ သူက ကြောက်ရမည်ထက် မုန်းတီး နေမှတော့ ပိုမုန်းတီးအောင် လုပ်ပေးတာက မကောင်းဘူးလား။

အစိမ်းရောင်ဓားသည် အခိုးအငွေ့သဖွယ် မာဖေး၏ ကိုယ်ကို ဖြတ်သန်း သွားခဲ့သည်။ မာဖေးသည် အစတည်းက အသုံးမဝင်သူ ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း အစိမ်းရောင်ဓားသည် သူ့ခြေထောက်များကိုပါ အလွတ်မပေးဘဲ ယူဆောင်သွားခဲ့ပြီ ဖြစ်သည်။

“အား”

ကျန်းရုလုံနှင့် အဖွဲ့သည် ခြောက်ခြားစွာ ကြည့်နေခဲ့ကြသည်။ သူသည် ရန်သူကို မျက်နှာလေး တစ်ချက်တောင် မပျက်ဘဲ သတ်လိုက်သည်မှာ ဖရဲသီးခွဲလိုက်သည့်နှယ်....

“ဝေါ့”

ကျန်းဂိုဏ်းသား အချို့သည် အော့အန် လိုက်ကြပြန်သည်။ သူတို့သည် ကျန်းစုန့်ကဲ့သို့ တောင်ပေါ်မှ ထွက်ပြေးချင် နေကြသည်။ သူတို့သည် လူ့လောက၏ ကြေးချွတ် သန့်စင်ဘုံမှ လွတ်မြောက်ချင်ကြပြီ ဖြစ်သည်။ သို့သော်  သူတို့၏ ခြေထောက်များသည် မလှုပ်ရှားနိုင်ကြပေ။ ထို့ပြင် ကျန်းရုလုံသည်လည်း ထွက်မသွားသေးရာ သူတို့လည်း ထွက်မသွားရဲပေ။

“ကျန်းရုလုံ”

ကျန်းရီသည် သူ၏ အနက်ရောင် ပုဝါကို ဖယ်ရှားလိုက်ပြီး သူ၏ မျက်နှာထက်မှ သွေးများကို သုတ်ရမည့်အစား မျက်လုံးအပေါ်ရှိ သွေးများကိုသာ ဆွဲသုတ်လိုက်သည်။ သူသည် ယခုတွင် လုံးဝကို ကြောက်စရာ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြီ ဖြစ်သည်။ သူသည် ကျန်းရုံလုံနှင့် အဖွဲ့ထံ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။ သူ့လက်ထဲမှ အစိမ်းရောင်ဓားသည် သွေးများ တစ်စက်စက်စီး ကျကာ အစိမ်းရောင်လင်းလက်ကာ လူတိုင်းအား ကျောချမ်းစေသည်။

“ကျန်းရီ... မင်းက မကောင်းမှု အကြီးကြီးကို ကျူးလွန်နေတာပဲ... မင်းဟာမင်း အခုရပ်လိုက်မယ် ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်... မဟုတ်ရင်တော့ မင်းနဲ့ မင်းအစေခံ မိန်းကလေး နှစ်ယောက်လုံးက သေရမယ်”

ကျန်းရုလုံသည် ကျန်းရီသူ့ထံသို့ လျှောက်လာ နေသည်ကို မြင်ရသောအခါ ကြောက်ရွံ့ နေခဲ့သည်။ သူသည် တကယ်တမ်းတွင် ထွက်ပြေးချင် နေခဲ့သည်။ သို့သော် သူသည် မာယင်း၏ အသံကို ကြားလိုက်ရာ မာဂိုဏ်းသည် သူ့ကို ကျန်းရီ၏ ကြံရာပါအဖြစ် မှတ်ယူသွားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ပြင် သူသည် ကျန်းရှောင်နူကို ဝှက်ဖဲအဖြစ် သုံးလိုက်လျှင် ကျန်းရီ မလှုပ်ရှားရဲ လောက်ဟု တွေးနေခဲ့သည်။

သို့သော် သူသည် သူ့ထံသို့ သတ်ချင်စိတ် အပြည့်နှင့် ပြေးလာနေသော ကျန်းရီကို တွေ့သောအခါ သူ့ဆုံးဖြတ်ချက်ကို နောင်တရ သွားခဲ့သည်။ သူသည် နောက်ကို ဆုတ်ရင်း အော်ဟစ်လိုက်သည်...

“ကျန်းရီ... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ... မင်း ငါတို့ကို သတ်ချင်နေတာလား... မင်းနဲ့ တစ်ဂိုဏ်းတည်းသားတွေကို သတ်တော့မလို့လား”

“နောက်ဆုတ်ကြ”

ကျန်းရုလုံ နောက်ဆုတ်သည်ကို မြင်လျှင် ကျန်လူများသည်လည်း ကြောက်လန့်တကြား ကျိန်ဆဲရင်း နောက်ဆုတ်လိုက် ကြသည်။ သို့သော် နေရာတွင်သာ ရပ်နေကာ အန်နေကြသူ နှစ်ယောက်လည်း ရှိနေသေးသည်။

လက်သည် မြင့်တက်သွားခဲ့ပြီး ဓားသည်လည်း ကျလာခဲ့ပေပြီ။

လက်မောင်း နှစ်ခုသည် လွင့်ထွက်သွားခဲပြီး ကိုယ်နှစ်ခုသည် မြေပေါ်တွင် လူးလှိမ့်အော်ဟစ် နေခဲ့သည်။ ကျန်းရီသည် ရှေ့သို့သာ ဆက်တိုး လာခဲ့သည်။ သူသည် ကြောက်လန့် ချောက်ချား နေကြသည့် မျက်နှာများကို ဝေ့ကြည့်လိုက်ပြီး အေးစက်စက် ရယ်မောလိုက်သည်...

“တစ်ဂိုဏ်းတည်းသားချင်း ဟုတ်လား... သွားစမ်းပါ... မင်းတို့ထဲက ဘယ်သူများ ငါ့ကို ဂိုဏ်းသား တစ်ယောက်လို ဆက်ဆံခဲ့ဖူးလဲ... မင်းတို့က ရှောင်နူကို ပြန်ပေးဆွဲပြီး ငါ့ကို ပြိုင်ပွဲကနေ ထုတ်ပစ်ဖို့ ကြိုးစားတယ်... မင်းတို့က အပြင်လူနဲ့ ပူးပေါင်းပြီးတော့ ငါ့ကို အန္တရာယ်ပြုတယ်... မင်းတို့က ငါ့ကို ဂိုဏ်းသား တစ်ယောက်လို မဆက်ဆံမှတော့ ငါကဘာလို့ ဆက်ဆံပေးရမှာလဲ... မင်းတို့က ငါ့ကို သတ်ချင်နေမှတော့ ငါက ဘာလို့ မင်းတို့ကို မသတ်နိုင်ရမှာလဲ။

ကျန်းရီ၏ အရှိန်သည် ပိုမိုမြန်ဆန် လာခဲ့သည်။ သူ၏ အစိမ်းရောင်ဓား ဝှေ့ယမ်းသွားသော နေရာတိုင်းတွင် လက်တစ်ဖက် သို့မဟုတ် ခြေတစ်ဖက်တော့ ပြတ်တောက် သွားရသည်သာ...

“ရှူး”

အချက်ပြ မီးရှူးတစ်ခုသည် ကောင်းကင်ထက်ဆီသို့ ထိုးတက် သွားခဲ့သည်။ ကျန်းရုလုံသည် ကျန်းဂိုဏ်း၏ အရေးပေါ် အချက်ပြမီးရှူးကို ထုတ်ယူကာ လွှတ်တင်လိုက်ခြင်း ဖြစ်သည်။ ကျန်းဂိုဏ်းသည် တောင်အောက်တွင်သာ ရှိရာ သူတို့သာ ကျန်းရီကို အချိန်နည်းနည်း ဆွဲထားနိုင်ပါက အသက်ရှင်ရန် အခွင့်အရေး ရှိပေသည်။

“သခင်လေးချီ... ကျန်းချီဒီမှာ... ခဏလောက် တောင့်ခံထားပါ”

အော်သံ တစ်ခုသည် တောင်အောက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် ဖြစ်ရာ သူသာ ရောက်လာလျှင် သူတို့ ဘေးကင်းပြီ ဖြစ်သည်။

“အစ်ကို”

ထိုအချိန်၌ပင် ဝတုတ်တုတ် အရိပ်တစ်ခုသည် သစ်တောထဲမှ ထွက်လာခဲ့သည်။ သူ၏ လက်တစ်ဖက်တွင်တော့ သွေးများ ဖုံးလွှမ်းနေသော မိန်းကလေးတစ်ယောက်ကို သယ်ထားခဲ့လေသည်။ သူသည် သတ်ကွင်းအလယ်မှ ကျန်းရီကို မြင်လျှင် အော်ပြောလိုက်သည်...

“ကျန်းရီ... အခုချက်ချင်း ရပ်လိုက်... မရပ်ရင် ငါကျန်းရှောင်နူကို သတ်လိုက်မယ်”

ကျန်းရီသည် ကျန်းရုဟူကို လှည့်ကြည့် လိုက်သော်လည်း ကျန်းရီ၏ မျက်နှာသည် တစ်ချက်မှ ပြောင်းလဲ မသွားခဲ့ပေ။ ကျန်းရီသည် လှောင်ပြောင်ကာ ပြန်ပြောလိုက်သည်...

“ဒါဆိုရင်လည်း သတ်လိုက်လေ... မင်း သူမကို သတ်လိုက်ရင် ငါမင်းကို ဒီမှာတင် တစ်စစီဖြစ်အောင် လုပ်ပစ်မယ်... ဒီနေ့ပြီးရင်ရော ရှောင်နူနဲ့ ငါက အသက်ရှင်မယ်လို့ မင်းထင်လား”

သူသည် တောင်ပေါ်ကို မတက်ခင်က ရှောင်နူကို ကယ်ရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။ မာဟေးချီ၏ ခြေထောက်ကို ဖြတ်လိုက်ပြီး မာဂိုဏ်းမှ ခရမ်းရောင် နန်းတော်ရှင် အဆင့်လူ ရောက်လာကြောင်း သိလိုက်ချိန်တွင် ကျန်းရီသည် သူ၏ မူလရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ကျန်းရီသည် ဓားတစ်ချက် ဝှေ့လိုက်ကာ ကျန်းစုန့်၏ ခြေထောက် တစ်ချောင်းကို ဖြတ်လိုက်ပြီး ကျန်းရုလုံထံ ခုန်ဝင်ကာ တိုက်ခိုက် နေခဲ့သည်။ သူသည် ကျန်းရုလုံကိုသာ ကြည့်နေခဲ့ပြီး ကျန်းရှောင်နူ၏ လည်ပင်းထက်တွင် ဓားထောက်ထားသော ကျန်းရုဟူကို လုံးဝ လျစ်လျူရှု ထားခဲ့သည်။

ကျန်းရီသည် ကျန်းရုဟူ ကျန်းရှောင်နူကို သတ်လိုက်မည်ကို မကြောက်ပေ။ သူမ၏ ခြေထောက်များ အဖြတ်ခံရသည်ထက် စာလျှင် ပို၍ပင် ကောင်းသေးသည် မဟုတ်ပါလား။

“ကောင်းပြီ”

ကျန်းရုဟူ၏ မျက်လုံးများသည် အရောင်လက် သွားခဲ့သည်။ သူသည် ဓားကို မြှောက်လိုက်ကာ ကျန်းရှောင်နူ၏ ခြေထောက် တစ်ချောင်းကို ရက်ရက်စက်စက် ထိုးချ လိုက်လေသည်။

“မင်းလုပ်ရဲလား”

ကျန်းရီသည် အာရုံပြောင်းသွားကာ ကျန်းရှောင်နူကို လှည့်ကြည့်လိုက်သည်။ သူသည် ကိုယ်ကိုလည်း လှည့်လိုက်ကာ ကျန်းရှောင်နူထံ ပြေးသွားခဲ့သည်။ သူသည် သူ့ကို တစ်ဖက်သွားဓားရှည်နှင့် လှန်းခုတ်လိုက်သော ကျန်းရုလုံကို မေ့သွားဟန်ရသည်။

“ဝှစ်”

ကျန်းရုလုံ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပသွားကာ ကျန်းရီ၏ ခေါင်းကို တစ်ဖက်သွားဓားနှင့် လှမ်းပစ်လိုက်သည်။

ကျန်းရီ၏ ခေါင်းသည် ကွဲတော့မည့် ဆဲဆဲတွင် ကျန်းရီသည် နောက်သို့ ရှောင်လိုက်ပြီး ကျန်းရုလုံကို ခြေထိုးခံလိုက်သည်။ သူ၏ လက်တစ်ဖက်သည် ကံတရား၏ ဓားစိမ်းကို  အသွားဘက်မှ ပြောင်းပြန်ကိုင်ကာ အပေါ်သို့ မြှောက်လိုက်သည်။ ထို့နောက် သူသည် အော်ဟစ်လိုက်သည်...

“ကျန်းရုဟူ... မင်းအစ်ကို သေပြီ”

ဓားသည် ကျန်းရီ၏ အပေါ်တည့်တည့်သို့ ကျလာသော်လည်း ကျန်းရီ ခြေထိုးခံလိုက်သောကြောင့် ကျန်းရုလုံ၏ ရှည်လျားသော အရပ်ကြီးသည် ကျန်းရီဘက်သို့ လဲကျလာကာ ဓားသည် သူ၏ နောက်ကျောကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ကျန်းရီ၏ နောက်ဘက်မှ သွေးများ ပန်းထွက်လာခဲ့သည်။ ဓားသည် ကျန်းရုလုံ၏ ရင်ဘတ်ထိ ထုတ်ချင်း ပေါက်သွားခဲ့ပြီး ကျန်းရုလုံ၏ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ သူ၏ မျက်လုံးများသည် မယုံနိုင်သည့်နှယ် ပြူးကျယ်နေခဲ့ရင်း တွေးတောနေခဲ့သည်... ကျန်းရီက ကျန်းရှောင်နူဘက်ကို အာရုံပြောင်းသွားတာ မဟုတ်ဘူးလား... သူက အရာရာကို ဘယ်လိုများ တိတိကျကျ တွက်လိုက်တာလဲ။

“အစ်ကို”

ကျန်းရုဟူသည် ဓားမြှောင်ကို ထိုးချတော့မည့် ဆဲဆဲတွင် အခြေအနေ ပြောင်းလဲမှုကို တွေ့မြင်လိုက်ပြီး သူ့လက်သည်လည်း လေထဲတွင် ရပ်တန့် သွားခဲ့သည်။ သူသည် ကြောက်လန့်စွာ အော်ပြောလိုက်သည်...

“ကျန်းရီ... မင်း ငါ့အကိုကို သတ်လိုက်ပြီဆိုတော့ ငါလည်း ဒီကောင်မလေးကို သတ်လိုက်မယ်”

“ဘန်း”

ကျန်းရီသည် တံတောင်ဆစ်ကို သုံး၍ ကျန်းရုလုံကို လွင့်သွားအောင် တိုက်ထုတ်လိုက်သည်။

“မင်းအစ်ကိုက မသေသေးဘူး... မင်းသူ့ကို ဆေးကုဖို့ ကျန်းအိမ်တော်ကို မြန်မြန်သယ် မသွားဘူး ဆိုရင်တော့ တစ်နာရီအတွင်း သူသေသွားလိမ့်မယ်... ရှောင်နူကို လွှတ်လိုက်... ငါမင်းတို့ နှစ်ယောက်ကို အသက်ရှင်ခွင့် ပေးလိုက်မယ်”

ကျန်းရုဟူ၏ မျက်လုံးများသည် ခပ်မှိန်မှိန် လင်းလာခဲ့သော်လည်း ကျန်းရှောင်နူကို မလွှတ်ပေးပေ။ သူသည် ကျန်းရှောင်နူကို လက်တစ်ဖက်နှင့် ချုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်မှ ဓားမြှောင်ကို မြှောက်ကာ သူမ၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်သည်။ သူသည် ကြောက်ကြောက်လန့်လန့်နှင့် ပြောလာခဲ့သည်....

“ကျန်းရီ... ငါ့ကို မလိမ်နဲ့.... ငါက အများကြီး မသင်ယူထားဘူး၊ မထက်မြက်ဘူး ဆိုပေမဲ့ ငါသူမကို လွှတ်လိုက်တာနဲ့ မင်းက ငါ့ကို သတ်လိမ့်မယ်”

“အဟွတ်... အဟွတ်”

နောက်ဆုံးတွင် ကျန်းရှောင်နူသည် မေ့မြောနေရာမှ သတိပြန်ရလာပြီ ဖြစ်သည်။ သူမသည် ချောင်းအနည်းဆိုး ပြီးသော် ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ သူမသည် ကျန်းရီကို မြင်သောအခါ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်သည်...

“သခင်လေး... တကယ်ပဲ သခင်လေးလား... မဟုတ်သေးဘူး... သခင်လေး ပြေးတော့”

“ဟား.. ဟား.. ဟား”

ကျန်းရီသည် ကျန်းရှောင်နူကို ကြည့်ကာ သိမ်မွေ့သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး ရယ်မောလိုက်သည်။ သို့သော် သွေးများ စွန်းနေသော သူ့မျက်နှာသည် အလွန်ကြောက်စရာ ကောင်းနေလေသည်။ ထို့နောက် သူသည် အော်ဟစ်လိုက်သည်...

“ရှောင်နူ... သခင်လေးက မင်းကို မကယ်နိုင်တော့ဘူး... သခင်လေးက လူတိုင်းကို သတ်ပြီးတော့ မင်းနဲ့အတူ သေခိုင်းဖို့ပဲ တတ်နိုင်တော့တယ်”

“သခင်လေးချီ”

“သခင်လေးလုံ”

ထိုအချိန်တွင် အတော်ဝေးဝေးရှိ ပုံရိပ်နှစ်ခုထံမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။

“ကျန်းရီ... ဒါကို ဖမ်းလိုက်”

ကျန်းရုဟူသည် လူနှစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လျှင် စိတ်သက်သာရာ ရသွားကာ ရှောင်နူကို ဘေးဘက်သို့ ပစ်လိုက်ပြီး သူ၏ ဓားမြှောင်ကို ရှောင်နူထံ လှမ်းပစ်လိုက်သည်။ ကျန်းရီသာ ရှောင်နူကို ကယ်လိုက်လျှင် သူ့အတွက် မာယင်းနှင့် ကျန်းချီရောက်လာအောင် အချိန်ဆွဲနိုင်မည် ဖြစ်သည်။

ကျန်းရီသည် သူ့ဦးတည်ရာကို ရှောင်နူထံ မပြောင်းဘဲ ကံတရား၏ ဓားစိမ်းကိုသာ ပစ်ထုတ်လိုက်သည်။ သူသည် ကျန်းရုဟူ ထံသို့သာ နဂါးတစ်ကောင်နှယ် ပြေးဝင် သွားခဲ့သည်။ သူ၏ အပြာရောင်နှင့် အနက်ရောင် တောက်ပနေသော လက်သီးသည် ကျန်းရုဟူ၏ ခေါင်းကို ဖရဲသီးတစ်လုံးနှယ် ကွဲထွက်သွားစေသည်။

“ချလွမ်”

ကံတရား၏ ဓားစိမ်းသည် ကျန်းရုဟူ ပစ်လိုက်သော ဓားကို တည့်တည့် ထိမှန်သွားပြီး ကျန်းရှောင်နူသည် မြေပြင်ပေါ်သို့ ဘေးကင်းစွာ ကျရောက် သွားခဲ့သည်။ ကျန်းရီသည် ပျော်ရွှင်သည့် အမူအရာ မပြခဲ့ပေ။ သူသည် တဖြည်းဖြည်း နီးကပ်လာသော လူနှစ်ယောက်ကို ကြည့်ကာ ခြောက်ကပ်စွာ ပြုံးလိုက်သည်။ ထို့နောက်သူသည် ရှောင်နူကို လှည့်ကြည့်ကာ မေးလိုက်သည်...

“ရှောင်နူ… သခင်လေးနဲ့ အတူ သေဆုံးရမှာကို ကြောက်နေလား”

ကျန်းရှောင်နူသည် မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိကာ တစ်ကိုယ်လုံး စုတ်ပြတ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် သူမသည် နာကျင်ဟန် လုံးဝမပြဘဲ သူမ၏ သွားစွယ်လေး နှစ်ချောင်းပေါ်အောင်ပင် ပြုံးပြလာခဲ့သည်။ သူမသည် ခေါင်းညိတ်ကာ ပြန်ဖြေလာခဲ့သည်...

“သခင်လေးနဲ့ အတူတူ သေရမယ်ဆိုရင် ဘဝမှာ အပျော်ဆုံးပါပဲ”

***

All Chapters