အရူးသွပ်ဆုံး ကုသရေး
Vol. 19 Ch. 271
ကောင်းမင်သည် စီတုအန်း၏ အိမ်တွင်းသို့ ဝင်ရောက်လိုသော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ ဖြစ်နေသည်။ ဆရာဝန်နှစ်ဦးမှာ အတူတကွ သေဆုံးရန် အသင့်ရှိသည့်နှယ် တစ်ဦးကိုတစ်ဦး ဖက်ထားကြသည်။ ကောင်းမင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့သည် သူ့ကို နားမလည်ကြောင်း ခံစားမိသည်။ ခွေးကြီးကို သူ့အတွက် စကားပြန်အဖြစ် ဆောင်ရွက်စေလိုသော်လည်း ခွေးကြီးသည် အရိပ်ထဲမှ ထွက်ရဲခြင်း မရှိပေ။ ကောင်းမင်၏ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ကန်ထည့်မည်ကို ခံရမည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ ခွေးကြီးတွင် ရှင်းလင်းသည့်အမြင်ရှိသည်။ကောင်းမင်သည် မည်သို့သောလူစားမျိုး ဖြစ်သည်ကို သိသောကြောင့် ကောင်းမင်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ကောင်းမင်အား မည်သို့သော လူစားမျိုးဖြစ်သည်ကို သိသောကြောင့်လည်း အနားသို့ ကပ်မလာခြင်းဖြစ်သည်။
“ထားပါတော့ ၊ မင်းကို ငါ အတင်းအကျပ် မလုပ်ခိုင်းပါဘူး”
ကောင်းမင်သည် သူ့ အိတ်ကပ်ထဲမှ ရွှမ်ဝမ်၏ မင်္ဂလာဓာတ်ပုံကို ထုတ်ယူလိုက်သည်။ ထိုလူသေဓာတ်ပုံသည် သူ ပထမဆုံး တွေ့ရှိခဲ့သည့် အချိန်မှစ၍ များစွာ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဓာတ်ပုံထဲတွင် ကောင်းမင်သည် အရောင်အသွေး စုံလင်နေပြီး ရွှမ်ဝမ်၏ ဝတ်စုံတွင် အရောင်စတင် ရရှိလာသော်လည်း သူမ၏ အသားအရေမှာ သေဆုံးနေသည့်ပမာ ဖြူဖျော့နေဆဲပင်။
ကောင်းမင်သည် ထိုဓာတ်ပုံကို ဆရာဝန်နှစ်ဦးအား ပြသလိုက်သည်။ကောင်းမင်က သူတို့ဓာတ်ပုံထဲမှ ကလေးကို လက်ညှိုးထိုးပြပြီးနောက် ရွှမ်ဝမ်ကိုပါ ပြန်ပြ၍
“ဒီကလေးက မင်းတို့ရဲ့ မိသားစု သူက ငါ့ရဲ့ မိသားစုပဲ ၊ ဆေးရုံမှာ သူ့ကို မြင်ခဲ့သလား”
အကြိမ်ကြိမ် ရှင်းပြပြီးနောက်တွင်မှ အမျိုးသမီးဆရာဝန်သည် ကောင်းမင်ကို နားလည်သွားခဲ့သည်။ သူမသည် အနာမကျက်နိုင်သေးသည့် သူမလက်မောင်းပေါ်မှ ဒဏ်ရာကို ပြသလိုက်သည်။ထို့နောက် သူမ၏ အင်္ကျီအတွင်းမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
“အစာအိမ်နဲ့ အူလမ်းကြောင်းဌာနက ပုလင်းတစ်လုံးလား”
ပုလင်းသည် ဗလာဖြစ်နေ၏။ ကောင်းမင်သည် ပုလင်းကို ကောက်ယူလိုက်ပြီး အမျိုးသမီးဆရာဝန်၏ လက်မောင်းကို ကြည့်လိုက်သည်။ ရှည်လျားလှသော ဓားဒဏ်ရာတွင် ယုံကြည်ခြင်းစွမ်းအားများ ကိန်းအောင်းနေသည်ကို တွေ့ရသည်။
“ဒါက ရွှမ်ဝမ်ကြောင့် ဖြစ်ခဲ့တာလား ၊ သူက ဂိမ်းကနေတစ်ဆင့် သက်ရှိတွေရဲ့အသိစိတ်တွေကို စုစည်းခဲ့တာပဲ”
အမျိုးသမီးဆရာဝန်၏ လမ်းညွှန်မှုဖြင့် ကောင်းမင်သည် ခွဲစိတ်ခန်းတံခါးတွင် သင်္ကေတတစ်ခုကို မြင်လိုက်ရသည်။ တံခါးတွင် အနီရောင်မျဉ်းကြောင်းဖြင့် ပိုင်းဖြတ်ထားသော အနီရောင် မေးခွန်းအမှတ်အသားတစ်ခု ရှိနေခဲ့သည်။ ‘ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်’ဂိမ်း တွင် ထိုသင်္ကေတသည် ချက်ချင်းကျရောက်တော့မည့် အန္တရာယ်ကို ကိုယ်စားပြုလေသည်။
“အရမ်း အလျင်စလိုဖြစ်နေတော့ ရွှမ်ဝမ်ချန်ထားခဲ့တဲ့ ဒီသတိပေးချက်ကို ငါ သတိမထားမိခဲ့ဘူး”
သဲလွန်စများကို ကိုင်စွဲ၍ ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်းမှ ထွက်ခွာလာခဲ့သည်။ သားစားကြူးနတ်ဘုရားသည် ခွဲစိတ်ခန်းအတွင်းရှိ မကောင်းဆိုးဝါးများကို အားလုံး ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်သည်။သူက အကြွင်းအကျန်များကို ဘေးဖယ်ထားလိုက်သည်။ ခွဲစိတ်ခန်းသည် ကြီးမားသော ယဇ်ပလ္လင်အဖြစ် ပြောင်းလဲသွားကြောင်း နောက်ဆုံးတွင် ကောင်းမင် သတိပြုမိခဲ့သည်။ခွဲစိတ်စားပွဲသည် ယဇ်ပလ္လင်ဖြစ်သည်။ သွေးများဖြင့် ညစ်ညမ်းနေသောကြောင့် ခွဲစိတ်စားပွဲသည် ယဇ်ပလ္လင်တစ်ခုလုံး အနီရောင် ဖြစ်နေခဲ့သည်။
“သွားကြစို့”
ကောင်းမင် တံခါးဝတွင် ရပ်နေသော်လည်း သားစားကြူးနတ်ဘုရားက ထွက်ခွာရန် ဆန္ဒမရှိပေ။ သူက ပြန်လည်ကောင်းမွန်နေပြီဖြစ်သော လက်ကို မြှောက်၍ ခွဲစိတ်စားပွဲကို ထိတွေ့လိုက်သည်။ ထိုအရာသည် လူကြီးတစ်ဦးက ကလေးတစ်ဦးကို ကစားကွင်းသို့ ခေါ်လာသည့်နှယ် ခံစားရသည်။ လူကြီးဖြစ်သူမှာ နောက်ကျနေပြီဖြစ်၍ ပြန်ရန် လိုလားသော်လည်း ကလေးက လျှောစောင်းကို ဖက်တွယ်၍ မသွားချင်ကြောင်း ငြင်းဆိုနေသည့်ပမာ ဖြစ်နေသည်။ ခွဲစိတ်စားပွဲသည် သားစားကြူးနတ်ဘုရားအတွက် အလွန်ထူးခြား၏။ယင်းက ကောင်းမင်အအား အကူအညီမဲ့သလို ခံစားရစေသည်။
“မင်း ဒါကို မင်းနဲ့အတူ သယ်သွားမှာတော့ မဟုတ်ဘူးမလား”
သူ စကားဆုံးသည်နှင့် သားစားကြူးနတ်ဘုရားသည် လက်ရှစ်ချောင်းလုံးအား ခွဲစိတ်စားပွဲအောက်သို့ ထိုးသွင်းလိုက်သည်ကို ကောင်းမင် တွေ့လိုက်ရသည်။ သွေးခဲအဖေးများ အဖတ်လိုက် ကွာကျသွားခဲ့သည်။ သားစားကြူးနတ်ဘုရား၏ ရင်ဘတ်သည် အက်ကွဲသံနှင့်အတူ ပွင့်ဟသွားပြီး ခွဲစိတ်ကုသစားပွဲတစ်ခုလုံးကို မျိုချလိုက်လေသည်။ ကောင်းမင်နှင့် ခွေးကြီးသည် အံ့အားသင့်စွာဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။
မြေပြင်သည် တုန်ယင်လာပြီး ဆေးရုံက စတင် ငိုကြွေးလာသည်။ သားစားကြူးနတ်ဘုရားက ယင်းကို ဂရုမစိုက်ပေ။ ခွဲစိတ်စားပွဲကို မျိုချလိုက်ပြီးနောက် ကြမ်းပြင်ပေါ်ရှိ အပေါက်ပေါ်တွင် သူ မတ်တပ်ရပ်လိုက်သည်။
ညှဉ်းပန်းနှိပ်စက်ခန်းသို့ ပို့ဆောင်ခံရပြီးနောက် ခွဲစိတ်စားပွဲမှ သွေးကြောမျှင်များ ထွက်လာခဲ့သည်။ ၎င်းသည် ဖြည်းညင်းစွာပင် ညှဉ်းပန်းနှိပ်စက်ခန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ဆရာဝန်နှစ်ဦးပင်လျှင် ယင်းကို မမျှော်လင့်ထားခဲ့ပေ။ ထိုအရာသည် သူတို့ ထောင်ကျနေစဥ်ပင် နတ်ဘုရားက သူတို့အားဆက်လက် အလုပ်လုပ်စေလိုသကဲ့သို့ ဖြစ်နေသည်။
ခွဲစိတ်စားပွဲ၏ မျက်နှာပြင်ပေါ်ရှိ သွေးခဲအနာဖေးများ ပြုတ်ကျသွားသောအခါ အောက်ဖက်တွင် ပုန်းကွယ်နေသော ပုံစံကွက်များ ပေါ်ထွက်လာသည်။ နဂါးအကြေးခွံများကဲ့သို့သော မြင့်မြတ်သော ပုံစံကွက်များသည် လှုပ်ရှားလာကာ ဟန်ဟိုင်းမြေပုံကို ပုံဖော်လိုက်ကြသည်။
မကောင်းဆိုးဝါးများ၏ သွေး၊ အရိပ်များ၏ ဖောက်ပြန်မှု၊ နားလည်မှုလွဲမှားခြင်းနှင့် အရိပ်များက ဟန်ဟိုင်းကို ရေအောက်ရောက်စေခဲ့သည်။ ခွဲစိတ်စားပွဲပေါ်တွင် ပုံနှိပ်ထားသည့် ထိုမြေပုံသည် လုဇန်က တစ်မြို့လုံးအပေါ် ကျိန်ထားသည့် ကျိန်စာ ဖြစ်ပုံရသည်။ သူသည် အရိပ်၊ ကြောက်မက်ဖွယ်ရာ၊ ဘေးကပ်ဆိုးနှင့် နာမကျန်းမှုများကို သုံး၍ အရာအားလုံးကို ဖုံးလွမ်းရန် ကြံရွယ်ခဲ့သည်။ လူတိုင်းကို နိုးထစေရန်အတွက် ကြောက်စရာအကောင်းဆုံး နည်းလမ်းကို အသုံးပြုရန် သူ ရည်ရွယ်ထားခဲ့သည်။
ပါးလွှာသော သွေးကြောမျှင်များသည် သစ်ရွက်များပေါ်ရှိ သွေးပြန်ကြောများနှယ် မြေပုံပေါ်ရှိ အဆောက်အဦးများအတွင်းသို့ မကောင်းဆိုးဝါးများကို ပို့ဆောင်ခဲ့သည်။ အဆောက်အဦးများသည် ယခုအချိန်တွင် အဆင်ပြေနေသော်လည်း နောက်ဆုံးတွင် ကျိန်စာသင့်သွားကြလိမ့်မည်ဖြစ်သည်။ အခြေအနေ ပျော့ပြောင်းပါက အိမ်ငှားများမှာ ဖျားနာရုံသာဖြစ်ပြီး အခြေအနေ ဆိုးရွားပါက သေဆုံးမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။
သားစားကြူးနတ်ဘုရားသည် ခွဲစိတ်စားပွဲကို ညှဉ်းပန်းနှိပ်စက်ခန်း၏ အလယ်ဗဟိုရှိ နှိပ်စက်ကိရိယာများ ချိတ်ဆွဲထားသည့်နေရာဆီသို့ ရွှေ့လိုက်သည်။ ဓားသွားများ အချင်းချင်း ရိုက်ခတ်လာသည်။ ချွန်ထက်သော ဓားသွားများသည် ဟန်ဟိုင်းအပေါ်တွင် ချိတ်ဆွဲနေခဲ့သည်။ ဟန်ဟိုင်းမြေပုံအား အမျိုးမျိုးသော နှိပ်စက်ကိရိယာများက ဝန်းရံထားသည်။ သားစားကြူးနတ်ဘုရားသည် သူ၏ အဖိုးတန်သွေးတစ်စက် မြေပုံပေါ် ချလိုက်သည်။ ထိုသွေးစက်သည် ခွဲစိတ်စားပွဲအတွင်း ဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး အဆောက်အဦးများပေါ်သို့ သွေးမြူခပ်ပါးပါး ဆင်းသက်စေခဲ့သည်။ အသားနံ့သည် ဝေ့ဝဲနေတော့သည်။
“တစ်စုံတစ်ယောက်က တစ်မြို့လုံးကို ကျိန်စာတိုက်ပြီး ဆေးရုံက သန္ဓေပြောင်း လူနာတွေကို ဒီကျိန်စာ အားကောင်းစေဖို့ ယဇ်ကောင်တွေအဖြစ် အသုံးပြုခဲ့တာပေ ၊ သူတို့ ဘယ်လောက်များတဲ့ ကံကြမ္မာကြွေးမြှီတွေ စုဆောင်းခဲ့ပြီးပြီလဲ”
ခွေးကြီးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သူက အရာအားလုံးကို စားခဲ့ပြီးပြီ ဖြစ်လို့ အခုမှ အကျိုးဆက်ကို ထည့်စဉ်းစားဖို့က နောက်ကျသွားပြီ”
ကောင်းမင်သည် ကျိန်စာသင့် ပစ္စည်းများစွာကို မြင်ဖူးသည်။ ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီတွင် ကျောင်းသားအချို့သည် သရဲများကို ကိုင်တွယ်ဖြေရှင်းရန် ကျိန်စာသင့်ပစ္စည်းများ အသုံးပြုပုံကို သင်ယူခဲ့ကြသည်။ သို့သော် သူတို့သည် များသောအားဖြင့် အဆင့်နိမ့် ကျိန်စာသင့်ပစ္စည်းများကိုသာ တွေ့ခဲ့ရသည်။ ကောင်းမင်သည် ခွဲစိတ်စားပွဲကဲ့သို့ အစွမ်းထက်သည့် အရာတစ်ခုနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ ၎င်း မည်မျှ အစွမ်းထက်သည်ကို သူ မသိသော်လည်း ပျံ့နှံ့ခွင့်ပြုလိုက်ပါက ကြီးမားသော ဧရိယာကြီးတစ်ခုကို ကူးစက်စေနိုင်ပြီး ပြင်းထန်သော မူမမှန်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။ ခွဲစိတ်စားပွဲကို ယူဆောင်ပြီးနောက် သားစားကြူးနတ်ဘုရားက ပိုမို ရိုးသားလာခဲ့သည်။ သူသည် ခန္ဓာကိုယ်အား ဆွဲထုတ်၍ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ သဲလွန်စများကို ဖယ်ရှားကာ ကောင်းမင်၏ ရင်ဘတ်အတွင်းသို့ ပြန်လည် တွားဝင်သွားခဲ့သည်။
“လာ ၊ ငါတို့ အစာအိမ်နှင့် အူလမ်းကြောင်းဌာနကို သွားကြမယ်”
ကောင်းမင်သည် ခွေးကြီးကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရွှမ်ဝမ်နှင့် စုံစမ်းစစ်ဆေးရေးဌာနကြားတွင် ကောင်းမင်သည် ရွှမ်ဝမ်ကို ရွေးချယ်ခဲ့သည်။
...
မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ ဆယ်လွှာလုံခြုံရေးလမ်းကြောင်းတွင် ကျင်းထောင်ရှန်းသည် လှေကားပေါ်၌ ပြန့်ကျဲနေသော အလောင်းများကို ကြည့်လိုက်သည်။ သူသည် သွေးစွန်းနေသော လက်အိတ်များကို လွှတ်ချရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်အောက်ငယ်သားက သူ စိတ်အခြေအနေမကောင်း ဖြစ်နေသည်ကို သိသော်လည်း အစီရင်ခံစာများကို ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီအဆောက်အဦထဲမှာ စီတုအန်းက သရဲနီတစ်ကောင်နဲ့ ကလေးတစ်ယောက် မွေးထားပုံရတယ်”
စခရင်ကို ထိလိုက်သည်နှင့် ဗီဒီယိုအား စတင်ပြသလိုက်သည်။
လေးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးသည် ဆောက်လုပ်ရေးဘလော့တုံးများ ထည့်ထားသော ကျောင်းလွယ်အိတ်တစ်လုံးကို လွယ်ထားပြီး ညစ်ပတ်နေသည့် ဒိုင်နိုဆောဘောင်းဘီကို ဝတ်ဆင်ထားသည်။သူသည် လမ်းကြောင်းတစ်လျှောက် ပြေးသွားခဲ့သည်။ အလောင်းများကို မြင်သောအခါ သူကြောက်ရွံ့သွားခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးမှူးအားလုံးသည် သူ့ဘေးရှိ သရဲနီကြောင့် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်းကိုမူ ထိုကလေးငယ် မသိခဲ့ပေ။
“မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနရဲ့ ယာယီအကြီးအကဲက သူ့ရုံးခန်းထဲမှာ သရဲတစ်ကောင်ကို မွေးမြူထားခဲ့တာပဲ”
ကျင်းထောင်ရှန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဒေါသထွက်နေခဲ့သည်။ သူ့အသံမှာ အေးစက်နေပြီး
“ဒီကလေးက ဘယ်သူလဲ ၊ စီတုအန်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘာလဲ”
“သတင်းအချက်အလက်အရ ကလေးရဲ့ နာမည်က အားဖန်၊ နံပါတ် ၀၁၀၉ ဖြစ်ပါတယ် ၊ သူက စီတုအန်း သရဲနီကို အစာကျွေးဖို့ အသုံးပြုတဲ့ သက်ရှိငါးစာတစ်ယောက်ပါပဲ ၊ ဒါပေမဲ့ သူ့ရှေ့ကနဲ့ သူ့နောက်က ငါးစာအားလုံး သေဆုံးသွားခဲ့ပေမဲ့ ကလေးကတော့ အသက်ရှင်အောင်နေနိုင်ခဲ့ပါတယ် ၊ သုတေသီတွေက နာကြည်းခြင်းအခန်းထဲက နာကြည်းမုန်းတီးမှုတွေကက အခု ၀၁၀၉ အပေါ် စုဝေးသွားပြီလို့ ယုံကြည်နေကြပါတယ်”