စောင့်နေမယ်
Vol. 19 Ch. 278
ကောင်းမင်သည် ဆေးပုလင်းပေါ်ရှိ အချက်အလက်များအပေါ် အခြေခံ၍ ရွှမ်ဝမ်မှာ အစာအိမ်နှင့် အူလမ်းကြောင်းဌာနသို့ သွားရောက်ခဲ့ကြောင်း သိခဲ့ခြင်းပင်။ သို့သော် ရွှမ်ဝမ် မည်သည့်အရာနှင့် ကြုံတွေ့ခဲ့သည်ကို သူမသိပေ။ ပုံမှန်အားဖြင့် ရွှမ်ဝမ်သည် ကောင်းမင်ကို လျစ်လျူရှုမည်မဟုတ်ပေ။ သူမသည် တမင်တကာ ဖုံးကွယ်ထားခြင်း သို့မဟုတ် အိမ်ရှိ အရာတစ်ခုခု၏ လွှမ်းမိုးခံနေရခြင်း ဖြစ်နိုင်သည်။
လုံခြုံရေးအတွက် ကောင်းမင်သည် ထူးဆန်းစွာ ပြုမူခြင်းမရှိခဲ့ပေ။ သူ လှည့်လိုက်သည်နှင့် ချက်ချင်းပင် သူ့သဘောထားနှင့် မျက်နှာအမူအရာကို အပြည့်အဝ ထိန်းချုပ်ထားလိုက်သည်။
“အန်တီ ဓာတ်ပုံတွေကို ကျွန်မဆေးကူးပြီးပါပြီ ဒါပေမဲ့ အရောင်တွေက နည်းနည်း ထူးဆန်းနေတုန်းပဲ”
ရွှမ်ဝမ်က ကောင်းမင်ကို ကျော်၍ လျှောက်သွားလိုက်သည်။ ရည်ရွယ်ချက်မရှိ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏ ဆံနွယ်များက ကောင်းမင်၏ နှာသီးဝကို ထိတွေ့သွားသည်။ နှင်းဆီရနံ့သည် ဟင်းလျာနံ့ကို လျော့ပါးသွားစေသည်။ ၎င်းက ရွှမ်ဝမ်၏ လည်ပင်းနောက်ဘက်တွင် စောင်းနေသော ဒဏ်ရာအသေးလေးအား ကောင်းမင် သတိထားမိစေခဲ့သည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး နွေးထွေးပြီး ကြင်နာတတ်သည့် မိသားစုအတွင်း အားနည်းချက်၏ လက္ခဏာကို ကောင်းမင် ပထမဆုံး မြင်တွေ့ရခြင်းဖြစ်သည်။
စကားများများ မပြောရဘဲ နောက်ဆုံးတွင် ကောင်းမင်သည် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူ ကိုင်ထားသည့် အရုပ်ခွေးလေးကို ငုံ့ကြည့်လိုက်သည်။ သူနှင့် ခွေးကြီးသည် အူလမ်းကြောင်းထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြသော်လည်း သူ လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ပလတ်စတစ် အရုပ်ကိုသာ တွေ့ခဲ့ရသည်။ ရံဖန်ရံခါ အသံမြည်တတ်သည့် အရုပ်ခွေးသည် ခွေးကြီး ဖြစ်ပေလိမ့်မည်။ထိုသီအိုရီအရ အရုပ်ပုံးသည် စီတုအန်း စုဆောင်းထားသည့် သရဲများ ဖြစ်ပေမည်။
ထိုအရုပ်များက သရဲများဖြစ်ပါက ဤလောကရှိ လူများက မည်သူများ ဖြစ်နေကြမည်နည်း။
လှဲအိပ်ကုလားထိုင်တွင် အိပ်ပျော်နေသော သက်ကြီးရွယ်အိုများ၊ တူတူပုန်းတမ်းဆော့နေသော ကလေးများ၊ ခြံဝင်းထဲတွင် ဖဲကစားနေကြသော အန်တီကြီးများနှင့် ဦးလေးကြီးများ...ထိုအိမ်တွင် မည်သည့် ‘လူသား’ မှ ရိုးရှင်းခြင်းမရှိပေ။
ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသည်။ တစ်ဦးသည် စိတ်တ္တဇ လူသတ်သမားဖြစ်ပြီ နောက်တစ်ဦးမှာ ထောင်ရှိ အသက်ငယ်ဆုံး စိတ်ရောဂါကု ဆရာဝန် ဖြစ်သည်။ မည်သူမှ သူတို့၏ သရုပ်ဆောင်မှုကို ထိုးဖောက် မမြင်နိုင်ခဲ့ပေ။
“ဓာတ်ပုံရိုက်တုန်းက အလင်းရောင် အရမ်းမှောင်နေလို့လား”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ရွှမ်ဝမ်ထံမှ အိတ်ကို ယူလိုက်သည်။ သူမသည် အိတ်ထဲမှ ပုံကြီးချဲ့ထားသော အဖြူအမည်း ဓာတ်ပုံအချို့ကို ဆွဲထုတ်လိုက်သည်။ ဓာတ်ပုံများကို တိုက်ခန်းတွင် ရိုက်ထားခြင်း ဖြစ်သည်။ အများစုမှာ စီတုအန်းနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတို့၏ ပုံများဖြစ်သည်။ ဓာတ်ပုံများသည် လှပသော်လည်း အားလုံးက အရောင်အသွေးမရှိပေ။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ကြင်နာပုံရသော်လည်း ဓာတ်ပုံများတွင်မူ အလောင်းကောင်ကဲ့သို့ အသက်မဲ့နေလေသည်။
သူမဘေးတွင် ရပ်နေသော စီတုအန်းသည် အရပ်ရှည်ပြီး ခန့်ညားသည်။ အမြဲတမ်း အဝတ်အစားပုံစံ တူညီနေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးနှင့် မတူဘဲ သူသည် ဓာတ်ပုံများတွင် မတူညီသော ဝတ်စုံများ ဝတ်ဆင်ထားသည်။ သူသည် သူနာပြုဝတ်စုံ၊ ပညာတတ်ဝတ်စုံ၊ အားကစားဝတ်စုံနှင့် အနောက်တိုင်း ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည်။ ထမင်းစားပွဲတွင် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံလည်း ရှိသည်။ ထိုပုံထဲတွင် စီတုအန်းသည် မြို့တော်အရှေ့ပိုင်းစုံစမ်းရေးဌာန၏ ယာယီအကြီးအကဲ၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။ စီတုအန်းသည် အမှတ်တရများကို ထိန်းသိမ်းရန် မိခင်နှင့် ဓာတ်ပုံရိုက်ရန် အိမ်သို့ မကြာခဏ ပြန်လာလေ့ရှိသည်။
“မဟုတ်ဘူး ၊ဒါ မမှန်ဘူး”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ဓာတ်ပုံထဲမှ စီတုအန်းကို ထိတွေ့လိုက်သည်။
“စီတုအန်းက ဓာတ်ပုံတွေထဲမှာ အရောင်တွေ ရှိခဲ့ဖူးတယ် ၊ ငါ့ကလေးမှာ အရောင်တွေ ရှိတယ် ၊ အခုကျတော့ ဘာလို့ ငါ့လို ဖြစ်နေရတာလဲ”
အဖြူအမည်း ဓာတ်ပုံများသည် ဤအိမ်နှင့် မလိုက်ဖက်ပေ။ ၎င်းတို့သည် ဤလောကတွင် ရှိသင့်သည့်အရာများ မဟုတ်ပါပေ။
“သေချာလို့လား ၊ ဓာတ်ပုံဆိုင်က ဦးလေးကျန်းက ပြောတာက...”
ရွှမ်ဝမ်က တုံ့ဆိုင်းသွားသည်။
“ဦးလေးကျန်းက ဘာပြောလဲ”
“သူပြောတာက ဓာတ်ပုံတွေက နဂိုကတည်းက အဖြူအမည်းပဲလို့ ပြောလိုက်တယ် ၊ အန်တီ အမှတ်မှားနေတာ မဖြစ်အောင် သေချာချင်လို့ပါတဲ့”
ရွှမ်ဝမ်၏ အသံသည် တည်ငြိမ်သည်။ သူမ၏ လေသံသည် အခြားသူများ၏ ယုံကြည်မှုနှင့် ချစ်ခင်မှုကို အလွယ်တကူ ရရှိစေသည်။
“မဖြစ်နိုင်ဘူး! ငါ့ကလေးနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ငါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ ၊ ငါ့ကလေးမှာ အရောင်တွေ ရှိတယ်ဟဲ့!”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဒါဆို အန်တီက ဘာလို့ အဖြူအမည်း ဖြစ်နေတာလဲ”
ရွှမ်ဝမ်သည် ဤမေးခွန်းသို့ ဦးတည်နေခြင်း ဖြစ်သည်။
“ငါ...”
“အဖြူအမည်း အရောင်တွေက မကောင်းဘူးလို့ အန်တီ ယုံကြည်နေတာလား ၊ ဒါကြောင့် အန်တီ့ကလေးကို သူ့အရောင်တွေ ဆုံးရှုံးသွားမှာ မလိုလားတာလား ၊ ဒါပေမဲ့ အန်တီ မေ့နေတာက သူဟာ အန်တီလိုပဲ အရောင်မဲ့ခဲ့ဖူးတယ်ဆိုတာကိုပါ ၊ ဓာတ်ပုံတွေမှာ ပြဿနာရှိနေတာ မဖြစ်နိုင်ဘူးလား”
ရွှမ်ဝမ်က အမျိုးသမီးကြီးကို စဉ်းစားဖို့ အချိန်မပေးဘဲ ပိုမြန်မြန် ပြောလိုက်သည်။
“ငါ သိပါတယ်၊ ငါ့သားက အဖြူအမည်းအရောင် မဟုတ်ပါဘူး သူ အလုပ်ကနေ မကြာခင် ပြန်လာတော့မှာ ၊ သူ့အတွက် အစားအသောက်တွေ အကုန် ပြင်ဆင်ထားတယ်”
အမျိုးသမီးကြီးက အကြောင်းအရာကို ပြောင်းလိုက်သည်။
“နောက်ထပ် နည်းနည်း စဉ်းစားကြည့်ပါဦး ၊ ဘယ်နားမှာ မှားသွားတာလဲ”
ရွှမ်ဝမ်သည် အဖြူအမည်း ဓာတ်ပုံများကို လက်ညှိုးထိုးပြသည်။ သူမသည် ဓာတ်ပုံများထဲမှ မှန်များနှင့် ကြမ်းပြင်ပေါ်ရှိ အရိပ်များကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်သည်။ သူမသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးအတွက် အရိပ်အမြွက်ပေးရန် ကြိုးစားနေခြင်းဖြစ်သည်။ အမျိုးသမီးကြီးက သူမ၏ ရောင်ပြန်ဟပ်မှုကို ကြည့်စေရန် သူမ မျှော်လင့်သည်။
ကောင်းမင်သည် အရုပ်ပုံးဘေးတွင် ရပ်နေရင်း ဘာမှမပြောပေ။ ရွှမ်ဝမ် ဘာလုပ်နေလဲဆိုတာကို သူ ခန့်မှန်းမိသည်။
သူ့ထက် စောပြီး စီတုအန်း၏ အိမ်သို့ ဝင်ရောက်လာသည့် ရွှမ်ဝမ်သည် ရူးသွပ်မသွားခဲ့ပေ။ အမှန်ဆိုလျှင် သူမသည် စီတုအန်း၏ မိသားစုကို ဖြည်းဖြည်းချင်း ‘ကုသ’ ရန် ကြိုးစားနေခြင်းဖြစ်သည်။
“ငါ အခု မြင်နေရတဲ့ အရာအားလုံးက အတုအယောင်တွေပဲ”
ကောင်းမင်သည် ပလတ်စတစ်ခွေးကို ကိုင်ထားသည်။
“ဒါက စီတုအန်းရဲ့ အမေ မြင်ချင်တဲ့အရာ ဖြစ်ရမယ် ၊ ငါ ဒီအိမ်ရဲ့ တကယ့်ပုံသဏ္ဌာန်ကို မြင်ချင်တယ် ၊ သော့ချက်က စီတုအန်းရဲ့ အမေကို တုန်လှုပ်စေဖို့ပဲ”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ဓာတ်ပုံများကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ တွန်းဖယ်လိုက်သည်။
“ငါ့သား မကြာခင် အိမ်ပြန်လာတော့မှာပါ ၊ သူက ငါနဲ့ မတူဘူး”
အမျိုးသမီးကြီးသည် စိုးရိမ်ပူပန်နေ၏။ သူမသည် ဖုန်းဆီသို့ လျှောက်သွားပြီး နံပါတ်ဟောင်းကို ထပ်ခေါ်လိုက်သည်။
“စီတုအန်း ဘယ်မှာ အလုပ်လုပ်လဲ အန်တီ မှတ်မိသေးလား ၊ ကျွန်မ သူ့အလုပ်နေရာကို သွားရှာပေးလို့ရတယ်”
ရွှမ်ဝမ်သည် ကြမ်းပြင်ပေါ်မှ ဓာတ်ပုံများကို ကောက်လိုက်သည်။
“သူက လီစန်း ဆေးရုံမှာ ယာယီ သူနာပြုအဖြစ် အလုပ်လုပ်တာလေ”
“အန်တီ့သားက အရာရာမှာ ကောင်းပေမဲ့ လူတွေကို ဂရုစိုက်တာမှာတော့ မတော်ဘူးလေ ၊ ဘာလို့ သူနာပြုအလုပ်ကို ရွေးလိုက်တာလဲ ၊ ကျွန်မ ဘယ်သူ့ကိုမှ စော်ကားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ သူနာပြုအလုပ်က ခက်ခဲတဲ့ အလုပ်လို့ ထင်တယ် ၊ ရိုးရိုးသားသား ပြောရရင် သူ့ရုပ်ရည်နဲ့ဆို ဘွဲ့မရှိရင်တောင် ပိုက်ဆံရှာဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်”
ရွှမ်ဝမ်က စကားများကို ဂရုတစိုက် ရွေးချယ်ပြောဆိုသည်။
“သူက ငါ့ကို အဖော်ပြုချင်ရုံ သက်သက်ပါ”
“ဒါပေမဲ့ အန်တီက အိမ်မှာရှိနေပြီး သူက နေ့တိုင်း ဆေးရုံမှာ ရှိနေတာ ၊ ဒါက ဘယ်လိုလုပ် အဖော်ပြုတာ ဖြစ်မလဲ ၊ ဒါ့အပြင် အခု အန်တီက အိမ်မှာ ရှိနေပြီး သူက ဆေးရုံမှာ မဟုတ်ဘူးလား”
ရွှမ်ဝမ် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထမင်းစားပွဲဘေးတွင် ‘ဒုတ်’ ခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ ဝတုတ်လေးသည် နံရိုးဟင်းကို ခိုးစားရင်း သစ်သီးများထည့်ထားသည့် ပန်းကန်လုံးကို မတော်တဆ ဝင်တိုက်မိခြင်းဖြစ်သည်။ ဝင်းမှည့်နေသော ပန်းသီးသည် လှိမ့်သွားပြီး ကောင်းမင်၏ ခြေထောက်နားသို့ ရောက်လာလေသည်။ ပန်းသီး၏ ဖူးယောင်နေသော အခွံအောက်တွင် အနီရောင် သွေးကြောများ ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး၏ အာရုံစူးစိုက်မှုသည် ရွှမ်ဝမ်ထံတွင် ရှိနေစဉ် ကောင်းမင်က တံခါးဆီသို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။
“သူ ဖုန်းမဖြေလို့ အန်တီ စိတ်ပူနေတာ သိပါတယ် ၊ အန်တီနဲ့အတူ ဆေးရုံကို လိုက်ခဲ့ပေးရမလား”
ရွှမ်ဝမ်သည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို ကူညီပေးလိုက်သည်။ သူမ၏ စကားလုံးတိုင်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို စိုးရိမ်ပူပန်စေတော့သည်။
“မလိုပါဘူး ၊ စီတုအန်းကို အိမ်မှာ စောင့်နေမယ်လို့ ငါကတိပေးထားတယ် ၊ အပြင်မှာ သူ ဘာတွေပဲ ကြုံတွေ့ရပါစေ သူ့အတွက် အိမ်မှာ မီးအမြဲ ဖွင့်ထားပေးမယ်”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူမကို ပယ်ချလိုက်သည်။ သူမသည် နံပါတ်များကို ထပ်မံ ခေါ်ဆိုလိုက်သည်။
အမျိုးသမီးကြီးက ဖုန်းကို နားရွက်ဘေးသို့ ကပ်ထားလိုက်သည်။ သူမသည် သားဖြစ်သူကို အကြိမ်မည်မျှ ခေါ်ဆိုပြီးပြီကို မမှတ်မိနိုင်တော့ပေ။
“ငါ့ သားကို ငါသိတယ် ၊ သူ အိမ်ပြန်လာလိမ့်မယ်...”
ဖုန်းမြည်သံတစ်ခု ပေါ်လာပြီး အမျိုးသမီးကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သို့သော် ဖုန်းမြည်သံသည် ဖုန်းမှ လာသည်မဟုတ်ဘဲ တိုက်ခန်းအပြင်ဘက် ကော်ရစ်ဒါမှ လာသည့် ဖုန်းမြည်သံဖြစ်ကြောင်း သူမ သိလိုက်ရသည်။