ဘယ်သူမှ အပြစ်မကင်းဘူး
Vol. 19 Ch. 279
ရွှမ်ဝမ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတို့သည် တစ်ချိန်တည်းတွင် လှည့်ကြည့်လိုက်ကြသည်။ နေရောင်ခြည်က အခန်းထဲသို့ စိမ့်ဝင်နေသည်။ ဗီရိုဘေးတွင် ရပ်နေသည့် ကောင်းမင်သည် ပျောက်ကွယ်သွားလေပြီ။
“ငါ့သား ပြန်လာပြီ ၊ သူ အပြင်မှာ ရှိနေတယ်!”
အမျိုးသမီးကြီးက ဖုန်းချလိုက်ပြီး ဖိနပ်ကောက်စီးကာ တံခါးဆီသို့ ပြေးသွားလိုက်သည်။ ရွှမ်ဝမ်က သူမနောက်သို့ လိုက်ပါသွားသည်။ ဝတုတ်တုတ်လေးသာ စားပွဲတွင် နံရိုးစားရင်း ကျန်ရစ်ခဲ့သည်။ အမျိုးသမီးကြီးသည် တံခါးဖွင့်၍ ကော်ရစ်ဒါသို့ ထွက်လာ၏။ နေရောင်သည် မျက်စိကျိန်းစရာ ကောင်းနေလေသည်။ သူမ ပတ်ပတ်လည်ကို ကြည့်သော်လည်း ကော်ရစ်ဒါတွင် မည်သူမျှ မရှိပေ။
“ဖုန်းမြည်သံကို ငါ ခုနကပဲ ကြားလိုက်တာ”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက စိတ်ရှုပ်ထွေးသွားသည်။ သူမက ရွှမ်ဝမ်၏ လက်ကို ဆွဲကိုင်လိုက်ပြီး
“ကောင်မလေး နင်လည်း အဲဒီ ဂီတသံကို ကြားလိုက်လား ၊ အဲဒါ ငါ့သားရဲ့ ဖုန်းမြည်သံလေ ၊ သူက အမြဲတမ်း ဒီအသံပဲ သုံးခဲ့တာ”
“ဖုန်းမြည်သံလား”
ရွှမ်ဝမ်သည် ဦးနှောက်အား အလုပ်ပေးလိုက်သည်။ သူမ၏ စိတ်ရှုပ်ထွေးမှုမှာ ပို၍ ထင်ရှားလာသည်။
“ကျွန်မ ဘာသံမှ မကြားလိုက်ဘူးနော်”
“ဒီနားမှာ !”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ထမင်းစားနေသော ဝဝတုတ်တုတ် ကလေးလေးကို အော်ဟစ်လိုက်သည်။
“ရှောင်ဝေ! မင်းလည်း ဖုန်းသံ ကြားတယ်မလား”
ဝတုတ်လေးသည် အသားတစ်ဖဲ့ကို ပါးစပ်ထဲသို့ ထည့်ထားဆဲ ဖြစ်သည်။ သူသည် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သည့်နှယ် စားပွဲဘေးတွင် တိတ်ဆိတ်စွာပင် တောင့်တင်းနေသည်။
“ငါ တကယ် ကြားလိုက်တာ!”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် လှေကားထစ်ဘက်သို့ ပြေးဆင်းသွားသည်။ ရွှမ်ဝမ်က သူမနောက်မှ ကပ်လိုက်သည်။ သူမ၏ မျက်လုံးများတွင် တုန်လှုပ်မှု ရှိနေသည်။ သူမသည် တိုက်ခန်းတွင် အချိန်အတော်ကြာ ရှိနေခဲ့ခြင်းဖြစ်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် သူမ၏ အိမ်မှ တစ်ခါမှ ထွက်ခွာခြင်း မရှိခဲ့ပေ။ သူမ တစ်ခုခု လိုအပ်ပါက အိမ်နီးချင်းများကို အကူအညီ တောင်းလေ့ရှိသည်။ ယခုအခါ သူမသည် အိမ်မှ ပထမဆုံးအကြိမ် ထွက်ခွာခြင်း ဖြစ်သည်။ အမျိုးသမီးကြီး သူမအိမ်မှ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် အလင်းရောင်မှာ ပုံပျက်သွားသည်။ တိုက်ခန်းထဲသို့ အေးစက်သည့် ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။
“အန်တီ၊ ဖြည်းဖြည်း”
ရွှမ်ဝမ်နှင့် အမျိုးသမီးကြီးတို့သည် လှေကားအောက်သို့ ပြေးဆင်းသွားသည်။ သူတို့ ရှာဖွေနေသူကို မတွေ့ရှိကြပေ။ အမျိုးသမီးကြီး၏ မျက်နှာပေါ်မှ မျှော်လင့်ချက်သည် တဖြည်းဖြည်း စိုးရိမ်ပူပန်မှုသို့ ပြောင်းလဲသွားသည်။ လောကတွင် အကြီးမားဆုံး ရက်စက်မှုသည် တစ်စုံတစ်ဦးကို မျှော်လင့်ချက် ပြသပြီးမှ ပြန်လည် ရုပ်သိမ်းခြင်းပင်ဖြစ်သည်။
“ငါ့သားက ငါ့ဖုန်းကို ဘယ်တော့မှ မဖြေဘဲ နေမှာ မဟုတ်ဘူး”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် သူမ သား၏ ဖုန်းမြည်သံကို ကြားခဲ့ရကြောင်း သေချာသည်။ သူမ၏ သားသည် သူတို့ အိမ်ပြင်ပတွင် ရှိနေသော်လည်း သူ့ကို ရှောင်ရှားနေခြင်း ဖြစ်သည်။ ဘာကြောင့်ပါလဲ။
“သူက ငါနဲ့ အရမ်းနီးနေခဲ့တာ...”
“ဒါပေမဲ့ ကျွန်မတို့ထဲက ဘယ်သူမှ အဲဒီအသံကို မကြားခဲ့ပါဘူး”
ရွှမ်ဝမ်က အမျိုးသမီးကြီးကို နှစ်သိမ့်လိုက်သည်။ သူမသည် ခြေလှမ်းအနည်းငယ်သာ ဝေးသော အပြင်ထွက်ပေါက်ကို ကြည့်လိုက်သည်။
“အဆောက်အအုံ ပတ်ပတ်လည်မှာ လိုက်ရှာကြည့်ရအောင်လား”
အမျိုးသမီးကြီး တုံ့ဆိုင်းသွားသည်။ သူမက တံခါးအပြင်ဘက် ခြံဝင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ခြေလှမ်းလှမ်းလိုက်သော်လည်း နောက်ဆုံးတွင် ဆုတ်ခွာလိုက်သည်။
“စီတုအန်းကို အိမ်မှာ စောင့်နေမယ်လို့ ငါကတိပေးထားတယ်”
“သူ အိမ်မပြန်လာရင် အိမ်ကနေ ထွက်ပြီး သွားရှာရမှာက ပုံမှန် မဟုတ်ဘူးလား”
ရွှမ်ဝမ်က အမျိုးသမီးကြီး၏ စိတ်ခံစားချက်များကို သတိထား၍ လေ့လာလိုက်သည်။
အမျိုးသမီးကြီးက ခေါင်းခါသည်။
“သူ့မှာ အခက်အခဲတွေ ရှိနေတယ်ဆိုတာ ငါ သိပါတယ် ၊ အိမ်ပြန်ပြီး သူ့ကို စောင့်ရအောင်”
“ကျွန်မ သူ့ကို ကူရှာပေးရမလား”
ရွှမ်ဝမ်တွင် အဖြူအမည်း ဓာတ်ပုံအချို့ ကျန်သေးသည်။
“အန်တီ၊ သူ့ကို ပြောချင်တဲ့ စကားများ ရှိလား။ ကျွန်မ သူ့ကို ရှာတွေ့ရင် ပြောပြပေးပါ့မယ်”
“သူ့ကို အစားအသောက်တွေ မစားပဲမနေပါနဲ့ သူ့အလုပ်ကိုပဲ အာရုံစိုက်မနေပါနဲ့လို့ ပြောပေးပါ ၊ အိမ်မှာ အားလုံး အဆင်ပြေပါတယ်လို့ ၊ သူ အလုပ်များနေရင် အိမ်ကို အလျင်စလို ပြန်လာဖို့ မလိုပါဘူး... တကယ်တော့ သူ အားတဲ့အခါ ငါ့ကို ဖုန်းခေါ်ပေးဖို့ ပြောလိုက်ရင် လုံလောက်ပါတယ်”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် လှေကားထစ်ကို မစွန့်ခွာခဲ့ပေ။ သူမ လှေကားပေါ် ပြန်တက်ရန် လှည့်လိုက်သည်။ သူမသည် ရေရွတ်နေ၏။
“အဲဒါ စီတုအန်းရဲ့ ဖုန်းမြည်သံပါ ၊ သူ အပြင်မှာ ရှိနေခဲ့တာ ၊ ဘာလို့ ငါ့ကို မတွေ့ဘဲ ထွက်သွားတာလဲ၊ ငါ တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်ခဲ့တာလား”
ရွှမ်ဝမ်သည် အမျိုးသမီးကြီးအား အိမ်သို့ ကြင်နာစွာ လိုက်ပို့ပေးလိုက်သည်။ ထို့နောက် သူမ အခန်းထဲမှ ထွက်ခွာသွားသည်။ ရွှမ်ဝမ်သည် ထင်ထင်ရှားရှားဖြစ်နေသော ခြံဝင်းကို ဖြတ်၍ လျှောက်သွားသည်။ မကြာမီတွင် သူမ တွေ့လိုသည့်လူကို တွေ့လိုက်ရသည်။
“စီတုအန်းရဲ့ အမေ အပေါ်ကနေ စောင့်ကြည့်နေသေးတာ ဖြစ်နိုင်တယ် ၊ အနားကို မကပ်နဲ့ဦး ၊ ရှေ့ဆက်လျှောက်ပါ ၊ တိုက်ခန်းအဆောက်အအုံရဲ့ ထောင့်မှာ တွေ့မယ်”
ကောင်းမင် ခေါင်းအသာညိတ်လိုက်သည်။ သူသည် အရိပ်ထဲမှ ဖြတ်လျှောက်သွားပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ရွှမ်ဝမ်နှင့် ပြန်ဆုံတွေ့သည်။
“ရှင် ကျွန်မကို ဒီလောက်ထိ ဂရုစိုက်တာ အံ့သြမိတယ်”
ရွှမ်ဝမ်သည် နံရံကို မှီထားပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူမသည် သူ့ပတ်ဝန်းကျင်တွင် ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။
“မင်း ဘယ်လို ရောက်လာတာလဲ”
လူသတ်သမားတစ်ဦးနှင့် ရင်ဖွင့်စကားပြောဆိုရန် မည်သူမျှ ဆန္ဒမရှိကြပါ။ သို့သော် ကောင်းမင်သည် ရွှမ်ဝမ်အား အကြွင်းမဲ့ ယုံကြည်ပေသည်။ ၎င်းသည် သေဆုံးမှုများစွာပြီးနောက် သူ အတည်ပြုထားသည့် အမှန်တရား ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးဌာနက လုံခြုံရေးအဖွဲ့တွေ ဆေးရုံကို ရောက်လာကြတယ် ၊ ကျွန်မ သူတို့ကို လက်ငှားပြီး တခြားသူတွေကို သတ်ပစ်ချင်ခဲ့တာ ၊ ဒါပေမဲ့ အဲဒီအစား ကျွန်မကိုယ်တိုင် ဒီကို ရောက်လာတာပဲ ”
ရွှမ်ဝမ်သည် မိတ်ကပ်ပြင်ရန် အိတ်ဆောင်မှန်လေးတစ်ခုကို ထုတ်လိုက်သည်။
“ဒီနေရာက အရမ်းထူးခြားတယ် ၊ ဒါက စီတုအန်း သူ့အမေအတွက် ဖန်တီးပေးထားတဲ့ နေရာတစ်ခုပဲ ၊ အားလုံးအဆင်ပြေနေပုံရပေမယ့် ဒါက ပုံရိပ်ယောင်သက်သက်ပဲ ၊သူက သူ့အမေကို လှည့်စားဖို့အတွက် ကြောက်စရာကောင်းတဲ့ အရာအားလုံးကို ချစ်စရာကောင်းပြီး သာမန် နေ့စဉ်သုံး ပစ္စည်းတွေအဖြစ် ပြောင်းလဲလိုက်တာ”
“အဲဒီ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူ့အမေ အစစ်လား”
ကောင်းမင် နားမလည်ခဲ့ပေ။
“ချစ်ရတဲ့ မိသားစုကို ဘာလို့ ကိုယ့်ရဲ့ အိပ်မက်ဆိုးထဲ နက်နက်ရှိုင်းရှိုင်း ပိတ်လှောင်ထားရတာလဲ”
“ဒီနေရာက စီတုအန်းအတွက် အရမ်းထူးခြားတယ် ၊ သူက ဒီနေရာကို စောင့်ရှောက်ဖို သူအကြွင်းမဲ့ ယုံကြည်ရမယ့်လူကို လိုအပ်တယ်လေ ၊ ဒါပေမယ့်….”
ရွှမ်ဝမ်က နူတ်ခမ်းနီအရောင်များ ညီညာသွားစေရန် သူမ၏ နူတ်ခမ်းများကို အဖွင့်အပိတ်လုပ်လိုက်သည်။
“စီတုအန်းရဲ့အမေက သေဆုံးနေတာ အတော်ကြာပြီဆိုတာ ကျွန်မခံစားရတယ် ၊ ဒီအမျိုးသမီးက သူ့အမေအဖြစ် စီတုအန်း စိတ်ကူးယဉ်ပုံဖော်ထားတဲ့ တစ်ယောက်ယောက်ပဲ ဖြစ်မယ် “
“အရိပ်ကမ္ဘာက ရွေးချယ်ထားတဲ့ လူတိုင်းက မိဘတွေပဲ ၊ ဒါက စီတုအန်းရဲ့ အိမ်ဖြစ်တယ် ၊ ကျွန်မတို့ ဒီနေရာကနေ ထွက်ပြေးပြီး သူ့ရဲ့ မိဘအသစ်တွေအဖြစ် နေရာယူရမယ်”
ကောင်းမင်က ရွှမ်ဝမ်အနား ချဉ်းကပ်လိုက်သည်။
“မင်းမှာ အစီအစဉ် ရှိလား”
“အိမ်ဆိုတာ မိသားစုရှိမှ အိမ်ဖြစ်တာ ၊ သော့ချက်က စီတုအန်းရဲ့ အမေပဲ”
ရွှမ်ဝမ်က သူမ ရှာဖွေတွေ့ရှိချက်ကို မျှဝေလိုက်သည်။
“သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးဟာ သူ့တိုက်ခန်းကနေ ထွက်ခွာလို့ မရဘူး ၊ တံခါးအပြင်ကို ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ဒီနွေးထွေးတဲ့ ကမ္ဘာကြီးက ပြိုကွဲစပြုလာလိမ့်မယ် ၊ ဒါ့အပြင် တခြားအရာတစ်ခုကိုလည်း ကျွန်မသတိထားမိတယ် ၊ သူ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်တဲ့အခါ ဒီကမ္ဘာကိုပါ ထိခိုက်စေတယ်”
“ဆိုတော့”
ကောင်းမင်သည် သူ့လက်ကို နှလုံးသားပေါ်သို့ ရွှေ့လိုက်သည်။
“မင်း သူ့ကို စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားအောင် လုပ်ချင်တာလား”
“သူ(စီတုအန်း) လုပ်ခဲ့တဲ့ အရာတွေကို သူ့ကိုပေးသိရမယ်”
ရွှမ်ဝမ်က သူမ၏ နှုတ်ခမ်းနီကို ပြန်သိမ်းလိုက်သည်။
“သူ အမေတစ်ယောက်အနေနဲ့ သူ့သား ဘယ်လို နတ်ဆိုးဖြစ်လာတယ်ဆိုတာ သိခွင့်ရှိတယ်”
“သူ့အမေက ကိုယ်တို့ကို ကူညီမယ်လို့ မင်း ထင်သလား”
“မဖြစ်နိုင်ဘူး”
ရွှမ်ဝမ်သည် လူ့နှလုံးသားများကို အမှန်တကယ်ပင် ကောင်းစွာ ဖတ်နိုင်သူဖြစ်သည်။
“သူ့အမေက အမှန်တရားကို သိနေနှင့်ပြီးသား ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူက သူ့ကိုယ်သူ လိမ်ညာနေတာပဲ ၊ ဒီနေရာမှာ အပြစ်မဲ့ကင်း နစ်နာသူမရှိဘူး ၊ ရှင်နဲ့ ကျွန်မလည်း အပါအဝင်ပဲ”
ရွှမ်ဝမ်က သူမ၏ အိတ်ဆောင်မှန်လေးကို ကောင်းမင်အား ပြသလိုက်သည်။ မှန်ထဲမှ ရောင်ပြန်ဟပ်မှုသည် သူတို့ မြင်တွေ့နေရသည့်အရာနှင့် ကွာခြားသည်။ တိုက်ခန်းအဆောက်အအုံ၊ ပရိဘောဂဟောင်းများနှင့် အပင်များအားလုံးသည် အသားများနှင့် အူအတွင်းသားများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
“ဒီမှန်လေးက ကျွန်မမျက်လုံးပဲ ၊ ရောင်ပြန်ဟပ်မှုက အမှန်တရားပဲ ၊ စီတုအန်းရဲ့ အမေ စိတ်မငြိမ်မသက် ဖြစ်တဲ့အခါ ပိုများများ မြင်နိုင်တယ်”
ရွှမ်ဝမ်သည် ကောင်းမင်ကို ရောင်ပြန်ဟပ်မှုကိုသာ ပြသချင်ခဲ့သော်လည်း၊ သူတို့နှစ်ဦးစလုံး အံ့သြတုန်လှုပ်စွာ သတိထားမိသည်မှာ ကောင်းမင်နောက်သို့ နားဒဏ်ရာရနေသော မျက်မမြင်တစ်ဦး လိုက်ပါနေခြင်းပင်။
ထိုလူသည် မှန်ထဲတွင်သာ ပေါ်နေခြင်းဖြစ်သည်။ သူသည် ပိန်ပါး၍ အားနည်းသည်။ တွန့်လိမ်နေသော အူလမ်းကြောင်းများက သူ့ကို ဖိညှစ်ထားသော်လည်း သူသည် ကောင်းမင်အား ကျိုးကြေလုနီးပါး တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။