ကျိုးပျက်ခြင်း
Vol. 19 Ch. 281
“ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အကောင်းဆုံး မဟုတ်တာကိုတော့ သိပါတယ် ၊ ဒါပေမဲ့ ငါ့မှာ ဘာစိတ်ရောဂါမှ မရှိပါဘူး”
အမျိုးသမီးကြီးက ခေါင်းခါလိုက်သည်။
“ဖုန်းမြည်သံကို အန်တီ မှတ်မိနေသေးလား ၊ စီတုအန်း ပြန်မလာသေးဘူး ၊ အန်တီ့ တိုက်ခန်းပတ်ဝန်းကျင်ကို ကျွန်မ ကြည့်ခဲ့ပြီးပြီ ၊ အဲဒါက အန်တီ့ရဲ့ စိတ်ကူးထဲက အရာပါပဲ”
ရွှမ်ဝမ်၏ လေသံမှာ တင်းမာလာသည်။
“စိတ်ကူးယဉ်မှုလား”
အမျိုးသမီးကြီးသည် မရေမရာဖြစ်နေ၏။
“အရမ်းရိုးရှင်းတဲ့ အချက်တစ်ချက်ကိုပဲ ကြည့်လိုက်ပါ ၊ အန်တီ့သားက အန်တီ့ကို ဒီလောက်ချစ်နေရင် ဘာလို့ အန်တီ့ဆီကနေ ရည်ရွယ်ချက်ရှိရှိ ပုန်းနေမှာလဲ”
“ဟုတ်တယ် ၊ စီတုအန်းက ငါ ဖုန်းခေါ်တာကို ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ဘူး”
အမျိုးသမီးကြီးသည် နာကျင်နေလေသည်။
“ဒါပေမဲ့...”
“ဒါတွေက ဦးလေးကျန်းအိမ်မှာ ကျွန်မ တွေ့ခဲ့ရတဲ့ မှတ်တမ်းတွေနဲ့ ဓာတ်ပုံတချို့ပါ ၊ အများစုက အန်တီနဲ့ ဆက်စပ်နေတယ်၊ အန်တီ့ရဲ့ အခြေအနေက ပိုဆိုးလာတယ် ၊ ဒီအတိုင်းသာ ဆက်သွားနေရင် အန်တီ့သားကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး”
ရွှမ်ဝမ်က အဖြူအမည်း ဓာတ်ပုံ အများအပြားကို ထုတ်ပြလိုက်သည်။ အိမ်ထဲတွင် ရိုက်ထားသည့် ဓာတ်ပုံအားလုံးတွင် အရောင်အဆင်း ကင်းမဲ့နေသည်။ အိမ်နီးနားချင်းများ၊ အပင်များနှင့် နေရောင်ခြည်ပင်လျှင် ထိတ်လန့်ဖွယ်ရာ ဖြူဖျော့နေပေသည်။ အမျိုးသမီးကြီးသည် ထိုဒိုင်ယာရီကို လှန်လှောကြည့်ရာ စာမျက်နှာတိုင်းတွင် သူမနှင့် သက်ဆိုင်သည့် မှတ်တမ်းများ ပါဝင်နေသည်။ စာသားများမှာ စိတ်မချမ်းမြေ့စရာများသာ ဖြစ်သည်။
“မဖြစ်နိုင်ဘူး! ဒါတွေက အစစ်အမှန် မဟုတ်နိုင်ဘူး!”
အမျိုးသမီးကြီး တုန်ယင်သွားသည်။ ရွှမ်ဝမ်က ထို ‘အက်ကွဲကြောင်းများ’ ကို ဆက်လက် ချဲ့ထွင်လိုက်သည်။ အမျိုးသမီးသည် အတုအယောင် ဒိုင်ယာရီကို လှန်လှောကြည့်နေစဉ် ရွှမ်ဝမ်က သူမ၏ အိတ်ကပ်ထဲသို့ လက်ထည့်ကာ စီတုအန်း၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။ကော်ရစ်ဒါတွင် ရင်းနှီးသည့် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အမှတ်ရစရာများမှာ ဖုန်းရင်းတုန်းသံစဉ်ပေါ်တွင် ကခုန်နေကြသည်။ အမျိုးသမီး၏ မျက်လုံးထဲတွင် အမျိုးမျိုးသော စကားလုံးများ တဖျတ်ဖျတ်ဖြတ်ပြေးသွားပြီး ရှုပ်ထွေးစွာ ခေါင်းထောင်ကြည့်လိုက်သည်။
“ငါ့ သားပဲ! သူ့ဖုန်းသံကို ငါ ကြားနေရတယ်!”
အမျိုးသမီးကြီးက ဒိုင်ယာရီကို ပိတ်လိုက်ပြီး အပြင်သို့ ပြေးထွက်လိုသော်လည်း ရွှမ်ဝမ်က တားဆီးလိုက်သည်။
“အန်တီ သတိထားပါဦး ! အန်တီက စီတုအန်းကို ဖုန်းတောင် မခေါ်လိုက်ဘူးလေ ၊ ဘာလို့ သူ့ဖုန်းမြည်နေရတာလဲ”
အမျိုးသမီးကြီးသည် ဒိုင်ယာရီနှင့် ဓာတ်ပုံများကို ကိုင်လျက် ဧည့်ခန်းထဲတွင် ခေတ္တရပ်တန့်သွားသည်။
“ဟုတ်တယ်နော် ၊ ဘာလို့ မြည်နေတာလဲ ၊ ဒါက ငါ စိတ်ကူးယဉ်နေတာလား ၊ နင် မကြားရဘူးလား ၊ အသံက အပြင်မှာတင် မြည်နေတာလေ!”
“စိတ်လျှော့ပါဦး!”
ရွှမ်ဝမ်သည် သူမလက်ချောင်းမှ လက်စွပ်ကို ချွတ်လိုက်သည်။ သူမက ဆံပင်ချည်တစ်မျှင်ကို လက်စွပ်တွင် ရစ်ပတ်လိုက်သည်။ ထို့နောက် သူမက ဘယ်ညာယိမ်းနေသော လက်စွပ်ပေါ်တွင် အမျိုးသမီးအား အာရုံစိုက်စေလိုက်သည်။ ဖုန်းမြည်သံသည် တဖြည်းဖြည်း မှေးမှိန်သွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“ဒါက အရမ်း ရုတ်တရက် ဖြစ်သွားတာပဲ ၊ ဒိုင်ယာရီကို ဖတ်တုန်းက အန်တီ တစ်ခုခု မှတ်မိသွားတာလား”
ရွှမ်ဝမ်သည် အမျိုးသမီးအား ဆိုဖာပေါ်သို့ လိုက်ပို့ပေးလိုက်ပြီး ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
“ငါ... စီတုအန်းအတွက် စိတ်ပူနေခဲ့တာပါ”
“အန်တီ့ရဲ့ အိမ်နီးနားချင်း လူကြီးတွေရော၊ ကလေးတွေရောက အတုတွေလေ ၊ အန်တီက အတုအယောင် အိမ်တစ်လုံးမှာ နေနေရတာ ၊ ဒီလိုအချိန်မျိုးမှာတောင် စီတုအန်းကို စိတ်ပူနေတုန်းပဲလား”
ရွှမ်ဝမ် အံ့အားသင့်သွားသည်။
“သူ ဒုက္ခရောက်နေပြီလို့ ငါခံစားနေရတယ် ၊ သူ အိမ်ကို ပြန်မတာလည်း အချိန်အတော်ကြာပြီလေ”
စိုးရိမ်ပူပန်မှု၊ စိတ်မသက်မသာဖြစ်မှုနှင့် ရှုပ်ထွေးမှုတို့သည် တစ်ဦးတစ်ယောက်၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားပါက ဖယ်ရှားရန် ခက်ခဲပေသည်။ ၎င်းတို့သည် နှလုံးသား၏ ထောင့်တိုင်းကို ကူးစက်သွားမည်ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် စိတ်ထိခိုက်စရာ အချက်အလက်များ ရရှိသည့်အခါ ၎င်းသည် လူတစ်ဦးကို ရူးသွပ်စေရန် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ကောင်းမင်သည် နံရံကို မှီ၍ အရိပ်ထဲတွင် ပုန်းနေသည်။ ရွှမ်ဝမ်၏ လှုပ်ရှားမှုတိုင်းသည် တွက်ချက်ထားပြီး သူမက ထိုအိမ်အား ဧရာမလူနာခန်းဟု ခေါ်ဆိုခဲ့သည်။ သူမသည် အိမ်နီးနားချင်းတိုင်းကို ကုသမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲခဲ့သည်။ သူမသည် အိမ်က ပေးအပ်သည့် လုံခြုံမှုခံစားချက်ကို တမင်တကာ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ သူမ၏ ကြင်နာမှုသည် အမျိုးသမီးကြီးအား အစွန်းတစ်ဖက်ဆီသို့ တဖြည်းဖြည်း တွန်းပို့နေလေသည်။ ရွှမ်ဝမ် လုပ်ချင်သည်မှာ အမျိုးသမီးကြီးကို သူမ အမှန်တကယ် နေမကောင်းဖြစ်နေကြောင်း ယုံကြည်သွားစေရန်ဖြစ်သည်။ ပုံမှန်ကမ္ဘာက ပုံမှန်မဟုတ်တော့သည့်အခါ ပုံမှန်မဟုတ်သော ကမ္ဘာသည် ပုံမှန်ဖြစ်လာရမည်သာ။
“ဒါကိုတော့ ကျွန်မ စာနာပါတယ် ၊ ဒါပေမဲ့ ရှင်သူ့ကို အရမ်းစိတ်ပူနေပါရက်နဲ့ ဘာလို့ ထွက်မသွားရတာလဲ”
ရွှမ်ဝမ်သည် အမျိုးသမီး ရေတစ်ခွက်အပြည့် ကုန်အောင် သောက်လိုက်သည်ကို ကြည့်နေ၏။
“စီတုအန်းက ငါ့ကို ဒီအိမ်ကနေ ဘယ်တော့မှ မထွက်ဖို့ မှာထားခဲ့တယ်”
ရွှမ်ဝမ်က အမျိုးသမီးဘေးတွင် ထိုင်လိုက်ပြီး
“သူက အန်တီ့ကို သူ့ဆီ လာရှာမှာကို စိုးရိမ်နေတာလား၊ ဒါမှမဟုတ် အန်တီ တစ်ခုခု သိသွားမှာကို စိုးရိမ်တာနေလား “
“ သူ အရမ်း ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို ကြုံတွေ့နေရတာ ဖြစ်နိုင်တယ် ၊ သူက အန်တီ စိတ်မပူစေချင်လို့ ဘာမှ မပြောပြတာပေါ့ ၊ ဒါပေမဲ့ သူ ဒီလို လုပ်လေလေ အန်တီ ခံစားရမယ့် နာကျင်မှုက ပိုကြီးမားလေလေပဲ”
အမျိုးသမီးသည် ရေခွက်ကို ကိုင်ထားပြီး အိုစာသွားပုံရသည်။
“ဒါက အဖြူရောင် မုသားတစ်ခု ဖြစ်ကောင်း ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ တစ်ခုတော့ သေချာတယ် ၊ စီတုအန်းက အန်တီ့ကို လိမ်နေတာပဲ ၊ တကယ်တမ်းကျတော့ သူက အန်တီ့ရဲ့ ရောဂါကို ကုသဖို့အတွက် ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို လုပ်နေတာ ဖြစ်နိုင်တယ်”
ရွှမ်ဝမ်၏ အသံသည် သူမ၏ နားထဲသို့ ရောက်ရှိလာသည်။ အမျိုးသမီးကြီးက ဘာမှ မပြောပေ။ ရွှမ်ဝမ်သည် သူမ၏ နှလုံးသားထဲရှိ အတွေးများကို ထုတ်ဖော် ပြောဆိုနေခြင်းမျှသာ ဖြစ်သည်။ အမျိုးသမီးကြီး၏ နှလုံးသားထဲတွင် အသံနှစ်ခု အငြင်းပွားလျက်ရှိသည်။ အသံတစ်ခုက စီတုအန်းကို ရှာဖွေရန်အတွက် အိမ်မှ ထွက်ခွာရန် ပြောနေပြီး နောက်အသံတစ်ခုမှာ အိမ်မှ မထွက်ခွာရန် သတိပေးနေသည်။ သို့သော် ရွှမ်ဝမ်၏ တိုက်တွန်းမှုဖြင့် ဟန်ချက်ညီမှုသည် ပျက်ပြားသွားသည်။ ရွှမ်ဝမ်သည် အမျိုးသမီး၏ နှလုံးသားထဲရှိ အားနည်းချက်ကို ထောက်ပြခဲ့သည်။ သူမသည် ဒိုင်ယာရီထဲရှိ မှတ်တမ်းများကို ဖတ်ပြီးခဲ့ သူမနှလုံးသားရှိ ကြောက်ရွံ့မှုကို ပိုမို ကြီးမားလာစေသည်။
အမျိုးသမီး၏ စိတ်ခံစားမှုများမှာ တုန်လှုပ်နေပေသည်။ အခန်းထဲရှိ နေရောင်ခြည်သည် ပုံပျက်နေခဲ့သည်။ သေတ္တာဟောင်းထဲရှိ အရုပ်များ တုန်ယင်လာကြသည်။ ဗီရိုဘေးမှ မှန်သည် မှုံမှိုင်းလာခဲ့သည်။ အမျိုးသမီး ကိုင်ထားသည့် ရေခွက်ပင် တုန်ယင်လာ၏။ သူမ၏ ရောင်ပြန်ဟပ်မှုသည် မှုန်ဝါးလျက်ရှိပြီး သူမသည် တစ်ခါမှ အစစ်အမှန် မဟုတ်ခဲ့သလိုပင် ဖြစ်နေသည်။ အမျိုးသမီးကြီး၏ ပခုံးများ တုန်ယင်လာခဲ့သည်။ သူမသည် ထို ‘အမှန်တရား’ ကို လက်မခံနိုင်သော်လည်း လက်ခံရတော့မည် ဖြစ်သည်။ သူမ၏ နှလုံးသားထဲရှိ ဆန့်ကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် စီတုအန်း၏ ဖုန်းမြည်သံသည် တစ်ဖန် မြည်လာပြန်သည်။
“စီတုအန်း! စီတုအန်း!”
အမျိုးသမီးသည် ရွှမ်ဝမ်အား တွန်းထုတ်၍ တံခါးဆီသို့ ပြေးသွားလိုက်သည်။ သူမသည် အမှန်တရားကို မြင်ရန် ဆုံးဖြတ်ထားပြီဖြစ်၍ ခြေညှပ်ဖိနပ်ပင် မစီးဘဲ တံခါးအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။ ဖုန်းမြည်သံသည် ထောင့်နားတစ်ဝိုက်တွင်သာ ရှိနေသည်။ စီတုအန်း၏ မိခင်သည် ထိုအသံနောက်သို့ လိုက်ပါသွားသည်။ သူမ၏ နှလုံးသားထဲရှိ ချိန်ခွင်လျှာမှာ ပျက်စီးသွားပြီး စီတုအန်း၏ သတိပေးချက်ကို လျစ်လျူရှုလိုက်သည်။ သူမသည် အိမ်ထဲမှ ကော်ရစ်ဒါဆီသို့ ပြေးထွက်သွားသည်။
သူမသည် ခြံဝင်းထဲသို့ ဝင်ရောက်ပြီး ကွေ့ဝိုက်နေသော သစ်ပင်များအောက်ကို ဖြတ်၍ ပြေးလွှားလိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲမှ ဖုန်းမြည်သံသည် သူမရှေ့တွင် ရှိနေသော်လည်း လိုက်မမီနိုင်ခဲ့ပေ။ သူမက အရိပ်ထဲတွင် လူတစ်ယောက် ရပ်နေသည်ကို မတွေ့မချင်း ဂိတ်ဝဆီသို့ ပြေးသွားခဲ့သည်။
“စီတုအန်း! သားလား ၊ သား နောက်ဆုံးတော့ အိမ်ပြန်လာပြီလား”
ဖုန်းမြည်သံမှာ ပျောက်ကွယ်သွား၏။ အမျိုးသမီးကြီးသည် သူမ၏ ဒဏ်ရာရနေသည့် ခြေထောက်ကိုပင် ဂရုမစိုက်ဘဲ အရိပ်ထဲသို့ လျှောက်ဝင်သွားသည်။
“အန်တီ၊ စောစောက လမ်းတစ်ဖက်ကို တစ်ယောက်ယောက် ပြေးသွားတာ တွေ့လိုက်တယ်”
ကောင်းမင်က လမ်းတစ်ဖက်သို့ ညွှန်ပြလိုက်သည်။
“စက္ကန့်ပိုင်းလေးပဲ ရှိသေးတယ်”
နေရောင်မကျရောက်နိုင်သည့် အရိပ်ထဲတွင် ရပ်နေသော စီတုအန်း၏ မိခင်နောက်တွင် အိမ်ကို ကိုယ်စားပြုသည့် အဆောက်အအုံဝင်းကြီး ရှိနေသည်။ အဆောက်အအုံ လေးခုကြားတွင် သူမသည် အလွန်သေးငယ်နေပုံ ပေါ်လေသည်။
ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်ရင်း အမျိုးသမီးကြီးက လမ်းတစ်ဖက်သို့ ကြည့်လိုက်သည်။ သူမသည် ထိုဘက်ဆီသို့ ခြေလှမ်းများ စတင်လိုက်သည်။
သူမ တိုက်ခန်းအဆောက်အအုံ၏ အရိပ်မှ ထွက်ခွာလိုက်သည့်အခါ အချုပ်အနှောင်တစ်မျိုးမျိုး ကျိုးပြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် လမ်းဘေးတွင် ဆေးရုံ၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။ ဆေးရုံထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုခု ဖြစ်ပွားနေခဲ့သည်။
မထင်မရှား အော်ဟစ်သံများမှာ နေရာတိုင်းတွင် ပဲ့တင်ထပ်နေပေသည်။ ကမ္ဘာတစ်ခုလုံးအား ပါးလွှာသော အနီရောင်အလွှာဖြင့် ဆေးခြယ်ထားခဲ့သည်။
“ဒီနေရာက စီတုအန်း အလုပ်လုပ်တဲ့ နေရာလား”