ထွက်သွား
Vol. 19 Ch. 284
အမျိုးသမီးကြီးသည် သေဆုံးမှု အကြောင်းကြားစာများ ကပ်ထားသော နံရံများကို မြင်တွေ့ရသော်လည်း ယုံကြည်ရန် ငြင်းဆန်လို့နေသည်။ သူမသည် အဖြေကို သိနှင့်ပြီးဖြစ်သော်လည်း ဝန်ခံလိုခြင်း မရှိပေ။ စီတုအန်းသည် ကြမ်းပြင်ပေါ်မှ သွေးစွန်းနေသော ခွဲစိတ်ဓားကို ကောက်ယူပြီး စီတုအန်း၏ မိခင်ဆီသို့ လျှောက်သွားလိုက်သည်။ သူတို့နှစ်ဦးသည် စီတုအန်း၏ ဘဝကို အသေးစိတ် ဖော်ပြထားသည့် ကော်ရစ်ဒါတွင် ရပ်လျက် တစ်ဦးကိုတစ်ဦး ကြည့်နေကြလေသည်။
“နတ်ဆိုးက ကမ္ဘာပေါ် ဆင်းသက်လာမယ်ဆိုရင် နင့်ရဲ့ မျက်နှာနဲ့ ဖြစ်နေမှာပဲ ၊ ဟုတ်တယ်မလား”
အမျိုးသမီးကြီးက နံရံကို မှီထားသည်။ သွေးစွန်းနေသော နေရောင်ခြည်သည် သူမ၏ ပခုံးများပေါ်မှ စီးဆင်းနေသည်။ ဤထူးဆန်းသော ကမ္ဘာတွင် သူမသည် အလွန်ပင် သန့်ရှင်းစင်ကြယ်နေပုံ ပေါ်သည်။
ကောင်းမင်သည် အမျိုးသမီးအား အဖြေမပေးခဲ့ပေ။သူ ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သော်လည်း အမျိုးသမီးကို မထိုးခဲ့ပေ။ ရွှမ်ဝမ် ရှုပ်ထွေးစွာ ကြည့်နေစဉ် ကောင်းမင်သည် သူ့ရင်ဘတ်ပေါ်တွင် ဓားဖြင့် ဒဏ်ရာတစ်ခု ဖြစ်အောင် ခွဲလိုက်သည်။ သွေးနှင့်အတူ စီးထွက်လာသော အရာများထဲတွင် သူ့နှလုံးသားအတွင်း၌ မြှုပ်နှံထားသည့် သေဆုံးမှတ်ဉာဏ်များ ပါဝင်လာသည်။ထိုအရာများသည် အမျိုးသမီးကြီးရှေ့တွင် ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။
“အန်တီ့သားဟာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး ၊ သူ့ဘဝအတွက် ကန့်လန့်ကာ ချလိုက်ပြီ ၊ အန်တီ အနားယူဖို့ အချိန်တန်ပါပြီ”
ညှဉ်းပန်းနှိပ်စက်ခန်းထဲရှိ ချိန်းကြိုးများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေကြရာ အသက်ဝင်လာသယောင် ဖြစ်လို့နေသည်။
“အန်တီက သူ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲ ဖြစ်ဖြစ်၊ သူ့မိခင်ရဲ့ ဝိညာဉ်ပဲ ဖြစ်ဖြစ် အရေးမကြီးဘူး”
ကောင်းမင်သည် အလင်းနှင့် အရိပ်ကြားတွင် ရပ်လျက်ရှိသည်။သူ့ နှလုံးသားပေါ်မှ ဒဏ်ရာမှာ ကျယ်ပြန်လာသည်။ အမျိုးသမီးကြီးသည် သူ့နှလုံးသားထဲမှ ခြောက်ခြားဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသည်။
“အန်တီ သူ့နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ စီတုအန်းနဲ့ တွေ့အောင် ကျွန်တော် လုပ်ပေးနိုင်တယ်”
ရွှမ်ဝမ်က တစ်ခုခုကို နားလည်သွားပုံရသည်။ သူမသည် အိတ်ကပ်ထဲသို့ လက်လှမ်းလိုက်ပြီး ဦးလေးကျန်း၏ ဖုန်းဖြင့် နံပါတ်ကို ခေါ်ဆိုလိုက်သည်။ ရင်းနှီးသည့် သံစဉ်သည် ကောင်းမင်၏ နှလုံးသားထဲမှ ပေါ်ထွက်လာသည်။ အမျိုးသမီးက တုန်ယင်စွာ ခေါင်းထောင်ကြည့်လိုက်သည်။ သူမသည် သေဆုံးမှတ်ဉာဏ်အလွှာများမှ တဆင့် ဖြတ်သန်းသွားသည်။ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများက ဘေးသို့ရွေ့လျားသွားကြ၏။ ညှဉ်းပန်းနှိပ်စက်ခန်း၏ နက်ရှိုင်းသော နေရာတွင် ရင်းနှီးသော မျက်နှာတစ်ခုကို သူမမြင်လိုက်ရသည်။ စီတုအန်းသည် ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရပြီး သူ့မျက်နှာတွင် အရူးသွပ်ဆုံး အပြုံးကို ဖော်ဆောင်ထားသည်။ သူ့မျက်လုံးများက ကောက်ကျစ်စဉ်းလဲနေခဲ့သည်။
“စီတုအန်း...”
ထိုအခိုက်အတန့်တွင် စီတုအန်းသည် စက္ကန့်အနည်းငယ်ကြာ အသက်ရှူရပ်သွားသည်။ သူ့မျက်နှာပေါ်က အပြုံးမှာ ရပ်တန့်သွားသည်။ သူသည် သူမကို နှုတ်ဆက်ခြင်းမရှိပေ။ထိုအစား စီတုအန်းသည် စိတ်လွှတ်သွားသည့်နှယ် အမျိုးသမီးကြီးအား အော်ဟစ်လိုက်သည်။
“အိမ်ကနေ ဘယ်တော့မှ မထွက်ဖို့ ကျုပ် ခင်ဗျားကိုပြောထားတယ် မဟုတ်လား”
ကောင်းမင်သည် သူ၏ များစွာသောသေဆုံးမှုများမှတဆင့် စီတုအန်းနှင့် အကြိမ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးသော်လည်း စီတုအန်းတွင် ထိုမျှ ဒေါသအမျက်ထွက်သည်ကို မတွေ့ဖူးခဲ့ပေ။ စီတုအန်းသည် ဖျားနာသည့်အထိ ဆင်ခြင်တုံတရားရှိသူဖြစ်သည်။ အရိပ်ကမ္ဘာက ရွေးချယ်ထားသော မိဘတစ်ဦးအနေဖြင့် သူသည် အသံကို တစ်ခါမှ မြင့်မြင့်မပြောခဲ့ဖူးပေ။ သေခြင်းတရား သူ့နောက်လိုက်နေချိန်တွင်ပင် သူသည် စိတ်အေးအေးထားပြီး ဖြေရှင်းလေ့ရှိသည်။ ချောင်ပိတ်မိသွားချိန်တွင် သူ့တွင် အရန်အစီအစဉ် ရှိသည်။ သူ သတ်ဖြတ်ခံရပြီးနောက်တွင်ပင် ထိန်းချုပ်မှု မလွတ်ပဲ သရဲတစ်ကောင်အဖြစ် ပြန်လည်စတင်လိုခဲ့သည်။ သို့သော်လည်း ကံကြမ္မာကို အဆုံးအထိ တိုက်ခိုက်ခဲ့သော ထိုလူယုတ်မာသည် အမျိုးသမီးကြီးကို မြင်လိုက်ရသောအခါ မတူညီသော မျက်နှာကို ထုတ်ဖော်ခဲ့သည်။
အမျိုးသမီးကြီး၏ မျက်လုံးများမှာ နီရဲလာခဲ့သည်။ သူမသည် စီတုအန်းက ဆူပူကြိမ်းမောင်းသောကြောင့် ငိုကြွေးခြင်းမဟုတ်ဘဲ နောက်ဆုံးတွင် သူမ၏ သားကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ အရင်က သူမ၏ ဂုဏ်ယူစရာလေးသည် ချုပ်နှောင်ခံထားရသော အကျဉ်းသားတစ်ဦး ဖြစ်နှင့်နေခဲ့လေပြီ။
“အိမ်မှာ နေပါ ! အိမ်မှာ နေပါလို့ ! ကျုပ်ခင်ဗျားကို ဘယ်နှစ်ခါ ပြောရမှာလဲ”
စီတုအန်းသည် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ ချိန်းကြိုးများ တချွင်းချွင်း မြည်သည်။ သူ့ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများ ဆုတ်ဖြဲသွားသော်လည်း နာကျင်မှုကို မခံစားရပုံရသည်။
“ကျုပ် ခင်ဗျားကို သတ်ခဲ့သင့်မှန်း သိနေခဲ့တယ် ! ကျုပ် ဘယ်လို လူသားဆန်မှုမျိုးမှ ချန်ထားခဲ့လို့ မရဘူး! ခင်ဗျားက ကျုပ်အားနည်းချက် ဖြစ်လာမယ်ဆိုတာ ကျုပ်သိနေခဲ့တာ!”
အမျိုးသမီးကြီးသည် အိမ်မှ မထွက်ခွာဘဲ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်နေသရွေ့ အပြင်လူများအားလုံး၏ အသိစိတ်များသည် သူ့အိမ်ထဲတွင် ပိတ်မိနေမည်ဖြစ်သည်။ လုဇန်နှင့် စီတုအန်း စုဆောင်းထားသော နတ်ဘုရားရုပ်ထုများ နိုးထလာပြီး အပြင်လူ၏ အသိစိတ်ကို စားသုံးကြလိမ့်မည်ဖြစ်သည်။ စီတုအန်း၏ အမြင်အရ ကောင်းမင် သေဆုံးသွားသည်နှင့် သူသည် အရိပ်ကမ္ဘာတွင် ပြန်လည်ရှင်သန်လာပြီး နတ်ဆိုးသရဲတစ်ကောင် ဖြစ်လာနိုင်ပေမည်။ သို့သော်လည်း သူ၏ အစီအစဉ်သည် အမျိုးသမီးကြီးကြောင့် ပျက်စီးခဲ့ရသည်။
“အိမ်ဆိုတာ အန်တီ ရှိတဲ့နေရာပဲ ၊ အခု အန်တီ စီတုအန်းကို အိမ်ခေါ်လာလို့ ရပြီ”
ကောင်းမင် ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးကို ဖွင့်လိုက်သည်။ အမျိုးသမီးကြီးသည် စီတုအန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမျိုးသမီးဖြစ်သူ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်သည်နှင့် စီတုအန်း၏ တည်ရှိမှုသည် ဤကမ္ဘာမှ သုတ်သင်ခံရပေလိမ့်မည်။
“ထွက်သွား! ခင်ဗျား ကျုပ်ကို ဆွဲချနေတာပဲ! ခင်ဗျားကို သတ်ခဲ့သင့်တယ်!”
စီတုအန်းသည် တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။ သူသည် ချိန်းကြိုးများမှ လွတ်မြောက်ရန် သူ့ခွန်အားအလုံးစုံကို အသုံးပြုခဲ့သော်လည်း သူ့ဒဏ်ရာများကိုသာ ပိုမို ဆိုးရွားစေခဲ့သည်။
“ဆေးရုံမှာ အန်တီ မြင်တွေ့ရတဲ့ အရာအားလုံးဟာ စီတုအန်း လုပ်ခဲ့တာပဲ ၊ နစ်နာသူတွေက တခြား မိဘတွေရဲ့ ကလေးတွေ မဟုတ်ဘူးလား ၊ သူ့ရဲ့ တည်ရှိမှုကြောင့် မိသားစု အများအပြား ပျက်စီးခဲ့ရတယ် ၊ တစ်ယောက်ယောက်က သူ့ရဲ့ အမှားကို ပြင်ဆင်ပေးဖို့ လိုတယ်”
ကောင်းမင်သည် ချိန်းကြိုးတစ်ချောင်းကို အမျိုးသမီးကြီးအား လှမ်းပေးလိုက်သည်။
“အန်တီမှာ တခြားရွေးချယ်စရာ မရှိဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်တော် သေရင်တောင်မှ စီတုအန်း ဒီလှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ဒီထဲ မဝင်လာနဲ့! ထွက်သွား! ငယ်ငယ်ကတည်းက ကျုပ် ခင်ဗျားကို မုန်းခဲ့တာ! ခင်ဗျားက ကျုပ်အမှားတွေရဲ့ အရင်းအမြစ်ပဲ! ခင်ဗျားကို မလိုအပ်ဘူး!”
စီတုအန်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် လောင်းကြေးအားလုံးကို ရှုံးနိမ့်သွားသော လောင်းကစားသမားတစ်ဦးနှင့် တူနေပေသည်။ သူသည် ကွဲနေသော ပုလင်းတစ်လုံးကို သူ၏ ချစ်ရသူများအား ဝှေ့ယမ်းပြခဲ့သည်။
“စီတုအန်း...”
အမျိုးသမီးသည် ကြင်နာတတ်သူဖြစ်သည်။ သူမတွင် အနည်းငယ်မျှသော မကောင်းစိတ် ရှိခဲ့လျှင်ပင် သူမ ဒီနေရာတွင် ရှိနေမည် မဟုတ်ပေ။ သူမ၏ ချစ်ခြင်းမေတ္တာကြောင့် သူမသည် ထိုအခိုက်အတန့်တွင် ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။ ပြတင်းပေါက်ပေါ်ရှိ ရောင်ပြန်ဟပ်မှုမှာ မှေးမှိန်သွားသည်။ အမျိုးသမီးကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အချိန်ဆီသို့ ပြန်ရောက်သွားသည်။ သူမသည် လွန်ခဲ့သော နှစ်နှစ်ဆယ်က ဆေးရုံထဲသို့ ခြေချခဲ့ဖူးပြီး နှစ်နှစ်ဆယ်ကြာပြီးနောက် ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ခြေချနေပြန်သည်။
“ပြေးတော့ ! ထွက်သွားတော့!”
စီတုအန်း၏ ဝိညာဉ်သည် သံကြိုးများကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေ၏။ သူသည် သူ့ကိုယ်သူ လွတ်မြောက်ရန် ကြိုးစားချိန်တွင်ပင် ဤမျှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မရှိခဲ့ပေ။ သူသည် အမျိုးသမီးကို သူနှင့် ပေါင်းစည်းခြင်းမှ တားဆီးရန် အစွမ်းကုန် ကြိုးစားနေခြင်းဖြစ်သည်။
“သားလေးရယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမေ မင်းနဲ့ နေခဲ့သင့်တာ ၊ သားကို တစ်ယောက်တည်း ထားခဲ့မိတဲ့အတွက် အမေ အရမ်းကို တောင်းပန်ပါတယ်”
သူမ၏ ဆံပင်များမှာ ချက်ချင်း ဖြူဖွေးသွားပြီး အသားအရေများတွင် အရေးအကြောင်းများဖြင့် တွန့်ခေါက်သွားသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ညှိုးနွမ်းလို့ လာသည်။ သူမသည် စီတုအန်းနှင့် ပိုမို နီးကပ်လာလေလေ သေဆုံးခြင်းနှင့် ပိုမို နီးကပ်လာလေလေ ဖြစ်သည်။ သူမသည် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများကို ကျော်ဖြတ်၍ စီတုအန်းထံသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ မျက်လုံးများတွင် တောင်းပန်ခြင်းများဖြင့် လင်းလက်နေခဲ့သည်။
သူမအား အရူးအမူး ဆူပူကြိမ်းမောင်းနေခဲ့သော စီတုအန်းသည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
“သူက အဲဒီ နာကျင်စရာ စကားလုံးတွေကို အန်တီ ညှဉ်းပန်းနှိပ်စက်ခန်းထဲကို မဝင်ဖို့အတွက် ပြောခဲ့တာပဲ”
ကောင်းမင်သည် စီတုအန်း၏ ရန်သူဖြစ်သလို သူ့ကို အသိဆုံးသူလည်း ဖြစ်သည်။ စီတုအန်းသည် သူ့မိခင်အား စိတ်ရင်းမှန်ဖြင့် ဆူပူကြိမ်းမောင်းမည် မဟုတ်ပေ။
“သူ အရှုံးမပေးသေးဘူးပဲ ”
စီတုအန်းသည် ရုန်းကန်ခြင်းကို ရပ်လိုက်သည်။ သူသည် အမျိုးသမီးကြီးကို လက်လှမ်း၍ ထိတွေ့လိုသော်လည်း သူ့ခန္ဓာကိုယ်သည် သံကြိုးများဖြင့် ဖောက်ထွင်းခံထားရသဖြင့် လှုပ်ရှားနိုင်ခြင်း မရှိပေ။
အမျိုးသမီးကြီးသည် စီတုအန်း၏ လက်များကို ဆုပ်ကိုင်ရန် ဖြည်းညှင်းစွာဖြင့် ရှေ့သို့ ကိုင်းညွှတ်လိုက်သည်။
“မငိုနဲ့တော့”
စီတုအန်းသည် အေးစက်နေသော်လည်း ပြတ်သားသော လေသံဖြင့်ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ဒီကနေ ခေါ်ထုတ်သွားပေးမယ်”