← Chapters

အိမ်

Vol. 19 Ch. 275

အိမ်

Vol. 19 Ch. 275

အသားနံရံများပေါ်တွင် ကြီးထွားလာသော အရာများသည် ပိုပို ထူးဆန်းလာသော်လည်း သူတို့ နားထဲတွင် ကြားရသည့် အသံများသည် ပို၍ပင် သာမန်ဖြစ်လာလေသည်။ အပြစ်ကင်းသော ရယ်မောသံ၊ နွေးထွေးသော စကားပြောဆိုသံနှင့် ချစ်ခင်ကြင်နာမှုတို့…စသဖြင့်။

“ငါကြားနေရတဲ့ အရာတွေနဲ့ မြင်နေရတဲ့ အရာတွေက မတူညီတဲ့ ကမ္ဘာနှစ်ခုက လာနေတာပဲ”

ခွေးကြီး၏ လည်ပင်းနောက်ဘက်မှ အမွေးများ ထောင်တက်သွားသည်။ထိုနေရာသည် သူ့အား အလွန်ပင် မသက်မသာ ဖြစ်စေသည်။

“ကောင်းမင်၊ ငါတို့ ရှေ့ဆက်သွားတာ ရပ်သင့်ပြီ”

ခွေးကြီးသည် ကောင်းမင်အား နာမည်ဖြင့် ခေါ်ဆိုခြင်းမှာ ရှားလှသည်။ ယင်းမှာ သူသည် အမှန်တကယ် ကြောက်ရွံ့နေခြင်းကို ဆိုလိုသည်။

“မင်းလည်း ဒီအသံတွေကို ကြားနေရတာလား”

ကောင်းမင်၏ အခြေအနေမှာ ခွေးကြီးနှင့် ကွဲပြားသည်။ သူက ထိုအသံများသည် အလွန် ရင်းနှီးနေသည်ဟု ခံစားရသည်။ စကားဝိုင်းများတွင် သူ မပါဝင်သော်လည်း မိသားစုက သူ့အား အိမ်ပြန်လာရန် ခေါ်ဆိုနေသကဲ့သို့ ဖိတ်ခေါ်မှုကို ကြားနေရသည်။ သူ ဥမင်လိုဏ်ခေါင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူသည် အသံများတွင် မည်သည့် ပြဿနာကိုမျှ မကြားမိပေ။ သူသည် သူတို့နှင့်အတူ ကြီးပြင်းလာခဲ့ရသကဲ့သို့ ဖြစ်နေသည်။

“ရှေ့ဆက် မသွားနဲ့တော့”

ခွေးကြီးက သတိပေးလိုက်သည်။ သူသည် ကောင်းမင်၏ လက်ကို ကိုက်ရန် လှမ်းဟပ်လိုက်သည်။ မေးရိုးများသည် လေကိုသာ ကိုက်မိသွားခဲ့သည်။ ကောင်းမင်သည် သူ့ရှေ့တွင် ရှိနေသော်လည်း သူ့ကို မထိတွေ့နိုင်ခဲ့ပေ။

“သေစမ်း !အဲ့အသံတွေကို နားထောင်တာ ရပ်လိုက်တော့”

ခွေးကြီးက ဟောင်လိုက်သည်။ သူသည် ကောင်းမင်ကို ဆွဲထုတ်လိုသော်လည်း အူလမ်းကြောင်းမှ စိမ့်ထွက်လာသော အရည်များက သူ့အမွေးများကို ပူးကပ်သွားစေသည်။ နံရံတွင် အက်ကွဲကြောင်းများ ပွင့်ဟလာပြီး သေးငယ်သောပါးစပ်လေးများကဲ့သို့ သူ့ကို ကိုက်ချလိုက်သည်။

“ကောင်းမင်”

ကောင်းမင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နိုးထလာခဲ့သည်။ သူ့ပတ်ဝန်းကျင်မှ အသံများ ပျောက်ကွယ်သွား၏။ သူ လှည့်ကြည့်လိုက်သောအခါ ခွေးကြီးသည် ပျောက်ဆုံးနေခဲ့သည်။ ကောင်းမင်ထက် ပိုအကောင်ကြီးသော ခွေးကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ထိုအစား ပလတ်စတစ် ခွေးရုပ်လေးတစ်ရုပ်သာ ကျန်ရစ်ခဲ့သည်။ ကောင်းမင်သည် အရုပ်ကို ကောက်ကိုင်လိုက်ပြီး ဗိုက်ကို တို့လိုက်သည်။ ၎င်းက ချစ်စရာကောင်းစွာ ဟောင်လိုက်သည်။

“သေစမ်း … ငါ ခွေးကြီးနဲ့ လူကွဲသွားပြီ”

ကောင်းမင်က လျင်မြန်စွာ အာရုံစိုက်လိုက်သည်။ သို့သော် သူ မည်သည့်အချိန်က ညို့ခံလိုက်ရသည်ကို မသိလိုက်ပေ။ ထိုနေရာတွင် ရပ်ကာ သူလာခဲ့သည့် လမ်းကြောင်းကို ပြန်ကြည့်လိုက်သည်။ အူလမ်းကြောင်း ဥမင်လိုဏ်ခေါင်းသည် မှောင်မိုက်ပြီး ကြောက်သီးထဖွယ်ကောင်းနေသည်။ ဥမင်ထဲတွင် ရွံစရာကောင်းသော အလောင်းများဖြင့် ပြည့်နှက်နေ၏။ ခွေးကြီးမှာ သူ့နှင့်အတူ ရှိမနေတော့ပေ။

“ငါ ပိုပြီး သတိထားရမယ်၊ နောက်ထပ် အာရုံပျံ့လွင့်လို့ မဖြစ်ဘူး။ စီတုအန်းရဲ့ အိမ်က ဒီနားတစ်ဝိုက်မှာ ရှိရမယ်”

ကောင်းမင်တွင် သူ့ကိုယ်ပိုင် ရောင်စုံဓာတ်ပုံ ရှိသဖြင့် မိဘတစ်ဦး၏ ထူးခြားမှုကို သိသည်။ သို့သော် သူသည် သူ့အိမ်တွင်းသို့ တစ်ခါမှ မဝင်ဖူးသောကြောင့် အိမ်ဟူသော အယူအဆမရှိပေ။ ကောင်းမင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်လှည့်လိုက်သည်။ သူ့မျက်လုံးများ မှေးကျဉ်းသွားသည်။

ရွံစရာကောင်းသော ဥမင်လိုဏ်ခေါင်းမှာ မရှိတော့ချေ။ ထိုအစား သူသည် အဆောက်အအုံဟောင်းတစ်ခု၏ ကော်ရစ်ဒါတွင် ရပ်လျက်ရှိသည်။ အရုပ်ခွေးလေးကို ကိုင်ရင်း သူသည် နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ သူ့နောက်မှ ဥမင်လိုဏ်ခေါင်းသည်လည်း ကော်ရစ်ဒါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အရာအားလုံးသည် အလွန်ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် အစောပိုင်းက အရာအားလုံးသည် လှည့်စားမှုတစ်ခုကဲ့သို့ ခံစားရသည်။

“ငါ စီတုအန်းရဲ့ အိမ်ထဲ ရောက်နေတာလား”

ဆိုဒါပုလင်း ဖွင့်သံကို သူ ကြားလိုက်ရသည်။ ပုလင်းထိပ်မှ အမြှပ်များ ပေါက်ကွဲထွက်သွားသည်။ ၎င်းသည် အရာအားလုံးကို လန်းဆန်းစေသည့် ခံစားချက်ကို ပေးစွမ်းသည်။လေထဲတွင် သံပုရာနံ့သင်းသင်းလေး ရှိနေသည်။လျှော်ပြီးသားအဝတ်များကို ခြံစည်းရိုးတစ်ဝိုက်တွင် ချိတ်ဆွဲထားသည်။ ကလေးငယ်အချို့က ကော်ရစ်ဒါတွင် တူတူပုန်းတမ်းကစားနေကြ၏။ အိမ်နီးချင်း ဦးလေးကြီးသည် ပက်လက်ကုလားထိုင်ပေါ်တွင် အိပ်နေရင်း ယပ်တောင်ကိုတဖျတ်ဖျတ်ခတ်၍ ပုစဉ်းရင်ကွဲသံကို နားထောင်လျက်ရှိသည်။

ရုတ်တရက် ပေါ်ထွက်လာသော အလင်းရောင်က ကောင်းမင်အား မသက်မသာ ဖြစ်စေသည်။ သူ့ မျက်လုံးများက မသက်မသာမှုကြောင့် မျက်ရည်များ ဝဲလာခဲ့သည်။ သူ့ မျက်လုံးများရှိ အနီရောင်သည် ပိုမိုထင်ရှားလာသည်။ ကောင်းမင်သည် နေရောင်ကို ကာကွယ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

သူသည် ကော်ရစ်ဒါအပိတ်တစ်ခုထဲတွင် ရှိမနေခဲ့ပေ။ တစ်ဖက်တွင် အခန်းများ ရှိပြီး အခြားတစ်ဖက်တွင် ခြံဝင်း ရှိသည်။ ပုံစံသည် လီကျင်းတိုက်ခန်းများနှင့် အတော်လေး ဆင်တူသည်။ ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များ စိုက်ပျိုးထားသည်။ ကားဂိုဒေါင်တွင် အားသွင်းထားသည့် လျှပ်စစ်ဆိုင်ကယ်များနှင့် သံချေးတက်နေသော စက်ဘီးများ ရှိနေလေသည်။ အိမ်ငှားများသည် ခြံဝင်းထဲတွင် ထိုင်၍ စကားပြောနေကြသည်။ အငြိမ်းစား ဦးလေးကြီးများနှင့် အဒေါ်ကြီးများသည် တဲအောက်တွင် အာရုံစိုက်၍ ဖဲကစားနေကြသည်။ အရာအားလုံးသည် အလွန် သာမန်ဖြစ်နေသဖြင့် ကောင်းမင် ကြောက်ရွံ့သွားသည်။ သူသည် မည်သည့် အမှားအယွင်းမှ မမြင်ရပေ။ သူသည် အိပ်မက်ဆိုးမှ ရုတ်တရက် နိုးထလာခဲ့သကဲ့သို့ ဖြစ်သည်။

တိုက်ခန်းများတွင် ကစားနေသော ကလေးများသည် အလွန်တက်ကြွနေသည်။ သို့သော် သူတို့သည် ကောင်းမင်အား အနှောင့်အယှက် မပေးခဲ့ပေ။ သူတို့သည် ချစ်စရာကောင်းပြီး သိတတ်သည်။ အတော်လေး ဝတုတ်နေသော ကလေးတစ်ဦးသည် ဆိုဒါပုလင်းကို ကိုင်ထားခဲ့သည်။ သူသည် ပုလင်းကို ဖွင့်ပြီးသော်လည်း ပိုက်က သူ့လက်ချောင်းများမှ ချော်ထွက်သွားသည်။ ဘယ်သူမှ ကြည့်မနေချိန်တွင် ပိုက်ကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး သူ့ရှပ်အင်္ကျီပေါ်တွင် သုတ်လိုက်သည်။ သူက ပုလင်းထဲသို့ ထိုးထည့်၍ အမြန်သောက်လိုက်လေသည်။ သူသည် အလွန် အာရုံစိုက်နေပုံရသည်။ သူသည် ပြေးလွှားရင်း သောက်နေခဲ့သဖြင့် ကောင်းမင်အား မတော်တဆတိုက်မိသွားခဲ့သည်။

ဆိုဒါသည် ကောင်းမင်၏ အင်္ကျီလက်မောင်းကို စိုစွတ်သွားစေ၏။ ဝတုတ်လေးသည် အလွန် ကြောက်တတ်ပေသည်။ သူက တောင်းပန်လိုက်ပြီး ထွက်ပြေးရန် ပြင်ဆင်နေခဲ့သော်လည်း ကောင်းမင်က သူ့ကို ဆွဲထားလိုက်သည်။ ကလေးငယ်သည် မှားယွင်းနေပုံရပြီး ကောင်းမင်က စိတ်ရှုပ်ထွေးသွားသည်။ဒီကလေးက စီတုအန်းရဲ့ မိသားစုလား။

“သားနာမည် ဘယ်လိုခေါ်လဲ”

ကောင်းမင်၏ အသံသည် သာမန်ဖြစ်သော်လည်း ဝတုတ်လေးကို ကြောက်ရွံ့စေဆဲ ဖြစ်သည်။ ကလေးက မဖြေခဲ့ပေ။ နောက်ဆုံးတွင် ကောင်းမင်က ဒူးထောက်လိုက်ပြီး အလွန် နူးညံ့သောလေသံဖြင့် မေးလိုက်ရသည်။

“သား စီတုအန်းကို သိလား”

ဝတုတ်လေးသည် ဆိုဒါပုလင်းကို ကိုင်ထားပြီး ထုံထုံထိုင်းထိုင်းဖြင့် ခေါင်းညိတ်လိုက်သည်။

“သူ့အိမ် ဘယ်မှာလဲဆိုတာ သားသိလား ”

ကောင်းမင်၏ လေသံသည် ပြေပြစ်သော်လည်း သူ့အကြည့်က ပိုစူးရှလာသည်။

ကလေးက ထပ်မံ ခေါင်းညိတ်လိုက်သည်။ သူသည် ကော်ရစ်ဒါအခြားတစ်ဖက်သို့ ပြေးသွားခဲ့သည်။ ကောင်းမင်လည်း သူ့နောက် လိုက်သွားလိုက်သည်။

သူတို့သည် ခြောက်သွေ့နေသော အဝတ်တန်းများကို ကျော်ဖြတ်၍ ပြေးလွှားလိုက်ကြသည်။ ဝတုတ်လေးသည် ကောင်းမင်အား ကော်ရစ်ဒါအလယ်ရှိ တံခါးတစ်ချပ်သို့ ဦးဆောင်ခေါ်သွား၏။ သံမဏိတံခါးဘေးနှစ်ဖက်တွင် လက်ရေးလှကဗျာစာတန်းများဖြင့် အလှဆင်ထားသည်။ အခန်းထဲမှ အရသာရှိသော အနံ့တစ်ခု လွင့်ပျံလာလေသည်။ ဝတုတ်လေးသည် အခမဲ့ အစားအစာအတွက် ဤနေရာသို့ မကြာခဏ လာရောက်ပုံရသည်။ သူက တံခါးကို ခေါက်၍ “အဘွား! အဘွား” ဟု ညင်သာစွာ အော်ခေါ်လိုက်သည်။

အခန်းထဲမှ ခြေသံများ ထွက်လာသည်။ မကြာမီတွင် တံခါးပွင့်လာသည်။ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး တံခါးဝတွင် ပေါ်လာသည်။

“အဘွား”

ဝတုတ်လေးသည် ပုလင်းကို ကိုင်ပြီး အခန်းထဲသို့ ပြေးဝင်သွားသည်။

“ဘယ်လောက် ချစ်စရာကောင်းတဲ့ ကလေးလဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ဝတုတ်လေး၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမသည် ကောင်းမင်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

“ဒါ စီတုအန်းရဲ့ အိမ်လား”

ကောင်းမင်၏ နှလုံးသည် တဒိတ်ဒိတ် ခုန်နေလေသည်။

“ဟုတ်တယ် မင်း သူ့ဆီက လိုအပ်တာ တစ်ခုခုရှိလို့လား”

အမျိုးသမီးသည် အလွန် ပွင့်လင်းသည်။

“သူ အလုပ်သွားနေတုန်းပဲ ၊ မင်း သူ့ကို အထဲမှာဝင်စောင့်နေချင်လား”

ကောင်းမင်သည် အခန်းထဲသို့ ကြည့်လိုက်သည်။ တိုက်ခန်းသည် မကြီးသော်လည်း အလွန် သန့်ရှင်းသည်။ နံရံများကို လက်ရေးလှစာသားများဖြင့် အလှဆင်ထားသည်။ ထောင့်တစ်နေရာတွင် ကစားစရာ အရုပ်များ ထည့်ထားသော သေတ္တာတစ်လုံး ရှိသည်။

“ကောင်းပြီ”

ကောင်းမင် ဖြေလိုက်သည့်အခါ အရုပ်ခွေးလေးက နှစ်ချက် ဟောင်လိုက်သည်။ ၎င်းသည် ကောင်းမင်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတို့ နှစ်ဦးစလုံးကို လန့်သွားစေသည်။ ဝတုတ်လေးသာ အရုပ်ခွေးလေးကို စူးစမ်းစွာ ကြည့်နေခြင်းဖြစ်သည်။

“အဲဒါ သူလား”

ကလေးသည် ကစားစရာများကို အလွန် နှစ်သက်ပုံရသည်။

“ငါ သူ့ဗိုက်ကို မတော်တဆ ညှစ်မိသွားလို့ပါ”

ကောင်းမင် ပြုံးလိုက်ပြီး ရှေ့သို့ လျှောက်သွားသည်။ သူသည် တံခါးကို ကိုင်၍ သူ့ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ကောင်းမင်သည် အလွန်သတိထားနေသော်လည်း ယင်းကမလိုအပ်ပေ။ သူ့ပတ်ဝန်းကျင်တွင် ကြောက်စရာကောင်းသည့် မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ပေ။

“ငါ့ ဟင်းပွဲတွေ အသင့်ဖြစ်တော့မယ် ၊ မင်း ဒီမှာ စောင့်နေလို့ရတယ်၊ ပြီးရင် ငါတို့ အတူတူ စားလို့ရတယ်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် သူမ၏ အေပရွန်ပေါ်တွင် လက်သုတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

All Chapters