အရှင်ငယ်
Vol. 1 Ch. 54
မာယင်းနှင့် ကျန်းချီတို့သည် ကျန်းရီကို တောင်အောက်တည်းက အမီလိုက် နိုင်ခဲ့သည်။ သို့သော် နှစ်ယောက်လုံးသည် တောင်ပေါ်သို့ အလျင်စလို မတက်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် အမည်မသိသော လူနှစ်ယောက်သည် သူတို့နောက်မှ လိုက်လာ ခဲ့သောကြောင့် ဖြစ်သည်။ ထိုလူများသည် သိုင်းခန်းမမှ ဖြစ်ဟန်တူသည်။
ကျန်းရီ စတင်လှုပ်ရှား လိုက်သည်နှင့် မာဂိုဏ်းသား နှစ်ယောက်သည် တောင်ပေါ်မှ အလျင်စလို ပြေးဆင်း လာခဲ့သည်။သူတို့သည် မာယင်းကို မြင်သောအခါ ချက်ချင်း အကူညီတောင်းခဲ့ကြသည်။ မာယင်းသည် မာဟေးချီ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြောင်း ကြားသောအခါ ဒေါသထွက်သွား ခဲ့သည်။ သူသည် သိုင်းခန်းမမှ လူများ လိုက်လာသည်ကိုပင် မတွေးနိုင်တော့ဘဲ တောင်ကုန်းပေါ်သို့ မြန်မြန် တက်ခဲ့ရသည်။
ကျန်းရုလုံမှ အချက်ပြ သင်္ကေတ ထုတ်လွှတ်သော အခါတွင်
ကျန်းချီသည်လည်း ဆွံအ သွားခဲ့သည်။ တစ်ချိန်ထဲမှာပင် ကျန်းဂိုဏ်းသည်လည်း အချက်ပြမှုကို ရခဲ့သည်။ ကျန်းအိမ်တော်ကို စောင့်ရှောက်ရန် ကျန်ခဲ့သော ကျန်းယွင်မုန့်သည် လူပေါင်းများစွာကို အနောက်ဘက် တောင်ကုန်းသို့ ချက်ချင်းစေလွှတ်လိုက်သည်။ မြို့တော်ဈေးထဲတွင် ကျန်းယွင်ရှန်နှင့် အခြားနှစ်ယောက်သည် မျက်လုံးများ ပြူးသွားခဲ့ကြသည်။ သူတို့သည် အချက်ပြ သင်္ကေတကို အနောက်ဘက် တောင်ကုန်းမှ မဟုတ်ဘဲ ကျန်းအိမ်တော်ဘက်မှ လွှတ်တင် လိုက်သည်ကို မြင်ခဲ့ရသည်။ ကျန်းအိမ်တော်ကို ကျန်းယွင်မုန့်က စောင့်ရှောက် နေခဲ့သည်။ ကြီးမားတဲ့ တစ်ခုခု ဖြစ်နေတာများလား ကျန်းဂိုဏ်းကို တစ်ယောက်ယောက် ကျူးကျော်လာလို့ များလား
“ယွင်ရှဲ နဲ့ ယွင်ရှစ် မင်းတို့ နှစ်ယောက် သွားကြည့်ချေ”
ကျန်းယွင်ရှန်သည် ကျန်းယွင်ရှဲနှင့် ကျန်းယွင်ရှစ်ကို အမိန့်ပေး ညွှန်ကြားခဲ့သည်။ လက်ရှိအချိန်တွင် ပွဲကြည့်စင်ပေါ်၌ အာဏာရှိ လူကြီးများ ရှိနေကြပြီး ကျန်းဟန်ရွှေ သည်လည်း စင်ပေါ်တွင် ပြိုင်ပွဲဝင် နေခဲ့သည်။ ကျန်းယွင်ရှန် ကိုယ်တိုင်သွားရန် မသင့်တော်ပေ။ သူသည် ကျန်းအိမ်တော်ကို ကျူးကျော်ရဲသူ ရှိမည်ဟုလည်း မထင်ပေ။
အနောက်ဘက် မြို့စောင့်တပ်သည် အုပ်ချုပ်သူ ရာပေါင်းများစွာကို စေလွှတ်ခဲ့ ပြီး ကျန်းဂိုဏ်းသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲ အရှင်နှင့် ဆက်နွယ်မှုများ ရှိနေရာ လက်ရှိအချိန်တွင် ကျီထျန်းတောင် ကျူးကျော်ရဲသည့် သတ္တိရှိမည် မဟုတ်ပေ။
“တစ်ခုခု ဖြစ်နေတာလား”
မာယုံကျိသည် မျက်မှောင်များ ကျုံ့သွားကာ ကျန်းအိမ်တော်ဘက်သို့ ကြည့်နေခဲ့သည်။ မာဟေးချီနှင့် မာဂိုဏ်းသား အချို့သည် လက်ရှိအချိန်တွင် ဈေးထဲ၌ ရှိမနေခဲ့ပေ။ ကျန်းရီ၏ ရုတ်တရတ် ထွက်ခွာသွားမှုသည် မာဟေးချီနှင့် တစ်နည်းနည်း ဆက်စပ် နေရပေမည်။ သူ့ရင်ထဲတွင် လေးလံနေခဲ့သည်။
“ဗုန်း”
ရုတ်တရတ် နောက်ထပ် အချက်ပြမီးတစ်ခုသည် ကျန်းအိမ်တော်ဘက်မှ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။
“ ဝှစ်.. ဝှစ်..”
မာခွေနှင့် မာယုံကျိ သည် အချက်ပြမီးကို မြင်သောအခါ မျက်နှာများ ပျက်သွားခဲ့သည် ၎င်းသည် မာဂိုဏ်း၏ အချက်ပြ သင်္ကေတ ဖြစ်သည်။ မာဂိုဏ်းသားများသည် ကျန်းအိမ်တော်ဘက်မှ အချက်ပြ သင်္ကေတကို လွှတ်နေသည် ဟူသော သဘောသည် ဘာကို ဆိုလိုနေသနည်း။ စောစောက ကျန်းဂိုဏ်း၏ အချက်ပြ သင်္ကေတ မဟုတ်ပေဘူးလား။ မာဟေးချီနှင့် ကျန်းဂိုဏ်းသားများ တိုက်ခိုက်နေ ကြတာများလား သို့သော် ကျန်းအိမ်တော် အတွင်းတွင် အားကောင်းသူ အမြောက်မြားရှိရာ အချက်ပြ သင်္ကေတကို လွှင့်တင်စရာ လိုပါသလော။
“ယုံကျိ လူတွေခေါ်ပြီး အဲဒီကို သွားကြည့်ချေ... အလျင်စလိုမလုပ်နဲ့ အသေးစိတ်ကို ချက်ချင်း အကြောင်းကြား”
မာခွေသည် မာယုံကျိကို မျက်နှာပျက်ပျက်နှင့် ညွှန်ကြားလိုက်သည်။
တစ်ခုခု ဖြစ်နေတာများလား…
ကျီထန်းနှင့် လမ်ဂိုဏ်းချုပ်၊ လျှို ဂိုဏ်းချုပ်တို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့၏ အမှုထမ်းများကို အချက်ပြလိုက်ကာ စုံစမ်းခိုင်း လိုက်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် အနောက်ဘက် မြို့စောင့်တပ်မှ အာဏာရှိ လူကြီးရောက်နေရာ ပြိုင်ပွဲ အခမ်းအနားကို သက်ရောက်မှု ရှိလာပါက အကျိုးမရှိပေ။
ကျန်းရီကများ ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်တဲ့သူများ ဖြစ်နိုင်မလား။
“ခန်းမသခင်... မာဂိုဏ်းကလည်း အချက်ပြသင်္ကေတ လွှင့်တင် လာပါတယ်”
သိုင်းခန်းမ၏ လေသာဆောင် တစ်ခုတွင် သိုင်းခန်းမသခင်၊ ကြီးကြပ်သူယန်နှင့် အကြီးအကဲ ဖေးတို့သည် စုစည်း နေခဲ့ကြသည်။ ကြီးကြပ်သူ ယန်သည် စိတ်လှုပ်ရှား နေခဲ့သော်လည်း အကြီးအကဲဖေးနှင့် ခန်းမသခင်တို့သည် မည်သည့် မှတ်ချက်မှ ပေးမလာခဲ့ပေ။
မာယုံကျိသည် ကျန်းအိမ်တော်သို့ ထွက်သွားချိန်တွင် သိုင်းခန်းမသခင်သည် စကားပြော လာခဲ့သည်...
“ငါတို့ လူတွေကို ပြန်ထွက်လာဖို့ အချက်ပြ သင်္ကေတ လွှတ်တင်လိုက်... ကျန်းရီ ဘာပဲလုပ်ခဲ့ လုပ်ခဲ့ ငါတို့ ဝင်မပါဘူး... ကျန်းယွင်ရှဲနဲ့ မာယုံကျိ ထွက်သွားပြီဆိုတော့ ဒီကိစ္စက အရမ်းကြီးလောက်တယ်... ငါတို့ ဝင်ပါလိုက်ရင် ကျန်းဂိုဏ်းနဲ့ မာဂိုဏ်းကို ဆန့်ကျင်သလို ဖြစ်သွားလိမ့်မယ်... ကျန်းရီ... မတန်ပါဘူး”
***
ဒုတိယ အချက်ပြ သင်္ကေတကို မာယင်းက ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
မာဟေးသည် တောင်ကုန်းပေါ်သို့ အရင်တက် သွားခဲ့သည်။ သူပတ်ဝန်းကျင်ကို ကြည့်လိုက်သော အခါတွင် မာဟေးချီသည် ခြေထောက်များ ပြတ်တောက်နေခဲ့၍ ဒန်တျန်းမှလည်း သွေးများစိမ့်ထွက် နေခဲ့သည်။ သူသည် ရင်းနှီးနေသော မာဂိုဏ်းသားတို့၏ ခြေထောက်များ ပြတ်တောက် နေခဲ့သည်ကို မြင်လိုက်ရသောအခါ သူ့အမူအရာသည် မည်းမှောင် သွားခဲ့သည်။
“ကျန်းရီ.... မင်းက ငါ့သခင်လေးကို မသန်မစွမ်း ဖြစ်အောင် လုပ်ရဲတယ်လား... ငါတို့ ဂိုဏ်းသားတွေ အများကြီးကိုလည်း သတ်ရဲတယ်... ငါမာယင်းက ဒီနေ့ကို မင်းကို တစ်စစီ လုပ်ပစ်မယ်လို့ ကျိန်ဆိုတယ်”
မာယင်း၏ မျက်လုံးသည် ကျန်းရီကို စိုက်ကြည့် နေခဲ့သည်။ သူသည် အတွင်းအားများ ဖော်ထုတ်ရင်း ကျန်းရီထံ ပြေးသွားခဲ့သည်။ သူ၏ လက်တစ်ဖက်မှလည်း အချက်ပြ မီးရှူးကို ကောင်းကင်သို့ လွှင့်တင်လိုက်သည်။
မာဂိုဏ်းသား များစွာသည် ကျန်းရီကြောင့် ဒဏ်ရာ အပြင်းအထန်များ ရထားသည်။ သူ့တစ်ယောက်တည်း ဆိုလျှင် ကယ်တင်ရန် အချိန်မမီလောက်ပေ။ ထို့ကြောင့်ပင် အကူအညီ တောင်းလိုက်ရခြင်း ဖြစ်သည်။
“ရှောင်နူ... ဘေးဖယ်နေ... ငါသခင်လေးလုံကို ငရဲကို အရင်ပို့လိုက်ဦးမယ်... ငါသေသွားရင် မင်းလည်း ကိုယ့်ဟာကိုယ် သတ်သေလိုက်တော့... သခင်လေးက မင်းကို တမလွန် လောကခရီးကို ခေါ်သွားပေးမယ်”
ကျန်းရီသည် အရူးတစ်ယောက် ကဲ့သို့ ထိုင်စောင့် မနေနိုင်ချေ။ သူသည် ဓားမြှောင်ကို ကမ်းပေးလိုက်ရင်း ကျန်းရှောင်နူ၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူသည် ကျန်းရုလုံထံ ပြေးသွား ခဲ့လိုက်သည်။ မာဂိုဏ်းသားသည် ခရမ်းရောင် နန်းတော်ရှင်အဆင့် ဖြစ်ရာ ယနေ့တွင် ကျန်းရီ သေချာပေါက် သေရတော့မည်။ သို့သော် သူမသေခင်တွင် ကျမ်းရုလုံကို ငရဲသို့ ပို့သွားရပေမည်။
ကျန်းရုလုံ၏ အဆုတ်သည် ထုတ်ချင်း ပေါက်ထားပြီး ဖြစ်ရာ အသက်ကို ခက်ခက်ခဲခဲ ရှူနေခဲ့ရသည်။ သူ့ကိုယ်သည် နာကျင်မှုကြောင့် မရွေ့လျားနိုင်ပေ။ သူသည် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ဖြင့် မရွေ့လျားခြင်းလည်း ဖြစ်သည်။ ကျန်းရီသည် သူ့ကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ပြေးလာ နေသည်ကို တွေ့လိုက်သောအခါ သူ၏ မျှော်လင့်ချက်လည်း ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။
ယုတ်မာလိုသော အရိပ်အယောင်တို့သည် သူ၏ မျက်လုံးတွင် ပေါ်ထွက် လာခဲ့သည်။ သူသည် စူးရှရှ နာကျင်မှုကို လျစ်လျူရှုကာ ဝတ်ရုံလက် အတွင်းမှ ပြွန်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ကျန်းရှောင်နူကို ရည်ရွယ်၍ သူ့လက်တွင်းမှ ပစ္စည်းကို လှုပ်ရှား စေလိုက်သည်။
“ကျန်းရီ မင်းက မင်းမသေခင် ငါ့ကို ခေါ်သွားချင်နေတယ် ဟုတ်လား... ကောင်းပြီလေ.. ငါကလည်း ငါမသေခင် တစ်ခုခု လုပ်သွားချင်တယ်... ငါက မင်းရဲ့ အစေခံမိန်းကလေး နာကျင်ခံစားရပြီးမှ သေသွားတာကို မင်းမြင်စေချင်တယ်”
“ရှောင်နူ.... သတိထား”
ကျန်းရီသည် အလျင်အမြန် ပြေးသွားခဲ့သော်လည်း ကျန်းရှောင်နူ လဲကျသွားသည်ကို မြင်လိုက်ရသည်။ ကျန်းရုလုံ၏ ရက်စက်စွာ ရယ်မော လိုက်သံသည် ထွက်ပေါ်လာခဲ့သည်...
“ကျန်းရီ... မစိုးရိမ်ပါနဲ့... ဒီကောင်မလေး မသေသေးပါဘူး... ဒါက အဆိပ်တစ်ထောင် အပ်ပဲ... အပစ်ခံရတဲ့သူက နှလုံးကို အဆိပ် တိုက်ခိုက်တာကို ခံရပြီး သုံးရက်အကြာမှာ သေသွားလိမ့်မယ်... အစကတော့ မင်းအတွက် ပြင်ဆင်ထားတာဘဲ.... ဟား..ဟား..ဟား”
“ဝှစ်”
မာယင်းသည် ကျန်းရီနှင့် မီတာသုံးရာခန့် ဝေးနေသေးသည်။ ကျန်းရီသည် ရှောင်နူကို စိတ်ပူနေရန် အချိန်မရှိတော့ပေ။ သူသည် ကံတရား၏ ဓားစိမ်းကို ထုတ်ကာ ကျန်းရုလုံ၏ ဝမ်းဗိုက်ဆီ ထိုးချလိုက်သည်။
“ဘန်း”
ကျန်းရုလုံ၏ ဒန်တျန်းသည် ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ဓားကို ဆွဲထုတ်ကာ ထပ်ခါထပ်ခါ ထိုးချနေခဲ့သည်။ ကျန်းရုလုံသည် လုံးဝ စုတ်ပြတ်နေခဲ့ပြီ ဖြစ်သော်လည်း ကျန်းရီ၏ မျက်လုံးများတွင် ဒေါသ အရိပ်အယောင်များ ရှိနေဆဲ ဖြစ်သည်။
မာယင်းသည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ကျန်းရုလုံကို ထိုးနှက်ရင်း မောဟိုက် နေခဲ့ပြီ ဖြစ်သည်။ သူသည် ခြေကုန်လက်ပန်း ကျနေပြီ ဖြစ်သည်။ အားကောင်းသော လက်ဝါးရိုက်ချက် တစ်ခုသည် သူ့ထံ ကျရောက် လာခဲ့သော်လည်း ကျန်းရီသည် မခုခံခဲ့ပေ။
“အတွင်းအား ပေါက်ကွဲလက်ဝါး... မဟုတ်သေးဘူး... ဒါက အမျက်ဒေါသရဲ့ လက်ဝါးဘဲ...ဒါကို တီထွင်ခဲ့တဲ့ ဘိုးဘေးက ဒေါသစိတ်နဲ့ တီထွင်ခဲ့တာ ဖြစ်ရမယ်... ကိုယ့်အတွင်းအားကို ဖောက်ခွဲပြီး ရန်သူကို အင်အား ကုန်သုံးပြီး သတ်ဖို့… ငါနားလည်ပြီ”
မာယင်း၏ လက်ဝါးသည် ကျန်းရီနှင့် သုံးမီတာခန့် အကွာတွင် ရောက်နေခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ရုတ်တရက် ခေါင်းမော့လိုက်ကာ အရူးတစ်ယောက်ကဲ့သို့ စကားလုံး အချို့ကို ရေရွတ်လိုက်သည်။ သူသည် ဘယ်ဘက်လက်ဝါးဆီ အတွင်းအား အချို့ ပို့ဆောင်လိုက်ပြီး အနက်ရောင် အတွင်းအား နှစ်မျှင်ခန့်နှင့် ပေါင်းစပ်ကာ အတွင်းအား ပေါက်ကွဲလက်ဝါးကို အားကုန် ရိုက်ချလိုက်သည်။ သူ့လက်သည် မာယင်း၏ လက်ဝါးနှင့် တိုက်ရိုက် ရင်ဆိုင်မိသည်။
“ဗုန်း”
ချောက်ချားစရာ ပေါက်ကွဲသံသည် ထွက်ပေါ် လာခဲ့သည်။ နေရာ တစ်ခုလုံးရှိ အပင်ငယ်များ မြေကြီးများပင် လှုပ်ရှား သွားလေသည်။ ပုံရိပ်နှစ်ခုသည် လွင့်စင် ထွက်သွားခဲ့ပြီး တစ်ယောက်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး လက်တစ်ဖက်မှာ ပြတ်တောက်နေခဲ့သည်။ တစ်ယောက်သည် ဝတ်ရုံများ စုတ်ပြတ်ကာ ဒဏ်ရာများ ရခဲ့သော်လည်း တစ်ဖက်လူလောက် မထိခိုက်ခဲ့ပေ။
“ဟား... ဟား... ဟား..”
ကျန်းရီသည် ချောက်ကမ်းပါး အစွန်းမှ ပြန်တက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးတွင် ကျေနပ်သည့် အရိပ်အယောင်များ ထင်ဟပ် နေခဲ့သည်။ သူ့ကိုယ်တွင် ဒဏ်ရာများ ဖုံးလွှမ်း နေခဲ့သော်လည်း သေလောက်သည့် ဒဏ်ရာများ မဟုတ်ပေ။
“ဟူး...”
ကျန်းရီ၏ မျက်လုံးများတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် စောစောက အတွင်းအား ပေါက်ကွဲလက်ဝါး၏ သဘာဝလွန် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် သူနှင့် ကျန်းရှောင်နူ ယနေ့တွင် မသေတော့ပေ။ ကျန်းရီသည် ရှောင်နူကို ပြန်ကုသကာ ကမ္ဘာအဆုံးထိ လွတ်မြောက်အောင် ထွက်ပြေး သွားလိုက်ချင်သည်။ သူတို့သည် အောင်အောင်မြင်မြင် မလွတ်မြောက်နိုင်လျှင်တောင် အခွင့်အရေးတော့ ရှိပေသေးသည်။
သူသည် နောက်လှည့် ကြည့်မိသော အဆိပ်ကြောင့် ကျန်းရှောင်နူ၏ ကိုယ်သည် တွန့်လိမ်လာကာ မျက်နှာသည်လည်း အစိမ်းရောင် ပြောင်းလာသည်ကို တွေ့လိုက်ရလေသည်။ ကျန်းရီ၏ မျက်လုံးများတွင် ဒေါသများ ဖုံးလွှမ်း လာပြန်ကာ မာယင်းဆီ ပြေးသွားခဲ့လေသည်။
***
“၀၀၈... ခြောက်ပွဲအနိုင်ရတယ်”
အနောက်ဘက် တောင်ကုန်းသည် သတ်ကွင်း ဖြစ်နေခဲ့သော်ငြား ဈေးအတွင်းတွင်မူ စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
“ကျန်းဟန်ရွှေ... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်လား... မဆိုးဘူး... မဆိုးဘူး”
ရုတ်တရက် လူကြီးသံ တစ်ခုသည် ဈေး၏ တောင်ဘက်ခြမ်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် မကျယ်သော်လည်း လူတိုင်း ကြားရပေသည်။ ဈေးတစ်ခုလုံးသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ် သွားခဲ့သည်။
အကြည့်များစွာ တို့သည် တောင်ဘက်ခြမ်းသို့ ရောက်ရှိ သွားခဲ့သည်။ ပွဲကြည့်စင်ထက်မှ လူတိုင်းသည် မတ်တတ်ရပ် လိုက်ကြသည်။ သူတို့သည် ထိုအသံမှ အဆုံးမဲ့သော အင်အားတို့ကို ခံစားနေခဲ့ရသည်။ ထိုလူကြီးသည် ပွဲကြည့်စင်ထက်ရှိ လူတိုင်း ထက်ပို၍ ကျင့်ကြံဆင့် မြင့်လေသည်။
လူတိုင်း၏ အကြည့်သည် လူတစ်ယောက်တည်း အပေါ်တွင်သာ ကျရောက် နေခဲ့သည်။ ထိုလူကြီးသည် ခါးအနည်းငယ် ကိုင်းနေခဲ့ပြီး နဂါးခေါင်းပါ တောင်ဝှေး တစ်ခုကို ကိုင်ထားခဲ့သည်။ သူ့ခြေထောက် တစ်ဖက်သည် ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့ပြီး ဝတ်ရုံသည်လည်း အရောင်စုံ ဖြစ်နေခဲ့သည်။ ထိုလူကြီး၏ ဆံပင်များသည် ရှုပ်ပွနေခဲ့ပြီး သူတောင်းစား တစ်ယောက်နှင့် တူနေလေသည်။
လူအိုကြီးသည် သူ၏ မှုန်မှိုင်းသော မျက်လုံးများနှင့် ကျန်းဟန်ရွှေကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ဈေးတစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီး သံသယရှိစွာ မေးလာခဲ့သည်...
“ဟန်ရွှေ.... ငါဘာလို့... ကျန်းရီကို မတွေ့တာလဲ”
“ခလွမ်”
ကျန်းယွင်ရှန်၏ လက်တွင်းမှ လက်ဖက်ရည်ခွက်သည် လွတ်ကျ သွားခဲ့သည်။ သူ့မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖုံးလွှမ်း သွားခဲ့သည်။ သူ့ဘေးရှိ လက်ထောက် စစ်သူကြီးသည်ကား မျက်လုံးများ တောက်ပသွားကာ အော်ဟစ်လိုက်သည်...
“အရှင်ဟိုင်လား”
“ဝှစ်”
လူအိုကြီးသည် မြေပြင်ပေါ်သို့ တောင်ဝှေးတစ်ချက် ထောက်လိုက်သည်နှင့် ပွဲကြည့်စင်ထက်သို့ တစ္ဆေတစ်ကောင်နှယ် ချက်ချင်းရောက်ရှိ သွားခဲ့လေသည်။ သူသည် မြန်လွန်းသဖြင့် လူတိုင်းသည် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ လူအိုကြီးသည် အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက် စစ်သူကြီးကို လျစ်လျူရှုထားကာ ကျန်းယွင်ရှန်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်...
“ယွင်ရှန်... ဒီနေ့က စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ...ကျန်းရီကို ငါဘာလို့ မတွေ့တာလဲ”
ကျန်းယွင်ရှန်သည် မတ်တတ်ရပ်ကာ အားယူ၍ ပြုံးလိုက်သည်...
“ဦးလေးဟိုင်... ကျန်း... ကျန်းရီ.. သူ”
ကျန်းယွင်ရှန်၏ ပုံစံကို မြင်လိုက်သော် လူအိုကြီး၏ မျက်နှာသည် မည်းမှောင် သွားခဲ့သည်။ အခန်းတွင်းရှိ လူအားလုံးကို ခြိမ်းခြောက်နိုင်သော အရှိန်အဝါသည် သူ့ကိုယ်မှ ဖြာထွက် လာခဲ့သည်။ သူသည် ကျန်းယွင်ရှန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်...
“ကျန်းရီ တစ်ခုခု ဖြစ်သွားတာလား... သူဘယ်မှာလဲ... ငါ့ကို ပြောစမ်း”
လူအိုကြီး၏ နောက်ဆုံး စကားသည် လူတိုင်းကို တုန်လှုပ် သွားစေသည်။ ကျီထျန်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ကျန်းအိမ်တော်ဘက်ကို လှမ်းကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် ရုတ်တရက် စကားပြောလာခဲ့သည်...
“ယွင်ဟိုင်...မင်း ကျန်းအိမ်တော်ကို မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်... ဒါဆို မင်း ကျန်းရီရဲ့ အသက်ကို ကယ်နိုင်လောက်တယ်”
လူအိုကြီးသည် ကျီထျန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏တောင်ဝှေးကိုသုံးကာ ကျန်းအိမ်တော်ဘက်သို့ ချက်ချင်းပျံသန်း သွားခဲ့သည်။ သူသည် စကားတစ်ခွန်းကိုလည်း ပြောခဲ့သေးသည်။
“ငါ့ရဲ့အရှင်ငယ်သာ သေသွားရင် ဒီမှာရှိတဲ့လူတိုင်းကို သူနဲ့အတူ မြုပ်နှံပစ်မယ်”
အခန်းတွင်းရှိ လူတိုင်း၏ အမူအရာသည် နှင်းကဲ့သို့ ဖြူဖျော့သွားကြသည်။ လူအိုကြီး၏ အမြန်နှုန်းနှင့် တည်ရှိမှုအရ ခရမ်းရောင် နန်းတော်ရှင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသော ကျီထျန်းထက်ပင် ပို၍ အားကောင်းဟန် ရသည်။ သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်နေသည်မှာ ထင်ရှားသည်။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ဆိုပါက ကောင်းကင်တောင်ပံ မြို့တစ်ခုလုံးကို သတ်ရန်မှာ အလွယ်လေးပင်...
အရှင်ငယ်
ကြီးမားတဲ့ တစ်ခုခုတော့ ဖြစ်တော့မယ်
အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက် စစ်သူကြီးသည် တံတွေးတစ်ချက် မျိုချလိုက်ကာ အသံကျယ်ကျယ်နှင့် အမိန့်ပေးလိုက်သည်။
“ငါအမိန့် ထုတ်ပြန်တယ်... အနောက်ဘက် မြို့စောင့်တပ်က တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားတော့... တပ်ဖွဲ့တစ်ခုက ကျန်းအိမ်တော်ကို ငါနဲ့ လိုက်ခဲ့ကြ... ကျန်တဲ့ တပ်ဖွဲ့လေးခုက မြို့ကို ပိတ်ဆို့ ထားလိုက်တော့... မြို့ကနေ ထွက်ရဲတဲ့ ဘယ်သူမဆို ချက်ချင်းသတ်လိုက်”
***