သူတို့ကို သင်ခန်းစာပေးမယ်
Vol. 145 Ch. 2161
“ အဓိကကတော့ သူတို့ကို ဒီလောက် မောက်မာမယ်လို့ ထင်မထားခဲ့တာပဲ …” မာရှင်းလုံ အုံ့မှိုင်းသည့် မျက်နှာအမူအရာဖြင့် ဆိုလိုက်ပြီး “ သူတို့ကိုယ်သူတို့ ကျိုးဟိုင်သားတွေ ဖြစ်တာနဲ့ပဲ ဘယ်အမှုမျိုး မဆို ကိုင်တွယ်နိုင်ပြီ ထင်နေလား မသိဘူး …”
“ ငါ့အမြင်ကတော့ ငါတို့ ဒီကိစ္စကို ဆက်ပြီး ကိုင်တွယ်စရာ လိုတော့မယ် မထင်ဘူး … လီဟောက်နဲ့ သူ့လူတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့ …” မာရှင်းလုံ ဆက်ပြီးပြောလိုက်သည်။
“ ကျုပ်ကတော့ ပြဿနာ မရှိဘူး …”
ပြောလိုက်သူက အစည်းအဝေးစားပွဲ၏ တစ်ဖက်ခြမ်းတွင် ထိုင်နေပြီး ဆံပင်အတိုနှင့် ဖြစ်ကာ နက်နဲသိမ်မွေ့သည့် အမြင်ကို ပေးစွမ်းနေသည်။
“ ဒီအမှု စဖြစ်ပြီးကတည်းကရင် ကျုပ် သတင်း အချက်အလက် နည်းနည်းပါးရထားပြီးပြီ … အဲ့လူတွေကို ဖမ်းမိဖို့က အချိန်တစ်ခုပဲ … ကျုပ် ဘယ်သူ့ အကူအညီမှလည်း မလိုဘူး … သူတို့ ရောက်လာတာက ကျုပ်အတွက်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကိစ္စကို လိုတာထက်ပိုအောင် လာလုပ်နေတာနဲ့အတူတူပဲ …”
“ မင်းကတော့ ပြည်သူ့လုံခြုံရေး တက္ကသိုလ်က ထိပ်တန်းကျောင်းသားလို့ကို မပြောရဘူး … မင်းရဲ့ အဲ့ဒီ ယုံကြည်ချက်မျိုး ငါသဘောကျတယ် …” ရွှီကျွင်းက အူလှိုက်သည်းလှိုက် ရယ်မောပြီးပြောလိုက်သည်။
“ အစ်ကိုကျွင်း … ဒါက ယုံကြည်ချက်နဲ့ မဆိုင်ဘူး … အမှုက ဘာကြီးတာမှလည်း မဟုတ်သလို ရှုပ်ထွေးနေတာမျိုးလည်း မဟုတ်ဘူး … ကျုပ်အတွက် ဒီအမှုက အသေးအဖွဲလေးပဲ …” လီဟောက် အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ပြီတော့ ခင်များတို့နှစ်ယောက် ဝင်ပါစွက်ဖက်စရာ မလိုဘူးလို့ ကျုပ် ထင်တယ် … မြေပဲခွံလေး ခွာဖို့ကို ဆယ်ပေါင်တူကြီး ဘာလို့ သုံးနေမှာလဲ ဟုတ်တယ်မလား … ရှောင်ကျိုးနဲ့ ကျုပ်ကိုပဲ အပြည့်အဝ တာဝန်ယူခွင့်ပေးလိုက် …”
ရှောင်ကျိုးဟု လီဟောက် ညွှန်းဆိုနေသည့်လူက သူ့ဘေးနား ထိုင်နေသည့် အမျိုးသမီးကို ပြောဆိုနေခြင်း ဖြစ်ပြီး သူမ၏ နာမည်ကတော့ ကျိုးမင်ဖြစ်သည်။ သူမ၏ ဆံပင်အရှည်ကို မြင်းမြီးသဏ္ဌာန် စုချည်ထား၏။ အရပ်မရှည်သော်ငြားလည်း အရည်အချင်းရှိသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။
“ လောင်ရွှီ … မင်း ဘယ်လိုသဘောရလဲ …” မာရှင်းလုံက မေးလိုက်သည်။
“ ငါတော့ ပြေတယ်လို့ထင်တယ် …” ရွှီကျင်း ခွန်းတုံ့ပြန်လိုက်သည်။
“ ရှောင်လီနဲ့ ရှောင်ကျိုးရဲ့ အစွမ်းအစ ဘယ်လိုရှိတယ်ဆိုတာကို မင်းလည်း အသိပဲ … သူတို့နှစ်ယောက်လုံးက ထိပ်တန်း တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့လူတွေ … မနှစ်ကတည်းကစပြီး အမှုကြီးတွေကို နှစ်ယောက်အတူတွဲပြီး ကိုင်တွယ်လာခဲ့တာ ဒီလောက်လေးကတော့ လေပြေလေညှင်းလောက်လေးပဲ … ပြီးတော့ ကျိုးဟိုင်ဘက်က ပို့လာခဲ့တာက လူလေးယောက် … ငါတို့ဘက်က နှစ်ယောက်ပဲ စေလွှတ်မယ်ဆိုရင် ငါတို့ရဲ့ ခွန်အားကို ပြသရာလည်း ရောက်မနေဘူးလား …”
“ အဓိပ္ပာယ် ရှိတယ် …” မာရှင်းလုံး ပြောလိုက်သည်။ “ ခဏနေ တခြားလူတွေ ရောက်လာတဲ့အချိန်ကျ အစည်းအဝေးကို ငါဦးဆောင်မယ် … ပြီးရင် အမှုကို သူတို့လက်ထဲ လွှဲပေးလိုက်မယ် …”
“ အဲ့လိုပဲ လုပ်ကြတာပေါ့ ….”
ရွှီကျွင်းက ထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်ရင်း ခြေထောက်ချိတ်ထားကာ လူတိုင်းထက် သာလွန်နေသည်ဟူသော အမူအရာကို ပြသနေသည်။
“ ရှောင်လီနဲ့ ရှောင်ကျိုး … ကျိုးဟိုင်က ဒီကို လူငယ်လေးယောက် လွှတ်လာခဲ့တယ် … ရှင်းအောင်ပြောရရင်ကွာ ဒီကောင်တွေက ငါတို့ကို ပေါ့သေးသေး တွက်နေတာပဲ ..” ရွှီကျွင်း အထင်သေးသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
“ ဒါပေမယ့် မင်းတို့နှစ်ယောက် ရှိနေမှတော့ ငါတို့ စိတ်သက်သက်သာသာနဲ့ နေလို့ရပြီ … သူတို့ကို တစ်ခု နှစ်ခုလောက် ပြပေးလိုက် … အဲ့လိုမှပဲ အစွမ်းအစ ရှိတယ် ဆိုတာ ဘာ …၊ တကယ့် အရည်အချင်း ရှိတဲ့လူက ဘယ်သူ ဆိုတာ သူတို့ နားလည်သွားမှာ ….”
“ အစ်ကိုကျွင်း … ခင်များ စိတ်ချလက်ချသာနေ … ကျုပ် သူတို့ကို တကယ့် ကွာဟမှုက ဘာလဲဆိုတာ သိအောင် ပြပေးလိုက်မယ် …” လီဟောက် ယုံကြည်ချက် အပြည့်ဖြင့် ပြုံးပြီး ပြောလိုက်၏။
သူတို့ စကားပြောဆိုနေစဉ်မှာပဲ တံခါးပေါက် အပြင်ဘက်မှ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
၎င်းနောက်တွင် တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ချန်ဟုန်ယွီ အထဲသို့ ဝင်လာခဲ့သည်။
“ ခေါင်းဆောင်မာ ၊ ခေါင်းဆောင်ရွှီ၊ ကျိုးဟိုင် ရှင်းရှန်း ရဲစခန်းက လွှတ်လိုက်တဲ့လူတွေ ရောက်လာပါပြီ …”
“ ဝင်ခဲ့ခိုင်းလိုက် …” မာရှင်းလုံက သာမန်လျှံကာ အမူအရာဖြင့် ပြောလိုက်၏။
ချန်ဟုန်ယွီလည်း လင်းရီနှင့် ကူရိရန်တို့ အုပ်စုကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
မကျေမချမ်းမှု တစ်ချို့ ရှိသော်လည်းပဲ သူတို့အားလုံး ယဉ်ကျေးသမှုနှင့် အကုန် မတ်တပ်ရပ်ကာ တစ်ယောက်ကိုယ်တစ်ယောက် နှုတ်ဆက်လိုက်ကြ၏။
လေးဦးလုံး ထိုင်ချပြီးသည်နှင့် အစည်းအဝေးသည်လည်း တရားဝင် စတင်လေသည်။ သဘာပတိကြီးကတော့ မာရှင်းလုံကလွဲ၍ အခြားလူ မဟုတ်ပေ။
“ မင်းတို့ ရောက်မလာခင်တုန်းက ငါ အင်စပက်တာလီနဲ့ ထပ်ပြီး ဖုန်းပြောခဲ့သေးတယ် … ဒီအမှုနှစ်ခုက ဆက်စပ်နေနိုင်ချေ များတယ်ဆိုတော့ ငါတို့ ပူးပေါင်းသင့်တယ် …” မာရှင်းလုံက စကားစတင် ပြောလိုက်၏။
ကူရိရန် ခေါင်းညိတ်လိုက်သည်။ “ အမှုနှစ်ခုမှာ တူညီတဲ့ အချက်တွေက တော်တော်များတယ် … တစ်အုပ်စုတည်းက လှုပ်ရှားနေတာ ဖြစ်နိုင်တယ် …”
“ ငါတို့ဘက်ခြမ်းမှာတော့ တိုးတက်မှု တစ်ချို့ ရှိနေပြီ …” မာရှင်းလုံက စကားကို ဆက်၏။ “ ကလေး ပျောက်သွားခဲ့တဲ့ မွန်းလွဲပိုင်းမှာ စောင့်ကြည့်ရေး ကင်မရာထဲ ပြနေတာတော့ အမျိုးသမီး နှစ်ဦးက ကလေးကို ခေါ်ပြီး ဗင်တစ်စင်းထဲ ဝင်သွားခဲ့တာပဲ … နှစ်ရက်လောက် စုံစမ်းပြီးတဲ့နောက်မှာ ကားက ချိန်ကုန်း ကျေးရွာလို့ ခေါ်တဲ့ ရွာတစ်ရွာဆီ မောင်းသွားခဲ့တာကို ငါတို့ ရှာတွေ့ထားတယ် … အခုက မင်းတို့ရောက်လာတာကို စောင့်နေတယ် … ပြီးတာနဲ့ ဒီကိစ္စကို အတူကိုင်တွယ်ကြတာပေါ့ …”
“ ချိန်ကုန်းကျေးရွာကို သွားကြည့်ဖို့က လိုကိုလိုအပ်တယ် … “ လင်းရီ တစ်ချက် ဝင်ပြောလိုက်သည်။
မာရှင်းလုံ ခေါင်းညိတ်လိုက်၏။ ဆေးလိပ်ကို ပြာတစ်ချက်ခါပြီး ဆက်ပြောသည်။
“ အခု မင်းတို့လေးယောက်ရယ် ၊ ငါတို့ စခန်းက ရှောင်လီနဲ့ ရှောင်ကျိုးရယ် … မင်းတို့ ခြောက်ယောက် ဒီအမှုကို ကိုင်တွယ်ရမယ် … သူတို့နှစ်ယောက်လုံးမှာ အထင်ကြီးဖို့ကောင်းတဲ့ ပညာရေးနောက်ခံနဲ့ အတွေ့အကြုတွေလည်း ရှိတယ် … သူတို့က မင်းတို့လေးယောက်ကို ကောင်းကောင်း ဦးဆောင်ပေးပြီး အမှုကို အချိန်တိုအတွင်း ဖြေရှင်းပေးလိမ့်မယ် …”
ကူရိရန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့ပြီး ယဉ်ကျေးစွာဖြင့် ပြန်လည် ခွန်းတုံ့ပြန်လိုက်လေသည်။
“ ဒါဆိုရင်တော့ ရှင်တို့ကို အလုပ်ရှုပ်စေမိပြီ …”
“ တကယ်လို့ တခြား မှတ်ချက်ပေးစရာ မရှိဘူးဆိုရင် အစည်းအဝေးကို ဒီနေရာမှာတင် ရုတ်သိမ်းကြမယ် … မင်းတို့ဘာမင်းတို့ ပြင်ဆင်ပြီး ချိန်ကုန်း ကျေးရွာကို သွားစစ်ကြည့်ကြ …”
“ ကောင်းပါပြီ …”
“ တစ်ချက် … ခဏလောက်ပါ …” လင်းရီ ရုတ်တရက် ပြောလာခဲ့ပြီး “ ကျုပ် အခုလေးတင် ဖိုင်တွေကို ရီဗျူးလုပ်ကြည့်လိုက်တာ ခင်များတို့ဘက်ခြမ်းက အမှုထဲမှာ ဝူကျင်းယွီဆိုတဲ့ နာနီတစ်ယောက် ပါဝင်ပတ်သက်နေတယ် … သူ့အကြောင်း စုံစမ်းတဲ့အခြေအနေက ဘယ်အဆင့် ရောက်နေပြီလေ …”
“ ငါတို့ သူ့ကို သုံးကြိမ်တိတိ စစ်ဆေးမေးမြန်းပြီးပြီ … ဘာမှ မသိရဘူး …” လီဟောက် ခွန်းတုံ့ပြန်လိုက်သည်။
“ ပြီးတော့ သူ့မိသားစုရဲ့ ဘဏ်အကောင့်ထဲမှာလည်း ဘယ်လို ပိုက်ဆံ ပမာဏ အများကြီးကိုမှလည်း မတွေ့ရဘူး … သူ့ကို သံသယ တရားခံ စာရင်းထဲကနေ ထုတ်လို့ ရလုရခင်တောင် ဖြစ်နေပြီ … ကြည့်ရတာတော့ ကလေးပျောက်သွားတာက တကယ်ကြီး မတော်တဆ ဖြစ်သွားတဲ့ပုံပဲ …”
ခေတ္တ တိတ်ဆိတ်သွားခဲ့ပြီးနောက်တွင် လင်းရီ ပြောဆိိုုက်၏။ “ သူ့ကို ထပ်ပြီး ခေါ်ပေးလို့ရမလား … ကျုပ် သူ့ကို နည်းနည်းပါးပါး မေးချင်တာလေးတွေ ရှိလို့ …”
ဤလူက အဓိက သော့ချက် ဖြစ်မည်ဟု လင်းရီ ခံစားနေရသည်။
အကယ်၍ သူမသည်လည်း ငွေအလဲအလှယ်တွင် ပါဝင်ပတ်သက်နေခဲ့မည်ဆိုပါက အမှုနှစ်ခုကြား ဆက်နွယ်နေမှုမှာ သိသာထင်ရှားသွားလိမ့်မည်။ မဟုတ်ပါက ဖြစ်နိုင်ချေ အလားအလာတို့မှာ အဆမတန် လျော့နည်းသွားလိမ့်မည်။
ထို့ကြောင့် ချိန်ကုန်းကျေးရွာသို့ သွားရောက်စစ်ဆေးခြင်း မပြုမီ လင်းရီ သူမနှင့် အရင်တွေ့လိုသည်။
လုံဟူ ရဲစခန်းရှိ အရာရှိများအားလုံး၏ မျက်လုံးတို့က လင်းရီထံ စုပြုံသွားခဲ့ပြီး သူ့အား အချိန်ခဏမျှကြာအောင် အစုံအဆန် စစ်ဆေး အကဲခတ်နေခဲ့ကြသည်။
“ ဘာလဲ … မင်းက ငါတို့ စုံစမ်းစစ်ဆေးထားတွေကို မယုံလို့လား …”
“ အဲ့လိုပြောတာကတော့ နည်းနည်းများသွားပြီ … ကျုပ်က သူနဲ့ ဒီတိုင်း တွေ့ချင်ရုံသပ်သပ်ပဲ … ဒီလောက်ပဲ….”
“ မင်းက တောင်းဆိုလာမှတော့လည်း … ငါတို့ သူ့ကို ခေါ်ပေးမယ် …” လီဟောက် ပြောလိုက်သည်။ “ ဒါပေမယ့် မင်း စိတ်ပျက်ရမှာကိုတော့ စိုးမိသားကွ … ဘာလို့ဆို ငါတို့ သူ့ကို သုံးကြိမ်တိတိ စစ်ဆေးမေးမြန်းထားပြီးပြီဆိုတော့ သူ့ဆီကနေ သတင်းအချက်အလက်တွေ အကုန်လုံးကို ညှစ်ယူလို့ ပြီးနေပြီ … သိပြီးသားတွေ လျှောက်မေးနေလို့လည်း အချိန်ကုန်တာပဲ အဖတ်တင်မယ် …”
“ မပူနဲ့ … ငါ့နည်းငါ့ဟန်နဲ့ ရှိတယ် ….”
အစည်းအဝေး ပြီးဆုံးပြီးနောက် လူတိုင်း အစည်းအဝေးခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
လင်းရီနှင့် သူ့အသင်းကတော့ ဂျူတီခန်းထဲတွင် ယာယီ အနားယူနေခဲ့ကြ၏။
“ အစ်ကိုရီ … ရှင် ဝူကျင်းယွီနဲ့ တွေ့ချင်တာက တစ်ခုခု ရှာတွေ့ထားလို့လား …” ကျန်းဇီရှင်း မေးလာခဲ့သည်။
လင်းရီ ခေါင်းခါလိုက်၏။ “ ငါ ဒီတိုင်း တွေ့ချင်ရုံသပ်သပ်ပဲ … အမှုနှစ်ခုက ဆက်စပ်နေမလား သိချင်လို့ …”
“ ဒါပေမယ့် ဒီကလူတွေ ကြည့်ရတာ အတော်လေး စစ်ဆေးမေးမြန်းထားပြီးပုံပဲနော်.. ပြီးတော့ ကျွန်မတို့ကို သိပ်ပြီး ခွင့်ပြုပေးချင်တဲ့ပုံလည်း မပေါ်ဘူး … မသိရင် ကျွန်မတို့ကပဲ ပြဿနာရှာမှာကျလို့ …”
“ စစ်ဆေးရမှာက စစ်ဆေးကြည့်ရမှာပဲ … တိုးတက်မှု တစ်ခုခုလည်း ရှိလာနိုင်တာပဲလေ …”
ကျန်းဖန့် ဘဝင်ခိုက်သည့် လေသံဖြင့် ရယ်မောလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ငါတော့ ညီကိုရီရဲ့ စစ်ဆေးမေးမြန်းတဲ့ နည်းလမ်းတွေကို တကယ် လေးစားတယ်ကွာ သိလား …. တကယ်လို့ သူတောင် အဲ့လူဆီကနေ ဘာသတင်းမှ ညှစ်မထုတ်နိုင်ဘူးဆိုလို့ကတော့ ဝူကျင်းယွီက လုံးဝ အပြစ်ကင်းတယ်ဆိုတဲ့ သဘောပဲ …”
ထိုအချိန်တွင် လီဟောက်နှင့် ကျန်သူများက မာရှင်းလုံ၏ ရုံးခန်းသို့ ရောက်လာခဲ့ကြပြီး ကိုယ်စီ ဆေးလိပ်များ ဖွာနေကြသည်။
“ အဲ့ဒီစောက်ကလေးက ရယ်ချင်စရာတော့ အတော်ကောင်းသား … တကယ့် အလုပ်တွေ လုပ်တော့မယ် ဆိုခါမှ သံသယ တရားခံနဲ့ တွေ့ချင်နေတယ် …” ရွှီကျင်း အထင်သေးသည့် လေသံဖြင့် ပြောဆိုလိုက်၏။
“ သူတို့လို လူငယ်တွေက ဟိတ်ဟန်ထုတ်ရတာကို နှစ်သက်ကြတယ်လေ … မဟုတ်ရင် သူတို့ ပြန်သွားတဲ့အချိန်ကျ စခန်းခေါင်းဆောင်ကို ဘယ်လိုလုပ် ပြန်ကြွားနိုင်တော့မှာလဲ ဟုတ်တယ်မလား …” မာရှင်းလုံးက ဟက်ခနဲ တစ်ချက်ရယ်ရင်း ပြောလိုက်ပြီး သူ၏ အမူအရာက လှောင်ပြောင်ထေ့ငေါ့မှု အပြည့်ဖြစ်နေသည်။
“ ဒါပေမယ့် ပြဿနာက သူ ရှိုးထုတ်တာကို ကြည့်နေမယ့် ပရိသတ်ကို မှားရွေးမိတာပဲ ….” ရွှီကျင်းက ထပ်ဖြည့်ပြောလိုက်သည်။
“ နှစ်ဆယ်ကျော် ကောင်လေးကများ ငါတို့အထင်ကြီးအောင် လုပ်ပြချင်နေတယ် … ဟက် … ရယ်စရာပဲ ….”