ကျားခံတွင်းထဲသို့
Vol. 145 Ch. 2170
" အဲ့စကားတွေက နင့်ကို ပြောရမှာလို့ ထင်တာပဲ..."
ကူရိရန် ပြောလိုက်ပြီး " ငါတို့ အဲ့လို အခြေအနေမျိုးနဲ့ ကြုံတိုင်း နင်ပဲ ရှေ့ကပြေးတက်သွားတာချည်း ..."
" ဘာလို့ဆို ငါက အံ့ဩဖို့ကောင်းတယ်လေ... အဲ့ဒီအကြောင်းပြချက်က လုံလောက်လား.... " လင်းရီ အားပါးတရ ရယ်မောရင်း ပြောလိုက်သည်။
" ပေါက်ကရတွေ လုပ်မနေနဲ့ .... " ကူရိရန် လေးနက်သည့် အမူအရာဖြင့် ဆိုလိုက်ပြီး " ထာ၀ရရွာက သူတို့ရဲ့ အခြေစိုက်စခန်း ဖြစ်လောက်တယ် ... ငါ့အထင် အဲ့ဘက်မှာ လူတွေ အများကြီး ရှိနေလောက်တယ် ... နင်တို့ ကိုယ့်သေနတ်ကိုယ် ကျည်ဆံပါမပါ သေချာစစ်ထားကြ.... အဲ့လိုလူစားမျိုးတွေက ရက်စက်ပြီး ဘာမဆို လက်ရဲဇက်ရဲ ရှိတတ်ကြတယ် ... "
" ဟုတ် .... "
ထာ၀ရ ကျေးရွာက ချိန်ကုန်းကျေးရွာနှင့် အလှမ်းသိပ်မဝေးပေ။ ဆယ်မိနစ်ခန့် ကားမောင်းပြီးသည်နှင့် ရွာ၀င်ပေါက်၀သို့ ရောက်ရှိလာသည်။
လင်းရီ ရွာထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ လမ်းမ အရှည်ကြီးကို မြင်တွေ့လိုက်ရသည်။ အဝေးတွင် မီးရောင်တစ်ချို့ကိုလည်း မြင်တွေ့နေရပြီး အကယ်၍ လွဲမှားချော်မှား မရှိခဲ့ဘူးဆိုပါက ထိုမီးလင်းနေသည့် နေရာသည် ထာ၀ရ ကျေးရွာပဲ ဖြစ်ရမည်။
ထိုအချိန်၌ လီဟောက်၏ ကားက မှန်တံခါးချလာပြီး လင်းရီထံသို့ ပြောလာခဲ့သည်။
" ငါတို့ ရှေ့ကနေ ဦးဆောင်မယ် .... မင်းတို့ကောင်တွေ အနောက်က သေချာလိုက်ခဲ့ကြ ... "
ထိုသို့ ပြောပြီးသည်နှင့် လီဗာပေါ်သို့ ခြေထောက်တင်လိုက်ပြီး လင်းရီ ခွန်းတုံ့ပြန်လာသည်ကို မစောင့်ဘဲ ရှေ့က မောင်းနှင်သွားခဲ့သည်။
" ဘယ်လို အပြုအမူလဲ အဲ့တာ .... " ကျန်းဇီရှင်း စောဒကတက်လိုက်၏။
" ဒီကောင်က အစတုန်းကနေ ငါတို့ရှေ့မှာ ဟန်ထုတ်ချင်နေတာလေ... ဒါပေမယ့် ညီကိုရီက အဲ့လို လုပ်ခွင့်မပေးတော့ စိတ်ထဲ တော်တော်တေးထားလို့ နေမှာပေါ့.... နားလည်ပေးလိုက်ကြရအောင်ပါကွာ ... ဟားဟား.... "
ကျန်းဇီရှင်းလည်း တခစ်ခစ် ရယ်မောလိုက်၏။
" အစွမ်းအစက မရှိဘဲနဲ့ လူအထင်ကြီးတာကျ ခံချင်နေတယ်.... အဲ့လိုလူစားမျိုး အရှက်ကွဲတာ နည်းတောင်နည်းသေး .... "
" သွားစို့.... ဘာရေးကြီးခွင်ကျယ်မှ လုပ်နေစရာ မလိုဘူး... " ကူရိရန် ပြောလိုက်ပြီး " ဒီနေ့ အထဲမှာ ဘယ်လို မကောင်းဆိုးရွားနဲ့ နတ်ဆိုးတွေ ပုန်းနေလဲ ငါမြင်ချင်တယ် .... "
ရွာလမ်းမကြီးက အင်မတန် ကောင်းမွန်နေသည်မဟုတ်ဘဲ ၎င်းသည်လည်း မောင်းနှင်ရ ခဲယဉ်းသည့် လမ်းကြမ်းတစ်ခုပင်။
အစောပိုင်းတုန်းက မိုးရွာထားသဖြင့် လမ်းမှာ အပြည့်အဝ ခြောက်သွေ့ခြင်း မရှိသေးရာ ချိုင့်ခွက်များထဲ ရွှံ့ဗွက်အိုင်တို့ ပြည့်နှက်နေသည်။ ကိုယ်ထည်နိမ့်သည့် အိမ်စီးကားများကို မောင်းနှင်လာခြင်း ဖြစ်သဖြင့် ကား၏ အောက်ပိုင်းကိုယ်ထည်သည်လည်း ရွှံ့များ၊ အစင်းရာများဖြင့် အမြင်ဆိုးရွားနေတော့သည်။
“ ဟမ် …”
ထာဝရ ကျေးရွာသို့ မောင်းနှင်လာခဲ့သည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို လင်းရီ တီးတိုးရေရွတ်မိသွားခဲ့ပြီး ကားထဲရှိ လူတိုင်း၏ ခန္ဓာကိုယ်ကို တင်းကြပ်သွားစေခဲ့သည်။
“ အစ်ကိုရီ … ဘာဖြစ်လို့လဲ …” ကျန်းဇီရှင်း မေးမြန်းလိုက်၏။
“ စောနလေးတင် လမ်းဘေးမှာ မီးရောင် တစ်ခု တွေ့မိလိုက်သလားလို့ ….”
“ မီးရောင် ဟုတ်လား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သစ်ပင်နောက်နားလေးမှာ … ဒီတိုင်း ဖျတ်ခနဲ လင်းသွားတာ ….”
“ အမြင်မှားတာလားနော်… ကားရှေ့မီးကလည်း တအားစူးတော့ အလင်းပြန်တဲ့ တစ်ခုခုနဲ့ တွေ့မိပြီး ခဏ အလင်းပြန်သွားတာ နေမှာပါ …”
“ အင်း …. ဟုတ်လောက်မှာပါ …”
ယာယီခေတ္တမျှသာ ဖျတ်ခနဲ မြင်လိုက်ရသဖြင့် လင်းရီလည်း သူ့ကိုယ်သူ မသေချာပေ။
ထိုအချိန်တွင် ကားထဲရှိ လူလေးဦးလုံးမှာ လေးနက်တည်ကြည်လာခဲ့ကြသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် အသေးစား လှုပ်ရှားမှုလေးများကပင် ထင်မှတ်မထားသည့် အပြောင်းအလဲများသို့ ဆောင်ကြဉ်းသွားနိုင်လေသည်။
…….
ထာဝရ ကျေးရွာက ရွာငယ်လေး တစ်ရွာဆိုသော်လည်းပဲ ၎င်း၏ အခြေအနေက ချိန်ကုန်းကျေးရွာထက်တော့ သာ၍ ကောင်းမွန်နေသည်။
အနည်းဆုံးတော့ အုတ်စီအိမ်များကို ပေါပေါများများ မြင်တွေ့နေရသည်။
ရွာလယ်ခေါင်တွင် ကလန်ခန်းမဟု ခေါ်ဆိုကြသည့် နေရာတစ်ခု ရှိ၏။
ခန်းမတစ်ခုလုံးကို သစ်သားများဖြင့် တည်ဆောက်ထားပြီး ရှေးဆန်သည့် အငွေ့အသက်များအား ထုတ်လွှတ်နေခဲ့သည်။
နီညိုရောင် မီးအိမ်တို့က ၎င်းဝင်ပေါက်ဝတွင် ချိတ်ဆွဲထားပြီး အေးစက်စက် အငွေ့အသက်တို့ ထုတ်လွှတ်နေကာ အတိတ်သမိုင်း ကြာရှည်ခဲ့ဖူးသည့် အချိန်၏ အငွေ့အသက်များကို ၎င်းအပေါ်တွင် မြင်တွေ့နိုင်လေသည်။
ည ရှစ်နာရီ ကျော်ပြီဆိုသော်လည်း အတွင်းထဲ မီးရောင်တို့က လင်းထိန်နေဆဲပင်။
ဟွာရှ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စာကြည့်မျက်မှန်တစ်လက်ကို တပ်ဆင်ထားပြီး သူ့ဖုန်းမှတ်တမ်းများကို ပွတ်ဆွဲရင်း စက္ကူနှင့် ဖောင်တိန်ကို ကိုင်လျက် တစ်စုံတစ်ရာကို ရေးမှတ်နေသည်။
ထိုအမျိုးသားက အသက် လေးဆယ် အရွယ်ဟု ထင်ရပြီး အတော်လေးလည်း ပိန်သည်။ ထင်ရှားသည့် မေးရိုးကြီးများ ရှိပြီး မှေးကျဉ်းသည့် မျက်လုံးတို့ကို ပိုင်ဆိုင်ထားကာ လူတို့အား နက်နဲသည်ဟူသော ခံစားချက်မျိုး ပေးစွမ်းရင်း တစ်ချက်ကြည့်လိုက်သည်နှင့် ကြောက်ဖို့ ကောင်းသည့် လူတစ်ယောက် ဖြစ်ကြောင်း ခံစားသွားရနိုင်သည်။
ထိုလူ၏ နာမည်က လျိုဟွာရှန်း ဖြစ်ပြီး ရွာ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဖြစ်၏။
ရွာသူကြီးမဟုတ်သော်လည်း သူတစ်ဦးတည်းကသာ ရွာထဲရှိ ကိစ္စ အဝဝကို စီမံခန့်ခွဲနေပြီး အခြားလူများတွင် မည်သည့် ပြောရေးဆိုခွင့်တို့မျှ မရှိချေ။
ကလန်ဟောခန်းမ၏ ခေါင်းဆောင်ထိုင်ခုံနှင့် အနည်းငယ် ဝေးလံသော နေရာတွင် အခြားလူတစ်ဦး ထိုင်နေပြီး လျိုဟွာရှန်းနှင့် အသက်တူရွယ်တူ လူတစ်ဦးပင်။
သူ့နာမည်က ကျူးရှန်းရုံ ဖြစ်ပြီး လျိုဟွာရှန်း၏ လက်အောက်တွင် ကိစ္စတော်တော်များများကို တာဝန်ယူထားသည့်လူ ဖြစ်၏။
သို့သော် သူတို့နှစ်ဦး၏ သွင်ပန်းသဏ္ဌာန်ကတော့ တစ်ယောက်တစ်မျိုးစီ မတူညီသည့် ခံစားချက်ကိုယ်စီကို ပေးစွမ်းနေလေသည်။
ကျူးရှန်းရုံ၏ ကြန်အင်က ပိုပြီး ကြင်နာနွေးထွေးသည့်ပုံပေါ်သည်။
“ ဘော့စ် … ချိန်ကုန်းကျေးရွာမှာ လှုပ်ရှားမှုတစ်ချို့ တွေ့ရတယ် … ရဲတွေ ငါတို့ကို သံသယရှိနေပြီလား မသိဘူး …”
“ တကယ်လို့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင် ငါတို့စီ သတင်း အရင်ရောက်လာမှာပေါ့ …” လျိုဟွာရှန်း ပြောလိုက်ပြီး “ ပြီးတော့ ငါ စောနလေးတင် ကျိုးလီကို ဖုန်းဆက်မေးပြီးပြီ … ရဲတွေ ပြန်ထွက်သွားခဲ့ကြပြီတဲ့ … သူတို့ ဘာမှ ရှာမတွေ့လိုက်ဘူး … အဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ထပ်ဆင့်ဌာနခွဲ တစ်ခု တည်ဆောက်ရခြင်း ရည်ရွယ်ချက်ပဲ ….”
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် ကျူးရှန်းရုံ ပြောလာခဲ့သည်။
“ ဒါပေမယ့် ဒီ အခုတလော အဖြစ်အပျက်တွေက တော်တော်လေး ဂယက်ရိုက်နေတာနော် ဘော့စ် … အွန်လိုင်းမှာလည်း ဒီခု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး မြင်နေရတယ် … အကုန်လုံးကလည်း သတင်းခေါင်းစည်းတွေချည်းပဲ … ငါတို့ ပြင်ဆင်ထားသင့်တယ် …”
“ အမှန်ပဲ … ဒီမှာလည်း သိပ်မလုံခြုံတော့ဘူး … နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ … ဒီကိစ္စတွေ ကိုင်တွယ်လို့ပြီးရင် ငါတို့ နောက်တစ်နေရာ ရွေ့ကြမယ် …”
ကျူးရှန်းရုံသည် အင်မတန် တည်ကြည်လေးနက်သည့် အမူအရာဖြင့် တွေးတောဆင်ခြင်နေခဲ့ပြီး “ ငါကတော့ သူတို့တွေ ဒီနေရာကို ဝင်စီးလာမှာ စိုးရိမ်တယ် … အဲ့လိုသာဆို ပြန်ဆုတ်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး ….”
“ အဲ့တာတော့ ငါတို့လည်း ဘယ်တတ်နိုင်မှာ … အထက်က ဝယ်လက်တွေက အတော်လေး အလျင်လိုနေကြတော့ မိတ်မပျက်ရအောင် ထိန်းသိမ်းဖို့ လိုသေးတယ်လေ …”
လျိုဟွာရှန်း သူ့ဘေးကို ဘေးသို့ ချိတ်ထားလိုက်ပြီး အညောင်းဆန့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ အောက်ကလူတွေကို သူတို့ရဲ့ လှုပ်ရှားမှုတွေ ခဏလောက် ရပ်ဆိုင်းထားဖို့ ပြောလိုက်ဦး … ဒီဂယက်ကလည်း ခဏလောက်ပဲ… ဒီခဏကို ကျော်လွန်နိုင်သွားပြီဆိုတာနဲ့ ပိုပြီး လွယ်ကူသွားတော့မှာ …”
“ နားလည်ပါပြီ …”
“ ဘော့စ် ….”
ထိုအချိန်မှာပဲ ဂျင်းဝတ်စုံနှင့် လူတစ်ယောက်က အပြင်ဘက်မှ ရေးကြီးသုတ်ပျာနှင့် ပြေးဝင်လာခဲ့သည်။
“ ဘော့စ် … အပြင်မှာ ယာဉ်လေးစင်း ကျုပ်တို့ ရွာထဲ ဝင်လာတာကို တွေ့ရပါတယ် … ရဲကားတွေလား မသိပါဘူး …”
လျိုဟွာရှန်းနှင့် ကျူးရှန်းရုံတို့၏ အမူအရာမှာ ချက်ချင်းလက်ငင်း ပြောင်းလဲသွားခဲ့ကြ၏။ “ ဘယ်မှာတွေ့ခဲ့တာ …”
“ ရွာဝင်ပေါက်ဝက စောင့်ကြည့်ရေး ကင်မရာတွေကနေပါ … ကျုပ်တို့ကားတွေ မဟုတ်ပါဘူး …”
“ ရဲတွေ ဖြစ်နိုင်တယ် …” ကျူးရှန်းရုံ လေးနက်တည်ကြည်စွာ ဆိုလိုက်၏။
“ ဒါပေမယ့် ကားက လေးစင်းတည်းဆိုတော့ အရေအတွက်က သိပ်တော့ မဟုတ်သလိုပဲ ….”
ကျူးရှန်းရုံ၏ အတွေးက လျိုဟွာရှန်းနှင့် ထပ်တူကျနေခဲ့သည်။
အကယ်၍ တစ်ဖက်လူထံတွင်သာ သက်သေ အချက်အလက်တို့ ရှိခဲ့မည်ဆိုပါက အင်အားအများအပြား ပို့လာခဲ့မှာ ဖြစ်ပြီး လေးစင်းတည်း စေလွှတ်လိုက်မှာ မဟုတ်ချေ။
“ လောလောဆယ် အထိတ်တလန့် မဖြစ်သေးနဲ့ဦး… ရွာအဝင်နဲ့ ဒီနဲ့က အတော်လေး အလှမ်းဝေးသေးတယ် … လူတိုင်းကို ပုန်းဖို့ ပြောလိုက် … ငါ ဒီလူတွေနဲ့ တွေ့ကြည့်ပြီး ဒီကောင်တွေ ဘာလုပ်ချင်နေလဲ ကြည့်လိုက်ဦးမယ် …”
လျိုဟွာရှန်းမှာ အမူအရာပင် လှုပ်ခတ်မသွားဘဲ စက်ပစ္စည်းတစ်ခုနှယ် အေးစက်တည်ငြိမ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ့ဘက်က အဆိုးရွားဆုံးအတွက် ပြင်ဆင်ထားပြီး ဖြစ်နေသောကြောင့် ဖြစ်၏။
“ ဟုတ်ကဲ့ ….”
ပြေးဝင်လာသည့်လူ ပြန်လည် ထွက်ခွာသွားခဲ့ပြီးနောက် လျိုဟွာရှန်းသည် သူ၏ အင်္ကျီအဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြုပြင်လိုက်ပြီး ရေနွေးကြမ်းတစ်ချို့ နှပ်ကာ သက်တောင့်သက်သာနှင့် အရသာခံနေလိုက်သည်။
......
ဆိုးရွားသည့် လမ်းအခြေအနေကြောင့် ရွာဝင်ပေါက်ဝမှ ရွာလယ်သို့ရောက်ရန် မိနစ် နှစ်ဆယ်ခန့်မျှ အချိန်ပေးလိုက်ရ၏။ ကျိုးလီ၏ လမ်းပြမှုအောက်မှာပဲ ကားများက ထာရဝကျေးရွာ၏ အိမ်ခြေများကို အနီးကပ် စတင်မြင်တွေ့နေရချေပြီ။
ရွာထဲကို ရောက်တော့ ကားများအားလုံး အရှိန်လျှော့လိုက်ကြပြီး လင်းရီ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်၏။
ဤနေရာရှိ အခြေအနေက ချိန်ကုန်းကျေးရွာနှင့် အတော်လေး ကွာခြားနေကြောင်းကို သတိပြုမိလိုက်သည်။
ညမှောင်နေပြီ ဖြစ်သော်လည်း အိမ်အပြင်ဘက်တွင် လူအုပ်စုများကို ဟိုတစ်စု ဒီတစ်စု မြင်တွေ့နေရပြီး တစ်ချို့က စကားစမြည်ပြောနေကြလျက်၊ တစ်ချို့က ဖဲကစားနေကြလျက်၊ တစ်ချို့ကတော့ အတွဲချိန်းနေခဲ့ကြ၏။
သို့သော် ကြီးကြီးမားမား ကွာဟမှုက ဤရွာရှိ လူငယ်ဦးရေ အရေအတွက်ပင်။ ချိန်ကုန်းကျေးရွာထက်ကို သိသိသာသာ များပြားနေသည်။
လင်းရီ နှုတ်ခမ်းကိုက်လိုက်၏။ ဤသို့သော နေရာမျိုးတွင် ရွာရှိ လူငယ်များက အပြင်သို့ ထွက်ပြီး အလုပ်လုပ်နေသင့်သည်။
လူတစ်ချို့ ကျန်နေရစ်ခဲ့လျှင်ပင် ဤမျှ များပြားနေဖို့ကတော့ မဖြစ်နိုင်ပေ။
လင်းရီ နားဝေတိမ်တောင် ဖြစ်နေစဉ်မှာပဲ ကျန်းဇီရှင်း၏ အသံက သူ့နားထဲ ရောက်လာသည်။
“ အစ်ကိုရီ ၊ အစ်မရိရန် … ကျိုးမင် အခုပဲ မက်ဆေ့ချ်ပို့လာတယ်… ကလန်ခန်းမက သူတို့ရဲ့ အခြေစိုက်စခန်းပဲတဲ့ ….”
“ ဒီလိုနေရာမျိုးမှာ တကယ်ပဲ ကလန်ခန်းမ ရှိနေတယ်ပေါ့ ….”